ယခင် မင်းနေပြည်တော်ကို နည်းပညာအသွင် ကူးပြောင်းခြင်းအားဖြင့် စမတ်စီးတီး တခုဖြစ်လာရေး အတွက် မန္တလေးမြို့၏ ရည်မှန်းချက်နှင့် ၎င်း၏ အားထုတ်မှုများအတွက် အသိအမှတ်ပြုသည့် အနေဖြင့် စမတ်စီးတီး အဆင့်သို့ ဦးတည်၍ တိုးတက်မှုများ ပြုလုပ်နိုင်ခဲ့သော အရှေ့တောင်အာရှ၏ ထိပ်တန်းမြို့ပြနေရာ ၅ ခု အတွင်းတွင် မကြာသေးမီက အမည် စာရင်းထည့်သွင်းခံခဲ့ရခြင်း သတင်းများကို ကျနော်တို့ ဖတ်ခဲ့ရပါသည်။
ကျနော်တို့ ချစ်မြတ်နိုးရသည့် တော်ဝင်မြို့ ဆက်လက် အသက်ဝင်စေရေး အတွက် မန္တလေးကို ယဉ်ကျေးမှု မြို့တော် တခုအနေဖြင့် ၎င်း၏ ကျက်သရေ၊ ကြွယ်သော အမွေအနှစ်များ၊ သမိုင်းဝင်အဆောက်အဦများ၊ နန်းတော်နှင့် စေတီ ပုထိုးများကို ထိန်းသိမ်းစောင့်ရှောက် ထားသလို မမြန်လွန်း မနှေးလွန်းသော ၎င်း၏ ထူးခြားသည့် မြို့ပြ အပြောင်းအလဲနှင့် အဖြစ်အပျက်များအား ထိန်းသိမ်းစောင့်ရှောက်ခြင်း အဖြစ် ကျနော်မြင်တွေ့လိုပါသည်။
သက်တမ်း နှစ် ၁၆၀ ကျော်ခဲ့ပြီ ဖြစ်သော တိုင်းပြည်၏ နောက်ဆုံး မင်းနေပြည်တော်သည် လျှင်မြန်စွာ ပြောင်းလဲနေပြီး စီးပွားရေး လုပ်ငန်းများအတွင်းတွင် တရုတ် သြဇာလွှမ်းမိုးမှု တိုးတက်လာခြင်း နှင့် ကျနော်တို့၏ မြောက်ပိုင်း နယ်စပ်မှတဆင့် စီးဆင်းနေသည့် အထိန်းအကွပ်မဲ့ ရွှေ့ပြောင်းဝင်ရောက်ခြင်းတို့ ကိုရင်ဆိုင်နေရသည်။
တနေ့ထက် တနေ့ တရုတ်သြဇာလွှမ်းမိုးမှု တိုးလာခြင်းနှင့် အတူ ယခုအချိန်သည် မန္တလေးတိုင်း ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများအတွက် မန္တလေး၏ စစ်မှန်သော အနှစ်အရသာကို အလွန်နောက်ကျမသွားမီ ထိန်းသိမ်းနိုင်ရေးအတွက် ကြိုးစား လုပ်ကြရမည့် အချိန် ဖြစ်ဖွယ်ရာ ရှိပါသည်။
မန္တလေးမြို့က တရုတ်မြို့တမြို့ ဖြစ်လာနေခြင်းသည် သတင်းတခု မဟုတ်တော့ပါ။ တရုတ် စီးပွားရေးလုပ်ငန်းများ လျှင်မြန်စွာ ကြီးထွားလာခြင်းက မန္တလေး၏ ဘဝကို သိသာထင်ရှားစွာ သက်ရောက်စေခဲ့ပြီး ဖြစ်သည်။ တရုတ် ဘုံကျောင်းများ၊ တရုတ်လက်ရာ အဆောက်အဦများနှင့် စားသောက်ဆိုင်များက တရုတ်ငွေကြေး အထောက်အပံ့ဖြင့် ဖွင့်လှစ်ထားသည့် ရှော့ပင်စင်တာများ ကြားတွင် ပြည့်နှက်နေကြသည်။
