၂၀၁၉ ခုနှစ်တွင် ကျနော်တို့မြန်မာနိုင်ငံအတွက် ဘာတွေမျှော်လင့်လို့ ရနိုင်ပါသလဲ။ တချို့လူများတွင် မျှော်လင့်ချက်များစွာ ရှိမှာ သံသယဖြစ်ရာ မလိုပါ။ ကျနေ်ာ့အတွက်တော့ မျှော်လင့်ထားတာ တခုပဲ ရှိသည်။ ကြီးကြီးမားမားလို့လည်း မဆိုသာ။ ၂၀၂၀ တွင် လွတ်လပ်မျှတသော အထွေထွေရွေးကောက်ပွဲ ဖြစ်မြောက်ရေး ယခု ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း လုံလောက်သော တည်ငြိမ်မှုသာ ရှိစေချင်ပါသည်။ ကျနော့်မျှော်လင့်ချက်ကတော့ ထိုမျှသာ။ ကြီးကြီးမားမား မျှော်လင့်ခြင်း မဟုတ်ဆိုသည်ကို စာဖတ်သူ သဘောတူမည် ထင်ပါသည်။
သို့သော် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲဆိုသည်မှာ ကျနော်တို့မြန်မာနိုင်ငံအတွက် မကြာသေးမီအချိန်အထိ အိမ်မက်တခုသာ ဖြစ်နေခဲ့သည့်အတွက် ထိုမျှော်လင့်ချက်သည် ခပ်သေးသေး မျှော်လင့်ချက်တခုဟုလည်း မပြောနိုင်ပေ။
အဓိကအကြောင်းရင်းမှာ ကျနော်တို့မြန်မာနိုင်ငံ၏ နုနုယ်သေးသော ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် ဒုတိယမြောက် ခြေလှမ်းတခုသာ ဖြစ်ခြင်းကြောင့်ဖြစ်သည်။ ထိုအသွင်ကူးပြောင်းမှုက လမ်းကြောင်းမှန်ပေါ် ဆက်လက်ရှိနေရေး ရှေ့လာမည့် ဆယ်စုနှစ်များစွာတွင် မည်သည့်ပါတီ အနိုင်ရသည်ဖြစ်စေ ရွေးကောက်ပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရန် အရေးကြီးသည်။ ကျင်းပသည့် ရွေးကောက်ပွဲတိုင်းတွင်လည်း မဲလိမ်ခြင်းနှင့် မဲညစ်ခြင်းများ ကင်းရှင်းရန်လည်း လိုပါသည်။
တိတိကျကျပြောရလျှင် လာမည့်နှစ်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲသည် ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း နှစ်ပေါင်း ၃၀ အတွင်း ဒုတိယအကြိမ်မြောက် အထွေထွေရွေးကောက်ပွဲသာ။ ၁၉၉၀ ရွေးကောက်ပွဲကို ကျနော် ထည့်မတွက်ပါ။ ထိုရွေးကောက်ပွဲတွင် မဲလိမ်ခြင်း မရှိသော်လည်း ရလဒ်ကို စစ်အစိုးရက အသိအမှတ်မပြုသည့်အတွက်ကြောင့် မဲလိမ်သည်ထက်ပင် ပိုမိုဆိုးရွားပါသည်။ အာဏာရှင်ဦးနေဝင်း၏ ဆိုရှယ်လစ်ပါတီကို ဆက်ခံသည့် စစ်အစိုးရကျောထောက်နောက်ခံပေးထားသော တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီကို အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရလိုက်သောအခါ စစ်အစိုးရသည် ထိုရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုခဲ့သောကြောင့် ဖြစ်သည်။
