လက်ရှိရေပန်းစားနေတဲ့ သတင်းတွေကြောင့် “ ဇီးပင်ကြီး” လို့ သုံးလိုက်ပေမယ့် တကယ်ကတော့ “ဗဟိုဝန်ထမ်းတက္ကသိုလ်” တွေအကြောင်းပါပဲ။
ဗဟိုဝန်ထမ်းတက္ကသိုလ်တွေ ( ဖောင်ကြီး / ဇီးပင်ကြီး ) နဲ့ပတ်သက်ရင် ကျနော့်မှာ သွေးရင်း သားရင်းလို ခံစားချက်ရှိပါတယ်။ ကျနော့်ဖခင်က ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အဲဒီကျောင်းတွေ နဲ့ပတ်သက်ပြီး ပါဝင်ဆောင်ရွက်ခဲ့ရတယ်။ ကျနော်ကလည်း ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဒုညွှန်ချုပ်ဘ၀ ၂၀၀၇ ကနေ ပြည်ထောင်စုဝန်ကြီးဘ၀ ၂၀၁၅ ခုနှစ်အထိ ဗဟို ဝန်ထမ်းတက္ကသိုလ် အောက်မြန်မာပြည် (ဖောင်ကြီး) နဲ့ အထက်မြန်မာပြည် ( ဇီးပင်ကြီး) မှာ သင်တန်းပို့ချခဲ့ရတယ်။ ဒ့ါကြောင့် ပုဂ္ဂိုလ်ရေးအရ တက္ကသိုလ်က ဝန်ထမ်းတွေနဲ့ ခင်မင်ရင်းနှီးသလို ကျောင်းကိုလည်း သံယောဇဉ်ရှိတယ်။ ကျောင်းနဲ့ ဝန်ထမ်းတွေရဲ့ အကောင်း၊အဆိုး အတော်များ များကိုလည်း သိပါတယ်။
အခု ဒေါက်တာ စိုးသူရဇော်ရဲ့ ဇီးပင်ကြီး စစ်တမ်းက ဗဟိုဝန်ထမ်းတက္ကသိုလ် တွေနဲ့ ပတ်သက် ပြီး ပြုပြင်ပြောင်းလဲသင့်တဲ့အရာတွေကို ထောက်ပြထားတာကို ဖတ်ရတယ်။ သူ ထောက်ပြထား တဲ့ အချက်အလက်တွေ အများစုကို ကျနော် သဘောတူပါတယ်။ တချို့ အချက်တွေက သမ္မတ ဦးသိန်းစိန်တာဝန်ယူချိန်မှာ ပြုပြင်ဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ အချက်တွေဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့တင်ပြချက်ကို ကျနော့် အတွေ့အကြုံနဲ့ပေါင်းစပ်ပြီးဆွေးနွေးကြည့်ချင်ပါတယ်။
စနစ်
ပထမဆုံး ပြောချင်တာကတော့ ဗဟိုဝန်ထမ်းတက္ကသိုလ် တွေ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတဲ့ အချက်ပါပဲ။ ၁၉၆၂ ခုနှစ်မှာ တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာကို ရယူလိုက်တယ်။ ပြီး တော့ နိုင်ငံကို ဆိုရှယ်လစ်စနစ်နဲ့တည်ဆောက်မယ်လို့ကြေညာတယ်။
အဲဒီလိုကြေညာပြီးတဲ့နောက်မှာ တော်လှန်ရေးကောင်စီက အပေါ်ထပ်အဆောက်အအုံက ဆိုရှယ်လစ် စနစ်ဖြစ်ရင် အောက်ခြေအဆောက်အအုံတွေကလည်း ဆိုရှယ်လစ်စနစ်နဲ့ကိုက်ညီရမယ် လို့ ဆုံးဖြတ်ပြီး ကဏ္ဍတိုင်းမှာ ဆိုရှယ်လစ်စနစ်ကို သွားဖို့လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ် တယ်။
