မကြာခင်က အုတ်ကျင်းဂုန်နီ စက်ရုံကို ကျော်ထက်ကျော် ကုမ္ပဏီက ပိတ်သိမ်းပြီး စက်ရုံပိုင်မြေနေရာကို တခြားနည်း အသုံးပြုမည်ဆိုသည့် သတင်းစာရှင်းလင်းပွဲ လုပ်ပြီးနောက်ပိုင်း ဆိုရှယ်မီဒီယာတွင် နိုင်ငံပိုင် စက်ရုံများအား နှစ်ရှည် စာချုပ်များချုပ်ဆို ငှားရမ်းခဲ့မှုများအပေါ် ဝေဖန်ရေးသားမှုများ ပေါ်ပေါက်လာခဲ့သည်။
Myanmar Now သတင်းဋ္ဌာနက “နိုင်ငံပိုင်စက်ရုံတွေ ပုဂ္ဂလိကလက်ထဲ ဈေးချိုချို လွှဲခဲ့တာ မှန်ကန်ရဲ့လား” ဆိုသည့် ခေါင်းစဉ်ဖြင့် သတင်းဆောင်းပါး ရေးသားခဲ့သည်။ အဆိုပါဆောင်းပါး၌ ကျော်ထက်ကျော် ကုမ္ပဏီက အုတ်ကျင်း ဂုန်နီစက်ရုံကို ပိတ်သိမ်းလိုက်ခြင်းသည် တချိန်က အရေးပါ ခဲ့သည့် ဂုန်နီစက်ရုံများ၏ အခန်းကဏ္ဍ အဆုံးသတ် သွားပြီဟု ဖော်ပြခဲ့သည်။
အုတ်ကျင်းဂုန်နီစက်ရုံကို ၂၀၁၂ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဋ္ဌာနက ကျော်ထက်ကျော် ကုမ္ပဏီကို နှစ်ရှည် ငှားရမ်းခဲ့ခြင်း ဖြစ်ပြီး ယင်းမတိုင်ခင်ကလည်း ဦးသိန်းစိန် အစိုးရသည် နှစ်စဉ်အရှုံးပေါ်နေသည့် ဂုန်နီစက်ရုံများအား ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခြင်းဖြင့် ပြည်ပဈေးကွက်သို့ မြန်မာ့ထုတ်ကုန်များ ထိုးဖောက်နိုင်မည်ဖြစ်ပြီး လျှော်စိုက် တောင်သူများနှင့် စက်ရုံဝန်ထမ်းများဘ၀ ပိုမိုတိုးတက် ကောင်းမွန်လာမည်၊ စက်မှုကဏ္ဍ မြှင့်တင်နိုင်မည် ဟူသော ရည်ရွယ်ချက်များဖြင့် ဒေါပုံ ဂုန်နီကော်ဇော်စက်ရုံ၊ မြောင်းမြ ဂုန်နီစက်ရုံအပါအဝင် ဂုန်နီနှင့် ဂုန်လျှော်စက်ရုံ တဒါဇင် နီးပါးကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ဆောင်းပါးတွင် ဖော်ပြထားသည်။
နောက်ခံသမိုင်းကြောင်း
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်းတွင် ပုဂ္ဂလိက စက်ရုံများအား ပြည်သူပိုင် သိမ်းခဲ့ပြီး နိုင်ငံတော်၏စီးပွားရေးကို Planned economy ဟုခေါ်သည့် ဗဟိုမှထိန်းချုပ်သည့် စနစ်ကို ကျင့်သုံးခဲ့သည်။
နိုင်ငံတော်တွင် ပုဂ္ဂလိကပိုင် စက်ရုံဟူ၍ ဒန်အိုးစက်ပင် မရှိတော့ဘဲ ရှိရှိသမျှ ပုဂ္ဂလိကပိုင် စက်ရုံများသည် နိုင်ငံတော်ပိုင်များ ဖြစ်လာခဲ့သည်။ အလားတူပင် နိုင်ငံတော်သည် တိုင်းပြည်၏ သယံဇာတ အရင်းအမြစ်များကိုလည်း ပိုင်ဆိုင်ပြီး ယင်းတို့အား ရှာဖွေဖော်ထုတ်ခြင်း ကိုလည်း နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းကြီးများကသာ လုပ်ဆောင်သည်။
