စည်ပင်ဥပဒေသစ်ကို ရန်ကုန်စည်ပင် အသက်သွင်းရမည်

ကျော်ဖြိုးသာ
YCDC ရုံးချုပ် ဖြစ်သည့် မြို့တော်ခန်းမ နှင့် မီတာ အနည်းငယ်မျှသာ ဝေးသည့်နေရာတွင်ပင် ဥပဒေကို မလိုက်နာပါ / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့တော်၏ စည်ပင်သာယာရေး ဥပဒေသစ် စတင် အသက်ဝင်သည်မှာ ၂ လကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုအရ ရေးဆွဲခဲ့သော အဆိုပါဥပဒေက သူတို့၏ နေ့စဉ် ဘဝများအပေါ်တွင် အပေါင်းလက္ခဏာဆောင်သော သက်ရောက်မှုတခု ရှိသည်ဟု မြို့တော်နေပြည်သူများက မြင်ကြပါသလား။

ရန်ကုန်တွင် မွေးဖွားခဲ့သူ၊ နေထိုင်သူတဦး အနေဖြင့် “မြင်လည်းမြင်တယ်၊ မမြင်လည်းမမြင်ဘူး” ဟု ကျနော် ဖြေရလိမ့်မည် ဖြစ်ပါသည်။

ရန်ကုန်၏ စည်ပင်သာယာရေး အဖွဲ့အစည်းဖြစ်သော မြို့တော် စည်ပင်သာယာရေးကော်မတီ(YCDC) က ရန်ကုန်ကို ပိုမို၍ နေပျော်ဖွယ်ကောင်းသော နေရာတခု အဖြစ်ပြုလုပ်ရန် ၎င်း၏ ရည်မှန်းချက် အကောင်အထည် ပေါ်လာရေးကို ကြိုးစားနေသည်မှာ အမှန်ပင်ဖြစ်ပါသည်။ မြို့လယ်တဝိုက်တွင် လျှောက်သွားကြည့်လျှင် ကွဲပြားခြားနားမှုကို ခံစားရလိမ့်မည် ဖြစ်သည်။

ပြီးခဲ့သည့်နှစ် အစောပိုင်း နှင့် မတူသည့် တိုးတက်မှုတခု အနေဖြင့် ဆူးလေဘုရားအနီး အနော်ရထာလမ်းမှ လူသွားစြင်္ကန်များသည် ယခုအခါတွင် လမ်းဘေးဈေးသည်များ(ယခင်ကထက်) ပို ၍ နည်းပါးနေပြီး ခြေလျင်ခရီးသွားများအတွက် ပို၍ အဆင်ပြေပြေရှိလာသည်။ တချိန်က ကျိုးပဲ့နေခဲ့သည့် ကန်တော်ကြီးကန် ပတ်လမ်း ပလက်ဖောင်း အများစု မှာ အသစ်ဖြစ်နေပြီဖြစ်သည်။ တချိန်က တရုတ်တန်းရှိ မဟာဗန္ဓုလ လမ်းမကို ကျူးကျော်သိမ်းပိုက်ထားခဲ့သော အစားအသောက်ရောင်းသည့် လှည်းများမရှိတော့ပါ။ တချိန်က အမှိုက်သရိုက် များဖြင့် ပိတ်ဆို့နေခဲ့သော မြို့လယ်မှ နောက်ဖေးလမ်းကြားအချို့က အတော်လေး သန့်ရှင်းနေသည်။

အဆိုပါဥပမာများချည်းသာ သက်သက်ဆိုလျှင် ပြည့်စုံကောင်းမွန်သော ရုပ်ပုံတခု (ဥပဒေတွင် ပြဌာန်းထားသည့်အတိုင်း ဒဏ်ငွေများနှင့် ထောင်ဒဏ်များ ချမှတ်ခြင်းအားဖြင့် YCDC က လတ်တလောပြဌာန်းထားသည့် စည်ပင်သာယာရေး ဥပဒေသစ်ကို ထိရောက်စွာ အကောင်အထည်ဖော်နေသည့် ပုံရိပ်တခု) ဖြစ်ပါလိမ့်မည်။