အဲဒီလိုလုပ်ဆောင်တဲ့အထဲမှာ နိုင်ငံဝန်ထမ်းတွေလည်း ပါတယ်။ဖောင်ကြီးကျောင်းဟာ နိုင်ငံ့ ဝန်ထမ်း တွေကို ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးအတွက် လေ့ကျင့်ပေးဖို့ ပေါ်လာတဲ့ ကျောင်း ပဲ။ နောက်တခါ တော်လှန်ရေးကောင်စီက အင်အားကြီးနိုင်ငံတွေကြားမှာ ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ ကာကွယ်ရေး မဟာဗျူဟာက နိုင်ငံသား အားလုံးပါဝင်တဲ့ ပြည်သူ့စစ်မဟာဗျူဟာ ဖြစ်ရမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒ့ါကြောင့် နိုင်ငံဝန်ထမ်းတွေအပါအဝင် နိုင်ငံသားအားလုံး အခြေခံစစ်ပညာတတ် ကျွမ်းအောင်လေ့ကျင့်ပေးဖို့ စီစဉ်ခဲ့တယ်။ ဒီတော့ ဖောင်ကြီးကျောင်းမှာလည်း အခြေခံစစ်ပညာကို ထည့်သွင်းပို့ချဖို့သတ်မှတ်ခဲ့တယ်။
ဒါဟာ ဗဟိုဝန်ထမ်းတက္ကသိုလ်တွေမှာ စစ်ပညာဘာသာရပ်တွေ သင်ကြားပို့ချပေးနေတာ၊ သဘောတရားရေးရာတွေ ပို့ချနေတာတွေဖြစ်လာရတဲ့ နောက်ခံသမိုင်းပဲ။
တပ်မတော်အစိုးရလက်ထက်မှာ အထက်ဗမာပြည်အတွက် ဗဟိုဝန်ထမ်းတက္ကသိုလ် တခု ( ဇီးပင်ကြီး) ကို ထပ်မံတိုးချဲ့ခဲ့ပေမယ့် သင်ကြားပို့ချနည်းတွေ၊ ဘာသာရပ်တွေမှာ အရင် အခြေခံမူတွေ အတိုင်းပဲ။ သိသာတဲ့ ပြောင်းလဲမှုတွေ မရှိခဲ့ဘူး။ နောင်တချိန်ပြောင်းလဲမယ့် ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်နဲ့ ကိုက်ညီမယ့် ပြုပြင်ပြောင်းလဲမှုတွေ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ဘူး။
သမ္မတဦးသိန်းစိန်လက်ထက်မှာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်တယ်။ ဒါပေမယ့် အဲဒီပြုပြင်ပြောင်းလဲမှုတွေ လုပ်ရင်းနဲ့ ဒီပြောင်းလဲမှုတွေကို လက်တွေ့လုပ်နိုင်ဖို့ဆိုရင် အုပ်ချုပ် ရေးကဏ္ဍကိုပါ ပြုပြင်ပြောင်းလဲမှရမယ်ဆိုတာကို တွေ့လာတယ်။ ဒါနဲ့ ၂၀၁၂ နှစ်ကုန်ပိုင်းကစပြီး အုပ်ချုပ်ရေးကဏ္ဍပြုပြင်ပြောင်းလဲမှုတွေ စလုပ်တယ်။ UNDP က ကူညီတယ်။ နောက် ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ ဆီကလည်း အကြံဉာဏ်တွေ ရတယ်။
အဲဒီပြုပြင်ပြောင်းလဲမှုတွေထဲမှာ ဗဟိုဝန်ထမ်းတက္ကသိုလ်တွေရဲ့ လေ့ကျင့်သင်ကြားရေးစနစ်တွေ ပြောင်းလဲဖို့လည်း ပါတယ်။ အတိုချုပ်ပြောရရင် ဗဟိုဝန်ထမ်းတက္ကသိုလ်တွေမှာ စစ်ဝတ်စုံ ဝတ်ရတာတွေ၊ စစ်ပညာ သင်ကြားတာတွေကို ဖယ်ရှားမယ်။ ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင်ဘဝမှာ လက်တွေ့အသုံးချနိုင်မယ့် ဘာသာရပ်တွေသင်မယ်၊ နိုင်ငံတကာစံမီတဲ့ ဒီပလိုမာဘွဲ့တွေ၊ အောင်လက်မှတ်တွေပေးမယ်ဆိုပြီး လုပ်ခဲ့တာပါပဲ။ အဲဒီလေ့လာမှုတွေကို အဓိကအကြံပေးတဲ့အထဲမှာ သမ္မတရုံး ဝန်ကြီး ဦးလှထွန်း၊ ဦးတင်နိုင်သိန်းတို့ပါပါတယ်။
