တရုတ်နိုင်ငံသည် မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ် တလျှောက်နှင့် ပတ်သက်သော ကိစ္စများတွင် ၎င်းတို့၏ အခန်းကဏ္ဍကို မြှင့်တင်လိုက်သည်။ နယ်စပ်တလျှောက် တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးသည် နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိမည်ဟု တရုတ်အစိုးရက ယုံကြည်နေသည်။
အထူးသဖြင့် တရုတ်နိုင်ငံသည် မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ဖြစ်သော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင်များ အကြား ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုတွင် အရေးပါသော အခန်းကဏ္ဍကပါဝင်နေသည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးသံတမန် ဆွန်ကော့ရှန်သည် တပ်မတော်နှင့် FPNCC တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်ရေးအတွက် ယုံကြည်အောင် လုပ်ဆောင်ရန် ကြားလူအဖြစ် တရုတ်နိုင်ငံက တာဝန် ပေးအပ်ထားသူ ဖြစ်သည်။
ဆွန်သည် စစ်ဘက်ခေါင်းဆောင်များနှင့် တွေ့ဆုံရန် နေပြည်တော်သို့ အကြိမ်ကြိမ် သွားရောက်ခဲ့ပြီး ထိုမှ သတင်းစကားများကို FPNCC အဖွဲ့ဝင်များအား ပြောကြားရန် နယ်စပ်ဒေသများသို့ သွားရောက်ခဲ့သည်။ ယခင်ကမူ တပ်မတော်ကို FPNCC နှင့် ဆွေးနွေးအောင် နားချရသည်မှာ ခက်ခဲသည်ဟု ဆွန် ယူဆခဲ့သည်။
မကြာသေးမီက အထိ တပ်မတော်သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ရက္ခိုင့်တပ်မတော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) တို့ ပါဝင်ရေးကို ပယ်ချခဲ့သည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နားချရသည်မှာ ခက်ခဲသောကြောင့် ဆွန်သည် FPNCC အဖွဲ့ဝင်များနှင့် တွေ့သောအခါ ဗိုလ်ချုပ်မှူးကြီး၏ ဇနီး ဝတ်ဆင်သော အဝတ်အစားများ မည်မျှ လှပကြောင်း ပြောပြီး သူ၏ ရိုးရာဝတ်စုံကိုသာ ချီးမွမ်းခန်း ဖွင့်နေခဲ့ရသည်။
သို့သော် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးနိုင်ရန် အတွက် စစ်ဆင်ရေးများ ရပ်ဆိုင်းပေးမည်ဟု တပ်မတော်က တရားဝင် ကြေညာလိုက်သည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး က “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက် ထုတ်ပြန်ချက်” ဆိုသည့် ခေါင်းစဉ်ဖြင့် ထုတ်ပြန်သော ကြေညာချက်ကို ဒီဇင်ဘာ ၂၁ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော တပ်မတော်နှင့် မြန်မာသတင်းမီဒီယာ ကောင်စီတို့ တွေ့ဆုံပွဲတွင် ကြေညာလိုက်ခြင်းဖြစ်သည်။
ယင်းကြေညာချက်တွင် “တပ်မတော်အနေဖြင့် ယင်းသို့ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်အထိ စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအားလုံးကို ရပ်ဆိုင်း ပေးပါမည်” ဟု ပါရှိသည်။
တပ်မတော်ဘက်က ထိုသို့ သဘောထား ပြောင်းလာသောကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် တိုးတက်မှု တစုံတရာ ရလာပြီဟု FPNCC ခေါင်းဆောင်များနှင့် တရုတ်နိုင်ငံတို့က ယူဆကြသည်။
မြန်မာတပ်မတော်နှင့် EAOs များအကြား တရုတ်နိုင်ငံက ငြိမ်းချမ်းရေး စေ့စပ်ပေးနိုင်လျှင် ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်မှ လက်နက်ကိုင် တိုက်ပွဲများကို အဆုံးသတ်နိုင်မည် ဖြစ်သည်။
