မြန်မာ့ ငွေကြေးဆိုင်ရာ ကိန်းဂဏန်းတွေဟာ အရှိန်အဟုန်နဲ့ ရှေ့သို့ချီနေပါတယ်။ ဒီအရှိန်အဟုန်ဟာ ပြည်တွင်းလုပ်ငန်းတွေကို အထောက်အကူပြုဖို့လိုသလို အလျင်အမြန် ကြီးထွားလာနိုင်တဲ့ အကြွေးတွေကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်နိုင်ဖို့ အရေးကြီးလှပါတယ်။
နိုင်ငံတကာအတွေ့အကြုံတွေကို ကြည့်ရင် မြန်မာနိုင်ငံလို စီးပွားရေး တည်ဆောက်မှု ပုံစံရှိပြီး တနှစ် အကြွေးဈေးကွက် ၄၀ ရာခိုင်နှုန်းကျော် ကြီးထွားနေတဲ့နိုင်ငံတွေမှာ အကြွေးဆိုးတွေကို ကာကွယ် ထိန်းသိမ်းဖို့ရာ အလွန်မှ ခက်ခဲပါတယ်။
သို့သော်လည်း ဂျီဒီပီ တိုင်းပြည်ထွက်ကုန် ပမာဏနဲ့ ယှဉ်ရင် အကြွေးဈေးကွက်က သေးနေသေးတာကြောင့် ကိုင်တွယ်လို့ ကောင်းကောင်းရတဲ့အချိန်မှာပဲ ရှိနေသေးပါတယ်။ ဒီလိုကိုင်တွယ်ဖို့ မြန်မာ့ အကြွေး စံချိန် အကဲဖြတ် အဖွဲ့အစည်း (Myanmar Credit Rating Agency) က အထောက်အကူ ပြုနိုင်ပါတယ်။
အလတ်စား အသေးစားလုပ်ငန်းတွေက မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းတွေရဲ့ ၈၅ ရာခိုင်နှုန်း လောက်ရှိပြီး ၈၀ ရာခိုင်နှုန်း လောက် အလုပ်လုပ်သူတွေကို အလုပ်ပေးထားပါတယ်။ အလတ်စား အသေးစားလုပ်ငန်းတွေက မြန်မာနိုင်ငံမှာ ငွေစုသူတွေပါ။ သူတို့အတွက် အကြွေးဈေးကွက် အခွင့်အလမ်းကတော့ အရမ်းနည်းပါတယ်။
အဓိက အကြောင်းက အလတ်စား အသေးစားလုပ်ငန်းတွေအတွက် ဘဏ်တွေက အကြွေးစံချိန်သတ်မှတ်မှု မလုပ်ကြပါဘူး။ အကြွေးစံချိန်သတ်မှတ်မှု Credit rating လုပ်ဖို့ဆိုရင် ဘဏ်အတွက် ကျွမ်းကျင်သူ ပိုရှာရမယ်။ လူထပ်ခန့်ရမယ်။ အလုပ်ပိုရှုပ်မယ်။ ချေးရတဲ့ ငွေပမာဏက သေးသေးလေး၊ ကုန်ကျစရိတ်က ပိုများတယ်။ အပေါင်ပစ္စည်းမပါဘဲ မှားပြီး အကြွေးစံချိန်သတ်မှတ်မှု လုပ်လိုက်ရင် အကြွေးက ရှုံးသွားနိုင်ချေရှိသေးတယ် ဆိုတဲ့ရှေးရိုးအမြင်ကလည်း ရှိသေးတယ်။
ဒါဆိုရင် အကြွေးစံချိန်သတ်မှတ်မှု Credit rating ကို အပြင်အဖွဲ့အစည်းက လုပ်ပေးနိုင်ရင် ကောင်းမလား။ ဘဏ်တွေကတော့ ယုံကြည်ဖို့လိုတယ်။ တခြားနိုင်ငံမှာတော့ ဒီလို အကြွေးစံချိန်သတ်မှတ်မှုအဖွဲ့ (Credit rating agency) တွေ ရှိကြပါတယ်။