ဒါပေမယ့် အဲဒီပြုပြင်ပြောင်းလဲရေးအဆိုပြုမှုတွေကို အဓိက ဆန့်ကျင်ခဲ့တာကလည်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ပါပဲ။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြောရရင်တော့ အများကြီးပဲ။ အတိုပြောရရင်တော့ အဲဒီ ကန့်ကွက်မှုတွေကြောင့် လက်ရှိသင်နေတဲ့ သင်တန်းတွေမှာ ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်နိုင်ဘူး။ ဒါပေမယ့် အလယ်အလတ်အဆင့် အရာရှိတွေ၊ အရာရှိကြီးတွေအတွက် နိုင်ငံ တကာမှာကျင့်သုံးနေတဲ့ စီမံခန့်ခွဲမှုစနစ်တွေကို သင်ကြားပေးတဲ့ သင်တန်းတွေတော့ ဖွင့်လှစ်နိုင်ခဲ့တယ်။ ဒီတော့ သင်တန်းသားအများစု ဝေဖန်နေတဲ့ စစ်သင်တန်းတွေ၊ အဆောင်ခင်းကျင်းမှုတွေ ၊ သဘောတရားရေးတွေနဲ့ ပတ်သက်တဲ့ လေ့ကျင့်သင်ကြားမှုတွေက ကျနော်တို့ တာဝန်ပြီးဆုံးသည်အထိ ကျန်နေသေးတယ်။
လူ
ဗဟိုဝန်ထမ်းတက္ကသိုလ်တွေက သင်တန်းတွေအကြောင်းပြောရင် သင်တန်းသားအများစုက ဆရာ တွေ၊ နည်းပြတွေကိုပဲ အပြစ်မြင်လေ့ရှိတယ်။ ဒါကလည်း မဆန်းပါဘူး။ သူတို့ သင်တန်းကာလ တလျှောက်လုံးမှာ ဒီဆရာတွေ၊ နည်းပြတွေနဲ့ပဲ ဆက်ဆံနေရတာကိုး။
ဒါပေမယ့် ဒီဆရာတွေ၊ နည်းပြတွေဟာလည်း သူတို့လို ဝန်ထမ်းတွေပဲ၊ ဌာနက ချမှတ်ပေးထားတဲ့ ရည်မှန်းချက်တွေ၊ စည်းကမ်းတွေကို အကောင်အထည်ဖော်ပေးနေရတဲ့သူတွေပဲ ဆိုတာ သင်တန်းသားတွေ မေ့နေကြတယ်။
ဗဟိုဝန်ထမ်းတက္ကသိုလ်ကို စတင်တည်ထောင်ချိန်မှာ ဦးဆောင်ခဲ့သူတွေက တပ်မတော်လေ့ကျင့် ရေးကျောင်းတွေ၊ ဗိုလ်သင်တန်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့သူတွေ။ ဒါ့ကြောင့်လည်း အဆောင်တွင်း ခင်းကျင်းမှုတွေက တပ်မတော်သင်တန်းကျောင်း တွေရဲ့ပုံစံဖြစ်နေတယ်။ ပြဿနာက စစ်သား တွေ၊ ဗိုလ်လောင်းတွေက အပိုပစ္စည်းမများဘူး။ သူ အိပ်တဲ့ ခြင်ထောင်၊ စောင်ကိုပဲ ခင်းကျင်းရတယ်။ ဒါပေမယ့် အရပ်ဘက်ဝန်ထမ်းတွေကျတော့ အဲဒီလိုမဟုတ်ဘူး။ အိပ်တာက သတ်သတ်၊ ခင်းကျင်းဖို့အတွက် ငှားရတာက သတ်သတ် ဖြစ်လာတယ်။ အပိုပစ္စည်းတွေကို စတိုခန်းထဲမှာ စု ပြုံ ထားရတာတွေဖြစ်လာတယ်။
