ကြီးမားသော လော်စပီကာများ တင်ဆောင်ထားသည့် အမိုးမပါသော ထရပ်ကားငယ်တစင်းသည် ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် လှည့်လည်နေသည်။ ထိုထရပ်ကားကို ငွေဖလားများကိုင်ဆောင် ထားသည့် တအိမ်မှတအိမ် လှည့်လည် အလှူခံနေသော လူငယ်များက ဝန်းရံထားသည်။ ကြီးမားသော လော်စပီကာကြီးများသည် ရခိုင်ဘာသာစကား သီချင်းများကို အထပ်ထပ် ဖွင့်နေသည်။
ထိုသီချင်းများအနက် တပုဒ်ဖြစ်သော “ပေးဆပ်သူများ” အမည်ရှိ သီချင်းသည် အဖနိုင်ငံတော်အတွက် အသက်ပေးသူများကို ချီးကျူးဂုဏ်ပြုထားသည်။
ကိုယ်ပိုင် အသိစိတ်ဖြင့် တက်ကြွနေကြသည့် ထိုကဲ့သို့သော လူငယ်အုပ်စုများသည် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ် ၄ ခုတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) အကြား မကြာသေးမီက ဖြစ်ပွားသော တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာရသူများအတွက် ရန်ပုံငွေနှင့် ပစ္စည်များ လွတ်လပ်စွာ အလှူခံနေကြသည်။
၎င်းတို့သည် ရရှိသော လှူဒါန်းမှုအမျိုးမျိုးကို ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူများ (IDPs) ထံသို့ ဒေသခံ ကွန်ရက်များမှတဆင့် ပေးပို့ကြသည်။ ထိုကွန်ရက်များသည်လည်း လမ်းကြောင်း တလျှောက်တွင် အာဏာပိုင် များ၏ တားဆီးမှုများကို မကြာခဏဆိုသလို ခံကြရသည်။
သို့သော် ထိုလူငယ်များ၏ လုပ်ဆောင်ချက်များသည် သာမန် ရန်ပုံငွေရှာသည်ထက်ပိုပါသည်။ ၎င်းတို့သည် ပွင့်လင်းစွာ ထုတ်ဖော် ပြောဆိုနိုင်ခြင်းမရှိသော သတင်းစကားများကိုလည်း မျှဝေနေကြသည်။
သူတို့က မည်သည့် သတင်းစကားများ သယ်ဆောင်လာပါ သလဲ။ ဒေသခံ ရခိုင်တိုင်းရင်းသားများက ထိုသတင်းစကားများကို မည်သို့ဖွင့်ဆို နားလည်ကြပါသလဲ။ အာဏာပိုင်တွေကရော မည်သို့ဖွင့်ဆို နားလည်ကြသလဲ။ လူအများစုကို လွှမ်းမိုးထားသည့် ပင်မမီဒီယာများမှ တဆင့် ပျံ့နှံ့လာသည့် ထို သတင်းစကားများကို မြန်မာနိုင်ငံ၏ အခြားအစိတ်အပိုင်းများမှ ပြည်သူများက မည်သို့နားလည်ကြပါသလဲ။ ဒီလို နားလည်မှုကြောင့် မည်သို့သော သက်ရောက်မှုများ ရှိလာနိုင်ပါသလဲ။
