မြစ်ဆုံနဲ့ပတ်သက်ပြီး ပညာရှင်တွေရဲ့ ထောက်ပြမှု၊ ကန့်ကွက်မှုတွေ အမှန်တကယ် မရှိသယောင် ရေးသားထားတဲ့ NLD ပါတီက ဦးဟံသာမြင့်ရဲ့ဆောင်းပါးကို ခုရက်ပိုင်းမှာ ဆိုရှယ်မီဒီယာမှာ ပြန်တွေ့လာရပါတယ်။ အမှန်က ပညာရှင်တွေရဲ့ ဆန်းစစ်ချက်တွေ၊ မလုပ်ဖို့ ထောက်ပြမှုတွေ ကျယ်ကျယ်ပြန်ပြန့်ရှိနေပါတယ်။ အခြားသောလေ့လာချက်တွေကို ပစ်ပယ်ချင်ရင်တောင်မှ ပစ်ပယ်လို့ မရတဲ့ သုတေသန ရှိနေပါတယ်။ အဲဒါက ၂၀၁၈ နှစ်ကုန်ပိုင်းကမှ ထွက်ခဲ့တဲ့ NLD အစိုးရနဲ့ ကမ္ဘာ့ဘဏ်( IFC) ရဲ့ တရားဝင်လေ့လာချက် စာတမ်းပါ။
” မြန်မာနိုင်ငံ ရေအားလျှပ်စစ်ကဏ္ဍ၏ မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ချက်များ” လို့ အမည်ပေးထားပါတယ်။ မြန်မာဘာသာ အကျဉ်းချုပ်ကို IFC ရဲ့အင်တာနက်စာမျက်နှာမှာ တွေ့နိုင်ပါတယ်။ စာတမ်းအပြည့်အစုံကိုလည်း အင်္ဂလိပ်ဘာသာနဲ့ ဖတ်နိုင်ပါတယ်။ ‘Strategic Environmental Assessment of the Myanmar Hydropower Sector’ ဆိုတဲ့ စာတမ်းထဲက အဓိက အချက်အလက်များကို ကောက်နုတ် ဖော်ပြပါရစေ။ အဲဒီစစ်တမ်းရဲ့ စာမျက်နှာ ၃၄၊ ၃၅၊ ၃၆၊ ၃၇ တွေမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
မြစ်ဆုံရေကာတာစီမံကိန်းသာ လုပ်လိုက်ရင် မေခ-မလိခမြစ်ရဲ့ရေစီး ရေလာကို ရာနှုန်းပြည့် (၁၀ဝ ရာခိုင်နှုန်း) ထိန်းချုပ်လိုက်တာဖြစ်သွားပါမယ်။ ဧရာဝတီတလျှောက်လုံးက ရေစီးရေလာရဲ့ ၄၂ ရာခိုင်နှုန်းကို ထိန်းချုပ်လိုက်တာ ဖြစ်သွားမယ်။ ဧရာဝတီမြစ်ဟာ ချင်းတွင်းမြစ်နဲ့မဆုံခင်အထိမှာ သူ့ရေစီးရေလာရဲ့ ၆၅ ရာခိုင်နှုန်းအထိ ထိန်းချုပ်ခံရတာဖြစ်သွားပြီး ချင်းတွင်းမြစ်နဲ့ဆုံပြီးနောက်မှာတော့ ချင်းတွင်းမြစ်ထဲက စီးဆင်းလာတဲ့ရေများကြောင့် ထိန်းချုပ်ခံရတဲ့ပမာဏက ၄၄ ရာခိုင်နှုန်း ဖြစ်သွားပါမယ်။
သဘာဝရေစီးရေလာဟာ မြစ်တခုရှင်သန်ဖို့ မဖြစ်မနေ လိုအပ်ချက်ပါ။ မေခ-မလိခရဲ့ရေစီးရေလာကို မြစ်ဆုံရေကာတာနဲ့ ရာနှုန်းပြည့် ထိန်းချုပ်လိုက်တာ၊ ရလဒ်အနေနဲ့ ဧရာဝတီမြစ်ရဲ့ ရေစီးရေလာကို ၄၂ ရာခိုင်နှုန်းကနေ ၆၅ ရာခိုင်နှုန်း အထိထိန်းချုပ်သလိုဖြစ်သွားမှာတွေဟာ ဧရာဝတီကို အသက်ငင်စေမယ့် အခြေအနေတွေ ဖြစ်ပါတယ်။ မြင်သာလာမယ့် ထိခိုက်မှုတွေက ရေစီးရေလာပြောင်းလဲတာ၊ မြစ်ကြောင်းရုပ်သွင်ပြောင်းလဲတာ၊ နုန်းသယ်ယူမှု ပုံသဏ္ဌာန်ပြောင်းတာတွေပဲ ဖြစ်ပါတယ်။