ဒီလိုပဲ အသင်းအဖွဲ့စိတ်ဓာတ်၊ စည်းကမ်းလိုက်နာမှု၊ ရည်မှန်းချက်တာဝန်ကို မဖြစ်မနေ အကောင် အထည်ဖော်နိုင်မှု စတဲ့ အရည်အချင်းတွေကို ပြုစုပျိုးထောင်ရာမှာ ကျင့်သုံးတဲ့နည်းလမ်းတွေကလည်း တပ်မတော်လေ့ကျင့်ရေးကျောင်းတွေမှာ ကျင့်သုံးတဲ့နည်းလမ်းတွေဖြစ်တဲ့အတွက် သင်တန်းသားတွေမှာ အခက်အခဲတွေရှိလာခဲ့တယ်။
ဆရာတွေ၊နည်းပြတွေဘက်ကလည်း ဒါတွေကို မသိ မဟုတ်၊ သိတယ်။ ဒါပေမယ့်အပေါ်က မူဝါဒ မပြောင်းသရွေ့ သူတို့လည်း မတတ်နိုင်ဘူး။ ဒီတော့ မသိချင်ယောင်ဆောင်ပြီး အမြင်ကောင်းအောင် စီစဉ်ပေးရတယ်။ တချို့ကိစ္စတွေကို မမြင်ချင်ယောင်ဆောင်နေရတယ်။ ဒီလိုနဲ့ ဒေါက်တာ စိုးသူရဇော် ပြောတဲ့ ဖော်ရှိုးကိစ္စတွေ ဖြစ်လာတာပဲ။
ဒီလိုပြောတော့ ဆရာတွေ၊ နည်းပြတွေ အားလုံးကောင်းသလားလို့ မေးရင် မဟုတ်ပါဘူး။ အခြား အဖွဲ့အစည်းများနည်းတူ ဆိုးတဲ့သူ၊ အားနည်းတဲ့သူ၊ အခွင့်အရေးယူတတ်သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် တက်ခဲ့ဖူးတဲ့ သင်တန်းသားတွေ သေသေချာချာ ပြန်စဉ်းစားကြည့်ရင် မိမိသင်ရတဲ့ ဘာသာရပ် ( စစ်ရေးပြက အစ) သင်တန်းသားတွေ နားလည်အောင်၊ တတ်ကျွမ်းအောင် စေတနာ အပြည့်နဲ့ သင်ကြားပေးခဲ့သူတွေ အများကြီးဆိုတာ သိမှာပါ။ ကျနော်ကိုယ်တိုင်လည်း မိမိ ဘာသာရပ်ကို ပိုကောင်းအောင်ပို့ချနိုင်ဖို့အတွက် လေ့လာဆည်းပူးနေတဲ့ ဆရာတွေ၊ နည်းပြတွေကို တွေ့ခဲ့ဖူးသလို နိုင်ငံတကာ စီမံခန့်ခွဲမှုအတတ်ပညာတွေကို သင်ကြားထားပေမယ့် လက်တွေ့ အသုံးချခွင့်မရလို့ အားလျော့နေတဲ့ ဆရာတွေကိုလည်း မြင်ခဲ့ဖူးပါတယ်။
ပြုပြင်ပြောင်းလဲရေး
၁၉၆၀၊ ၇၀ နှစ်များ၊ ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးခေတ်ကာလက လေ့ကျင့်ရေးမူဝါဒ တွေဟာ နိုင်ငံရေးစနစ်ပြောင်းလဲလာတဲ့ ခေတ်၊ စီမံခန့်ခွဲနည်းလမ်းသစ်တွေ ကျင့်သုံးလာနေတဲ့ ခေတ်နဲ့ ကိုက်ညီမှုမရှိတော့တဲ့အတွက် ပြောင်းလဲဖို့လိုတယ်ဆိုတာ ငြင်းလို့မရပါဘူး။