ဆယ်စုနှစ်များစွာအတွင်းတွင် တာဝန်ရှိသူများ၏ စည်းကမ်းတကျ စောင့်ကြည့်ထိန်းချုပ်ခြင်းမရှိဘဲ အလျှိုလျှို ပေါ်ပေါက် လာသည့် အရုပ်ဆိုး အကျည်းတန်သော ခေတ်သစ် အဆောက်အဦများ၏ ဖယ်ရှားခြင်းကို ခံနေရသည့် မြို့တော်၏ အမွေအနှစ် ဟောင်းများနှင့် ဂုဏ်ကျက်သရေအတွက် မန္တလေးမြို့ခံများကြားတွင် စိုးရိမ်မှုများ ရှိနေသည်။
ထိုအချိန်တွင် တရုတ်တို့က ဈေးကြီးသည့် ဟိုတယ်များတွင် ခမ်းနားကြီးကျယ်သည့် မင်္ဂလာပွဲများနှင့် ပါတီများ ကျင်းပနေ ကြသည်။ မန္တလေးမြို့လယ်ရှိ အကွက်အကွင်း ကျသည့် ဧရိယာများမှ ဈေးကြီးသောမြေများကို ဆက်လက်ဝယ်ယူ နေကြသည်။ အမှန်တကယ်တွင် နန်းတော်ဟောင်း အပြင်ဘက်မှ လမ်းများသည် ယခုအခါ အဓိက ကျသည့် စီးပွားရေး ဇုန်များ ဖြစ်နေကြသည်။
ဒေသခံ မန္တလေးသား အများအပြားက လက်ဖက်ရည်ဆိုင်များတွင် ဆေးပေါ့လိပ်ဖွာရင်း၊ ကွမ်းဝါးရင်း၊ လက်ဖက်ရည်ကို တငုံချင်းသောက်ရင်း ထိုင်နေသည်ကို ကျနော်တွေ့ရသည်။ မန္တလေးကို အသစ်ရောက်လာကြသူများက လျှင်မြန်စွာ ရွေ့လျား နေကြချိန်တွင် သူတို့က နှေးကွေးနေကြသည်။
မန္တလေးမြို့ကို ၁၈၅၈ ခုနှစ်တွင် မင်းတုန်းမင်းက တည်ထောင်ခဲ့သည်။ ဗုဒ္ဓဘာသာကို အလွန်ယုံကြည် သက်ဝင်သူတဦး ဖြစ်သည့် မင်းတုန်းမင်းက ထိုစဉ်က မြို့အသစ်ဖြစ်သော မန္တလေးတွင် ပဉ္စမ သံဃာယနာ ပွဲကို ဦးဆောင်ပြုလုပ်ခဲ့သည်။ ယနေ့ခေတ်မှာပင် မန္တလေးမြို့တော်က တိုင်းပြည်၏ ယဉ်ကျေးမှုနှင့် ဗုဒ္ဓစာပေသင်ကြားရေး အတွက် အချက်အခြာနေရာ တခုအဖြစ် ဆက်လက်သိနေကြဆဲ ဖြစ်သည်။ မြန်မာ့ အချုပ်အခြာ အာဏာ နှင့် စရိုက်လက္ခဏာ၏ သင်္ကေတကို ဆောင်သော တိုင်းပြည်၏ နောက်ဆုံး မင်းနေပြည်တော် အဖြစ် သမိုင်းတွင် နေရာရနေဆဲ ဖြစ်သည်။
မင်းတုန်းမင်းကို ကြီးမြတ်သော ဘုရင်တပါး အဖြစ်သာမက ၁၉ ရာစုနှစ်တွင် ပြောင်းလဲနေသည့် ကျန်သည့် ကမ္ဘာကို အမီ လိုက်ရန် ခေတ်မီတိုးတက်သော နိုင်ငံတခုဖြစ်လာရေး အမြင်ရှိသော ပြုပြင်ပြောင်းလဲရေး သမားတဦး အဖြစ်လည်း အမှတ် ရနေခဲ့ကြပါသည်။ ခရစ်ယာန်နှင့် အစ္စလမ် အပါအဝင် တခြားသော ဘာသာများကိုလည်း သူက လက်ခံခဲ့သည်။ သို့သော်လည်း သူ၏ ဘုရင့်နိုင်ငံသည် ဗြိတိသျှကိုလိုနီ နယ်ချဲ့များကို ဆန့်ကျင်ရန်အတွက် အလွန် အင်အား နည်းပါးခဲ့သည်။