ဆိုရှယ်လစ်စီးပွားရေး စနစ်အောက်တွင် နိုင်ငံတော်သည် တိုင်းပြည်၏ အရင်းအမြစ် အားလုံးနီးပါးကို ပိုင်ဆိုင်သူ ဖြစ်လာခဲ့သည်။ ထိုအတွက်ကြောင့်လည်း မြို့တော်ရန်ကုန် အပါအဝင် မြို့တော်တော်များ၌လည်း နိုင်ငံတော်ပိုင် (ဝန်ကြီးဋ္ဌာနပိုင် သို့မဟုတ် စည်ပင်ပိုင်) အများအပြား ရှိနေခဲ့သည်။
သို့သော်လည်း နိုင်ငံတော်ပိုင် စက်ရုံများသည် ပြည်ပမှ တရားမဝင် တင်သွင်းလာသည့် ကုန်ပစ္စည်းများ (အထူးသဖြင့် လူသုံးကုန် ပစ္စည်းများ) ဖြင့် မယှဉ်ပြိုင်နိုင်ခြင်း၊ ပြောင်းလဲနေသည့် နည်းပညာနှင့်အညီ စက်ရုံများအား စက်ကိရိယာများ ပြောင်းလဲတပ်ဆင်နိုင်မှု မရှိခြင်း၊ စက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းရန် လုံလောက်သည့် အသုံးစရိတ် ချမပေးနိုင်ခြင်း၊ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတို့ကြောင့် ကုန်ထုတ်စွမ်းအား အလွန်အမင်း ကျဆင်းလာပြီး ထုတ်ကုန်များ၏ အရည်အသွေးများ သည်လည်း ညံ့ဖျင်းလာခဲ့သည်။
ထိုကဲ့သို့ နိုင်ငံတော်က တိုင်းပြည်စီးပွားရေးတွင် ဝင်ရောက်စွက်ဖက်မှု အလွန်အမင်း ကြီးမားလွန်းသောကြောင့် နိုင်ငံ့စီးပွားရေး ကျဆင်းလာခဲ့ပြီး ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ (Least Developed Country-LDC) အဆင့်သို့ ရောက်ရှိခဲ့ရသည်။ အထွေထွေ မကျေနပ်မှုများလည်း မြင့်တက်လာခဲ့ပြီး ၁၉၈၈ ခုနှစ်၌ လူထုလူတန်းစား အသီးသီး ပါဝင်သည့် ဒီမိုကရေစီ အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သည်။
ဒီမိုကရေစီလှုပ်ရှားမှုကြီးကို လက်နက်ဖြင့် ဖြိုခွင်းခံရပြီးနောက် ၁၉၈၈ ခုနှစ် စက်တင်ဘာလ၌ တပ်မတော်က အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံစီးပွားရေးကို ဆိုရှယ်လစ်စီးပွားရေးမှ ဈေးကွက်စီးပွားရေး စနစ်သို့ ပြောင်းလဲခဲ့သည်။ ဈေးကွက် စီးပွားရေးစနစ် စတင်ပြောင်းလဲချိန်မှစ၍ နိုင်ငံတော်ပိုင် စက်ရုံများ၊ စီးပွားရေးလုပ်ငန်းများ၊ မြေနှင့် အဆောက်အအုံများကို ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ခေါင်းစဉ်အောာက်တွင် ပုဂ္ဂလိကသို့ အပြီးအပိုင် လွှဲပြောင်းရောင်းချခြင်း၊ ဖက်စပ် လုပ်ကိုင်ခြင်း၊ ဘီအိုတီ (Build-Operate- Transfer BOT) နှစ်ရှည် စာချုပ်များချုပ်ဆိုပြီး လွှဲပြောင်း ပေးခြင်းများ ပြုလုပ်ခဲ့သည်။