ရခိုင်ပြည်နယ်အတွင်း မကြာသေးမီက ဖြစ်ပွားသော ပဋိပက္ခများသည် နိုင်ငံရေး အကြမ်းနည်း အယူအဆ ပိုမို ကြီးထွားလာကြောင်း ပြသနေသည်။ လူမှုကွန်ရက်တွင် စနစ်တကျသော စစ်စိတ် စစ်မာန်များ လှုံ့ဆော်ခြင်းဖြင့် လူထု ထောက်ခံမှု မြင့်မားလာစေသည်။ ထိုမှတဆင့် ၎င်း၏ စေ့စပ်ညှိနှိုင်း အပေးအယူလုပ်နိုင်သော စွမ်းရည်ကို ပိုမို ကျစ်လစ် ခိုင်မာအောင် လုပ်ဆောင်မည့် ရည်ရွယ်ချက်ဖြင့် AA သည် ရခိုင်ပြည်နယ်တွင် နယ်မြေ အနေအထား တဖြည်းဖြည်းချဲ့ထွင် လှုပ်ရှားလာသည်။
လက်ရှိအချိန်အထိ မကြာသေးမီက တိုက်ပွဲများကြောင့် ဒေသခံ ၄၅၀၀ ခန့် နေအိမ်များကို စွန့်ခွာ ထွက်ပြေးနေရသည်။
AA သယ်ဆောင်လာသည့် သတင်းစကား
ဟန်မာန်အပြည့်ပါသော AA ၏ သတင်းစကားများကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၏ ကိရိယာဖြစ်သော လူမှုကွန်ရက်တွင် ကြားသိနေရသည်။ လွန်ခဲ့သော နှစ်အတွင်း AA သည် ရခိုင်အိပ်မက် ၂၀၂၀ အမည်ရှိ အွန်လိုင်း လှုပ်ရှားမှုတခုကို ဖြန့်ချိရာတွင် လူမှုကွန်ရက်ကို ကျွမ်းကျင်စွာ အသုံးခြင်းဖြင့် အရှိန်အဟုန် စတင်ရလာခဲ့သည်။ ထို အရေးပါသော သေနင်္ဂဗျူဟာသည် ဆင်းရဲသော ကျေးလက်လူငယ်များ အကြားတွင် သာမက ပညာတတ်နှင့် နိုင်ငံရေးသမားများ အကြားတွင်ပါ ထောက်ခံလိုလားသူ များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။
ထို့နောက် AA သည် ဆယ်စုနှစ်ပေါင်းများစွာ ဆင်းရဲနွမ်းပါးမှုနှင့် မညီမျှမှု၏ ဝါးမြိုခံနေရသော ဒေသမှ လူငယ်များကို စည်းရုံးလှုပ်ရှားရာတွင် အောင်မြင်ခဲ့သည်။
ရခိုင့်အိပ်မက် ၂၀၂၀ သည် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဗဟိုပြုသည့် ရက္ခိတလမ်းစဉ်ဟု အမည်ရသည့် လှုပ်ရှားမှု တခုကို ၂၀၂၀ တွင် စတင်မည့် အစီအစဉ်ဖြစ်သည်ဟု AA အကြီးအကဲ ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ အဆိုအရ သိရသည်။ ရက္ခိတလမ်းစဉ်ကို မည်သို့ အကောင်အထည်ဖော်မည်ကို ရှင်းရှင်းလင်းလင်း ပြောကြားခြင်း မရှိသေးသော်လည်း AA သည် ထိုလှုပ်ရှားမှုကို အကောင်အထည်ဖော်ရာတွင် ဦးဆောင် အဖွဲ့အစည်း ဖြစ်သည်ဟု ပုံဖော် နေရာယူထားသည်။
ရက္ခိတလမ်းစဉ်ကို ပိုကဲနားလည် သဘောပေါက်သူ တချို့ကတော့ ရခိုင်လူမျိုးများသည် လွတ်လပ်သည့် နိုင်ငံတခုအထိ လှုပ်ရှားနေကြသည်ဟု မြင်သည်။ ယင်းအချက်သည် ပြည်ထောင်စု အချုပ်အခြာအာဏာကို ထိန်သိမ်း စောင့်ရှောက်သူဟု ကိုယ့်ဖာသာ မြင်လေ့ရှိသည့် ဗမာခေါင်းဆောင် တချို့အတွက် စိတ်ပူပန်မှုကို ဖြစ်စေသည်။