နိုင်ငံခြား ကုမ္ပဏီကြီးတခုက သူရဲ့ပိုလျံရင်းနှီးငွေ သို့မဟုတ် ပိုလျံအမြတ်ငွေကို သူ့နိုင်ငံ ပြန်မပို့ဘဲ ပြည်တွင်း အကြွေးဈေးကွက်မှာ ပြန်ရင်းနှီးမြှုပ်နှံချင်လား၊ ဒါမှမဟုတ် မြန်မာကုမ္ဗဏီတွေ အချင်းချင်း ၈ ရာခိုင်နှုန်းထက် အမြတ်ပိုရတဲ့ အကြွေးဈေးကွက် (Corporate bond market) မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ချင်လား၊ ဒီလို ကုမ္ပဏီကြီးများ အချင်းချင်းကြားမှာ အချင်းချင်းငွေချေးကြတဲ့ အကြွေးဈေးကွက် (Corporate bond market) မြန်မာနိုင်ငံမှာ မရှိသေးပါဘူး။ ဒီလိုဈေးကွက် ပေါ်ထွက်ဖို့ရာ အဓိက လိုအပ်ချက်ကတော့ ကုမ္ပဏီတွေအပေါ် အကြွေး စံသတ်မှတ်ချက် စနစ်ပါ။
နိုင်ငံတကာမှာ ကုမ္ပဏီတွေက အကြွေး စံသတ်မှတ်ပေးတဲ့အဖွဲ့တွေ (Credit rating agencies) တွေရဲ့အကူအညီနဲ့ သူတို့ကုမ္ပဏီတွေရဲ့ အကြွေးယူနိုင်စွမ်းရည်တွေကို သတ်မှတ်ကြပါတယ်။ ဒီအဖွဲ့တွေက ကုမ္ပဏီတွေကို A+ A A- B+ B B- C+ စသဖြင့် အဆင့်တွေ သတ်မှတ်ပေးလိုက်တယ်။ အဲဒီအဆင့်ပေါ် မူတည်ပြီး ငွေဘယ်လောက်ချေးနိုင်မယ်၊ ဘယ်လို အတိုးနှုန်း ပေးသင့်တယ်ဆိုတာ ဘဏ်တွေက ကူညီတွက်ချက်ပေးကြပါတယ်။
ကုမ္ပဏီမှမဟုတ်ပါဘူး။ နိုင်ငံတွေမှာလည်း ဒီလိုပါပဲ။ နိုင်ငံတိုင်းမှာ အဆင့် rating ရှိပါတယ်။ ငွေချေးမယ့်သူက နိုင်ငံရဲ့ rating ကိုကြည့်ပြီး ဘယ်လောက်အတိုးနှုန်းနဲ့ပေးမယ်ကို ဆုံးဖြတ်ကြပါတယ်။ မြန်မာနိုင်ငံလို rating မရှိရင်တော့ အဆိုးဆုံး rating ကိုပဲ ယူပြီး အများဆုံး အတိုးနှုန်းနဲ့ ငွေချေးဖို့ များပါတယ်။ ဒီလိုပဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက နိုင်ငံတနိုင်ငံကို မလာမီ rating ကိုကြည့်ပြီး နိုင်ငံတွင်း စွန့်စားရနိုင်ခြေ country risk ကို ခန့်မှန်းကြပါတယ်။ rating မရှိရင်တော့ အဆိုးဆုံးကို သတ်မှတ် ခန့်မှန်းကြရပါတယ်။
ဘဏ်တွေမှာ အရေးကြုံရင် ခိုင်မာမှုရှိစေရေး သူတို့ရဲ့ မတည်ငွေတွေ လုံလုံလောက်လောက်ရှိဖို့ လိုပါတယ်။ ငွေများများချေးထားတဲ့ဘဏ်တွေက မတည်ငွေ ပိုများများရှိဖို့လိုတယ်လို့ အကြမ်းဖျင်းဆိုနိုင်ပေမယ့် ချေးငွေတွေရဲ့ အရှုံးပေါ်နိုင်စွမ်းက ဘဏ်တခုနှင့် တခု မတူနိုင်တဲ့အတွက် မတည်ငွေထားရှိရမည့်ပမာဏဟာ စုစုပေါင်းချေးငွေပမာဏအပြင် အရှုံးပေါ်နိုင်စွမ်းပေါ်ပါ မူတည်သင့်ပါတယ်။ ဒါကို နိုင်ငံတကာမှာ ကျင့်သုံးနေပြီဖြစ်ပြီး ကုမ္ပဏီတွေရဲ့ အရှုံးပေါ်နိုင်စွမ်းကို တွက်ပေးနိုင်တဲ့ အကြွေးစံချိန်သတ်မှတ်မှု စနစ်တွေ လိုနေပါတယ်။ Basel II ဆိုတဲ့ နိုင်ငံတကာဘဏ်များ ခိုင်မာမှု စမ်းစစ်ရေးစနစ်တွေမှာ အကြွေးစံချိန်သတ်မှတ်မှုက နိုင်ငံတကာမှာ မဖြစ်မနေ အသုံးပြုရပါတယ်။
စတော့ဈေးကွက်တွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ချင်သူတွေအတွက်လည်း ကိုယ်ဝယ်မယ့် ကုမ္ပဏီရဲ့ အကြွေးစံချိန်က လေ့လာသုံးသပ်ရမယ့် အရေးပါတဲ့ အချက်ပါ။ အကြွေးစံချိန် မကောင်းရင် ဒေဝါလီခံရဖို့ များနိုင်ပါတယ်။ ဒေဝါလီခံရင် စတော့ဝယ်သူတွေ ရင်းနှီးငွေ ပြန်ရဖို့ အလွန်နည်းပါတယ်။ ဒါ့ကြောင့် စတော့ဈေးကွက်မှာ ပါဝင်ရောင်းချမယ့် ကုမ္ပဏီတွေဟာ အကြွေးစံချိန်သတ်မှတ်ဖို့ စနစ်တွေ လိုအပ်ပါတယ်။
အကြွေးစံချိန်သတ်မှတ်မှုဆိုတာကတော့ ကုမ္ပဏီတခု၊ လုပ်ငန်းတခုရဲ့ အကြွေးဆုံးနိုင်တဲ့ အခြေအနေကို သုံးသပ်ပြီး အဆင့် သတ်မှတ်ပေးတာပါ။ အခြေအနေကို သုံးသတ်တဲ့နေရာမှာ ၁) ကုမ္ပဏီတည်ရှိရာ နိုင်ငံတွေရဲ့ အခြေအနေ ၂) ဈေးကွက်နဲ့ လုပ်ငန်းပတ်ဝန်းကျင် အခြေအနေ ၃) ကုမ္ပဏီရဲ့ ယှဉ်ပြိုင်နိုင်စွမ်း အခြေအနေ ၄) ငွေရေးကြေးရေး အခြေအနေတွေကို လေ့လာသုံးသပ်ပြီး အဆင့်တွေ သတ်မှတ်ပေးကြပါတယ်။ ဒီလို သတ်မှတ်ပေးတဲ့ နိုင်ငံတကာ အသိအမှတ်ပြု ကုမ္ပဏီကြီး သုံးခုရှိပါတယ်။
၁) Standard & Poor’s ၂) Moody’s ၃) Fitch အကြွေးစံချိန်သတ်မှတ်မှုအဖွဲ့ကြီး (Credit Rating Agency) တွေက ကမ္ဘာပေါ်က နိုင်ငံတွေ၊ ဘဏ်တွေ၊ ကုမ္ပဏီကြီးတွေအတွက် အကြွေးစံချိန် သတ်မှတ်ပေးကြပါတယ်။ အဲဒီအဖွဲ့ ၃ ခုရဲ့ အကြွေးစံချိန်သတ်မှတ်မှုတွေကိုလည်း ယုံကြည် ကိုးစားကြပါတယ်။
Standard & Poor’s ၊ Moody’s ၊ Fitch တို့လို နိုင်ငံတကာ အဆင့်မီ အဖွဲ့ကြီးတွေမှာ အကြွေးစံချိန် သတ်မှတ်ဖို့ ကုန်ကျငွေ များစွာ ရှိမှာကြောင့် ဖွင့်ဖြိုးဆဲနိုင်ငံတွေမှာ ပြည်တွင်း အကြွေးစံချိန် သတ်မှတ်မှု အဖွဲ့ (Credit Rating Agency) တွေ ထားရှိကြပါတယ်။ မြန်မာ့ အကြွေးစံချိန်တိုင်း အဖွဲ့ (Myanma Credit Rating Agency) ပေါ်ပေါက်လာတဲ့အခါ ငွေချေးသူနှင့် ချေးငှားသူတွေအကြား ပိုမိုယုံကြည်စွာနဲ့ ချေးငှားနိုင်ကြမယ့်အပြင် ပြည်တွင်း ဘဏ်စနစ်နဲ့ ချေးငွေဈေးကွက်ကိုလည်း ပိုမို ခိုင်မာလာစေမှာပါ။
တိုင်းပြည်စီးပွားရေး ချောမွေ့စွာ လည်ပတ်နိုင်ရေး အထောက်အကူ အများကြီး ဖြစ်နိုင်ပါကြောင်း ခန့်မှန်းရပါတယ်။ မြန်မာနိုင်ငံမှာ အကြွေးစံချိန်သတ်မှတ်မှုအဖွဲ့ အမြန်ဆုံးပေါ်ပေါက်သင့်ပါပြီ။
(စောဘိုဘိုသည် ရန်ကုန်အခြေစိုက် ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတဦး ဖြစ်သည်။ ၂၀၁၅ -၁၆ ခုနှစ် အမေရိကန် ဘဏ် Citibank ၏ ကိုယ်စားလှယ်အနေဖြင့် Myanmar Soverign Credit Rating မြန်မာ့ငွေကြေး အာမခံအဆင့် သတ်မှတ်ခြင်း လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။)