ဒါပေမယ့် အစိုးရဌာနတွေရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး အားနည်းချက်တွေ ပေါ်ပေါက်လာရင် များသောအားဖြင့် ဖြစ်လေ့ရှိတာက လူ ( ဝန်ထမ်း) အပေါ် အပြစ်ပုံချလေ့ရှိတာပဲ။ ဥပမာ စုံစမ်းစစ်ဆေးရေး လုပ်မယ်။ ပြီးရင် ချမှတ်ထားတဲ့ မူတွေက ကောင်းပါတယ်၊ ဒါပေမယ့် တာဝန်ခံ အကောင်အထည် ဖော်ရတဲ့ မောင်ဖြူ၊ မောင်ပြာက လိုက်နာမှုမရှိတဲ့အတွက် ဒီလိုဖြစ်ရတယ် ဆိုပြီး ကောက်ချက်ချမယ်၊ ဌာန ဆိုင်ရာ စည်းကမ်းအရ အရေးယူမယ်။ ဒါမှမဟုတ်ရင် တိုင်ကြားတာ မမှန်ဘူးဆိုပြီး ပစ်ထားမယ်၊ တိုင်ကြားသူက ဝန်ထမ်းဆိုရင် အခန့်မသင့်ရင် အရေးယူခံရမယ်။ ဒါပဲ ။ ဒီလိုလုပ်ရတာက လွယ်တယ်။ အကြောင်းအရင်းကို သိနိုင်ဖို့ စနစ်ကို လေ့လာမယ်၊ ပြောင်းသင့်တာပြောင်းမယ်ဆိုရင် အလုပ်ရှုပ်တယ်၊ တာဝန်ကြီးတယ်။ အခန့်မသင့်ရင် ကိုယ့်ရှုးကိုယ်ပတ် လာနိုင်တယ်။ ဒါ့ကြောင့် မလုပ်ချင်ကြဘူး။
သို့သော် လုပ်ငန်းဆောင်ရွက်ပုံ စနစ်ကိုက လိုအပ်ချက်ရှိနေရင် နောက်တာဝန်ယူတဲ့ ဝန်ထမ်း လက်ထက်မှာလည်း ဒီအဖြစ်မျိုးက ထပ်ဖြစ်ဦးမှာပဲ။ ချဉ်ပတ်အိုးလိုပဲ အလျင်ရှိနေတာ့ နောက်ထပ် ထည့်လည်း ချဉ်ဖတ်ပဲဖြစ်မှာပဲ။
ဒ့ါကြောင့် ဗဟိုဝန်ထမ်းတက္ကသိုလ်တွေကို ပြုပြင်ပြောင်းလဲချင်တယ်ဆိုရင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရဲ့ ဝန်ထမ်းရွေးချယ်ခန့်ထားမှု စနစ်ကနေ ကျောင်းတွေရဲ့ သင်ရိုးညွှန်းတမ်းတွေ၊ သင်ကြားမှုနည်းစနစ်တွေအထိ စနစ်တခုလုံးကို ပြောင်းလဲဖို့ လိုအပ်ပါတယ်။
အဲ့ဒီလိုလုပ်နိုင်ဖို့အတွက် ဗဟိုဝန်ထမ်းတက္ကသိုလ်တွေ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး အလုပ်ရုံ ဆွေးနွေးပွဲတွေ အများကြီးလုပ်ထားဖူးပါတယ်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ ဝန်ထမ်း ရွေးချယ် ခန့်ထားမှု စနစ်နဲ့ပတ်သက်ပြီးလည်း အလားတူပါပဲ။ ပြီးတော့ ပြည်တွင်း၊ ပြည်ပက လေ့လာ သုံးသပ်ရေးသားထားတဲ့ စာတမ်း တွေလည်း ရှိပါတယ်။
စနစ်ကို မပြင်ဘဲ အကောင် အထည်ဖော်ရတဲ့ ဝန်ထမ်းတွေ၊ ဝေဖန်ထောက်ပြသူတွေကိုပဲ အရေးယူ နေလို့ကတော့ အဖြေ တွေ့မှာ မဟုတ်ပါဘူး။ ဇီးပင်ကြီး ပုံပြင်တွေ တခုပြီး တခု ကြားနေရမှာပဲ။
(စာရေးသူသည် သမ္မတ ဦးသိန်းစိန်ခေတ် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ယခုအခါ စင်ကာပူနိုင်ငံ ISEAS-Yusof ishak Institute တွင် အကြီးတန်းသုတေသီ တဦးဖြစ်သည်။ ၎င်း၏ ကိုယ်ပိုင်လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားထားသည်အား ပြန်လည်ဖော်ပြပါသည်။)
ဆက်စပ်ဖတ်ရှုရန် – ဗဟိုဝန်ထမ်း တက္ကသိုလ်ကို ဝေဖန်သောကြောင့် ပြည်သူ့ဝန်ထမ်း စုံစမ်းစစ်ဆေးခံရ