ဧရာဝတီမြစ်နှင့် ၁၃ ကီလိုမီတာခန့် ဝေးသည့်နေရာတွင် သူမြို့သစ်တည်ခဲ့သည့် အချိန်၌ အောက်မြန်မာနိုင်ငံကို ဗြိတိသျှ လက်အောက်သို့ ကျရောက်ခဲ့ပြီး ဖြစ်သည်။ မြို့တော်ကို အမရပူရမှ ရွှေ့ပြောင်းခဲ့သည့် အချိန်တွင် ကျူးကျော် ဝင်ရောက် နိုင်မှုနှင့် ဗြိတိသျှ စစ်သင်္ဘောများက မြစ်အတွင်းမှ အမြောက်များနှင့် ပစ်ခတ်နိုင်သည့် အကွာအဝေးကို မင်းတုန်းမင်းက စိုးရိမ်မှု ရှိခဲ့သည်။
၁၈၇၈ ခုနှစ်တွင် မင်းတုန်းမင်း နတ်ရွာစံခဲ့၍ ကုန်းဘောင်မင်းဆက်နောက်ဆုံး ဘုရင်ဖြစ်သည့် သူ၏ သားဖြစ်သူ သီပေါမင်းက ထီးနန်း ဆက်ခံခဲ့သည်။ ၁၈၈၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အင်္ဂလိပ်-မြန်မာ တတိယ စစ်ပွဲတွင် သီပေါမင်းကို ဗြိတိသျှတို့က ဖယ်ရှား၍ ဘုရင်နှင့် မိဖုရား တို့ကို အိန္ဒိယသို့ ပို့ဆောင်ခဲ့ပြီး ပြည်ပတွင် ကွယ်လွန်သွားခဲ့ကြသည်။
ယနေ့ အချိန် နန်းတော်အတွင်း လျှောက်သွားမည်ဆိုလျှင် သမိုင်းနှင့် ပတ်သက်၍ စိတ်ပါဝင်စားသူများ အနေဖြင့် သတင်း အချက်အလက် ဘုတ်တချို့ကို တွေ့မြင်နိုင်မည် ဖြစ်သည်။ သို့သော်လည်း အဆိုပါ ဆိုင်းဘုတ်များက ဆယ်ဖီရိုက်ရန်နှင့် ရယ်မော ပျော်ရွှင်ရန် ရောက်လာကြသော လူငယ်များ၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်ရန် အတွက် မလုံလောက်ပါ။ နန်းတော် မြို့ရိုးများအတွင်းဘက်မှ မြေအများစုကို တပ်မတော်က ရယူထားဆဲ ဖြစ်သည်။ နန်းတော်က အများပြည်သူနှင့်၊ မြန်မာပြည်သူများနှင့် သက်ဆိုင်ပါသည်။
သို့သော် သမိုင်းက ဘယ်မှာနည်း။ ဗြိတိသျှတို့က နန်းတော်ကို မည်သို့သိမ်းယူခဲ့ကြောင်း ပြန်ပြောနေသည့် ဇာတ်လမ်း များစွာရှိပါသည်။ သူတို့က နန်းတော်တွင်း စွဲထားသည့် တပ်များအတွက် ဌာနချုပ်တခု အဖြစ်သို့ ပြောင်းလဲခဲ့ကြသည်။ အဆောက် အဦများကို ဖြိုဖျက်ခဲ့ကြသည်။ ထို့နောက် လုယက်ခြင်းများ စတင်ပေါ်ပေါက်လာသည်။ လွတ်လပ်မှုနှင့် ဘုရင့် နိုင်ငံ၏ အချုပ်အခြာအာဏာ ဆုံးရှုံးခြင်း၏ သင်္ကေတပင် ဖြစ်သည်။
နောက်ပိုင်း သမိုင်းမှာ ဆက်လက်လုပ်ဆောင်ကြသည့် ဗိုလ်ချုပ်ကြီးများ၏ လက်အောက်တွင် ပျက်စီးသွားခဲ့ရပြီး ဖြစ်သည်။ ကျနော်တို့၏ လူငယ်မျိုးဆက်သစ်များ၊ လာရောက်ကြသည့် ဧည့်သည်များမှာ မန္တလေးမှ ထိုနေရာများ၏ သမိုင်းကို သိရှိ လေ့လာခွင့် ရသင့်ပါသည်။