ထိုကာလမတိုင်မီက လွတ်လပ်မျှတသည့် ရွေးကောက်ပွဲဆိုလျှင် ၁၉၆၀ ခုနှစ်တွင် ကျင်းပသည့် ရွေးကောက်ပွဲသည် နောက်ဆုံးဖြစ်သည်။ ထိုရွေးကောက်ပွဲတွင် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရစဉ်က ပထမဆုံး ဝန်ကြီးချုပ် တာဝန်ယူခဲ့သူ ဦးနု ပြန်လည်ရွေးချယ်ခံခဲ့ရသည်။ အဲဒီနောက်ပိုင်းတွင် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲဟူ၍ မရှိခဲ့ပေ။
၂၀၁၀ ရွေးကောက်ပွဲသည်လည်း ထိုစဉ်က အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် ကျင်းပသောကြောင့် အားလုံးပါဝင်ခွင့်ရသော မျှတသည့် ရွေးကောက်ပွဲတခု မဟုတ်ခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည်လည်း ထိုရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်ခဲ့သည့်အတွက် စစ်အစိုးရ ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မျှော်လင့်ထားသည့်အတိုင်း အနိုင်ရသွားသည်။ ကြိုတင်မဲများဖြင့် လိမ်လည်ခဲ့သည်ဟု ပြည်သူများက ယုံကြည်ကြသည်။ ထို့ကြောင့် ထိုရွေးကောက်ပွဲကိုလည်း ထည့်တွက်ရန် မလိုပေ။
ထို့ကြောင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ အတွင်း ကျင်းပခဲ့သော ရွေးကောက်ပွဲ များအနက် လွတ်လပ်မျှတသည့်အပြင် အနိုင်ရပါတီလည်း အစိုးရဖွဲ့ခွင့်ရခဲ့သည့် တခုတည်းသော ရွေးကောက်ပွဲဖြစ်သည်ဟု ဆိုရမည်။ ထိုကြောင့် လာမည့် ၂၀၂၀ တွင် ကျင်းပမည့်ရွေးကောက်ပွဲမှာ ဒုတိယမြောက် ရွေးကောက်ပွဲသာ။
ကျနော်တို့ မြန်မာပြည်သူ အားလုံးနီးပါး နောက်နှစ်တွင် ရွေးကောက်ပွဲ ရှိသည်ကို သိပြီးသားဖြစ်သည်။ ဖြစ်လိမ့်မည်ဟု အလိုအလျှောက် ယုံကြည်ပြီးသား ဖြစ်နေကြသည်။ သို့သော် တကယ် သေချာပေါက် ဖြစ် မဖြစ် မည်သူ ပြောနိုင်ပါမည်နည်း။
မြန်မာနိုင်ငံသည် ကမ္ဘာကြီးကို အကောင်းအဆိုးများဖြင့် အမြဲလိုလို အံ့သြအောင် လုပ်လေ့ရှိသည်။
ပြည်သူများက တပါတီအာဏာရှင် စနစ်ကို ဖြုတ်ချခဲ့သော်လည်း စစ်တပ်က အပြစ်မဲ့ ပြည်သူတွေကို နှိမ်နင်းဖြိုခွင်းခဲ့သည်။ ၁၉၉၀ တွင် စစ်အစိုးရက လွတ်လပ်မျှတသော ရွေးကောက်ပွဲ ကျင်းပပေးပြီး အတိုက်အခံတို့က အပြတ်အသတ် အနိုင်ရသော်လည်း စစ်အစိုးရသည် ၎င်းတို့ကျင်းပသော ရွေးကောက်ပွဲ၏ ရလဒ်ကို အသိအမှတ် မပြုခဲ့။ ၂၀၀၃ ခုနှစ် ဒီပဲယင်းတွင် အစိုးရက ပါဝင်ပတ်သက်သည်ဟု ယုံကြည်ရသော တိုက်ခိုက်မှုတွင် ဒေါ်အောင်ဆန်းစုကြည် ပွတ်ကာသီကာ အသက်မသေဘဲ လွတ်မြောက်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ရဟန်းသံဃာများ၏ ရွှေဝါရောင်တော်လှန်ရေးဖြစ်ခဲ့ပြီး စစ်တပ်၏ ရက်စက်စွာ ဖြိုခွင်းခြင်းကို ခံခဲ့ရသည်။ ၂၀၀၈ ခုနှစ်တွင် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ ၁၃၀၀၀၀ ကျော်သေဆုံးရပြီး မြို့များစွာ ပျက်စီးခဲ့သော်လည်း ရက်ပိုင်းအတွင်းမှာပင် စစ်အစိုးရက တဖက်သတ် ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန္ဒခံယူပွဲကို ကျင်းပခဲ့သည်။
၂၀၁၀ ခုနှစ်တွင် စစ်အစိုးရသည် ရွေးကောက်ပွဲကျင်းပပြီး အာဏာကို သူတို့ရွေးချယ်ထားသည့် ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သော သမ္မတ ဦးသိန်းစိန်သို့ ၂၀၁၁ ခုနှစ်တွင် လွှဲပေးခဲ့သည်။ ဦးသိန်းစိန်သည် နိုင်ငံကို တံခါးဖွင့်ပေးလိုက်ခြင်းဖြင့် ကမ္ဘာ ကို အံ့အားသင့်စေခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရပြီး နောက် ၂၀၁၆ ခုနှစ်တွင် စတင် တာဝန်ထမ်းဆောင်ကာ တနိုင်ငံလုံးကို ပျော်ရွှင်စေခဲ့သည်။ သို့သော် ၂၀၁၇ ခုနှစ်က ရခိုင်ပဋိပက္ခကြောင့် နိုင်ငံတကာ၏ ဝေဖန်တိုက်ခိုက်မှုများကို ရင်ဆိုင်ရသည်။ ထိုသို့သော အံ့သြဖွယ်ရာများ ဆက်ဖြစ်မလာဘူးဟု မည်သူမျှ မပြောနိုင်ပါ။
ထိုသို့သော ကြုံခဲ့ဖူးသည့် အံ့သြစရာများ ကြောင့် ၂၀၂၀ ရွေးကောက်ပွဲကြိုကာလတွင် အရာရာချောချောမွေ့မွေ့ ဖြစ်မည်ဟု သေချာပေါက် မပြောနိုင်ပါ။
မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ တနိုင်ငံ မဟုတ်သေးပါ။ ပန်းတိုင်ကိုရောက်ရန် တွားသွားပြီး ရုန်းကန်ကြိုးစားနေဆဲဖြစ်သည်။ အခက်အခဲ အတားအဆီးများကို ပြောမည်ဆိုလျှင် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်အချို့ အပါအဝင် တရားဝင် အခက်အခဲများ သာမက ဘောင်မဝင်သော အခက်အခဲများ၊ မြင်သာသော ဆန့်ကျင်မှုများသာမက မမြင်သာသော ဆန့်ကျင်မှုများကိုပါ ရင်ဆိုင်နေရသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ၏ ဦးစားပေးဖြစ်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တုန့်ဆိုင်းနေသည်။ မြန်မာနိုင်ငံ အနောက်ပိုင်းရခိုင်ပြည်နယ်သည်လည်း ရက္ခိုင့် တပ်မတော် (AA) ၏ ပိုမိုပြင်းထန်သော စစ်သေနင်္ဂဗျူဟာနှင့် ရင်ဆိုင်ရပြီး ပိုမို မတည်မငြိမ် ဖြစ်လာနေသည်။ ထို့ပြင် ဘာသာရေး အစွန်းရောက်များက လှုံဆော်လာနိုင်ဖွယ်ရှိသည့် မြန်မာ့နိုင်ငံရေးအခြေအနေကို မတည်မငြိမ် ဖြစ်စေနိုင်သည့် ကြိုမြင်နိုင်သော၊ ကြိုမမြင်နိုင်သော ပြဿနာများစွာ ရှိသေးသည်။
အမေရိကန်ပြည်ထောင်စုနှင့် အနောက်ဥရောပတွင်သာမက တူရကီနှင့် ဗင်နီဇွဲလား အပြင် ဆွီဒင်နှင့် အိန္ဒိယ ကဲ့သို့သော အရှေ့ဥရောပနှင့် အာရှနိုင်ငံများအပါအဝင် တကမ္ဘာလုံးတွင် ဒီမိုကရေစီ၏ အနှစ်သာရ အခြေခံများသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ လစ်ဘရယ်ဝါဒ ဆန့်ကျင်သော အတွေးအခေါ်များသည် ပျံ့နှံ့နေသည်။
သို့သော် ဒီမိုကရေစီမှာ ဇွဲရှိသည်ဟု ဆိုရမည်။ လုံးဝ မမှားပါ။ သို့သော် ထိုသို့ရှင်သန်နေရန် လိုအပ်သည့် အဓိက လိုအပ်ချက်တခု ရှိသည်။ လွတ်လပ်မျှတသော ရွေးကောက်ပွဲများ ပုံမှန်ကျင်းပခြင်းဖြင့် ဒီမိုကရေစီကို အမြစ်တွယ်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။
လွတ်လပ်ရေးလွန်ခေတ်ဖြစ်သည့် ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အတွင်း ဝန်ကြီးချုပ်ဦးနု၏ ခေါင်းဆောင်မှုအောက်တွင် မြန်မာနိုင်ငံသည် ထိုသို့သော အခွင့်အလမ်းကို ဆုံးရှုံးခဲ့သည်။ ဦးနု၏ အစိုးရသည် ဒီမိုကရေစီကို ခိုင်မာအောင် လုပ်ဆောင်ရန် ပျက်ကွက်သည်။ ဒီမိုကရေစီ၏ အခြေခံလိုအပ်ချက်ဖြစ်သည့် ရွေးကောက်ပွဲကို ၁၉၅၁-၅၂၊ ၁၉၅၆ နှင့် ၁၉၆၀ တို့တွင် သုံးကြိမ် ကျင်းပသော်လည်း အမြစ်တွယ်အောင် မလုပ်နိုင်ခဲ့ပေ။ အကြောင်းမှာ ပြည်တွင်းစစ်နှင့် စစ်ဝါဒ ခေါင်းထောင်ထလာခြင်းတို့ကြောင့် ရွေးကောက်ပွဲ အခြေပြု နိုင်ငံရေး အစဉ်အလာတရပ် မထွန်းကားလာနိုင်ခဲ့ပေ။ နောက်ဆုံးတွင် ဒီမိုကရေစီ အုတ်မြစ် မခိုင်မာခြင်းကြောင့် ၁၉၆၂ ခုနှစ်တွင် တိုင်းပြည်သည် စစ်အာဏာရှင်လက်ထဲသို့ ကျရောက်ခဲ့ရသည်။
ယနေ့ ဆယ်စုနှစ် ၆ ခုကြာပြီးသောအခါ ထိုသို့သော အခြေအနေမျိုးကို မြန်မာနိုင်ငံတွင် ထပ်မံပေါ်ပေါက်လာခြင်းကို လက်ခံရန် မဖြစ်နိုင်ပါ။ ၂၀၁၉ ခုနှစ်တွင်သာမက ရှေ့လာမည့် ဆယ်စုနှစ်များတွင် အလားတူ အခြေအနေဆိုးမျိုးကို ရင်ဆိုင်ရပါက ဒီမိုကရေစီ ခရီးလမ်းသည် ဦးနု အစိုးရအောက်တွင်ကဲ့သို့ ထပ်မံ လမ်းချော်သွားမည်ဖြစ်သည်။
ယနေ့ အမေရိကန်ပြည်ထောင်စုကို ကြည့်ပါက နိုင်ငံ၏ ရွေးကောက်ပွဲ သံသရာ သို့မဟုတ် အခြေခံ ဒီမိုကရေစီ စနစ်သည် ရပ်တန့်ခြင်းမရှိခဲ့ပေ။ အမေရိကန်ပြည်ထောင်စုတွင် ရွေးကောက်ပွဲများသည် ခိုင်မာသော အင်စတီကျူးများ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတို့နှင့်အတူ အခြေခိုင်မာသည့် နိုင်ငံရေး အစဉ်အလာဖြစ်သည်။ ထို့ကြောင့် လက်ရှိ အမေရိကန်ပြည်ထောင်စုကို ဒေါ်နယ်ထရမ့်ကဲ့သို့သော လစ်ဘရယ်ဆန့်ကျင်ရေး သမ္မတက ဦးဆောင်နေသည့်တိုင် မဲဆန္ဒရှင်များသည် ၎င်းတို့၏ ခေါင်းဆောင်ကို လေးနှစ်တကြိမ်ပြန်လည် သုံးသပ်ခွင့်ရကြ သည်။ လွတ်လပ်မျှတသော ပုံမှန် ရွေးကောက်ပွဲများသည် ဒီမိုကရေစီအတွက် အခြေခံစည်းမျည်း သို့မဟုတ် အခြေခံလိုအပ်ချက်အဖြစ် နိုင်ငံရေးအရ အရေးပါသည်။
ထိုင်းနိုင်ငံကို ကြည့်မည်ဆိုလျှင်မူ ဒီမိုကရေစီသည် စစ်အာဏာသိမ်း အစဉ်အလာကြောင့် အခြေမခိုင်သေးကြောင်း တွေ့နိုင်သည်။ ထိုင်းစစ်တပ်သည် အမြဲတစေ အင်အားသုံးကာ အာဏာပြန်ပြန်သိမ်းနေပြီး ရွေးကောက်ပွဲများကို ဟန့်တားသည် သို့မဟုတ် စိတ်ကြိုက် ဆိုင်းငံ့ထားသည်။ ကမ္ဘောဒီးယားတွင်လည်း ရွေးကောက်ပွဲများကို ဝန်ကြီးချုပ် ဟွန်ဆန်က အမြဲလိုလို လိမ်လည် လက်တလုံးခြား လုပ်နေသည်။ ထိုသို့သော ဒီမိုကရေစီမှာ အတုအယောင်မျှသာဖြစ်သည်။
ကျနော်တို့ မြန်မာနိုင်ငံ အပါအဝင် အလားတူ ဒီမိုကရေစီ နိုင်ငံများသည် ထိုကဲ့သို့နိုင်ငံရေး အခြေအနေ မလိုပေ။
ဆယ်စုနှစ် ၅ ခုကြာ စစ်အုပ်ချုပ်ရေးအလွန် ထွန်းသစ်စ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆက်လက်ထိန်းသိမ်း ထားရန် မြန်မာနိုင်ငံတွင် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲများ ၅ နှစ်တကြိမ် ကျင်းပရေးသည် အခြားအရာရာထက် ပိုမိုအရေးကြီးပါသည်။ လက်ရှိအစိုးရသည် ၎င်း၏ အဓိက လုပ်ငန်းတာဝန်ဖြစ်သည့် (လက်ရှိအချိန်အထိ ဖြစ်နိုင်ခြေ နည်းနေသေးသည့်) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို အောင်မြင်အောင် မလုပ်ဆောင်နိုင်လျှင်ပင် မြန်မာနိုင်ငံသည် ၂၀၂၀ ခုနှစ်တွင် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲကို ကျင်းပနိုင်ရမည်။
ရွေးကောက်ပွဲများ ပုံမှန်ကျင်းပခြင်းသည် နိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီ အမြစ်တွယ်အောင် လုပ်ဆောင်သည့် အခြေခံ နည်းလမ်း တခုဖြစ်သည်။
ထိုသို့ရွေးကောက်ပွဲများ ပုံမှန်ကျင်းပနိုင်ရေးသည် မြန်မာနိုင်ငံသား အလွှာပေါင်းစုံမှ ဒီမိုကရေစီကို တောင်းဆိုတိုက်ပွဲဝင်နေသူတိုင်း၏ တာဝန်ဖြစ်သည်။ ထိုရည်မှန်းချက်အတွက် အထွေထွေ နိုင်ငံရေး တည်ငြိမ်မှုကို ထိန်သိမ်းထားရန်နှင့် ဒီမိုကရေစီ ဆန့်ကျင်သူများအား ဖိတ်ခေါ်လာမည့် အရေးပေါ် အခြေအနေများသို့ ဦးတည်သော အနေအထားများကို ရှောင်ရှားရန် လိုအပ်သည်။
(ကျော်စွာမိုးသည် ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ အကြီးတန်း အယ်ဒီတာ ဖြစ်သည်။ ၎င်း၏ My Only Wish for 2019 Is… ကို ဘာသာပြန်ဆိုသည်။)