နိုင်ငံတော်က ဖောက်လုပ်ခဲ့သည့် ပြည်ထောင်စု လမ်းမကြီးများကိုပင် ပြုပြင်ထိန်းသိမ်း မွမ်းမံမှု ပြုလုပ်ရန် ဘတ်ဂျက် မလုံလောက်မှုကြောင့် ပုဂ္ဂလိက ကုမ္ပဏီများကို ဘီအိုတီစနစ်ဖြင့် လွှဲပြောင်းပြီး လမ်းအသုံးပြုခ ကောက်ခံသည့် Toll gates များ ဖွင့်လှစ် လုပ်ကိုင်စေခဲ့သည်။ ထိုကဲ့သို့ တပ်မတော်အစိုးရလက်ထက်၌ နိုင်ငံတော်ပိုင်များ ပုဂ္ဂလိကလက်သို့ အမြောက်အများ လွှဲပြောင်း ပေးအပ်ခဲ့သော်လည်း တိကျသည့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး မူဝါဒ၊ ဥပဒေ၊ ဘီအိုတီ ပီပီပီ ဆိုင်ရာ ဥပဒေများ နည်းဥပဒေများ ပြဋ္ဌာန်းခြင်း မရှိခဲ့ချေ။
ထိုသို့ မရှိခဲ့ခြင်းကြောင့်လည်း နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် ပုဂ္ဂလိကကဏ္ဍ မပေါ်ပေါက်ခဲ့ဘဲ နိုင်ငံတော်၏ အရင်းအမြစ်များကို ဝါးမြိုသိမ်းပိုက်ခံရသည့် (Assets stripping) လူတစုကောင်းစားရေး ခရိုနီ စီးပွားရေးစနစ် (Crony capitalism) သာ ထွန်းကားခဲ့သည်။
၂၀၀၈ ခြေဥအရ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပပြီး အာဏာရလာသည့် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အရပ်သားတပိုင်း အစိုးရလက်ထက်တွင်လည်း ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကို ဆက်လက် ဆောင်ရွက်သည်ကို တွေ့ရသည်။ အထူးသဖြင့် Myanmar Now ဆောင်းပါးတွင် ဖော်ပြထားသည့် စိုက်ပျိုးရေး ဝန်ကြီးဋ္ဌာနအောက်ရှိ စက်ရုံများ၊ စက်မှု ဝန်ကြီးဋ္ဌာန အောက်ရှိ စက်ရုံများကို ပုဂ္ဂလိက လက်ဝယ်သို့ ဘီအိုတီ နှစ်ရှည်စာချုပ်များ ချုပ်ဆို လွှဲပြောင်းပေးအပ်ခဲ့သည်။
သုံးသပ်ရလျှင် ယင်းလက်ထက်တွင်လည်း နိုင်ငံတော်ပိုင် စက်ရုံများအပါအဝင် နိုင်ငံတော်ပိုင်များကို ပုဂ္ဂလိကသို့ လွှဲပြောင်း ပေးရာတွင် ပီပီပြင်ပြင် စနစ်တကျ လုပ်ဆောင်ခဲ့ခြင်းမဟုတ်ဘဲ ငှားရမ်းသူများက အကျိုးအမြတ် မတရားရ၍ နိုင်ငံတော်က ဘာမှ မရသလို ဖြစ်နေခဲ့သည်။
လက်ရှိအခြေအနေ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အာဏာရလာပြီးနောက်တွင်မူ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကို စနစ်တကျ ဆောင်ရွက်ရန် ရည်ရွယ်ချက် ရှိသည်။ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး (Privatization) ဥပဒေကို IGC (International Governance Center) အကူအညီဖြင့် ရေးဆွဲနေသည်ဟု ကြားသိရပြီး ဘီအိုတီများ ပီပီပီများကို စနစ်တကျ အကောင်အထည် ဖော်ဆောင်ရန် ပီပီပီ ဗဟိုဋ္ဌာနတခုကို စီမံ ဘဏ္ဍာဝန်ကြီးဋ္ဌာန အောက်တွင် ဖွဲ့ဆိုမည်ဟု Project bank တင်ပြချက်တွင် တွေ့ရှိရသည်။
