တရုတ်က မြစ်ဆုံစီမံကိန်းကို ဘာကြောင့် အလျှင်စလို ပြန် အသက်သွင်းချင်လဲ

Joe Kumbun
မြစ်ဆုံရေကာတာ စီမံကိန်းကို ၂၀၁၅ ခုနှစ်အတွင်း ဆန့်ကျင်ဆန္ဒပြခဲ့စဉ် / နန်းလွင်နှင်းပွင့်
Want create site? Find Free WordPress Themes and plugins.

ရပ်ဆိုင်းထားသော မြစ်ဆုံဆည်နှင့် ပတ်သက်ပြီး ကချင်တိုင်းရင်းသားများ အကြား စိုးရိမ်ပူပန်မှုများကို ဇန်နဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန်သည့် တရုတ်အစိုးရ ကြေညာချက်တစောင်က အသစ်တဖန် ပြန်လည် ဖြစ်ပေါ်စေခဲ့သည်။

ထိုကြေညာချက်တွင် ကချင် နိုင်ငံရေးခေါင်းဆောင်များနှင့် လူမှုအဖွဲ့အစည်းများသည် မြစ်ဆုံဆည်နှင့် ပတ်သက်ပြီး အပြုသဘောဆောင်ကြောင်း ရန်ကုန်ရှိ တရုတ်သံရုံးက ဆိုသည်။

ကချင်ပြည်နယ် ဒေသခံများသည် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို မဆန့်ကျင်ကြောင်းနှင့် ပြင်ပမှ လူတချို့နှင့် အဖွဲ့အစည်းတချို့ကသာ ထိုစီမံကိန်းကို ဆန့်ကျင်နေခြင်းသာ ဖြစ်ကြောင်းလည်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။

ကချင်နိုင်ငံရေးပါတီ ၃ ခုနှင့် ကချင်တိုင်းရင်းသား လူမှုအသိုင်းအဝန်းခေါင်းဆောင် ခလန် ဆမ်ဆွန်တို့က ကြေညာချက် တစောင်ကို ချက်ခြင်းထုတ်ပြန်ပြီး တရုတ်နိုင်ငံ၏ ပြောဆိုချက်များသည် မှားယွင်းကြောင်းနှင့် အဓိပ္ပာယ်ကောက် လွဲစေကြောင်း ပြောကြားလိုက်သည်။

မြန်မာပြည်သူများ၊ အထူးသဖြင့် ကချင်ပြည်နယ်မှ ပြည်သူများသည် မြစ်ဆုံဆည်စီမံကိန်းကြောင့် ကချင် ကျေးရွာသား ထောင်ပေါင်းများစွာကို နေရာမရွှေ့ပြောင်းမီကပင် ထိုစီမံကိန်းကို ဆန့်ကျင်ကြောင်း ထင်ရှားသည်။

မြစ်ဆုံသည် တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် စီစဉ်နေသည့် တခုတည်းသော ဆည်မဟုတ်ပေ။ တရုတ် နိုင်ငံသည် မလိမြစ်ပေါ်တွင် လာဆာတွင်နှင့် အင်မိုင်မြစ်ပေါ်ရှိ ခေါင်လန်ဖူး၊ ဖီဇော၊ လကင်နှင့် ပရှီး တို့တွင် ဆည်များ တည်ဆောက်ရန် မျှော်လင့်နေသည်။ အင်မိုင်မြစ်ပေါ်ရှိ ချီပွေတွင် ဆည်တခုကို တည်ဆောက်ပြီး နေပြီဖြစ်သည်။

မြန်မာပြည်သူများသည် ဧရာဝတီမြစ်နှင့် ယင်း၏ မြစ်လက်တက်များပေါ်တွင် တည်ဆောက်မည့် ဆည် ၇ ခုကို ၎င်းတို့ကြောင့်ဖြစ်ပေါ်မည့် ပြန်လည်အစားထိုးမရနိုင်သော ပတ်ဝန်းကျင် ထိခိုက်မှုများ၊ ရေမလုံလောက်မှုနှင့် ကြိုတင်ခန့်မှန်း မရနိုင်သော ရေမျက်နှာပြင် မြင့်တက်မှုနှင့် ထိုရေလမ်းကြောင်းကို မှီခိုနေကြသည့် ပြည်သူ သန်းပေါင်းများစွာ ရင်ဆိုင်ရမည့် နောက်ဆက်တွဲ လူမှုစီးပွားရေး ထိခိုက်မှုများကြောင့် အပြင်းအထန် ဆန့်ကျင်ကြသည်။

မြစ်ဆုံဆည်နှင့် ပတ်သက်ပြီး ထိုသို့ လှုပ်ရှားမှုများ ရုတ်တရက်ဖြစ်လာသောကြောင့် မေးစရာတခု ရှိလာသည်။ တရုတ်နိုင်ငံသည် ထိုစီမံကိန်းကို မည်သည့်အတွက် ပြန်လည် အသက်သွင်းလိုသနည်း ဟူသော မေးခွန်း ဖြစ်သည်။