နန်းတော်မြို့ရိုးကို ဝိုင်းရံထားသည့် လှပသော ကျုံးကို ယခင် စစ်အစိုးရ လက်ထက်တွင် ပြန်လည် တည်ဆောက်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက မန္တလေးကို ဂျပန်တပ်များ သိမ်းပိုက်ထားစဉ် မဟာမိတ်တပ်များက အပြင်းအထန် တိုက်ခိုက်ခြင်း ခံခဲ့ရချိန်၌ ကျုံးပျက်စီးခဲ့ရသည်။ နန်းတော်ပြိုလဲ ပျက်စီးသွားခဲ့ပြီး တခြား သမိုင်းဝင် အဆောက်အဦ အများအပြား ဖျက်ဆီးခံခဲ့ရသည်။ ၁၉၉၀ နှစ်များအတွင်းတွင် သူတို့၏ တိုင်းပြည်သာယာလှပရေး လှုပ်ရှားမှု တစိတ်တပိုင်း အဖြစ် စစ်အစိုးရ ဗိုလ်ချုပ်ကြီးများက ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်ရန် အားထုတ်မှု တခုအနေဖြင့် ကျုံးကို ပြန်လည် ပြုပြင်ရန် အကျဉ်းသားများကို အမိန့်ပေးခဲ့သည်။
ယနေ့ အချိန်တွင် မန္တလေးသည် ပြည်သူများနှင့် မျိုးဆက်သစ်များကို သတိပေးရန် အတွက်သာမက ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်ရန်နှင့် မင်းနေပြည်တော်၏ သမိုင်းကို ပြောပြရန် အဆိုပါ အမှတ်တရနေရာများကို ပြန်လည်တည်ဆောက်ရေး အတွက် အင်အားကောင်းသော အားထုတ်မှုတခု လိုအပ်လိမ့်မည် ဖြစ်ပါသည်။ အရေးကြီးပါသည်။
မန္တလေးသည် ဘုန်းတော်ကြီး ကျောင်းများအဖြစ် တည်ဆောက်ခဲ့သော ထူးခြားပြောင်မြောက်သည့် သမိုင်းဝင် ဗိသုကာ လက်ရာ တချို့ ရှိသော နေရာလည်း ဖြစ်သည်။ မန္တလေးတွင် ရှိနေစဉ် ဧည့်သည်များ အနေဖြင့် ခမ်းနားထည်ဝါသည့် ရွှေကျောင်း၊ ရွှေအင်းပင်၊ ကင်းဝန်မင်းကြီးနှင့် ယောမင်းကြီး ကျောင်းများသို့လည်း သွားရောက်သင့်ပါသည်။ ကင်းဝန် မင်းကြီးနှင့် ယောမင်းကြီးတို့ ၂ ဦး စလုံးသည် ပြန်လည်ပြုပြင် မွမ်းမံရန် အရေးတကြီး စောင့်မျှော်နေကြသည့် အလွန် လက်ရာ ပြောင်မြောက်သော ဘုန်းတော်ကြီးကျောင်းများကို တည်ဆောက်လှူဒါန်းခဲ့ကြသည့် သူတို့ခေတ်အခါက မင်းမှုထမ်းများ ဖြစ်ကြသည်။
၁၉၉၆ ခုနှစ်က လျှောက်လွှာ တင်သွင်းခဲ့သော်လည်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ ကမ္ဘာ့အမွေအနှစ် စာရင်းတွင် ပါဝင်ခွင့်မရခဲ့သော ရွှေကျောင်းတွင် လှပသော သစ်သားပန်းပု လက်ရာ များကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ ပြန်လည်ပြင်ဆင်ရေး ရံပုံငွေများ တရားမဝင် လွှဲပြောင်းမှု ကောလာဟလများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည့် အချိန်တွန် ရွှေကျောင်းကြီး ပြန်လည်မွမ်းမံပြင်ဆင်ရေး လုပ်ငန်းက ဆောင်ရွက်နေဆဲ ဖြစ်သည်။
ကမ္ဘာ့ အကြီးဆုံး စာအုပ်ဟု သိကြသည့် ကုသိုလ်တော် ဘုရားသို့လည်း သွားရောက်သင့်ပါသည်။ သို့သော်လည်း ရွှေကျောင်း အပြင် ဧည့်သည်များအနေဖြင့် အဆိုပါ နေရာများမှ မည့်သည့်နေရာတွင် မဆို သတင်းအချက်အလက် အနည်းငယ်မျှသာ ဖော်ပြထားသည်ကို တွေ့ရလိမ့်မည် ဖြစ်သည်။
တချို့ ကျွန်းသား ဘုန်းတော်ကြီးကျောင်းများနှင့် အဆောက်အဦများကို အများကြည်ညိုလေးစားသည့် ဒေသခံ ကျောင်းထိုင် ဆရာတော်များက ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း ကျနော့်ကို ပြောကြပါသည်။
သစ်သားပန်းပုလက်ရာများ ထွင်းထုထားသည့် တံခါးများ၊ ပြတင်းပေါက်များနှင့် ၁၉ ရာစုအတွင်းက ဆောက်လုပ်ခဲ့သော အဆောက်အဦများကို ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် သူတို့က ငွေကြေးစုဆောင်းခဲ့သည်။ ဒေသခံများ၏ လှူဒါန်းမှုများ ရရှိခဲ့သည်။ ဒေသခံများနှင့် ဘုန်းတော်ကြီးများကြားတွင် ရှိနေသော စိုးရိမ်မှုတခုမှာ အကယ်၍ အဆိုပါ အဆောက်အဦများကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးလိုက်လျှင် သူတို့၏ ထိန်းသိမ်း စောင့်ရှောက်မှု အင်အားနည်းသွားမည်လား ဟူ၍ပင်ဖြစ်သည်။
တိုင်းပြည်၏ နောက်ဆုံး ဘုရင်နှင့် မိဖုရားတို့ မီးသင်္ဘောဖြင့် အိန္ဒိယသို့ စတင်ထွက်ခွာခဲ့သည့် နေရာဖြစ်သော ဂေါဝိန် ဆိပ်ကမ်းကို ပြန်လည်ပြင်ဆင်မည့် အလားအလာနှင့် သမိုင်းဝင် အဖြစ်အပျက်များကို ကျောင်းသားများနှင့် ကမ္ဘာလှည့် ခရီးသည်များသို့ သတင်းအချက်အလက်ပေးမည့် အလားအလာအပေါ်လည်း စူးစမ်းချင်စရာ ဖြစ်သည်။ သင်္ဘောတစင်း၊ ရုပ်တုများနှင့် ဖြစ်စဉ်တခုလုံးကို ပြန်လည်ဖော်ပြသည့် ပြကွက်တခုတို့က ပညာပေးခြင်းဖြစ်သလို၊ ဧည့်သည်များအတွက် ဆွဲဆောင်မှုလည်း ဖြစ်ပါလိမ့်မည်။
အကယ်၍ သင်က အမရပူရတွင် ဆိုလျှင် ရင်သပ်ရှုမောဖွယ်ရာ ဦးပိန် တံတားနှင့် နုပျိုသော ရဟန်းများ ဆွမ်းခံရန် လှပသော သစ်ပင်အိုကြီးများအောက်တွင် လျှောက်သွားနေခြင်းကို မြင်ရနိုင်သည့် မဟာဂန္ဓာရုံ ကျောင်းတိုက်တို့ကို တွေ့ရ လိမ့်မည် ဖြစ်သည်။ ဘုန်းတော်ကြီးများကို ဆွမ်းလောင်းလှူသည့် အဆိုပါ အလေ့အထကို ကောင်းမွန်စွာ ထိန်းသိမ်း ထားပြီး တိတ်ဆိတ်စွာ ကြည့်ရှုလေ့လာနိုင်ပါသည်။ အလွန်ပင် ငြိမ်းချမ်းသော အခြေအနေဖြစ်ပါသည်။ သို့သော်လည်း မေးစရာ ရှိသည်မှာ ထိုအလေ့အထက မည်မျှ ကြာရှည်ခံနိုင်မည်နည်း။