သို့သော်လည်း မီးပွိုင့်များတွင် မော်တော်ယာဉ်များ တန်းစီ ရပ်တန့်ပိတ်ဆို့နေသည်ကို မြင်တွေ့နိုင်သော ဆူးလေ လမ်းဆုံ လူကူးတံတားပေါ်မှငေးကြည်ရုံ နှင့် တွေ့နိုင်သော မြင်ကွင်းက အထက်ပါအကြောင်းအရာများ နှင့် မတူ တမူကွဲပြားသော ဇာတ်လမ်းကို ပြောပြနေပါသည်။

မနက်ခင်း လူအသွား အလာများသည့် အချိန်များတွင် မီးပွိုင့်များ၌ စောင့်ဆိုင်းနေကြသည့် ယာဉ်မောင်းများက သူတို့၏ ကားပြတင်း မှန်များကို ဖွင့်၍ လမ်းပေါ်သို့ ကွမ်းတံတွေးထွေးချနေကြသည်ကို မြင်တွေ့ရနိုင်သည်။ ထို အပြုအမူသည် မြို့တော် သန့်ရှင်းရေးဆိုင်ရာ ဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်ပြီး YCDC ဥပဒေသစ်အရ ကျူးလွန်သူကို ဒဏ်ငွေ ၃၀၀၀၀ မှ ၅၀၀၀၀ အထိ ချမှတ်ရမည် ဖြစ်သည်။

လမ်းသွယ်များထဲသို့ ဝင်လိုက်လျှင် ထိုလမ်းများသည် ပြီးခဲ့သည့်နှစ်ကထက် ပိုကျည်းမြောင်းလာသည့် ဟု ခံစားမိပါသည်။ ထို လမ်းသွယ်များ၏ တဖက်တွင် ပလက်ဖောင်းများမှ နှင်ထုတ်ခြင်းခံထားရသည့် လမ်းဘေးဈေးသည်များနှင့် အစားအစာရောင်းသည့် လှည်းများ တသီတတန်းရှိကောင်း ရှိနေပါလိမ့်မည်။

အခြားတဘက်တွင်မူ ကားများ ရပ်နားထားကြသည်။ (အဆိုပါ လမ်းဘေးဈေးသည်များမှာ YCDC မှ ခွင့်ပြုချက် ရရှိထားသလားဆိုသည်က မရှင်းလင်းပါ။ အကယ်၍ ခွင့်ပြုချက် မရထားခဲ့လျှင် သူတို့သည် အများပြည်သူသုံးစွဲသည့် လမ်းမများ၊ လမ်းများနှင့် လူသွား စြင်္ကန်များကို ပိတ်ဆို့စေခြင်း ဟူသမျှကို တားမြစ်ထားသည့် YCDC ဥပဒေ ပုဒ်မ ၃၁၅ ကို ချိုးဖောက်ခြင်း ဖြစ်ပါသည်။) လမ်းထောင့်တွင် မီနီဗန် တစီးစာမျှ ကြီးမားသည့် မီးစက်ကြီးတလုံးက ဒဏ်ငွေ ၁၀၀,၀၀၀ မှ ၅၀၀,၀၀၀ အထိ ချမှတ် နိုင်သော စည်ပင်ဥပဒေ ပုဒ်မ ၃၁၅ ကို ပမာမခန့်ပြု၍ ထီးထီးမားမားရပ်တည်နေ၏။

ထိုအရာများ အားလုံးသည် YCDC ရုံးချုပ် ဖြစ်သည့် မြို့တော်ခန်းမ နှင့် မီတာ အနည်းငယ်မျှသာ ဝေးသည့်နေရာတွင် ဖြစ်ပွားနေခြင်းဖြစ်သည်။ ရန်ကုန်မြို့မှ ကြိုဆိုလိုက်ပါ၏။

