ကမ္ဘာ့ကုန်သွယ်ရေးနှင့် ငွေကြေးစစ်ပွဲတွင် မြန်မာ အမြတ်ထွက်မလား

နိုင်ကိုကို
အမေရိကန် - တရုတ် ကုန်သွယ်ရေးနှင့် ငွေကြေးစစ်ပွဲက မြန်မာ့စီးပွားရေးအတွက် ဘယ်လို အကျိုးအမြတ်ထွက်လာအောင် လုပ်မလဲ / Reuters
Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှင့် ငွေကြေးစီမံခန့်ခွဲမှုသည် ကမ္ဘာ့ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မရေရာခြင်းကြောင့် အကျပ်အတည်း တွေ့နေသည်။

ကမ္ဘာ့ကုန်သွယ်ရေးနှင့် နိုင်ငံတကာ မက်ခရို စီးပွားရေး ရှုခင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ မဏ္ဍိုင် အဖွဲ့အစည်းများ အသွင်ကူးပြောင်းခြင်းကို မျက်နှာသာပေးခြင်း မရှိပေ။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ အသွင်ကူးပြောင်းရေး အစိုးရသည် ပြည်တွင်း မူဝါဒရေးရာ ကျွမ်းကျင်သူနှင့် ငွေကြေးဆိုင်ရာ ဘောဂဗေဒ ပညာရှင် မရှိသောကြောင့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၊ အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) စသည်တို့၏ အကူအညီဖြင့် နာတာရှည်ရောဂါ စွဲကပ်နေသော ထိုငွေကြေးနှင့် ဘဏ္ဍာရေးရာ များကို ကုသရန်ကြိုးစားနေသည်။

မြန်မာနိုင်ငံ၏ စစ်မှန်သော စုစုပေါင်း အမျိုးသားထုတ်လုပ်မှု (GDP) တိုးတက်မှုနှုန်းသည် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ၇.၀ ရာခိုင်နှုန်း ရှိရာမှ ၂၀၁၆-၁၇ ခုနှစ်တွင် ၅.၉ ရာခိုင်နှုန်း အထိ အနည်းငယ် ကျဆင်းသွားပြီး ၂၀၁၇-၁၈ ဘဏ္ဍာရေး နှစ်တွင် ၆.၈ ရာခိုင်နှုန်းသို့ ပြန်တိုးသွားသည်။ ၂၀၁၆ ခုနှစ်မှ ယနေ့အထိ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှင့် ငွေကြေး စီမံခန့်ခွဲမှုသည် အမေရိကန် – တရုတ် ကုန်သွယ်ရေးနှင့် ငွေကြေးစစ်ပွဲအတွင်း လမ်းကြောင်းမှန် ရောက်အောင် ကြိုးစား နေသည်။

အမေရိကန် – တရုတ် ကုန်သွယ်ရေးနှင့် ငွေကြေးစစ်ပွဲ ခေတ္တ ရပ်စဲလိုက်ခြင်းကြောင့် ဒေသတွင်း စီးပွားရေးများတွင် အရှုံးပေါ်သူများနှင့် အနိုင်ရသူများ ပေါ်ပေါက်လာသည်။ ဥပမာ ဆိုရပါက IMF ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဗီယက်နမ်တို့သည် အမေရိကန် ဒေါ်လာဈေးတက်ခြင်းနှင့် ကုန်သွယ်ရေး အမြတ်မှတဆင့် ငွေကြေးနှင့် ကုန်သွယ်ရေးစစ်ပွဲကြောင့် အမြတ် ထွက်ကြပြီး ၂၀၁၈ ကုန်သွယ်ရေး စစ်ပွဲဖြေရှင်းရေးတွင် အခန်းကဏ္ဍတခု မရှိသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) သည် အကြီးအကျယ် အရှုံးပေါ်ခဲ့သည်။

ဘဏ္ဍာရေး စီမံခန့်ခွဲမှုအရ ခေတ်သစ် ဘောဂဗေဒတွင် အခွန်ကောက်ခံခြင်းဖြင့်သာ အစိုးရတခုကို လည်ပတ် နိုင်သော်လည်း မြန်မာနိုင်ငံသည် ASEAN တွင်သာမက တကမ္ဘာလုံးတွင်ပါ အခွန်ကောက်ခံမှု အနည်းဆုံး နိုင်ငံ ဖြစ်နေသည်။ အစိုးရ၏ အသုံးစရိတ်သည် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် GDP ၏ ၁၀.၁ ရာခိုင်နှုန်းရှိရာမှ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ၉.၄ ရာခိုင်နှုန်းသို့ ကျဆင်းသွားပြီး ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ် GDP ၏ ၆.၀ ရာခိုင်နှုန်းအထိ အနည်းငယ် တိုးခဲ့သည်။

ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် နှစ်ဦးစလုံးတို့သည် ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တလျှောက်လုံးတွင် GDP ၏ ၃ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိသာ အခွန်ကောက်နိုင် ကြသည်။ တချိန်တည်းတွင် အခြား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ပုဂ္ဂလိကနှင့် ဘာသာရေးအဖွဲ့အစည်းများသည်လည်း မြန်မာ့စီးပွားရေး၏ အစိတ်အပိုင်း အများအပြားတွင် အခွန်ငွေ၊ လှူဒါန်းငွေများ ကောက်ခံကြသည်။

ပြောင်မြောက်သည့် အခွန်ဘောဂဗေဒ ပညာရှင် မရှိသည့်အပြင်၊ ရှင်းလင်းသော အခွန်မူဝါဒ မရှိသဖြင့် မြန်မာ့စီးပွားရေးသည် အခွန်ကောက်ခြင်း၊ စုဆောင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းထက် အလှူငွေလက်ခံခြင်းကို အခြေပြုသော စီးပွားရေးဖြစ်ကြောင်း မှတ်သားဖွယ်ရာ တွေ့ရှိရသည်။

မြန်မာနိုင်ငံမှ မရေတွက်နိုင်သော ကျောင်းများ၊ လမ်းများ၊ ဆေးခန်းများ၊ ဆေးရုံများနှင့် လမ်းမီးများနှင့် လက်နက်ကိုင် အဖွဲအစည်းများ၏ ဓာတ်အားပေး စက်ရုံများတို့ကို နိုင်ငံတော် အသုံးစရိတ်ထဲမှ မဟုတ်ဘဲ အများပြည်သူ အလှူငွေဖြင့် တည်ဆောက်ခဲ့သည်။ နိုင်ငံတော်အတွက် အခွန်ဝင်ငွေ နိမ့်ကျရခြင်းအတွက် ထင်ရှားသော အကြောင်းရင်းတခုမှာ အစိုးရ၏ အခွန်မူဝါဒကို ယုံကြည်သူ အနည်းငယ်သာ ရှိသောကြောင့် ဖြစ်သည်။

ယုံကြည်မှုသည် မြန်မာဈေးကွက်နှင့် လူ့အဖွဲ့အစည်းအတွင်း အရှားပါးဆုံးသော ကုန်ပစ္စည်းဖြစ်သည်။ ဤ ထိခိုက်လွယ်သော စီးပွားရေးမှ စီးပွားရေးလုပ်ငန်းများနှင့် လူပုဂ္ဂိုလ်အများစုသည် မည်သည့်အရာ သို့မဟုတ် အခွန်ပုံစံကိုမျှ ယုံကြည်ခြင်း မရှိကြပေ။

မြန်မာ ခေါင်းဆောင်ပိုင်းသည် ၎င်းတို့၏ စွမ်းဆောင်မှုကို မြှင့်တင်ခြင်းနှင့် အခွန်စနစ်များကို ကောင်းမွန်အောင် လုပ်ခြင်းဖြင့် ယုံကြည်မှု တည်ဆောက်ခြင်းကို ပြန်လည်ပြုပြင်ရန် လိုသည်။ အလယ်အလတ် ဘဏ္ဍာရေးနှစ်များ ကာလအတွက် ထိုသို့ ပြင်ဆင်ရာတွင် အထူးသဖြင့် နိုင်ငံတကာ အခွန် ဘောဂဗေဒ ပညာရှင်များနှင့် မူဝါဒ ဆန်းသစ် တည်ထွင် ချမှတ်သူများကို ငှားရန်းပြီး တန်းတူညီမျှ ဝင်ငွေ အချိုးအစားအရ အခွန်ကောက်သော စနစ်များ (The horizontal or vertical taxation systems) ကို ပြုပြင်ရမည်ဖြစ်သည်။

အများပြည်သူဆိုင်ရာ ဘဏ္ဍာရေး စီမံခန့်ခွဲမှုနှင့် ပတ်သက်သော ထင်ရှားသောအချက်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရသည် ဘဏ္ဍာရေး စည်းကမ်းများကို ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်တွင် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ NLD အစိုးရ၏ အခွန်ဝင်ငွေမှာ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် GDP ၏ ၁.၁ ရာခိုင်နှုန်း အနည်းငယ် ကျဆင်း သွားသော်လည်း မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးလိုငွေ ကျဆင်းသွားခြင်းမှာ ၎င်း၏ ရလဒ်တခုဖြစ်သည်။