မေခ-မလိခမြစ်ဝှမ်းမှာ ဆည်ကြီးတွေသာ ဆောက်လိုက်ရင် မြစ်လက်တက်တွေကို ထိန်းချုပ်လိုက်သလိုဖြစ်မှာမို့ မြစ်တွေရဲ့အဆက်အစပ်ရှိမှု သိသိသာသာ ထိခိုက်သွားမယ်။ တောင်တန်းဒေသတွေကနေ နုန်းတွေပို့ချပြီး မြစ်ကြောင်းနဲ့ပါလာတာကို ဆည်တွေက ဟန့်တားပိတ်ဆို့ခံရသလိုဖြစ်မယ်။ မြစ်ကြောင်းကို အားသစ်လောင်းမယ့် နုန်းကျမှုတွေလျော့သွားတဲ့အခါ မြစ်ကြောင်းတလျောက် တိုက်စားမှုတွေ များလာဖို့ရှိပြီး ဧရာဝတီရဲ့ ရုပ်သွင်သဏ္ဌာန် ပြောင်းလဲလာပါလိမ့်မယ်။ မြစ်ဝကျွန်းပေါ်ဒေသတွေကို ပို့ချမှုနည်းလာတဲ့အခါမှာလည်း ကမ်းရိုးတန်းတိုက်စားတာ၊ စိုက်ပျိုးထုတ်လုပ်နိုင်မှု ကျဆင်းတာ၊ ရေနက်ပိုင်း ငါးဖမ်းလုပ်ငန်း ထိခိုက်တာတွေ ကြုံရဖို့ ရှိပါတယ်။
မြစ်ဆုံနဲ့ မေခ-မလိခမြစ်ဝှမ်းမှာ ဆည်ကြီးတွေဆောက်လိုက်ရင် လွတ်လပ်စွာ စီးဆင်းနေတဲ့ ရေသတ္တဝါတွေ ရှင်သန်ပေါက်ဖွားရာ နေရာတွေဟာ ရေစီးနှေး၊ ရေနက်တဲ့ရေကန်ကြီးတွေအဖြစ် ပြောင်းသွားပါလိမ့်မယ်။ ဒါတွေကြောင့် မေခ-မလိခမြစ်ဝှမ်းက ရေနေ သက်ရှိဇီဝတွေကို ထိခိုက်ပါလိမ့်မယ်။
ဧရာဝတီမြစ်ဝှမ်းဒေသရဲ့ အထက်ပိုင်းမှာသာ တွေ့ရတဲ့ ထူးခြားတဲ့ ဂေဟဒေသသုံးခုဟာ ဆည်စီမံကိန်းကြီးတွေသာ လုပ်ခဲ့ရင် ပျက်ဆီးရဖို့ရှိပါတယ်။ အဲဒီဒေသတွေဟာ မြန်မာပြည်မှာ မပျက်ယွင်းသေးဘဲ ကျန်နေတဲ့ သစ်တောပမာဏရဲ့ ၃၆.၄ ရာခိုင်နှုန်း တည်ရှိရာဖြစ်ပါတယ်။ အဲဒီဒေသ တခုတည်းကိုပဲ ကြည့်မယ်ဆိုရင်လည်း သစ်တောဖုံးလွှမ်းမှု ၇၂.၂ ရာခိုင်နှုန်း ရှိပါတယ်။ အဲဒီသစ်တောတွေ၊ သက်ရှိဇီဝ ခိုလှုံရာတွေဟာ ဆည်တွေကြောင့် ရေလွှမ်းကုန်မှာကြောင့်ရော၊ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ရွှေ့ပြောင်းဝင်လာမယ့် ခန့်မှန်းခြေလူ ၇၈၀ဝ၀ လောက်ကြောင့်ရော ပျက်ယွင်းကုန်ပါလိမ့်မယ်။ အကျိုးဆက်က သက်ရှိဇီဝတွေပါ ပျက်ပြုန်းကုန်ပါမယ်။
မေခ-မလိခမြစ်ဝှမ်းမှာ ခန့်မှန်းခြေလူ ၁၉၅၀ဝ၀ လောက် နေထိုင်ပါတယ်။ ရေကာတာစီမံကိန်းတွေဟာ အဲဒီဒေသခံပြည်သူတွေကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ထိခိုက်မှာဖြစ်ပါတယ်။ ဧရာဝတီမြစ်ဝှမ်းထဲမှာမှ မေခ-မလိခမြစ်ဝှမ်းဟာ စစ်မက်ပဋိပက္ခဖြစ်ဖို့ အလားအလာ အများဆုံးဒေသလည်း ဖြစ်ပါတယ်။ ဒီဒေသက တာပိန်ရေအားလျှပ်စစ်စီမံကိန်းက စတင်လို့ မြန်မာ့တပ်မတော်နဲ့ကေအိုင်အိုရဲ့ ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲမှု ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။
မြန်မာပြည်တဝှမ်းက အဆိုပြုထားတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေကိုသာ အပြောင်းအလဲမရှိ ဆက်လုပ်မယ် ( BAU- Business as Usual) ဆိုရင် မြန်မာ့မြစ်တွေမှာ ကုစားပြောင်းလဲဖို့ မလွယ်တဲ့ ထိခိုက်မှု ကြီးကြီးမားမားတွေ (Major and irreversible changes to Myanmar’s rivers) ကြုံရပါမယ်။
ပြောင်းလဲသွားမယ့် အခြေအနေတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။
(Altered seasonal and daily river flows.) မြစ်များရဲ့ ရာသီအလိုက်စီးဆင်းပုံနဲ့ နေ့စဉ်ရေစီးရေလာအနေအထား ပြောင်းလဲသွားမယ်။
( Fragmented river systems.) မြစ်များရဲ့ ဖွဲ့စည်းပုံစနစ် စိတ်မွှာပြတ်တောက်သွားမယ်။
(Changes to water quality.) ရေအရည်အသွေး ပြောင်းလဲသွားမယ်။
(Reduced downstream sediment load and erosion.) မြစ်အောက်ပိုင်း နုန်းကျမှု လျော့လာပြီး ကမ်းပါးတိုက်စားမှုတွေ များလာမယ်။
(Reduced biodiversity) ဇီဝစုံလင် ကွဲပြားမှု လျော့ကျမယ်။
(Loss of riverine resources and livelihoods.) မြစ်ဝှမ်းဒေသ သယံဇာတနဲ့ အသက်မွေးဝမ်းကြောင်းတွေ ဆုံးရှုံးမယ်။
ဒါ့ကြောင့် တရုတ်လော်ဘီ၊ ရေကာတာလော်ဘီအဖြစ် တက်တက်ကြွကြွ လှုပ်ရှားနေုတဲ့ ဆရာကြီးများကို ပြောလိုတာကတော့ ရေကာတာ ဆောက်ချင်ရင် ဆောက်ကြပါ။ ဒါပေမယ့် သုတေသနနဲ့ ပညာရှင်အမြင်တွေကတော့ ဆရာကြီးတို့ဘက်မှာ မရှိပါဘူးလို့။
(မောင်မြင့်ဇော်သည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တဦးဖြစ်သည်။)