မြို့တော်စည်ပင်က ၎င်း၏ ကိုယ်ပိုင် ဥပဒေများကို အပြည့်အဝ အကောင်အထည်ဖော် ကျင့်သုံး နိုင်ခဲ့ခြင်း မရှိကြောင်း အထက်ပါ ဥပမာများက ထင်ထင်ရှားရှားပင် ဖော်ပြနေပါသည်။ ပြည်သူများက စည်ပင်ဥပဒေကို မသိကြဟု ပြော၍ မရနိုင်ပါ။ ဥပဒေကို ဇွန်လတွင် ပြဌာန်းခဲ့ခြင်း ဖြစ်သော်လည်း YCDC က ဇူလိုင်၊ သြဂုတ် နှင့် စက်တင်ဘာလများကို မြို့တော်၏ စည်းကမ်းများနှင့် ပတ်သက်၍ ပြည်သူများ သိရှိနိုင်ရေးအတွက် ပညာပေးကာလ အဖြစ် သတ်မှတ်ထားခဲ့ပြီးဖြစ်ပါသည်။ ထို ၃ လလွန်လျှင် YCDC က ရန်ကုန်ကို နေချင်ဖွယ်ကောင်းသည့် မြို့တော်တခု အဖြစ်ပြုလုပ်ရန် ဥပဒေအတိုင်း ကျင့်သုံး အကောင်အထည်ဖော်ရေးကို အာရုံစိုက်မည့် သဘောဖြစ်ပါသည်။

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး အနေဖြင့် တာဝန်ယူပြီး ၃ နှစ်ကျော် လက်ရှိ ကာလအတွင်းတွင် မြို့တော်အတွက် ပြောပလောက်စရာ အောင်မြင်အောင် လုပ်ပြနိုင်သည်ကို မတွေ့ရသေးပါ။ သူ၏ စည်ပင်သာယာရေးကော်မတီက ၎င်းတို့၏ အလုပ်ကို လုပ်ရန် ပျက်ကွက်မှုအတွက် သူ့ကို လွှတ်တော်ကိုယ်စားလှယ်တဦးက “ငဖြီးကြီး” ဟု မကြာသေးမီကပြောကြားခဲ့သည်။

ထိုသို့ အခေါ်ခံရပြီးနောက်မကြာခင် စည်ပင် ဝန်ထမ်းများက စမ်းချောင်းမြို့ နယ်မှ လမ်းများပေါ်သို့ အလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့ကြသည်။ သူတို့၏ စီးနင်းမှုအတွင်းတွင် လမ်းများကို ပိတ်ဆို့နေသည့် လမ်းဘေးဈေးသည်များထံမှ ပစ္စည်းများကို သိမ်းဆည်းခဲ့ကြသည်။ သူတို့က ပလက်ဖောင်းများကို ကျူးကျော်ထား သည့် စားသောက်ဆိုင်ငယ်များနှင့် ထီလက်မှတ်ရောင်းသူများကို မောင်းထုတ်ခဲ့ကြသည်။

စမ်းချောင်းတွင် နေထိုင်သူများအနေဖြင့် လမ်းဘေးဈေးသည်ဗန်းကို မနင်းမိအောင် သတိထားလျှောက် နေရသည့် ဘေးမှ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ကင်းလွတ်ကြရတော့သည်။ သူတို့ ပတ်ဝန်းကျင်တွင် ခြေလှမ်းတိုင်းကို စိုးရိမ်စရာ မရှိဘဲ သွားလာနိုင်လောက် အောင် ကျယ်ဝန်းသည့် လမ်းများရှိနေကြောင်းကို စမ်းချောင်းမြို့နယ်တွင် နေထိုင်သူများ နှစ်ပေါင်းများစွာအတွင်း ပထမဆုံး အနေဖြင့် သတိပြုမိခဲ့ကြသည်။