ရခိုင်တိုင်းရင်းသားများ၏ နက်ရှိုင်းသော စိတ်တွင် တခါက အင်အားကြီးမားလှသော ရခိုင်ဘုရင့် နိုင်ငံတော်ကို ၁၈ ရာစုက ဗမာတို့ကျူးကျော်သိမ်းပိုက်မှုသည် ထင်ထင်ရှားရှားရှိနေသေးသည်။ ကိုယ်ပိုင်ပြဌာန်းခွင့် မရှိခြင်းနှင့် နိုင်ငံရေးဖြစ်စဉ်မှ ဖယ်ထုတ်ထားခံရခြင်းတို့ကြောင့် ၎င်းတို့သည် ဆက်လက်ကျွန်ပြုခံနေရသည်ဟု ခံစားရကောင်း ခံစားနေရနိုင်သည်။
ရက္ခိတလမ်းစဉ် ဟူသော အယူအဆမှာ ထိုစိတ်အခံကို ပြန်လည်နှိုးဆွခြင်း ဖြစ်သည်။ သမိုင်း အချက်အလက် များကို နာကျင်ခံစားရသော (အရှက်ရသော) အတွေ့အကြုံများအဖြစ် လက်ဆင့်ကမ်း သယ်ဆောင် လာကြသည်။ ထိုသဘောအရ ဆိုလျှင် ရခိုင့်အိပ်မက်သည် အယူအဆသစ် တရပ်မဟုတ်ဘဲ အချုပ်အခြာ အာဏာပိုင် နိုင်ငံတော် ပြန်လည်ထူထောင်လိုသော ဘိုးဘေးများ၏ ဆန္ဒကို ပြန်လည် အသက်သွင်း လိုက်ခြင်းသာ ဖြစ်သည်။
ရခိုင်တိုင်းရင်းသား ပညာရှင်တဦးက တခါက အောက်ပါအတိုင်း ရေးသားခဲ့သည်။
“တခြားနိုင်ငံတွေ (စင်္ကာပူ) ကို အမီလိုက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ စကားတွေကို သူတို့ စိတ်မဝင်စားဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောတဲ့ ငြိမ်းချမ်းရေးမိန့်ခွန်းတွေကို အယုံအကြည် မရှိကြဘူး။ သို့သော် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြောတဲ့ စကားလုံး တလုံးချင်းကို တန်ဖိုးထားတယ်။ သူ့မိန့်ခွန်းတွေက ရခိုင် လူထုကို စိတ်ဓာတ်တက်ကြွမှု ဖြစ်စေတယ်။ ရခိုင်လူထုက ရက္ခိတ လမ်းစဉ်ကို ရင်ခုန်တယ်”
ထိုသတင်းစကားများကို ရခိုင်တိုင်းရင်းသားများက ဘာကြောင့် ဖက်တွယ်ထားသလဲ
ရခိုင်ပြည်နယ်ကို ဗမာကျူးကျော် သိမ်းပိုက်မှုမှ စတင်သော သမိုင်းဆိုင်ရာ နာကျင်ခံစားရမှုများကို ခေတ်အဆက်ဆက် အစိုးရများက အပြည့်အ၀ ကျေချမ်းအောင် လုပ်ဆောင်ပေးခြင်းမရှိခဲ့ပေ။ ထိုအပေါ် အခြေခံပြီး ရခိုင်တိုင်းရင်းသားများသည် ဗုဒ္ဓဘာသာရခိုင်ကိုသာ ကျဉ်းမြောင်းစွာ ထည့်သွင်းထားသည့် လူမျိုးရေး အမှတ်လက္ခဏာ တရပ်ကို တည်ဆောက်ကြသည်။