အရှုံးပေါ်နေသည့် စက်ရုံများကို ရပ်တံ့ထားပြီး ဝန်ထမ်းများကိုသာ လစာ ဆက်လက်ပေးနေ၍ မည်သို့ ဆောင်ရွက်သင့်သည်ကိုလည်း စဉ်းစားနေဟန်တူသည်။ သို့ရာတွင် အာဏာရပြီး ၃ နှစ်နီးပါး ကြာသည့်တိုင် ယင်းတို့အား အကောင်အထည် မဖော်နိုင် မပြဋ္ဌာန်းနိုင်သေးဘဲ လက်ရှိတွင် နှစ်ဘက် ညှိနှိုင်းခြင်းဖြင့်သာ (Unsolicited) ဘီအိုတီများကို ဖော်ဆောင်နေသည်ကို လေ့လာတွေ့ရှိရသည်။
တချိန်တည်းမှာပင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လက်ထက်တွင် ပီပီပီ (အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး) ဆိုသည့် ဝေါဟာရသည် ရေပန်းစားလာခဲ့ပြီး ယင်းခေါင်းစဉ် အောက်မှ မိုးပျံလမ်း၊ အမြန်လမ်း၊ မြို့သစ်စီမံကိန်းများ၊ စက်မှုဇုန်များ၊ နိုင်ငံတကာ အဆင့်မီ လေဆိပ်များ၊ ပြည်တွင်းလေဆိပ်များ၊ ရေနက်ဆိပ်ကမ်းများ တည်ဆောက်ပြုပြင်ရန် လုပ်ဆောင် နေသည်ကို တွေ့ရသည်။
ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ လက်အောက်ရှိ မြို့စည်ပင်သာယာရေး အဖွဲ့များပိုင်ဆိုင်သည့် ဈေးများကို အဆင့်မြှင့်တင်ရန် ဘီအိုတီများ ဆောင်ရွက်နေသည်ကိုလည်း တွေ့ရှိရသည်။ ရန်ကုန်မြို့နှင့် တခြားမြို့ကြီးများ တွင်လည်း အိမ်ယာအဆင့်မြှင့် စီမံကိန်းများ အကောင်အထည် ဖော်ဆောင်ခြင်း၊ ဖော်ဆောင်ရန် ပြင်ဆင်ခြင်းများ ပြုလုပ်နေသည်ကို တွေ့ရသည်။
လက်ရှိ အမျိုးသားဒီမိုကရေစီ အစိုးရသည် ပြည်သူလူထု၏ လူမှုစီးပွားဘ၀ တိုးတက်မြင့်မားရေးအတွက် အခြေခံ အဆောက်အအုံ ဆိုင်ရာနှင့် ဝန်ဆောင်မှုဆိုင်ရာ စီမံကိန်းများကို အလျင်အမြန် ဖော်ဆောင်လိုဟန် ရှိသည်။ တချိန်တည်းမှာပင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ သည်လည်း ပြည်သူအများ၏ တောင်းဆိုမှုများ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဈေးများ ပြန်လည်တည်ဆောက် မွမ်းမံခြင်းများကဲ့သို့ စီမံကိန်းများကို အလျင်အမြန် ဆောင်ရွက်လိုကြသည်။
အခက်အခဲမှာ အခွန်ဝင်ငွေမှ ရရှိသည့် ဘဏ္ဍာကလည်း နည်းပါးသဖြင့် မိမိတို့ဘတ်ဂျက်ဖြင့် မဆောင်ရွက်နိုင်သဖြင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ဆောင်ရန် ကြိုးပမ်းနေသည်ကို တွေ့ရသည်။ ၎င်းတို့အတွက် အဓိက စိန်ခေါ်မှုမှာ ပုဂ္ဂလိကဖြင့် ပူးပေါင်းဆောင်ရွက်သည့် ဘီအိုတီ၊ ပီပီပီများကို စနစ်တကျ ဆန်းစစ်သုံးသပ်ရန် စွမ်းဆောင်ရည် နည်းပါးနေခြင်း ဖြစ်သည်။