ရန်ကုန်ရှိ တရုတ်သံရုံးသည်ပင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် လုပ်ဆောင်ရန် သဘောတူသော ငြိမ်းချမ်းရေး ကော်မရှင်၏ ကြေညာချက်နှင့် AA, TNLA နှင့် MNDAA တို့၏ ပူးတွဲကြေညာချက်ကို ကြိုဆိုကြောင်း လွန်ခဲ့သော တပတ်က ကြေညာချက် ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အလေးထားကြောင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လိုအပ်သော အထောက်အပံ့များကို ဆက်လက် ပေးအပ်မည်ဖြစ်ကြောင်း တရုတ်သံရုံး၏ ကြေညာချက်တွင် ဖော်ပြထားသည်။
အထက်ပါ တိုင်းရင်းသားအဖွဲ့များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ခြင်းကို လက်ခံရန် တရုတ်နိုင်ငံက မြန်မာ့တပ်မတော်ကို ဖိအား အများအပြားပေးခဲ့သည်ဟု FPNCC ခေါင်းဆောင်များ၏ အဆိုအရ သိရသည်။ မြန်မာနှင့် တရုတ်နိုင်ငံတို့သည် ရှမ်းပြည်မြောက်ပိုင်း မူဆယ်မှ မန္တလေးအထိ ရထားလမ်းတည်ဆောက်ရန် သဘောတူထားပြီး ဖြစ်သည်။
FNPCC ခေါင်းဆောင်များ၏ အဆိုအရ တရုတ်နိုင်ငံသည် ထိုကဲ့သို့သော စီမံကိန်းများကို မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်းအပေါ် စီးပွားရေးဖိအားအဖြစ် အသုံးပြုနေသည်ဟု သိရသည်။
နှစ်နိုင်ငံအကြား ရထားလမ်း စီမံကိန်းသည် ရပ်ဝန်းတခု၊ လမ်းတခု အစီအစဉ်ခေါ် တရုတ်နိုင်ငံ၏ကြီးမားလှသော အခြေခံ အဆောက်အအုံ စီမံကိန်း၏ အစိတ်အပိုင်းဖြစ်သည့် စီးပွားရေးစြင်္ကန် အဆိုပြုချက်တွင် ပါဝင်နေသည်ဟု တရုတ်သံအမတ် ဟုန်လျှန်က အောက်တိုဘာလတွင် ကျင်းပသည့် ထိုစီမံကိန်းအတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲတွင် ပြောခဲ့သည်။
ထိုစီမံကိန်းသည် ရှမ်းပြည်မြောက်ပိုင်း၏ စီးပွားရေးတိုးတက်မှု၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အထောက်အကူ ပြုမည် ဖြစ်ကြောင်းကိုလည်း သံအမတ်က သူ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အမြဲ သဘောကောင်းသည်ဟု မြန်မာအစိုးရနှင့် တပ်မတော်တို့က မထင်မြင်ကြပေ။ သမ္မတဟောင်း ဦးသိန်းစိန်၏ ယခင်အစိုးရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် စီးပွားရေးတိုးတက်မှုကို ထောက်ခံရန် အနောက် နိုင်ငံများ၏ အားပေးမှုကို ဆွဲဆောင်ခဲ့သည်။ ထိုစဉ်က တရုတ်နိုင်ငံသည် နေပြည်တော်အတွက် ထိပ်တန်းဦးစားပေး မဟုတ်ပေ။
သို့သော် အနောက်နိုင်ငံများသည် ရခိုင်အကျပ်အတည်းနှင့် ရိုဟင်ဂျာတို့အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် မြန်မာစစ်တပ်နှင့် အစိုးရကို ဖိအားပိုပေးပြီး အရေးယူရန် လုပ်ဆောင်နေသောကြောင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံကို ပိုမို အားကိုးလာရသည်။ မြန်မာ့စီးပွားရေး၏ ကြီးမားလှသော အစိတ်အပိုင်းကို တပ်မတော်က ထိန်းချုပ်ထားပြီး ဖွံ့ဖြိုးရေး စီမံကိန်းများတွင် တရုတ်နိုင်ငံက ပိုမိုကြီးမားသည့် အခန်းမှ ပါဝင်လာသောကြောင့် တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေး တည်ဆောက်ရန် မြန်မာ့တပ်မတော်ကို ဖိအားပေးရေးအတွက် နည်းလမ်းများစွာ ရှိနိုင်ပေသည်။
(လဝီဝမ်သည် ဧရာဝတီ အင်္ဂလိပ်ပိုင်း၏ အကြီးတန်းသတင်းထောက် တယောက် ဖြစ်သည်။)