ကမ္ဘာ့ ဘဏ်၏ အဆိုအရ အထည်ချုပ်လုပ်ငန်း တင်ပို့မှု တိုးလာသောကြောင့် အရပ်ရပ်လိုငွေ ၂၀၁၆-၁၇ ဘဏ္ဍာရေး နှစ်တွင် စုစုပေါင်း အမျိုးသား ထုတ်လုပ်မှု၏ ၅.၅ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၃.၅ ဘီလျံ) ရှိရာမှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း အမျိုးသာထုတ်လုပ်မှု၏ ၂.၆ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၁.၇ ဘီလျံ) သို့ ကျဆင်း သွားသည်ဟု သိရသည်။

သို့သော် အကျိုးမပြုသော ဗျူရိုကရေစီ၊ နိုင်ငံပိုင် လုပ်ငန်းများအရှုံးပေါ်ခြင်းနှင့် လျှပ်စစ်ဓာတ်အားခ ဈေးနိမ့်ကျခြင်းတို့ကို NLD အစိုးရ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုက လာမည့် ဘဏ္ဍာရေးနှစ်များအတွင်း ကိုင်တွယ်ဖြေရှင်းကာ ပိုမိုတိုးတက် ကောင်းမွန်အောင် လုပ်ရန်လိုသည်။

ငွေကြေး စီမံခန့်ခွဲမှုပိုင်းတွင်မူ ဗဟိုဘဏ်၏ မူဝါဒဦးတည်ချက်များနှင့် လုပ်ဆောင်ချက်များသည် ၂၀၁၇-၁၈ ဘဏ္ဍာရေး နှစ်တွင် ဦးစိုးသိန်းနှင့် ဦးဘိုဘိုငယ် တို့ကို ဒု ဥက္ကဋ္ဌများအဖြစ် ခန့်အပ်ပြီးနောက် တိုးတက်လာသည်။ ဗဟိုဘဏ်သည် လုပ်ထုံးလုပ်နည်း ၄ ခုပါသော မြန်မာ့နည်းမြန်မာ့ဟန် ဘဏ်လုပ်ငန်း ထိန်းကြောင်းသောမူများ (Basel Principles) ကို ၂၀၁၇ ဇူလိုင်လတွင် ထုတ်ပြန်ကြေညာသည်။

ဗဟိုဘဏ် ခေါင်းဆောင်ပိုင်းသည် နိုင်ငံတော်၏ ဘဏ္ဍာရေးလိုငွေအတွက် ငွေစက္ကူများ ပုံနှိပ်ထုတ်ဝေသည့် အပြုအမူကို ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အတွင်း ရပ်ဆိုင်းခဲ့ကြသည်။ ထိုသို့ ရပ်ဆိုင်းလိုက်ခြင်းသည် မြန်မာ့စီးပွားရေး သမိုင်းတွင် ဘဏ္ဍာရေး ပြဿနာကို ငွေများပုံနှိပ်ဖြေရှင်းခြင်းကို ဗဟိုဘဏ်က ရပ်ဆိုင်းလိုက်သည်မှာ ပထမဆုံး အကြိမ်ဖြစ်သည်။

နိုင်ငံတကာ ငွေကြေးဈေးကွက်တွင် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံအကြား ၂၀၁၈ ခုနှစ် ငွေကြေးစစ်ပွဲအတွင်း မြန်မာ ကျပ်ငွေသည် အမေရိကန်ဒေါ်လာနှင့် ယှဉ်လျှင် ၁၈ မှ ၂၀.၅ ရာခိုင်နှုန်းအထိ တန်ဖိုး ကျသွားခဲ့သောကြောင့် တရုတ်ယွမ်၊ ထိုင်းဘတ်စသည့် ဒေသတွင်း ငွေကြေးများနှင့်အတူ အပြင်းထန်ဆုံး ထိခိုက်ခဲ့သည်။

မြန်မာကျပ်ငွေ မတည်ငြိမ်မှုသည် သြဂုတ်လအတွင်း အပြင်းထန်ဆုံး လှုပ်ခတ်မှုဖြစ်ခဲ့ပြီးနောက် ဗဟိုဘဏ်က ချောမွေ့စွာ ကိုင်တွယ်အပြီး အောက်တိုဘာလတွင် တဒေါ်လာ ၁၅၅၀ ကျပ်ခန့်ဖြင့် ပုံမှန်ဖြစ်နေသည်။ ထိုအချိန်မှ စတင်ပြီး ဗဟိုဘဏ် ခေါင်းဆောင်ပိုင်းသည် စီးပွားရေး၏ ငွေကြေးစီမံမှု၊ အထူးသဖြင့် နိုင်ငံခြားငွေ လဲလှယ်မှုဈေးကွက်တွင် တက်ကြွစွာ ပါဝင် လှုပ်ရှားနေသည်။