စွမ်းဆောင်ရည် နည်းပါးသည်မှာလည်း ခေတ်အဆက်ဆက် ဘီအိုတီ၊ ပီပီပီနှင့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းခဲ့ခြင်းမရှိခြင်း၊ ဝန်ကြီးဋ္ဌာနများအား သက်ဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းမျိုး မပြုလုပ်ခဲ့ သောကြောင့်ဖြစ်သည်။ သို့သော် ထိုသို့ စွမ်းဆောင်ရည် နည်းပါးနေချိန်တွင် ပြည်ထောင်စု ဝန်ကြီးဋ္ဌာနများ၊ တိုင်းပြည်နယ် အစိုးရများအနေဖြင့် ဘီအိုတီ၊ ပီပီပီ၊ ပုဂ္ဂလိကနှင့် ဖက်စပ်လုပ်ငန်းများ အလျင်စလို လုပ်ဆောင်ပါက တိုင်းပြည် နစ်နာနိုင်သည်။
တိုင်းပြည်ဘဏ္ဍာ ထင်သလောက် မတိုးဘဲ၊ ပုဂ္ဂလိကသာ ယခင်လို တဘက်သတ် အကျိုးအမြတ် ဖြစ်ထွန်း သွားခြင်းမျိုး ဖြစ်ပေါ်သွားနိုင်သည်။
စာရေးသူအနေဖြင့် စာချုပ်ပါ အချက်အလက်များကို ဖတ်ရှုပိုင်ခွင့် မရှိသောကြောင့် အသေးစိတ် မသိရသော်လည်း ယခုအစိုးရ လက်ထက် ချုပ်ဆိုသော ဘီအိုတီ ပီပီပီ တချို့၏ သက်တမ်းသည် နှစ် ၅၀ ဖြစ်နေပြီး သက်တမ်းတိုးပါက စုစုပေါင်း နှစ် ၇၀-၇၅ ဖြစ်နေခြင်းကို ဘဝင်မကျလှ။ ထိုအတွက်ကြောင့် လက်ရှိ သက်ဆိုင်ရာ ဥပဒေများ မပြဋ္ဌာန်းနိုင်မီနှင့် ပီပီပီ ဗဟိုဋ္ဌာနတို့ မထူထောင်နိုင်ခင် အချိန်၌ ဝန်ကြီးဋ္ဌာနများ၊ တိုင်းပြည်နယ် အစိုးရများသည် ဘီအိုတီ ပီပီပီ စီမံကိန်း အကြီးအသေး အမြောက်အမြား မချုပ်ဆိုသင့်ဟု ယူဆမိသည်။
ပြည်ထောင်စု ဝန်ကြီးဋ္ဌာနများအနေဖြင့် ယခင်အစိုးရများလက်ထက်က ချုပ်ဆိုခဲ့သည့် အုတ်ကျင်းဂုန်နီစက်ရုံမျိုးကဲ့သို့ ဘီအိုတီ များကို ပြန်လည်ဆန်းစစ်ခြင်း၊ စာချုပ်များအား ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် renegotiation ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သင့်သည်။ အစိုးရ ပြည်ထောင်စု ဝန်ကြီးဋ္ဌာနများအနေဖြင့် ဘီအိုတီ စာချုပ်များ ပြန်လည်ပြင်ဆင်ချုပ်ဆိုခြင်းကို ပြုလုပ်ရန် အခွင့်အာဏာရှိသည်ဟု ထင်မြင်မိသည်။
အကယ်၍ ပုဂ္ဂလိကဘက်က အရှုံးပေါ်ပါက သေချာပေါက် ပြင်ဆင်ရန် တောင်းဆိုမည် ဖြစ်သောကြောင့် ဖြစ်သည်။
နိုင်ငံတော်ပိုင်များကို စီမံခန့်ခွဲခြင်း
နိုင်ငံတော်ပိုင်များကို လက်ရှိဝန်ဆောင်မှု ပေးအပ်နေသည့် နိုင်ငံတော်ပိုင်များ (Operational assets) နှင့် နိုင်ငံတော်ပိုင် အိမ်ခြံမြေများ (Real estates) ဟု ၂ မျိုးခွဲခြားနိုင်သည်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့်စက်ရုံများ၊ ဓာတ်အားပို့လွှတ်သည့် တာဝါတိုင်များ၊ ဓာတ်ကြိုးများနှင့် ပင်မဓာတ်အားခွဲရုံများ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းများ၊ အဝေးပြေးလမ်းများ၊ သောက်သုံးရေ ဖြန့်ဖြူးရေးလုပ်ငန်းများ၊ ရေနံချက် စက်ရုံများ၊ ဘိလပ်မြေစက်ရုံများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်နေသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကဲ့သို့ နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းများသည် နိုင်ငံတော်က ပိုင်ဆိုင်သည့် Operational assets များဖြစ်၍ နိုင်ငံတော် အဖွဲ့အစည်းများ ပိုင်ဆိုင်သည့် တိုက်တာ အဆောက်အအုံများ၊ မြေယာများသည် နိုင်ငံတော်ပိုင် Real estates များ ဖြစ်သည်။
တကယ်တမ်း စာရင်းပြုစုကြည့်လျှင် နိုင်ငံတော်ပိုင်ဆိုင်သည့် အရာများ၏ တန်ဖိုးသည် နိုင်ငံဂျီဒီပီ၏ ရာခိုင်နှုန်း အတော်များများ ရှိမည်ဖြစ်သည်။ အထူးသဖြင့် မြို့တော်များတွင် တည်ရှိသည့် နိုင်ငံတော်ပိုင် များ၏ တန်ဖိုးသည် ဈေးကွက် ပေါက်ဈေးဖြင့်ဆိုလျှင် အတော်ရှိနိုင်သည်။
ပညာရှင် Dag Detter ကသူ၏ “Unlocking Public Wealth” ဆောင်းပါးတွင် နိုင်ငံတော်အစိုးရများ ပိုင်ဆိုင်သည့် ပစ္စည်းများအားလုံး၏ တန်ဖိုးသည် ကမ္ဘာ့ဂျီဒီပီ၏ ၂ ဆခန့်ရှိကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က တွက်ချက်ထားကြောင်း ရေးသားခဲ့သည်။
Dag Detter နှင့် Stefan Folster တို့သည် ယင်းတို့ရေးသားသည့် “Public Wealth of Cities” တွင်လည်း နိုင်ငံတော်ပိုင် များသည် အများအားဖြင့် မြို့တော်များတွင် တည်ရှိနေပြီး ထိုစီးပွားရေးဆိုင်ရာ ပိုင်ဆိုင်မှု (Commercial assets) များကို ကောင်းစွာ အသုံးချတတ်လျှင် မြို့တော်စည်ပင်အဖွဲ့များ၏ ဝင်ငွေသည် အဆမတန်မြင့်တက်လာပြီး မြို့တော်အတွက် လိုအပ်နေသည့် အခြေခံ အဆောက်အအုံများအတွက် ကောင်းစွာဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ရေးသားထားခဲ့သည်။
မိမိအနေဖြင့်လည်း ရန်ကုန်မြို့တော်ကြီးတွင် တည်ရှိသည့် နိုင်ငံတော်၏ ပိုင်ဆိုင်မှုများ (Public assets) အကြောင်း မကြာခဏ စဉ်းစားမိသည်။ ဆိုရှယ်လစ်ခေတ်က ဆိုလျှင် ရန်ကုန်မြို့မှာရှိသည့် နိုင်ငံတော်ပိုင်များ၏ စုစုပေါင်း တန်ဖိုးသည် ရန်ကုန်ဂျီဒီပီထက် အဆပေါင်းများစွာ ပိုနိုင်သလို၊ ထိပ်ဆုံး ချမ်းသာသည့် လူတန်းစားဝင်အားလုံး ပိုင်ဆိုင်မှုများထက်လည်း အဆပေါင်းများစွာ ရှိမည်ဟု တွက်ချက်မိသည်။
အထူးသဖြင့် အိမ်ခြံမြေများ ဖြစ်သည်။ ရန်ကုန်မြို့၏ ထက်ဝက်ကျော်သည် နိုင်ငံတော်ပိုင်များ ဖြစ်ခဲ့သည်။ တက္ကသိုလ် နယ်မြေဝန်းကျင် ရန်ကုန်မြို့၏ ဈေးအကောင်းဆုံး နေရာများအား နိုင်ငံတော်က ပိုင်ဆိုင်ခဲ့သည်။ အခြားလည်း မြို့လည်ခေါင် ကမ်းနားလမ်းက ခြောက်ထပ်ရုံးလို အဆောက်အအုံ မြောက်မြားစွာ ကိုလည်း နိုင်ငံတော်က ပိုင်ဆိုင်ခဲ့သည်။
ယနေ့တိုင်အောင်လည်း ရန်ကုန်မြို့တွင် အတိအကျ စာရင်းမရှိသော်လည်း အိမ်ခြံမြေ စုစုပေါင်းတန်ဖိုး၏ ၃၀-၄၀ ရာခိုင်နှုန်းအား ပြည်ထောင်စု ဝန်ကြီးဋ္ဌာနများနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပိုင်ဆိုင်လိမ့်မည်ဟု ခန့်မှန်းတွက်ချက်မိသည်။ ထိုပိုင်ဆိုင်မှုများကို စနစ်တကျ အသုံးချနိုင်လျှင် ဘီအိုတီ၊ ပီပီပီ၊ ပုဂ္ဂလိကပိုင် ပြုလုပ်စရာ မလိုဘဲ (သို့မဟုတ် အနည်းငယ်သာ လုပ်ဆောင်ပြီး) မြို့တော်လိုအပ်သည့် အခြေခံ အဆောက်အအုံများကို ယင်းတို့အား ငှားရမ်းခများ၊ အိမ်ယာ စီမံကိန်းများ အကောင်အထည် ဖော်ရာမှ ရရှိသည့်ဝင်ငွေဖြင့် တည်ဆောက်နိုင်မည်ဖြစ်သည်။
Public Wealth of Cities တွင်တော့ စာရေးသူများက စင်ကာပူအစိုးရ၏ Temasek Holding ၊ ဟောင်ကောင်မှ မြို့ပတ်ရထား MTR Corporation စသည်တို့သည် မြို့တော်အတွင်းရှိ နိုင်ငံတော်ပိုင်များကို စနစ်တကျ စီမံခန့်ခွဲတတ် သဖြင့် မြို့သူမြို့သားများ အကျိုးဖြစ်ထွန်းသလို၊ နိုင်ငံအစိုးရများ၏ ဝင်ငွေလည်း တိုးပွားလာအောင် ဆောင်ရွက် နိုင်ကြောင်း အထောက်အထားများဖြင့် တင်ပြထားသည်။
ဟောင်ကောင် MTR Corportation သည် ရထားနှင့် အိမ်ခြံမြေလုပ်ငန်းကို ပူးတွဲလုပ်ဆောင်ခြင်းဖြစ်ပြီး ထိုကဲ့သို့ လုပ်ဆောင်သဖြင့် မြို့ပတ်ရထားလုပ်ငန်း လည်ပတ်မှုအတွက် ကုန်ကျစရိတ်နှင့် ပြန်လည် ရရှိသည့်ဝင်ငွေ အချိုးအစားကို တွက်ကြည့်လျှင် ၁၈၇ ရာခိုင်နှုန်း ရှိသည်ဟုဆိုသည်။ တနည်းဆိုလျှင် ကုန်ကျစရိတ် ၁ ကျပ်ရှိလျှင် ဝင်ငွေ ၁ ကျပ် ၈၇ ပြား ပြန်ရခြင်း ဖြစ်သည်။
စင်ကာပူ MRT ပင် ၁၂၅ ရာခိုင်နှုန်းသာ ရရှိသည်ဟု ဆိုထားသည်။ ထိုကဲ့သို့ရရှိရန် စင်ကာပူအစိုးရ၊ ဟောင်ကောင် အုပ်ချုပ်ရေး အဖွဲ့တို့သည် မြို့တော်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေများ Urban Wealth Fund (UWF) ထူထောင်ခဲ့သည်။ တခြား အင်္ဂလန်နိုင်ငံ၊ ဆွီဒင်နှင့် ဒိန်းမတ်နိုင်ငံများတွင်လည်း UWF များကို ကဏ္ဍအလိုက် သော်လည်းကောင်း၊ စုပေါင်းပြီး သော်လည်းကောင်း လုပ်ကိုင်ဆောင်ရွက်ပြီး နိုင်ငံတော်ပိုင်များမှ အစိုးရဝင်ငွေ ရရှိရန်လုပ်ဆောင်ခဲ့ပုံကို အထောက်အထား များဖြင့် ဖော်ပြခဲ့သည်။
Urban Wealth Fund တို့၊ Sovereign Wealth Fund တို့၊ Strategic Investment Fund တို့ တည်ထောင်ပြီး အစိုးရများ ဝင်ငွေ တိုးပွားအောင် လုပ်ဆောင်မည် ဆိုလျှင်တော့ အဓိက လိုအပ်ချက် ၄ ချက်ကို လိုက်နာရန် လိုအပ်သည်။ ထို ၄ ချက်ကို လိုက်နာမှု အတိုင်းအတာပေါ် မူတည်၍လည်း ထိုရန်ပုံငွေများ၏ ထိရောက်မှုနှင့် အကျိုးအမြတ်များလည်း ကွာခြား သွားနိုင်သည်။