အကြောင်းရင်းများစွာ ရှိသည်

ပထမအချက်မှာ တရုတ်နိုင်ငံသည် ၎င်း၏ ရည်မှန်းချက် ကြီးမားလှသော ရပ်ဝန်းတခု၊ လမ်းတခု အစီအစဉ် (BRI) အတွက် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းရန် ထိုစီမံကိန်းကို တွန်းအားပေးခြင်း ဖြစ်သည်။ သံရုံး၏ ကြေညာချက်တွင် ဖော်ပြထားသည့်အတိုင်း ဆိုပါက တရုတ်နိုင်ငံသည် ကချင်နှင့် ရှမ်းပြည်နယ်များနှင့် နယ်စပ်များတွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရန် စီစဉ်နေသည်။

ထို့အပြင် တရုတ်နိုင်ငံသည် တရုတ်-မြန်မာ စီးပွားရေးစြင်္ကန် (CMEC) အရ မြန်မာနိုင်ငံနှင့် ရထားလမ်းများ၊ ကားလမ်းများ ကိုလည်း တိုးချဲ့နေသည်။ တရုတ်နိုင်ငံသည် ကချင်ပြည်နယ်မြောက်ပိုင်း နမ်ဂျင်းတွင် စက်မှုဇုန် တည်ဆောက်ခြင်းကိုလည်း အရှိန်မြှင့်တင်နေသည်။ မြစ်ဆုံဆည်သည် ထိုစီမံကိန်းများ အားလုံးအတွက် လျှပ်စစ်ဓာတ်အား အလွယ်တကူ ထောက်ပံ့ရန် ထိရောက်သည်။

ဒုတိယအချက်မှာ ၂ နိုင်ငံ ဆက်ဆံရေး တိုးတက်လာခြင်းကြောင့် တရုတ်နိုင်ငံသည် အချိန်ကောင်းကို အသုံးချ လိုသည်။ သံပူတုန်း နာနာနှက် ဟူသော စကားလည်း ရှိသည်။ BRI စီမံကိန်းများကို ညှိနှိုင်းရန် မကြာသေးမီက ဖွဲ့စည်းလိုက်သည့် ဦးဆောင်ကော်မတီ၏ အပေးအယူတခု လုပ်နိုင်သည်ဟု စာရေးသူ၏ မကြာသေးမီက ဆောင်းပါးတွင် ရေးသားခဲ့သည်။

တဖက်တွင်လည်း တရုတ်နိုင်ငံသည် ရိုဟင်ဂျာအကျပ်အတည်းနှင့် ပတ်သက်သော မြင့်မားလာနေသည့် နိုင်ငံတကာ ဖိအားများ ရင်ဆိုင်နေရချိန်တွင် မြန်မာနိုင်ငံကို ထောက်ခံပြီး မြစ်ဆုံစီမံကိန်းကို ပြန်လည် အသက်သွင်းရန် ကြိုးစားပြီး အခြားစီမံကန်းများကိုလည်း တွန်းအားပေးသည်။

နိုဝင်ဘာလလယ်က ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်ချိန်က တရုတ် နိုင်ငံသည် မြန်မာ့တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန်၊ နယ်စပ်စီမံခန့်ခွဲမှုနှင့် ထိန်ချုပ်မှု တိုးတက်စေရန်၊ နယ်စပ်ဒေသ တည်ငြိမ်းရေး ထိန်းသိမ်းထားရန်တို့ကိုလည်း ကတိပြုထားသည်။

တရုတ်နိုင်ငံသည် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးနှင့်အညီ မြန်မာနိုင်ငံကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ စုံစမ်းစစ်ဆေးမှု အပြစ်ပေးမှုများမှလည်း အကာအကွယ်ပေးသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်တို့ အကူအညီ လိုနေချိန်တွင် တရုတ်နိုင်ငံသည် ထိုအချိန်ကောင်းကို အသုံးချလိုပုံရသည်။