မြန်မာနိုင်ငံ၏ အမည်ခံဒီမိုကရေစီကဲ့သို့ပင် လစ်ဘရယ်ဒီမိုကရေစီသည် “Thymos” ပြဿနာကို အပြည့်အ၀ မဖြေရှင်းနိုင်ကြောင်း နိုင်ငံရေးသိပ္ပံပညာရှင် ဖရန်စစ် ဖူကူယားမားက သူ၏ နောက်ဆုံးစာအုပ်ဖြစ်သော “Identity: The Demand for Dignity and the Politics of Resentment” စာအုပ်တွင် ဆွေးနွေးထားသည်။ Thymos ဆိုသည်မှာ မိမိဂုဏ်သိက္ခာကို အသိအမှတ်ပြုမှုအား ဆာလောင် တပ်မက်သော၊ စိတ်၏ တစိတ်တပိုင်းကို ရည်ညွှန်းသည်။
ရခိုင်တိုင်းရင်းသားများ၏ ကိစ္စတွင်မူ အခြားသူများနှင့်တန်းတူ လေးစားခံလိုခြင်း “Isothymia” သာမက ကြီးမြတ်သည်ဟု အသိအမှတ်ပြုခံလိုခြင်း “Megalothymia” လည်း ရှိနေသည်။
အခြားတိုင်းရင်သားမျာကဲ့သို့ပင် ရခိုင်ရင်းသားများ အဓိက အကြောင်းပြ ပြောဆိုကြသည်မှာ ၎င်းတို့တွင် စီးပွားရေးအရ တန်းတူညီမျှမှုမရှိ၊ သဘာဝ သယံဇာတ များစွာရှိနေသော်လည်း ဖွံ့ဖြိုးတိုးတက်မှု များစွာ နောက်ကျနေရသည်။ မြန်မာနိုင်ငံမှ နိုင်ငံရေး အသွင်ကူးပြောင်းမှုသည်လည်း မရေရာမှုကို ဖန်တီးပေးသည်။ လူပြိန်းကြိုက်များက အင်အား တိုးတက်ရန်အတွက် အသွင်ကူးပြောင်းမှုနှင့် ဒီမိုကရက်တစ် ရွေးကောက်ပွဲကို အသုံးချကြသည်။
၎င်းတို့သည် ကြီးမြတ်ခြင်း အိပ်မက်ကို ပြန်လည်နှိုးဆွကြသည်။ ရခိုင်တိုင်းရင်းသားများသည် လျှစ်လျှူရှု ခံနေရပြီး ၎င်းတို့ ဂုဏ်သိက္ခာသည် မထေမဲ့မြင်ပြု ခံနေရသည်ဟူသော ပူပန်မှုကို တွန်းအားပေး မြှင့်တင်ကြသည်။
၂၀၁၂ ခုနှစ်က လူ့အသိုင်းအဝန်းများအကြား ပဋိပက္ခဖြစ်ပွားသောအခါ ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများ ရင်ဆိုင်ရသည့် ရိုဟင်ဂျာ အသိုင်းအဝန်းသည် နိုင်ငံတကာ၏ ကရုဏာသက်မှုကို ရရှိကြသည်။ ၂၀၁၇ ခုနှစ်တွင် အစုလိုက် ထပ်မံ ထွက်ပြေးရပြန်သောအခါ နိုင်ငံတကာ အသိုင်းအဝန်း၏ ထောက်ခံမှုသည် ဆတိုး မြင့်တက်လာတော့သည်။
ဗဟိုအစိုးရက ပဋိပက္ခ အခြေအနေကို ထိန်းကျောင်းရန် ကြိုးစားသောအခါ ရခိုင် တိုင်းရင်းသားများသည် အဓိပ္ပာယ်ပြည့်ဝစွာ ပါဝင်နိုင်ခြင်းမရှိကြ။ ထိုအခါ ပစ်ပယ်ခံရသည်ဟူသော အယူအဆသည် ပိုမို အမြစ်တွယ်လာသည်။ မိမိတို့အသံအား မကြားကြဟူသော ထင်မြင်ချက်များမှာ မကြာသေးမီက နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုများကြောင့် ပိုမိုခိုင်မာစေသည်။
၂၀၁၅ ခုနှစ်တွင် ရခိုင်အမျိုးသားပါတီက ရခိုင်ပြည်နယ်တွင် အများစု အာဏာရသော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပြည်နယ်အဆင့် အုပ်ချုပ်ရေးအာဏာကို ခွဲဝေရန် ငြင်းဆန်သည်။ လွှတ်တော်တွင် ၎င်းတို့၏ အဆိုများကို မကြာခဏ ပယ်ချသည် သို့မဟုတ် ပြဿနာများကို ဖြေရှင်း ပေးခြင်းမရှိဟု ရခိုင်တိုင်းရင်းသားများက မကျေမနပ် ပြောကြသည်။
ရခိုင်ပြည်နယ် လွှတ်တော်တွင် ကိုယ်စားလှယ်များသည် အစိုးရ၏ လုပ်ရပ်များအပေါ် သြဇာသက်ရောက်ခြင်း မရှိပေ။ တခုတည်းသော အောင်မြင်မှုမှာ စွမ်းဆောင်ရည် ညံ့သည်ဟူသော အကြောင်းပြချက်ဖြင့် ပြည်နယ်ဝန်ကြီးတဦးကို ဖယ်ရှားနိုင်ခြင်းသာရှိသည်။ ထိုမှလွဲပြီး ၎င်းတို့ လုပ်ဆောင်နိုင်သည်မှာ အစိုးရ၏ လုပ်ရပ်များကို ရှုတ်ချခြင်းသာဖြစ်သည်။ ထို့အပြင် ဦးဆောင်ရခိုင်ပါတီ၏ ခေါင်းဆောင်မှုအားနည်းခြင်းနှင့် ပါတီတွင်း အကွဲအပြဲများသည် ရခိုင်လူထုကို စိတ်ပျက်စေသည်။ ရခိုင်နိုင်ငံရေးတွင် ခေါင်းဆောင်မှု လစ်ဟာမှုတခု ဖြစ်လာသည်။
ဗဟိုအစိုးရကို မလိုလားသော ခံစားချက်များ၊ ပြည်နယ်တွင်း နိုင်ငံရေးခေါင်းဆောင်မှု အားနည်းခြင်း၊ ရခိုင်တိုင်းရင်းသားများ၏ နေ့စဉ်ဘဝတွင် မြင်သာသော တိုးတက်မှု မရှိခြင်းတို့ စုဆုံလာကြသည်။ ဒီမိုကရေစီ ဒေါက်တိုင် အဖွဲ့အစည်းများတွင် ရခိုင်တိုင်းရင်းသားများ၏ ယုံကြည်မှု အကြီးအကျယ် ပြိုကွဲသွားသည်။ AA သည် ဒီမိုကရေစီ အစိုးရအောက်တွင်ပင် ရခိုင်တိုင်းရင်းသားများ၏ မျှော်မှန်းချက်အဖြစ် ချိန်သားကိုက် ထွက်ပေါ်လာသည်။
ထိုအခြေအနေသည် ရခိုင်တိုင်းရင်းသားများအတွက် လက်တွေ့ကျသော အခွင့်အလမ်းဖြစ်သည်။ တချိန်တည်းတွင် မအောင်မြင်သော ဒီမိုကရေစီဟု ၎င်းတို့ မြင်သည့် စနစ်က ေမွေးထုတ်ပေးလိုက်သည့် ရွေးချယ်စရာ တခုလည်းဖြစ်သည်။ ဒီမိုကရေစီက ၎င်းတို့ကို ပိုမိုကောင်းမွန်သော ရွေးချယ်စရာများ မပေးနိုင်လျှင် အခြားနည်းလမ်းဖြင့် တစုံတခုလုပ်ရန် ဆန္ဒအတွက် အပြစ်မတင်ထိုက်။
စီးပွားရေးပြဿနာများကို ဖြေရှင်းခြင်းသည် အဖြေဖြစ်သည်ဟုတော့ အာမမခံနိုင်သေးပေ။ AA ခေါင်းဆောင် များသည် ရခိုင်နိုင်ငံရေးကို ဦးဆောင်မည်၊ မဆောင်မည်ကို ပြောရန်စောလွန်း နေသေးသော်လည်း ၎င်းတို့သည် အရေးပါသောအခန်းမှ ပါဝင်မည်ကိုမူ ငြင်းပယ်မရတော့ပေ။