သို့သော်လည်း မြို့တော်၏ ပြဿနာများအတွက် ထိုကဲ့သို့သော ကြုံသလိုဖြေရှင်းမှုများက အဖြေမဟုတ်ပါ။ စမ်းချောင်း မြို့ နယ်ကဲ့သို့သော ပြဿနာများကို ရင်ဆိုင်နေရသည့် အခြားမြို့နယ် အများအပြားရှိပါသည်။ စည်းကမ်းမဲ့ ဈေးသည်များက နေရာ အနှံ့အပြားတွင် ရှိနေသည်။ နောက်ဖေးလမ်းကြားများသည် ပစ်ထားသော အမှိုက်များဖြင့် ပြည့်နေသည်။ မော်တော်ယာဉ်များက လူ သွားစြင်္ကန်များပေါ်တွင် ရပ်နားထားကြသည့်အတွက် ပြည်သူများမှာ သူတို့ကို ဘတ်စ်ကားများက အရှိန် ပြင်းပြင်းဖြင့် ကျော်ဖြတ်သွားနေသည့် လမ်းများပေါ်တွင် သက်စွန့်ဆံဖျား လမ်းလျှောက်သွားကြဖို့ ဖြစ်လာရသည်။ တာမွေ မြို့ နယ်တွင် အချို့ ဘတ်စ်ကား မှတ်တိုင်များကို လမ်းဘေးဈေးသည်များက လုံးလုံးလျားလျား သိမ်းပိုက်ထားကြသည့် အတွက် ခရီးသွား ပြည်သူများမှာ လမ်းပေါ်တက်၍ ကားစောင့်ကြရသည်။

စည်ပင်သာယာရေး ဥပဒေသစ်ကို ပြဌာန်းလိုက်သည့် အချိန်တွင် မြို့တော်နေပြည်သူများမှာ သူတို့၏ မြို့နယ်များတွင် နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည့် အဆိုပါ စိတ်အနှောက်အယှက်ဖြစ်စရာများ ကြုံရတော့မည် မဟုတ် ဟု မျှော်လင့်ချက်ထားကာ စစ်မှန်သော အပြောင်းအလဲ ရှိ လာမည့် အလားအလာအပေါ် ကျေနပ်ခဲ့ကြသည်။ သို့သော်လည်း ယခုအခါတွင်မူ YCDC က သူတို့ကို စိတ်ပျက်စေခဲ့သည်ဟု သူတို့ ခံစားနေကြရသည်။

မြို့တော်နေပြည်သူတို့၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းရန် အတွက် YCDC အနေဖြင့် စည်ပင် ဥပဒေကို ပြတ်ပြတ်သားသား အကောင်အထည် ဖော်ရမည်ဖြစ်သည်။ ယခုအချိန်အထိ အမှုပေါင်း ၁၀၀ ကို အရေးယူ ဆောင်ရွက်ပြီး ဖြစ်သည်ဟု YCDC တာဝန်ရှိသူများက ပြောကြသည်။ သူတို့အနေဖြင့် YCDC ဥပဒေကို ချိုးဖောက်၍ လမ်းများပေါ်တွင် သို့မဟုတ် နောက်ဖေး လမ်းကြားများတွင် အမှိုက်ပစ်သူများကို မထောက်မညှာဘဲ အရေးယူအပြစ်ပေးရမည် ဖြစ်သည်။ စည်းကမ်းမဲ့ လမ်းဘေး ဈေးသည်များကို နှိမ်နင်းသည့်အခါတွင် ၂ ဘက်လုံး အရင်က လုပ်နေကြဖြစ်သည့် လိုက်တမ်း ပြေးတမ်း ကစားပွဲကို ဆက်မကစားသင့်တော့ပါ။

လမ်းဘေးတွင် ဈေးရောင်းခြင်းက ရန်ကုန်တွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် ပြဿနာတခု ဖြစ်ပြီး ယခင် အစိုးရများက ဥပေက္ခာပြုထားခဲ့ကြသည်။ ၎င်းတို့ကို အပြီးသတ် ဖယ်ရှားရန် ရည်ရွယ်သည့် ပြင်းပြင်းထန်ထန် အရေးယူမှုများ မလုပ်ခဲ့သလောက်ပင်ဖြစ်သည်။ လမ်းဘေးဈေးသည်များကို ဖိဖိစီးစီး အရေးယူလိုက်ပါက လူမှုရေး မတည်ငြိမ်မှုများနှင့် ဆူဆူပူပူ ဖြစ်လာမည်ကို စိုးရိမ်ခြင်းကြောင့်လည်း တစိတ်တပိုင်း ပါဝင်ပါသည်။