တတိယအချက်မှာ တရုတ်နိုင်ငံသည် ၎င်း၏ အခြားသော ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို အာရုံလွှဲနိုင်ရန် မြစ်ဆုံကိစ္စကို အာရုံရောက်အောင် လုပ်ခြင်းလည်း ဖြစ်နိုင်သည်။ ဥပမာဆိုရပါက ဘေဂျင်း အခြေစိုက် ဝမ်ပေါင် သတ္တုတူးဖော်ရေး၏ လုပ်ငန်းခွဲဖြစ်သော မြန်မာယန်စီ ကြေးနီလုပ်ငန်းသည် စစ်ကိုင်းတိုင်း မုံရွာ မြေဧက ၁ သိန်းတွင် ကြေးနီရှာဖွေခွင့် တောင်းခံနေသည်ဟု သတင်းများက ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် အကြွေးထောင်ချောက် မိနိုင်သည်ဟု မြန်မာဘက်တွင် သတိပေးမှုများ ရှိနေသော်လည်း တရုတ်နိုင်ငံသည် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကိုလည်း ဆက်လက် လုပ်ကိုင်နေသည်။ တရုတ်-မြန်မာ စီးပွားရေးစြင်္ကန်ကို အကောင်အထည် ဖော်သောအခါ တရုတ်နိုင်ငံသည် ဒေသခံများထံမှ မြေယာများကို သိမ်းဆည်းရကောင်း သိမ်းဆည်းရနိုင်ပြီး မလုံလောက်သော လျှော်ကြေးပေးသည် ဟူသည့် မကျေနပ်မှုများ ရှိလာနိုင်သည်။

ရခိုင်ပြည်နယ်နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ဆက်သွယ်သည့် ရွှေဓာတ်ငွေ့ပိုက်လိုင်းကို တည်ဆောက်စဉ် ကလည်း ထိုကဲ့သို့သော ကိစ္စများ ဖြစ်ပေါ်ခဲ့သည်။

စတုတ္ထအချက်မှာ တရုတ်နိုင်ငံသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ကျောက်မီးသွေးကို မှီခိုရခြင်းကို လျှော့ချ လိုသည်။ အောက်တွင် ပြထားသည့်အတိုင်း တရုတ်နိုင်ငံသည် လက်ရှိ လျှပ်စစ်ဓာတ်အား၏ ၆၄.၇ ရာခိုင်နှုန်းကို ကျောက်မီးသွေးမှ ထုတ်လုပ်ပြီး ရေအားလျှပ်စစ်မှ ၁၈.၆ ရာခိုင်နှုန်းသာ ထုတ်လုပ်နေသည်။

တရုတ်နိုင်ငံသည် ဂျပန်ပြီးလျှင် ကမ္ဘာ့ ဒုတိယအကြီးဆုံး ကျောက်မီးသွေး တင်သွင်းသော နိုင်ငံဖြစ်သည်။ တရုတ်နိုင်ငံ၏ ကျောက်မီးသွေး တင်သွင်းမှုသည် ၂၀၁၈ ခုနှစ် နွေရာသီက စံချိန်သစ်တင်သည်။

သို့သော် တရုတ်နိုင်ငံသည် ကျောက်မီးသွေး မိုင်းသမားများ၊ သာမန်ပြည်သူများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများ၏ ဆန့်ကျင်မှုနှင့် ရင်ဆိုင်ရပြီးနောက် ကျောက်မီးသွေးအပေါ် မှီခိုမှုလျှော့ချရေး၏ အရေးပါမှုကို ကောင်းစွာ သိသည်။

ဥပမာဆိုရပါက တရုတ်နိုင်ငံမှ ကျောက်မီးသွေး တူးဖော်သူ ထောင်ပေါင်းများစွာတို့သည် လစာ မရသောကြောင့် ၂၀၁၆ ခုနှစ်က ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး မကြာသေးမီနှစ်များအတွင်း ကလည်း စစ်ကိုင်းတိုင်း လက်ပန်းတောင်းတွင် ကျေက်မီးသွေး တူးဖော်ခြင်းကို ဒေသခံများက ဆန့်ကျင် ကန့်ကွက်ခဲ့သည်။

တရုတ်နိုင်ငံသည် မြစ်ဆုံဆည်ကို မည်သည့်အခါတွင်မှ လက်လျှော့မည် မဟုတ်ပေ။ တရုတ်နိုင်ငံသည် ဒေသခံများ ဆန့်ကျင်နေသည့် ကြားမှပင် လတ်တလောတွင် နမ္မတူနှင့် နမ်တိန်မြစ်များ ပေါ်တွင် ဆည်များ တည်ဆောက်နေသည်။

တရုတ်နိုင်ငံအနေဖြင့် မြစ်ဆုံကို ပြန်လည် အသက်သွင်း လိုခြင်းနှင့် ပတ်သက်ပြီး ယခု ဆောင်းပါးတွင် မဖော်ပြထားသော တခြား အကြောင်းများလည်း ရှိနိုင်သည်။ ထိုအကြောင်းရင်းများသည် မည်သည် တို့ပင်ဖြစ်စေ ကချင်ပြည်သူများကို ဓားစာခံ မလုပ်သင့်ပေ။

(Joe Kumbun သည် ကချင်အခြေစိုက် လေ့လာသုံးသပ်သူတဦးဖြစ်သည်။ ၎င်း၏ Why Is China In a Hurry to Revive the Myitsone Dam Projects?  ကို ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading