မြန်မာနိုင်ငံတွင် သက်တမ်းအရင့်ဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) သည် နှစ် ၇၀ မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ကို ဇန်နဝါရီလ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကရင်ပြည်နယ် လောခီးလာရှိ ဌာနချုပ်တွင် ကျင်းပရန် စီစဉ်ထားသည်။
KNU သည် ထိုအခမ်းအနားတွင် ခွဲထွက်သွားသော အုပ်စုများဖြစ်သည့် ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော် (DKBA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) နှင့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) စသည့် အဖွဲ့များနှင့် ပထမဆုံးကြိမ် ပူးပေါင်းစစ်ရေးပြချီတက်မည်ဖြစ်သည်။ KNU သည် ထိုနှစ်ပတ်လည်နေ့ကို ကျင်းပခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သော်လည်း ယခုကဲ့သို့ ခွဲထွက်အဖွဲ့များနှင့် ပူးပေါင်းကျင်းပသည်မှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်။
ကရင်ပြည်သူများ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အတူတကွ ပူးပေါင်းလုပ်ဆောင်ကြရန် သဘောတူခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့ အစည်းအဝေးတွင် ယခုကဲ့သို့ ပူးပေါင်းကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
KNU သည် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) ကိုလည်း ထိုအခမ်းအနားသို့ ဖိတ်ကြားထားကြောင်း KNU အဆင့်မြင့်အရာရှိတဦး၏ အဆိုအရ သိရသည်။ တပ်မတော်၊ ပြည်ထောင်စု အစိုးရ၊ နိုင်ငံရေးပါတီများနှင့် ပြည်ပသံတမန်အချို့ကိုလည်း ဖိတ်ကြားထားသည်ဟုလည်း ဆိုသည်။ အံ့သြစရာကောင်းသည်မှာ သမ္မတဟောင်း ဦးသိန်းစိန်ခေတ်က မြန်မာငြိမ်းချမ်းရေးစင်တာအကြီးအကဲနှင့် ငြိမ်းချမ်းရေးညှိနှိုင်းသူ ဦးအောင်မင်းကိုလည်း ဖိတ်ကြားထားခြင်းဖြစ်သည်။ ဖိတ်ကြားခံရသူအားလုံး တက်ရောက်ကြမည်ဟု ယူဆရသည်။
KNU ကထိုသူများကို ဖိတ်ကြားရခြင်းအကြောင်းရင်းများကို အဓိကအားဖြင့် နှစ်မျိုးသတ်မှတ်နိုင်သည်။
ပထမအချက်မှာ KNU သည် EAOs အများအပြားတို့ကြားမှ နယ်နမိတ်ပြဿနာများကို ဖြေရှင်းလိုသည်။ နယ်နမိတ် အငြင်းပွားမှုကြောင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့အကြား၊ RCSS နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြားနှင့် KNU နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့အကြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ RCSS နှင့် SSPP တို့သည် တိုက်ပွဲကြီးများ လတ်တလောဖြစ်ပွားနေပြီး ထိုနှစ်ဖွဲ့သည် ယခုကျင်းပမည့်အခမ်းအနားတွင် ထိုပြဿနာကိုဆွေးနွေးမည်ဟု မျှော်လင့်ရသည်။
ဒုတိယ အချက်မှာ KNU သည် တုံ့ဆိုင်းနေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြောင်းဆွေးနွေးလိုပြီး လမ်းကြောင်းမှန်ပေါ် ပြန်လည်တင်ပေးလိုခြင်းဖြစ်သည်။ KNU သည် လွန်ခဲ့သောအောက်တိုဘာလက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ယာယီဆိုင်းငံ့ခဲ့သည်။ နောက်တလကြာသောအခါ RCSS ကလည်း အလားတူ လုပ်ဆောင်ခဲ့သည်။ အစိုးရနှင့် တပ်မတော်အဆင့်မြင့်ကိုယ်စားလှယ်များနှင့် မကြာသေးမီက ဆွေးနွေးပွဲများသည်လည်း အဓိက အတားအဆီးများကို ဖြေရှင်းနိုင်ခြင်းမရှိကြောင်း ထိုအဖွဲ့များက ပြောသည်။
NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ အားလုံးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စိတ်ပျက်နေပုံရသည်။ အစိုးရ၊ တပ်မတော်တို့နှင့် အစည်းအဝေးပေါင်းများစွာနှင့် ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံ ၃ ကြိမ်အပြီးတွင် လက်ရှိလမ်းကြောင်းသည် ခရီးရောက်မည် မဟုတ်ကြောင်း လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ယုံကြည်လာကြသည်။
NCA သည် တပ်မတော်နှင့် လက်မှတ်ရေးထိုးထားသည့် EAOs အများအကြား မည်သည့်အပစ်အခတ်ရပ်စဲရေးကိုမျှ အာမခံချက် မပေးနိုင်ခဲ့ပေ။ တပ်မတော်က လမ်းအဆင့်မြှင့်တင်ရေးအတွက် ကင်းလှည့်သည်ဟူသော စွပ်စွဲချက်ကြောင့် မကြာသေးမီက တပ်မတော်နှင့် KNU အကြား တိုက်ပွဲများသည် NCA ၏ အားနည်းချက်များကို ပြသနေသည်။
ဘန်ကောက်ရှိ မြန်မာစစ်သံမှူးက ရှမ်းပြည်ညီညွတ်ရေးကော်မတီက ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင်၂၀၁၇ ခုနှစ်က ပြုလုပ်သည့် အစည်းအဝေးကို ပိတ်စို့ခဲ့ပြီးနောက် တပ်မတော်သည် NCA ပြဌာန်းချက်များကို မလိုက်နာကြောင်း RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရွက်ဆစ်က စွပ်စွဲခဲ့သည်။ ထိုနှစ်မှာပင် တပ်မတော်နှင့် RCSS တို့တိုက်ပွဲများဖြစ်ပွားသည်။
NCA လက်မှတ်ထိုးထားသူများနှင့် မထိုးထားသူများအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ဘုံရည်မှန်းချက်ရှိကြသောကြောင့် ထိုအဖွဲ့များသည် တုံ့ဆိုင်းနေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆွေးနွေးမည်ဖြစ်ပြီး ရှေ့ဆက်နိုင်ရန် သေနင်္ဂဗျူဟာသစ် တခုကို အနည်းဆုံး ချမှတ်ကြမည်ဖြစ်သည်။
မည်သို့ရှေ့ဆက် လုပ်ဆောင်သင့်သည်နှင့်ပတ်သက်ပြီး KNU သည် ဦးအောင်မင်းထံမှ အကြံဉာဏ်တောင်းခံနိုင်ပြီး အနာဂတ်ညှိနှိုင်းမှုများတွင် ကြားဝင်စေလိုခြင်းပင် ရှိနိုင်သည်။ KNU သည် ဦးအောင်မင်းဦးဆောင်သည့် စေစပ်ညှိနှိုင်းရေးအဖွဲ့နှင့် အစည်းအဝေးများစွာ ကျင်းပပြီးနောက် ၂၀၁၅ ခုနှစ်တွင် အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့နှင့် အတူ NCA လက်မှတ်ရေးထိုးခဲ့သည်။ NCA လက်မှတ်ရေးထိုးထားသော အဖွဲ့များနှင့် ဦးအောင်မင်းအကြား ဆက်ဆံရေးကောင်းမွန်သည်ကို မငြင်းနိုင်ပေ။ ထိုဆက်ဆံရေးကို KNU က ပိုမိုကောင်းမွန်စေလိုသည်။
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တုံ့ဆိုင်းနေသည် ဟူသောအချက်မှာ ငြင်းပယ်မရသော အချက်ဖြစ်သည်။ လွန်ခဲ့သော ဒီဇင်ဘာလက တပ်မတော်က ၄ လကြာ အပစ်ရပ်စဲထားသည့်တိုင် နီးကပ်သော အနာဂတ်တွင် ပဋိပက္ခများ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးရရန် မဖြစ်နိုင်ပေ။ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေသည်။
EAOs များနှင့် တပ်မတော်တို့အကြား တွေ့ဆုံဆွေးနွေးမှုများသည် ပဋိပက္ခရပ်စဲရေးနှင့် ပြဿနာများဖြေရှင်းရေးအတွက် အရေးပါသည်။ သို့သော် တပ်မတော်နှင့် အဓိပ္ပါယ်ပြည့်ဝသော ဆွေးနွေးပွဲများ မပြုလုပ်နိုင်မီ EAOs များသည် ၎င်းတို့အကြား နယ်နမိတ်အငြင်းပွားမှုများကို ဖြေရှင်းရမည်ဖြစ်သည်။ ထို့ကြောင့် EAOs အားလုံးတို့သည် ယခုအခမ်းအနားသို့ တက်ရောက်ပြီး အငြင်းပွားမှုများကို ဖြေရှင်းရန်နှင့်ငြိမ်းချမ်းရေးလမ်းကြောင်းသစ် ချမှတ်ရန် တွေ့ဆုံဆွေးနွေးမည်ဟု မျှော်လင့်ရသည်။
(Joe Kumbun သည် ကချင်အခြေစိုက် လေ့လာသုံးသပ်သူတဦးဖြစ်သည်။ ၎င်း၏ What We Can Hope For From the 70th Anniversary of Karen National Resistance Day ကို ဘာသာပြန်ဆိုသည်။)