ထို့ကြောင့် ယခင်အစိုးရ အဆက်ဆက် မသိချင်ယောင်ဆောင်ခဲ့ကြပြီး ထိုသို့ အလုပ်ကောင်းခြင်းကြောင့် ဈေးသည်များက တိုးပွားလာခဲ့သည်။ အချိန်ကြာလာသည်နှင့် အမျှ သူတို့က ပလက်ဖောင်းများကို သူတို့ပိုင်ဆိုင်ခွင့်ရှိသည့် နယ်မြေအဖြစ် စတင်ယူဆလာကြသည်။ လူသွားလမ်းတွင် စီးပွားရေးလုပ်ခြင်းက ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု မထင်ကြတော့ပါ။ မြို့တော်နေပြည်သူများ ထိခိုက်နစ်နာခဲ့ရသည်။

ဥပဒေနှင့် အညီဖော်ဆောင်ရန် ကြိုးစားသည့် အချိန်တွင် ကြုံနိုင်သော အတိုက်အခံကိစ္စများကို YCDC က အလျှော့မပေးသင့်ပါ။ ၎င်း၏ တာဝန်ရှိ သည့် အတိုင်း ဆက်လက်ဆောင်ရွက်နေနိုင်ရန် ခိုင်မာသော မူဝါဒတရပ် လိုအပ်ပါသည်။ ထို့အပြင် YCDC အ နေ ဖြင့် ယခင်အစိုးရများလက်ထက်က အကျင့်ပျက်ခြစားမှု အများဆုံးအဖွဲ့အစည်းများထဲမှ တခု၊ မြို့တော်နေပြည်သူများကို မည်သည့်အခါကမှ မျက်နှာမမူခဲ့သည့် အဖွဲ့အစည်းတခုအဖြစ် ပျက်စီးခဲ့ရသော ၎င်း၏ ပုံရိပ်ကို ပြင်ဆင်ရန် ယခုအခိုက်အတန့်ကို အခွင့်အရေးတခု အနေဖြင့် အသုံးပြုသင့်ပါသည်။

အကယ်၍ YCDC က မှန်ကန်သော လမ်းကြောင်းအတိုင်း ဦးတည် နေလျှင် သူတို့မြို့တော်ကို သန့်ရှင်းသာယာ၍ နေချင်စဖွယ်ဖြစ်အောင် ကြိုးစားနေသည့် အဖွဲ့အစည်းတခုကို ထောက်ခံ ကူညီရန် ပြည်သူများက ဝန်လေးကြလိမ့်မည် မဟုတ်ပါ။

တဘက်သို့ကြည့်မည် ဆိုလျှင် မြို့တော်နေပြည်သူများကလည်း သူတို့၏ အပိုင်းကို လုပ်ဆောင်ကြရမည်၊ စည်ပင် ဥပဒေကို လေးစားလိုက်နာခြင်းအားဖြင့် YCDC နှင့် အတူ အလုပ်လုပ် ရမည် ဖြစ်သည်။ မြို့တော်စည်ပင်ကလည်း ဥပဒေနှင့်အညီ အပြည့်အဝ အပြောင်းအလဲမရှိ အကောင် အထည်ဖော် ရမည် ဖြစ်သည်။

လိုက်နာရန် ပျက်ကွက်သူမှန်သမျှကို ကျနော်တို့၏ မြို့တော်ဖြစ်သည်သာမက ကျနော်တို့၏ နေအိမ်လည်း ဖြစ်သည့် ရန်ကုန်၏ အကျိုးစီးပွား အတွက် အရေးယူ အပြစ်ပေးရန်မှအပ အခြားရွေးချယ်စရာ မရှိပါ။

( ကျော်ဖြိုးသာသည် ဧရာဝတီ အင်္ဂလိပ်ပိုင်း၏ သတင်းအယ်ဒီတာ ဖြစ်သည်။ ၎င်း၏  “Yangon Municipal Body Must Strictly Enforce Its New Law” ကို ဘာသာပြန်ဆိုသည်။ )

Did you find apk for android? You can find new Free Android Games and apps.
Loading