အစိုးရနှင့် တခြားမြန်မာနိုင်ငံသားများက အခြေအနေကို ဖွင့်ဆိုပုံ
မည်သည့်အကြမ်းနည်း တိုက်ခိုက်မှုကိုမျှ လက်မခံသင့်သော်လည်း ဗုံးများ၊ ကျည်ဆံများထက် ထိခိုက်မှု နည်းသော စကားလုံးများဖြင့်တော့ အချင်းချင်း ဆက်လက် တိုက်ခိုက်ကြလိမ့် ဦးမည်ဖြစ်သည်။
လွတ်လပ်ရေးနေ့ တိုက်ခိုက်မှုသည် အဓိကအားဖြင့် ဗမာအများစုပါဝင်သော လူအများစု၏ အာရုံစိုက်ခံရပြီး ထိုသို့ နေထူးနေ့မြတ်တွင်မှ ရဲကင်းများကို တိုက်ခိုက်ခြင်းအား ကျယ်ကျယ်လောင်လောင် ဝေဖန်ကြသည်။ အစိုးရကလည်း AA သည် အကြမ်းဖက်အုပ်စု ဖြစ်သည်ဟု တံဆိပ်ကပ်ပြီး မဆိုင်းမတွ တုံ့ပြန်သည်။ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ရခိုင်တိုင်းရင်းသားများ အနေဖြင့် AA ကိုမထောက်ခံရန် သတိပေးသည်။ ထိုသို့ ပြောဆိုချက်အား ရခိုင်တိုင်းရင်းသားများထံမှ လက်မခံနိုင်ကြောင်း တုံ့ပြန် ဆန့်ကျင်ခြင်းကို ဖြစ်ပေါ်စေသည်။
စစ်တပ်နှင့်အစိုးရသည် ရခိုင်တိုင်းရင်းသားများကို အကြမ်းဖက်သမားများနှင့် နိုင်ငံတကာဖိအားမှ ကာကွယ်ရန် အကောင်းဆုံး ကြိုးစားနေချိန်တွင် AA က အခွင့်ကောင်းယူသည်ဟု ဦးဇော်ဌေးက အပြစ်တင်သည်။ ထို အတွေးအခေါ်သည် ရိုဟင်ဂျာ အသိုင်းအဝန်းမှာ ပြင်ပလူများဖြစ်သည်၊ အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) သည် အချုပ်အခြာအာဏာပိုင်မှုနှင့် နယ်မြေကို ခြိမ်းခြောက်မှုဖြစ်သည်ဟု ယူဆသော မြန်မာနိုင်ငံမှ လူအများအပြားထံမှလာသည်။ ပင်မမီဒီယာများကလည်း ထို အများစုအမြင်ကိုပင် ထင်ဟပ်ကြသည်။
ဦးဇော်ဌေး၏ ပြောကြားချက်သည် ဒေသခံပြည်သူများ၏ ဆန့်ကျင်မှုကို ဖြစ်စေသော်လည်း ပြည်ထောင်စုကို ကိုယ်စားပြု စဉ်းစားသည်ဟု သူတို့ကိုယ်သူတို့ထင်သော သူများထံမှ လူကြိုက်များ ထောက်ခံမှုကိုရသည်။ ထိုဖြစ်ရပ်သည် လူမျိုးအရ သွေးကွဲနေပြီးဖြစ်သော လူ့အဖွဲ့အစည်းကို ဆန့်ကျင်ဘက်လားရာသို့ ဦးတည် စေသည်။ ဤ အချက်များသည် ရခိုင်ဌာနေ တိုင်းရင်းသားများနှင့် လူများစု တိုင်းရင်းသားများအကြား နက်ရှိုင်းသော သွေးကွဲမှုများဖြစ်စေသည်။
တဖက်နှင့်တဖက် လက်ညှိုးထိုး အပြစ်တင်ကြသည်။ စကားလုံးများသည် လူသားများကို တစုံတရာသော အတိုင်းအတာ အထိ ထိခိုက်နစ်နာစေသည်မှာ အမှန်ပင်ဖြစ်သည်။ အစိုးရကလည်း ယခင်အာဏာရှင်ခေတ်က လုပ်ခဲ့သည့် အတိုင်း ယခုအခြေအနေသည် တပ်အင်အားတိုးချဲ့ ပိုမိုပြင်းထန်စွာ တုံ့ပြန်ရမည်ဟု ဖွင့်ဆိုသည်။
မွတ်စလင် ဆန့်ကျင်ရေးစိတ်ဓာတ် ပြင်းထန်သော ဗမာ အမျိုးသားရေး အုပ်စုဖြစ်သည့် မဘသ ကပင် AA တိုက်ခိုက်မှုကို ဆန့်ကျင်ရှုတ်ချသည်။ ပဋိပက္ခမြင့်မားလာခြင်းသည် မည်သူ့အတွက်မျှ အကျိုးရှိမည် မဟုတ်ပေ။
ငြိမ်းချမ်းရေးသည် အပစ်အခတ် ရပ်စဲရုံမျှသာမဟုတ်ဘဲ လူ့အဖွဲ့အစည်း၏ မတူညီသော အစိတ်အပိုင်းများ ညီညီညွှတ်ညွှတ် သင့်သင့်မြတ်မြတ် နေထိုင်ခြင်းဟု နိုင်ငံရေးခေါင်းဆောင်များက ယုံကြည်လျှင် ၎င်းတို့သည် စကားလုံးအင်အား၊ ရုပ်ပိုင်း အင်အားသုံးခြင်းများကို ဆင်ခြင်သင့်ပေသည်။ ရခိုင်တိုင်းရင်းသားများ အနေဖြင့်လည်း စစ်သည် ပျက်စီးဆုံးရှုံးမှုများကိုသာ ယူဆောင်လာပေးသောကြောင့် စစ်ပွဲမဆင်နွှဲမီ၊ မထောက်ခံမီ အလေးအနက် စဉ်းစားသင့်သည်။
စစ်ဒေသမှ အရပ်သားများသည် ယခုပင် ခံစားနေကြရပြီဖြစ်သည်။ ဗမာအပါအဝင် လူအများစု အနေဖြင့်လည်း မိမိတို့၏ အထက်စီးကျသည့် အမြင်များကို ကိုယ့်ဖာသာ ပြန်လည် စဉ်းစားသင့်ပြီး စကားလုံး လှည့်ကွက်များ အတွင်း မဝင်မိရန် သတိမူသင့်သည်။ ဗမာလူများစုတို့ အနေဖြင့် စစ်ပြင်ဆင်ခြင်း၊ စစ်ဘောင် ကျယ်လာစေခြင်းဖြင့် စစ်လိုလားသူများကို အားပေးထောက်ခံခြင်းထက် လူနည်းစုတိုင်းရင်းသားများ၏ အသံကို နားထောင်လိုစိတ် မွေးမြူသင့်သည်။
ဤသို့သော အခြေအနေသည် အာဏာတည်ဆောက်ပုံကို ပြုပြင်ပြောင်လဲပြီး ညီမျှသော အခွင့်အရေးနှင့် လေးစားမှုကို အာမခံသော ပိုမိုမြန်ဆန်ကာ ပါဝင်သင့်သူများအားလုံး ပါဝင်စေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တောင်းဆိုနေခြင်းလည်းဖြစ်သည်။ ထိုသို့မဟုတ်ပါက သမိုင်းသည် သံသရာလည်နေမည်။ နေရာသစ်များတွင် ပြည်တွင်းစစ်၏ ပြင်းထန်သော သံသရာများလည်နေသည်ကို မိမိတို့မလိုလားပေ။
(လင်းငယ်သည် မြန်မာ ဆရာဝန်တဦး ဖြစ်သည်။ နိုင်ငံတကာ ဖွံ့ဖြိုးရေးဘာသာရပ် လေ့လာနေသူဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် ဆက်စပ်သည့် မျက်မှောက်ရေးရာများ သုံးသပ်ရေးသားနေသူ တဦးဖြစ်သည်။)