ထိုလိုအပ်ချက် ၄ ချက်မှာ ၁။ Balance sheet ထူထောင်ခြင်း၊ ၂။ ပွင့်လင်းမြင်သာမှု Transparency ၊ ၃။ နိုင်ငံရေးမပါ လွတ်လပ်စွာ ရပ်တည်နိုင်မှု Political independence နှင့် ၄။ ကဏ္ဍအလိုက်သော်လည်းကောင်း၊ လုပ်ငန်းအရသော် လည်းကောင်း ကျွမ်းကျင်သူများ၏ စီမံခန့်ခွဲမှု (Professional management) တို့ ဖြစ်သည်။
ထိုအချက် ၄ ချက်အပြင် အထက်ဖော်ပြပါ မြို့တော်အစိုးရများ ဝင်ငွေတိုးပွားရန် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ ထူထောင်ပြီး စီးပွားရေး လုပ်မည်ဆိုလျှင် သက်ဆိုင်ရာ လွှတ်တော်များသို့ တင်ပြ၍ ဥပဒေပြဋ္ဌာန်း လုပ်ဆောင်သင့်သည်။ သို့မှသာ အဆိုပါ ရင်းနှီးမြှုပ်နှံမှု စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှု၊ နိုင်ငံရေးအရ လွတ်လပ်မှုနှင့် ကျွမ်းကျင်သူများ၏ စနစ်တကျ စီမံခန့်ခွဲမှု ဖြစ်စေမည်ဖြစ်သည်။
ထို့အပြင် မြို့တော်စည်ပင်သာယာရေး အဖွဲ့ ပိုင်ဆိုင်သည့် ပြည်သူပိုင်ပစ္စည်း အိမ်ခြံမြေများ၏ တန်ဖိုးကိုလည်း ဈေးကွက်ပေါက်ဈေးအတိုင်း တွက်ချက်နိုင်ပြီး စနစ်တကျ မြို့တော်အစိုးရပိုင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ၏ ပိုင်ဆိုင်မှုတန်ဖိုး (Balance sheet) ကို ထူထောင်နိုင်မည်လည်း ဖြစ်သည်။
ထိုကဲ့သို့ နိုင်ငံတော်ပိုင်များကို စနစ်တကျ စီမံခန့်ခွဲ၍ အစိုးရဝင်ငွေ တိုးရန် ရင်းနှံမြှုပ်နှံမှု ရန်ပုံငွေ ကုမ္ပဏီများ ထူထောင် လုပ်ကိုင်သင့်သည်ဟု ရေးသားထားသော်လည်း ဘီအိုတီ၊ ပီပီပီများကို အစိုးရအနေဖြင့် မလုပ်ဆောင်ရဟု မဆိုလိုပါ။
မိမိ ဆိုလိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့များ အနေဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု အတွက် လိုအပ်နေသည့် အခြေခံ အဆောက်အအုံများ တည်ဆောက်ရန် (သို့မဟုတ်) ပြည်သူလူထုအတွက် မရှိမဖြစ် လိုအပ်သည့် ဝန်ဆောင်မှုများ ပေးအပ်ရန် ဘီအိုတီ၊ ပီပီပီနှင့် ပုဂ္ဂလိကပိုင် ပြုလုပ်သည့် နည်းလမ်းများသာ ရှိသည်မဟုတ်ဘဲ Dag Detter တို့ ရေးသားထားသလို၊ နိုင်ငံတော်ပိုင်များကို စနစ်တကျ စီမံခန့်ခွဲခြင်းဖြင့်လည်း အခြေခံ အဆောက်အအုံ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ကြောင်း ဖြစ်သည်။
(ခိုင်ဝင်းသည် ရန်ကုန်အခြေစိုက် Sandhi Governance Institute ၏ ဒါရိုက်တာဖြစ်သည်။)