စက်တင်ဘာလအတွင်းတွင် မြန်မာနှင့် တရုတ်နိုင်ငံတို့က တရုတ်-မြန်မာ စီးပွားရေး စြင်္ကန် (CMEC) ကို တည်ထောင်ရန် သဘောတူညီခဲ့ကြသည်။ ၁၇၀၀ ကီလိုမီတာ ရှည်လျားမည်ဟု ခန့်မှန်းရသည့် စြင်္ကန်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းနှင့် မြန်မာနိုင်ငံ၏ အဓိက စီးပွားရေး အချက်အချာနေရာ ၃ ခုကို ဆက်သွယ်ပေးလိမ့်မည် ဖြစ်သည်။ ပထမဆုံး အနေဖြင့် မန္တလေးသို့၊ ထိုမှတဆင့် အရှေ့တောင်ဘက်မှ ရန်ကုန်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ရှိရာ အနောက်ဖက်သို့ ဆက်သွယ်မည် ဖြစ်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ပဋိပက္ခနှင့် ပတ်သက်၍ အနောက်နိုင်ငံများက မြန်မာနိုင်ငံကို ဝေဖန်မှုများနှင့် ရင်ဆိုင် ရချိန်တွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံ အပေါ် အဓိက ထောက်ခံမှုပေးခဲ့သည့် အိမ်နီးချင်း ဖြစ်သည်။ မြန်မာ အစိုးရက (ယခင် စစ်အစိုးရကဲ့သို့) တရုတ်လိုလားသော အစိုးရ ပို၍ ဖြစ်လာနေသည်ဟု ဝေဖန်မှုများရှိနေသည်။ သို့သော်လည်း အစိုးရကို ကာကွယ်သူများလည်း ရှိနေပြီး “သူတို့မှာ ရွေးစရာ ရှိလို့လား၊ အနောက်တိုင်းက မြန်မာနိုင်ငံကို တရုတ် စက်ကွင်းထဲ တွန်းပို့နေတယ်” ဟု မေးခွန်း ထုတ်ခဲ့ကြသည်။
မည်သို့ပင် ဖြစ်စေ တရုတ်နှင့် မြန်မာနိုင်ငံတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် အချက် ၁၅ ချက်ပါ နားလည်မှု စာချွန်လွှာက အခြေခံ အဆောက်အဦ၊ ဆောက်လုပ်ရေး၊ ကုန်ပစ္စည်းထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ ဘဏ္ဍာရေး၊ လူသား အရင်းအမြစ် ဖွံ့ဖြိုးရေး၊ တယ်လီဖုန်း ဆက်သွယ်ရေး၊ သုတေသနနှင့် နည်းပညာအပါအဝင် ကဏ္ဍ အများအပြားတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် အစိုးရ ၂ ခုတို့က သဘောတူညီကြောင်း ဖော်ပြထားသည်။ တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမ (Belt and Road Initiative) နှင့် ပတ်သက်၍ သုတေသနပြုနေသည့် သို့မဟုတ် လေ့လာနေသည့် ပညာရပ်ဆိုင်ရာ အဖွဲ့အစည်း တခုတလေကိုမျှ ကျနော် မန္တလေးတွင် မတွေ့သေးပါ။
ညပိုင်းသို့ ရောက်လာသည့် အချိန်တွင် ကျနော်တို့က ဧရာဝတီ မြစ်ကမ်းတွင် နေဝင်သည်ကို စောင့်ကြည့်နေကြရင်း မန္တလေးမှ မိတ်ဆွေများနှင့် ဆွေးနွေးဖြစ်သွားသည်။ တရုတ်နိုင်ငံကို ကြောက်ရွံ့နေမည့် အစား မြန်မာနိုင်ငံက ခိုင်မာသော စီးပွားရေး ဆက်ဆံပတ်သက်မှုများကို ပုံဖော်ရန်အတွက် ၎င်း၏ ပြိုင်ဘက်ကင်း ပထဝီ နိုင်ငံရေး အနေအထား၏ အားသာ ချက်ကို ရယူသင့်သည်ဟု အကြံပြုသည်။
သို့သော်လည်း ဟန်ချက်ညီမျှမှု တခုရအောင် ကျနော်တို့ မည်သို့လုပ်မည် နည်း။ ကျနော်တို့တွင် မည်သည့် သြဇာ၊ စွမ်းဆောင်ရည်၊ အမြင်နှင့် တွေးတော့ကြံဆမှုမျိုး ရှိသနည်းဟု တယောက်က ပြန်၍ မေးခွန်းထုတ်သည်။ အဆိုပါ ငြင်းခုံမှုများက အဆုံးမရှိပါ။
များမကြာမီ၌ တရုတ်သမ္မတ မြန်မာနိုင်ငံသို့ လာရောက်မည်ဟု ကောလာဟလများ ထွက်ပေါ်နေသည့် အချိန်တွင် မန္တလေးတွင် နေထိုင်သူများက သူတို့၏ နေ့စဉ် ဘဝများ အတိုင်း ဆက်လက် သွားလာ လှုပ်ရှားနေကြသည်။ သို့သော်လည်း လက်တဆုပ်စာမျှသော ပညာတတ်များနှင့် စာရေးဆရာများက မြောက်ပိုင်းတွင် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှု တိုးလာခြင်းနှင့် အနိုင်ကျင့်တတ်သော အင်အားကြီးနိုင်ငံများအကြားတွင် မြန်မာနိုင်ငံက နောက်တကြိမ် နယ်ရုပ်တခု ဖြစ်မည့် အန္တရာယ်တို့နှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ကျနော့်ကို တီးတိုးပြောကြသည်။
တရုတ်နိုင်ငံ၏ ပတ်သက်မှု မြင့်တက်လာခြင်းနှင့် ၎င်း၏ စီးပွားရေး သြဇာက နယ်စပ်ဒေသများတွင် မည်သို့ ကြီးမားစွာ သက်ရောက်သည်၊ မြန်မာနိုင်ငံ အတွင်းသို့ နက်ရှိုင်းစွာ လာနေသည် တို့ကို ယခုကျနော်တို့ မြင်ကြရပါသည်။ မန္တလေးက ၎င်း၏ စာရင်းထဲတွင် ပါဝင်နေသည်။ “ကျနော်တို့က တရုပ်လက်ထဲကို ကျနေတယ်” ဟု မန္တလေးမှ ထင်ရှားသော ပညာတတ်မိသားစုဝင် တဦးက ကျနော့်ကို ပြောပါသည်။
သူတို့၏ ဘုရင့်နှင့် မိဖုရားတို့ကို အဝေးသို့ခေါ်ဆောင်သွားခြင်း၊ ဗျူဟာနှင့် ပထဝီနိုင်ငံရေး အကျိုးစီးပွားအရ မင်းနေပြည် တော်တွင် နိုင်ငံခြားတပ်ဖွဲ့များ တိုက်ခိုက်ကြခြင်း၊ ထို့နောက် မန္တလေး ပျက်စီးရခြင်းတို့ကို ကျနော်တို့၏ ဘိုးဘေးများ မြင်တွေ့ခဲ့ကြရပြီး ဖြစ်သည်။ နှစ် ၅၀ မှ ၁၀၀ အတွင်းတွင် တိုင်းပြည်၏ မြေပုံက အလုံးစုံ ပြောင်းလဲသွားမည်ဟု မည်သူ သိနိုင်မည်နည်း။ မန္တလေးကို ကယ်တင်ခြင်းက လွယ်ကူလိမ့်မည်တော့ မဟုတ်ပါ။
(အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။ ၎င်း၏ A Letter from Mandalay ကို ဘာသာပြန်ဆိုသည်။)