ငွေကြေးဖောင်းပွမှုနှုန်းမှာ လောင်စာဈေးနှုန်း၊ ကုန်စည်ဈေးနှုန်းများ မြင့်တက်သောကြောင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ၅.၉ ရာခိုင်နှုန်းမှ ၈.၂ ရာခိုင်နှုန်းသို့ အနည်းငယ်တိုးသွားသည်။ သို့သော် အိမ်ခြံမြေဈေးကွက်မှာ အေးစက်နေသည်။

တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ခြင်းကြောင့် မြန်မာကျပ်ငွေ တန်ဖိုးကျခြင်းကို စိုးရိမ်ပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ကုန်သွယ်ရေး ကန့်သတ်မှု မူဝါဒကို ချမှတ်လိုက်ခြင်းသည် ကောင်းမွန်သော ကုန်သွယ်ရေး မူဝါဒ မဟုတ်ပေ။

အင်အားကြီးနိုင်ငံများ၏ ကုန်သွယ်ရေး အငြင်းပွားမှုအတွင်း သေးငယ်လှသော ကုန်သွယ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် ဒေသတွင်း စီးပွားရေးတွင် ပါဝင်သူများနှင့် နှစ်နိုင်ငံ ငွေကြေးဖလှယ်ခြင်းနှင့်အတူ ကောင်းမွန်သော ကုန်သွယ်ရေး မူဝါဒ ချမှတ်သင့်သည်။ မြန်မာ့ခေါင်းဆောင်ပိုင်းသည် စက်မှုထိပ်သီး စီးပွားရေး ၂၀ နှင့် ဆက်ဆံရာတွင် စီးပွားရေးဆိုင်ရာ နိုင်ငံခြားရေး မူဝါဒ ချမှတ်သင့်ပြီး နိုင်ငံတကာ ကုန်သွယ်ရေးနှင့် စီးပွားရေးစနစ်များတွင် အင်အားကြီး နိုင်ငံများနှင့် ကုန်သွယ်ရေးကို ချိန်ညှိရန်လိုသည်။

လတ်တလောတွင် အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) တို့မှ FDI လျော့နည်းသွားပြီး EU သည် စီးပွားရေး ပိတ်ဆို့ အရေးယူမှုနှင့် ကုန်သွယ်ရေး အထူးအခွင့်အရေး ရုပ်သိမ်းခြင်းတို့ဖြင့် ထပ်မံ ခြိမ်းခြောက်နေသည်။ ထိုအချိန်တွင် မြန်မာနိုင်ငံသည် အရှေ့ဘက်သို့ မျက်နှာမူသော မူဝါဒကို ပြန်လည်ကျင့်သုံးနေပြီး ရပ်ဝန်းတခု၊ လမ်းတခုအစီအစဉ် (BRI) အရ တရုတ်မြန်မာ စီးပွားရေးစြင်္ကန် (CMEC) ကို ပြန်လည် ညှိနှိုင်းနေသည်။

ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယ သမုဒ္ဒရာကို တရုတ်နိုင်ငံကို အသုံးပြုခွင့် ပေးခြင်းဖြင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှင့် စီးပွားရေး တည်ငြိမ်မှုအတွက် အဓိက ကုန်စည်ဖြစ်သည့် ကမ္ဘာ့ရေနံသိုက်များ၏ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်သော အရှေ့ အလယ်ပိုင်းနှင့် မြောက်အာဖရိကမှ ရေနံကြွယ်ဝသော စီးပွားရေးများနှင့် ဆက်ဆံပြီး စွမ်းအင်လုံခြုံမှုကို အာရုံစိုက်ခြင်းမှာ မြန်မာ ခေါင်းဆောင်ပိုင်း၏ ပညာပြည့်ဝသော ဆုံးဖြတ်ချက်ဖြစ်သည်။

အရေးကြီးသည်မှာ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုသည် စားသုံးသူဝါဒ၏ ဗဟိုချက်ဖြစ်ပြီး ပိုမိုမြင့်မားသော နိုင်ငံတကာ ငွေကြေးနှင့် နည်းပညာ ဝယ်လိုအားရှိသည်။ ကုန်သွယ်ရေး အထူးအခွင့်အရေး ရရှိရေးကြောင့် မြန်မာ နိုင်ငံသည် EU ဈေးကွက်များအတွက် စီးပွားရေး လုပ်ထုံးလုပ်နည်း စံနှုန်းများ တိုးတက်အောင် လုပ်ဆောင်ရမည်။

မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်း အသိုင်းအဝန်းသည် အမေရိကန်နှင့် ဥရောပဈေးကွက်များသို့ ဝင်ရောက်ရေးအတွက် ကျင့်ဝတ်ညီ စီးပွားရေး၊ လုပ်ထုံးလုပ်နည်း စံနှုန်းများ၊ ရိုးသားတည်ကြည်မှု၊ ပညာရှင်ပီသမှု၊ နိုင်ငံတကာ လုပ်ဖော်ကိုင်ဘက်များနှင့် ယုံကြည်မှုတို့ တိုးတက်အောင် လုပ်ဆောင်ရမည်။

မြန်မာနိုင်ငံ၏ လုပ်အားဈေးကွက်နှင့် ပတ်သက်ပြီးပြောရပါက လူသားရင်းမြစ်တွင် ဆယ်စုနှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှု ကင်းမဲ့ နေသောကြောင့် မြန်မာ လူသားရင်းမြစ်များ၏ လုပ်အားဖြင့် ကုန်ထုတ်လုပ်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းမှာ ဒေသတွင်း နိုင်ငံများနှင့် မယှဉ်နိုင်ပေ။ NLD အစိုးရသည် အနိမ့်ဆုံးလုပ်ခလစာကို ၄၈၀၀ ကျပ်အထိ ၂၀၁၈ ခုနှစ် သြဂုတ်လတွင် ပြန်လည် ချိန်ညှိပေးခဲ့သည်။

ကျင့်သုံးနိုင်ဖွယ်ရှိသော အလုပ်သမားမူဝါဒဖြစ်သည့် သင့်တင့်လျှောက်ပတ်သော အလုပ်အကိုင်နှင့် စီးပွားရေး အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးမှာ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး ပါတီများအတွက် စိန်ခေါ်မှုဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်က မြန်မာ လုပ်အားဈေးကွက်သို့ဝင်မည့် သို့မဟုတ် မြန်မာနိုင်ငံရေးသမားများက ရန်ကုန်နှင့် မန္တလေးတွင် နည်းပညာနှင့် လုပ်ခလစာ လျင်မြန်စွာ မြင့်မားနေချိန်တွင် မြန်မာလုပ်အားဈေးကွက်အတွက် တောင့်တင်း ကြံ့ခိုင်သော အလုပ်သမားမူဝါဒ မချမှတ်နိုင်လျှင် အခြားဝင်ငွေ အလယ်အလတ် လုပ်အားဈေးကွက်များသို့ ဝင်မည့် လူငယ် ၁၄ သန်း ခန့်မှန်းခြေရှိသည်။

အချုပ်ဆိုရပါက နိုင်ငံခြားငွေ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာတို့ မြန်မာနိုင်ငံကို ယုံကြည်စေလာရန် မြန်မာ ခေါင်းဆောင် ပိုင်းသည် ၎င်းတို့၏ ကမ္ဘာတဝန်း ဂုဏ်သတင်း ကျော်ကြားမှု ဆုံးရှုံးနိုင်ခြေများ၊ နိုင်ငံရေး ဆုံးရှုံးနိုင်ခြေများ၊ စီးပွားရေး ဆုံးရှုံးနိုင်ခြေများ၊ အဂတိ လိုက်စားမှုကြောင့် ဆုံးရှုံးနိုင်ခြေများကို စဉ်းစားချင့်ချိန်ရန်လိုပြီး စီးပွားရေး အသိုင်းအဝန်း အနေဖြင့် သင့်တင့်လျှောက်ပတ်သော အားထုတ်မှုလိုသည်။

ယခုအချိန်သည် မြန်မာခေါင်းဆောင်များ အနေဖြင့် နေပြည်တော်တွင် အထီးကျန်ဝါဒ ကျင့်သုံးနေမည့်အစား ပြည်သူများ၊ စက်မှုထိပ်သီး ၂၀ ခေါင်းဆောင်များနှင့် ယုံကြည်မှု တည်ဆောက်ရမည့် အချိန်ဖြစ်သည်။

(နိုင်ကိုကိုသည် သြစတြေးလျ အမျိုးသား တက္ကသိုလ် School of Regulation and Global Governance မှ ပါရဂူဘွဲ့ကြိုကျောင်းသားဖြစ်သည်။ ၎င်း၏ Can Myanmar Profit From the Trade and Currency Wars? ကို ဆီလျော်အောင် ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading