တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမ (BRI) အစီအစဉ် စတင်၍ နှစ်များ ကြာမြင်ခဲ့ပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ထိပ်တန်း တာဝန်ရှိသူများကြားတွင် တွေ့ဆုံဆွေးနွေးမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီးနောက် BRI နှင့် ပတ်သက်သည့် တာဝန်များကို အကောင်အထည်ဖော်ရေး ဦးဆောင် ကော်မတီတရပ်ကို အစိုးရက ၂၀၁၈ ခုနှစ် နိုဝင်ဘာလ နှောင်းပိုင်းတွင် ဖွဲ့စည်းလိုက်သည်။ အဆိုပါကော်မတီ၏ ဥက္ကဌမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပြီး ဒုတိယ သမ္မတ ဦးမြင့်ဆွေက ဒုတိယ ဥက္ကဌ အဖြစ် ဆောင်ရွက်သည်။ အခြား ဝန်ကြီးများနှင့် ပြည်နယ်/တိုင်း ဝန်ကြီးချုပ်များက အဖွဲ့ဝင်များ ဖြစ်ကြသည်။
ဦးဆောင် ကော်မတီ ဖွဲ့စည်းခြင်းနှင့် ဥက္ကဌနေရာကို ရယူခြင်းတို့အတွက် ဒေါ်အောင်ဆန်းစုကြည်၏ အရင်းခံ အကြောင်း က BRI ကို သူ၏ နိုင်ငံရေး ရည်မှန်းချက်များအတွက် အသုံးပြုရန် ဖြစ်သည်ဟု ဤနေရာတွင် ကျနော် ပြောလိုပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် “ပြောင်းလဲချိန်တန်ပြီ” ဆိုသည့် မဲဆွယ် လှုပ်ရှားမှု ကြွေးကြော်သံဖြင့် အာဏာ ရရှိလာခဲ့သည်။ မြန်မာနိုင်ငံတွင် ယခင်က မရှိခဲ့ဖူးသော ပြုပြင်ပြောင်းလဲရေးများကို ပြုလုပ်ရန် သူက စိတ်အားထက်သန်ခဲ့သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် နောက်ပိုင်း ကြားဖြတ်ရွေးကောက် ပွဲများတွင် သူတို့မဲပေးသည့် အချိန်၌ ပြည်သူများက သူ့အပေါ်တွင် မျှော်လင့်ချက်များ တောင်လိုပုံ၍ ထားခဲ့ကြသည်။
သို့သော်လည်း မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ပြုလုပ်ရန် သူ၏ အားထုတ်မှုများတွင် အဓိက အတားအဆီးတခုကို ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ခဲ့ရသည်။ သူကိုယ်တိုင်လည်း ဝန်ခံခဲ့ပြီး ဖြစ်သည်။ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရ တပ်မတော်ကို သူ ထိန်းချုပ်နိုင်ခြင်း မရှိပါ။ တပ်မတော်က သူ့အမိန့်ကို လိုက်နာရန် မလိုအပ် ဆိုသည့် အဓိပ္ပါယ် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် တပ်မတော်က အခြေခံ ဥပဒေက ပေးအပ်ထားသည့် အဆုံးစွန်သော နိုင်ငံရေး အာဏာကို ချုပ်ကိုင်ထားသည်။ သူတို့၏ အကျိုးစီးပွား သို့မဟုတ် အကျိုးအမြတ်ကို ထိခိုက်စေမည့် မည်သည့် ပြုပြင်ပြောင်းလဲရေးကို မဆို တပ်မတော်က ငြင်းပယ်နိုင်သည်။
တပ်မတော်ကို သြဇာလွှမ်းမိုးနိုင်ရေးက တရုတ်နိုင်ငံမှ တဆင့်သာလျှင် ဖြစ်နိုင်လိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က နားလည်လာသည့် အသွင်ရှိပါသည်။ တပ်မတော်အား နိုင်ငံတကာမှ အပြစ်ပေး အရေးယူမှုကို တရုတ်အစိုးရက ခိုင်ခိုင်မာမာ ကာကွယ်ပေးထားသည်။
ဖြစ်ပေါ်နေဆဲ ပြင်းထန်သည့် ပြည်တွင်းစစ်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အတူ ရိုဟင်ဂျာတို့၏ ဒုက္ခက မြန်မာနိုင်ငံကို အနောက်နိုင်ငံများက စွန့် ခွာစေရန် လမ်းကြောင်းပေးနေသည့် အချိန်တွင် မြန်မာနိုင်ငံက နိုင်ငံတကာ နိုင်ငံရေးတွင် အကူအညီမဲ့နေသည့် အသွင်ဖြစ်နေသည်။ တုန့်ပြန်သည့် အနေဖြင့် တရုတ်နိုင်ငံက ၎င်း၏ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ပြသရန် အကျပ်အတည်းတခု အတွင်းသို့ ဝင်လာခဲ့သည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် ဆုံးဖြတ်ခဲ့သော မည်သည့် စုံစမ်းစစ်ဆေးမှု သို့မဟုတ် ပြစ်ဒဏ်ပေးမှုကိုမဆို သံတမန်ရေးအရ အကာအကွယ်ပေးခဲ့သည်။
ဥပမာပြရလျှင် အဖွဲ့ဝင် ၁၅ ဦးပါသည့် အဖွဲ့တခုက ရခိုင်ပြည်နယ်မှ အခြေအနေနှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ် မတ်လတွင် ဆွေးနွေးမှုပြုလုပ်ပြီးနောက် ထုတ်ပြန်မည့် မြန်မာနိုင်ငံမှ လူ့အခွင့်အရေးအခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ဖော်ပြ ထားသည့် လုံခြုံရေးကောင်စီ၏ ကြေညာချက် တစောင်ကို တရုတ်နှင့် ရုရှားတို့က ပိတ်ပင်ခဲ့ကြသည်။ လုံခြုံရေး ကောင်စီတွင် ဗြိတိန်က ရေးဆွဲခဲ့သည့် ဆုံးဖြတ်ချက်တခုနှင့် ပတ်သက်၍ ဆွေးနွေးရန်ကိုလည်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာ လတွင် တရုတ်နိုင်ငံက ထပ်မံ သပိတ်မှောက်ခဲ့သည်။ ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာကို ဖြေရှင်းရေး ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ကိုင်ရန် မြန်မာနိုင်ငံကို တွန်းအားပေးပါသည်။
တဘက်တွင် တရုတ်နိုင်ငံက ၎င်း၏ ရည်မှန်းချက်ကြီးမားသော BRI စီမံကိန်းများကို ရည်ရွယ်ထားသည့်အတိုင်း အရှိန်မြှင့်တင်ရန် ဆန္ဒရှိနေသည်။ အထူးသဖြင့် စွမ်းအင်တင်သွင်းရာ လမ်းကြောင်းတခု အနေဖြင့် မလက္ကာရေလက်ကြားကို ဖြတ်သန်းရန်မလိုဘဲ အိန္ဒိယ သမုဒ္ဒရာရှိ ဘင်္ဂလားပင်လယ်အော်သို့ ရောက်ရှိရေး မြန်မာနိုင်ငံကို ဖြစ်သန်းရန် တရုတ်နိုင်ငံက စိတ်အား ထက်သန်နေသောကြောင့် ဖြစ်သည်။
“လသာတုန်း ဗိုင်းငင်” ဟု မြန်မာဆိုရိုးစကား ရှိသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ကော်မတီ တခုကို ဖွဲ့စည်းခြင်းအားဖြင့် ရှားပါးသော အခွင့်အရေးတရပ်ကို ဖမ်းဆုပ်လိုက်သည်။ ညှိနှိုင်းရာတွင် အားသာချက်တခု အနေဖြင့် အသုံးပြုနိုင်သော ခေါင်းဆောင်သည့် အခန်းကဏ္ဍကို ရယူလိုက်သည်။
ကော်မတီ ဖွဲ့စည်းခြင်းမပြုမီ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေး ဌာန အကြီးအကဲ ဆွန်တောင် Song Tao နှင့် တွေ့ဆုံခဲ့သည်။ နောက် ၂ ပတ်ကြာသည့်အခါ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တရုတ် ဝန်ကြီးချုပ် လီကီကွမ်း Li Keqiang နှင့် တွေ့ဆုံခဲ့သည်။ နိုဝင်ဘာလ ၂၆ ရက် နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒုတိယ အကြီးအကဲ နင်ယီကျဲ Ning Jizhe ကို လက်ခံတွေ့ဆုံခဲ့သည်။
BRI စီမံကိန်းတွင် မြန်မာနိုင်ငံ၏ ပါဝင်ပတ်သက်မှုကို ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ ခုနှစ်မေလက ဘေဂျင်း၌ ပြုလုပ်သည့် Belt and Road Forum for International Cooperation ဖွင့်ပွဲ အခန်းအနားသို့ တက်ရောက်ခြင်းအားဖြင့် စတင်ခဲ့သည်။ လာမည့် ဧပြီလတွင် ဘေဂျင်း၌ နောက်တကြိမ် ပြုလုပ်ရန် ရှိသည့် BRI ဖိုရမ်သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လိမ့်မည်ဟုလည်း မျှော်လင့်ရပါသည်။
ဒေါ်အောင်ဆန်းစုကြည်က သူ အာဏာရှိနေချိန်တွင် မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေး ရရှိရန် ဆန္ဒရှိသည့် အသွင်ရှိပါသည်။ သူက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ရန် နှင့် နောက်လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲများ မတိုင်မီ ငြိမ်းချမ်းရေး ရရှိရန် သူက ဆန္ဒရှိနေသည်။ ပဋိပက္ခကို ရပ်တန့်ရန် ရည်ရွယ်သည့် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံကို စတင်ခဲ့သူမှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါသည်။ ယခုအချိန်အထိ ဆွေးနွေးမှုများ ၃ ကြိမ်ပြုလုပ်ခဲ့ပြီး ဖြစ်သော်လည်း သိသာမြင်သာသော ရလဒ်များ ထွက်ပေါ်လာခြင်း မရှိသေးပါ။
အကယ်၍ အားလုံးမဟုတ်လျှင်ပင် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေမှ အချို့သော ပုဒ်မများကို ပြင်ဆင်ရန်လည်း သူက ဆန္ဒ ရှိသည်။ အခြေခံဥပဒေက ပြည်ထောင်စုလွှတ်တော်နှင့် ပြည်နယ်/တိုင်း လွှတ်တော်များတွင် တပ်မတော်ကို နေရာ ၂၅ ရာခိုင်နှုန်း ပေးထားသလို ကာကွယ်ရေး၊ ပြည်ထဲရေး နှင့် နယ်စပ်ရေးရာ အစရှိသည့် အာဏာ အပြည့်အဝရှိသော ဝန်ကြီးဌာန ၃ ခုကို ထိန်းချုပ်ခွင့် ပေးထားသည်။
ဦးဆောင်ကော်မတီတရပ် ဖွဲ့စည်းခြင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်က BRI ကို ညှိနှိုင်းရာတွင် အခွင့်အရေးတခု အနေဖြင့် အသုံးပြုမည့် အသွင် ရှိပါသည်။ တပ်မတော်ကို တွန်းအားပေးရန် သူက တရုတ်နိုင်ငံနှင့် လျှို့ဝှက်အစီအစဉ်တခု ချမှတ်ခဲ့သည်ဟုပင် ပြောမည်ဆိုလျှင် ရနိုင်ကောင်းသည်။
ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် တပ်မတော်က လက်ရှိအချိန်တွင် ရက္ခိုင့်တပ်မတော်(AA) နှင့် ပဋိပက္ခဖြစ်ပွားနေသည့် ရခိုင် ပြည်နယ်မှ အနောက်ပိုင်းတိုင်း မပါဝင်သော်လည်း ၄ လကြာ အပစ်အခတ်ရပ်စဲမှု တခုကို ကြေညာခဲ့သည်။ တပတ်ကြာသည့်အခါ အလွန် အာဏာရှိသည့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန(GAD) အပေါ် ထိန်းချုပ်မှုကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သား အစိုးရလက်အောက်သို့ လွှဲပြောင်းပေးခဲ့သည်။ လတ်တလော ရက်သတ္တပတ်များ အတွင်းမှ တပ်မတော်၏ အဆိုပါ ဆောင်ရွက်မှုများသည် ဒေါ်အောင်ဆန်းစုကြည်၏ အားထုတ်မှုများမှ အောင်မြင်မှုများကို နမူနာအဖြစ် ဖော်ပြနေသည်။
တနိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်(NCA) တွင် လက်မှတ်မထိုးထားသည့် အဖွဲ့များ လက်မှတ်ထိုးရေးအတွက် တွန်းအားပေးရာတွင်လည်း တရုတ်နိုင်ငံက အခန်းကဏ္ဍတခု ရယူမည့် အသွင် ရှိသည်။ အထူးသဖြင့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ(FPNCC) လက်မှတ်ထိုးရေး ဖြစ်သည်။ FPNCC ကို အင်အားကောင်းသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ခုဖြစ်သော ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA) ၊ မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA) ရှမ်းပြည်တပ်မတော်(SSA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက် ရေး တပ်မတော်(TNLA) နှင့် ရက္ခိုင့်တပ်မတော်(AA) တို့ ဖြင့် ဖွဲ့စည်းထားသည်။
AA၊ MNDAA နှင့် TNLA စသည့် အဖွဲ့ ၃ ခုဖြင့် ဖွဲ့စည်းထားသည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ရန် စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်သည်။ အဆိုပါ အဖွဲ့က အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်နှင့် တရုတ်နိုင်ငံ ကူမင်းမြို့တွင့် လာမည့်အပတ်တွင် တွေ့ဆုံမည်ဟု မျှော်လင့်ရသည်။
ယိမ်းယိုင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က လမ်းကြောင်းမှန်ပေါ်သို့ ရောက်လာသည့်အခါ ဒေါ်အောင်ဆန်းစုကြည်က အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် တွန်းအားပေးနိုင်လိမ့်မည် ဖြစ်သည်။ ယခုအချိန်အထိ သူ၏ အပေးအယူ ဈေးဆစ်မှု က အလုပ်ဖြစ်ခဲ့သည်။ သူက မဝေးတော့သည့် အနာဂတ်တွင် ငြိမ်းချမ်းရေးကို ရယူနိုင်မည်လား၊ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်မည်လား ဆိုသည်ကိုမူ အချိန်ကသာ ပြောနိုင်ပါလိမ့်မည်။
(Joe Kumbun သည် ကချင်ပြည်နယ် အခြေစိုက် လေ့လာ ဆန်းစစ်သူ တဦးဖြစ်ပါသည်။ ၎င်း၏ China’s Belt and Road Initiative—A Bargaining Chip for Daw Aung San Suu Kyi ကို ဘာသာပြန်ဆိုသည်။)