မူးယစ်ဆေးစွဲနေတဲ့ သားအကြောင်းရေးထားတဲ့ စာရေးဆရာ၊ သတင်းစာဆရာ David Sheff ရဲ့ “Beautiful Boy” ဆိုတဲ့ စာအုပ်အပေါ် အခြေခံပြီးရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကို ကြည့်နေရင်းက ကျမတို့မြန်မာပြည်က မူးယစ်ဆေးစွဲနေတဲ့သားသမီးတွေရဲ့ မိဘတွေကို မြင်ယောင်လာမိတယ်။
အထူးသဖြင့်တော့ မူးယစ်ဆေးနဲ့ အရက်ကြောင့် သူ့သားအရင်းနှစ်ယောက်မှ ဆုံးရှုံးခဲ့ရတဲ့ ကျမအမေ ကျောင်းဆရာမကိုပါ။ ကျမအမေလို မိဘအတော်များများဟာ သူ့သားတွေ ဘာရောဂါနဲ့ ကွယ်လွန်သွားရတယ် ဆိုတဲ့ အကြောင်းကို တယောက်ယောက်က မေးလာရင် ဘယ်တော့မှ ပွင့်ပွင့်လင်းလင်း ပြောပြလိုစိတ်မရှိကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ ပြစ်တင်မှု နှိမ်ချဆက်ဆံမှုတွေကို ရှောင်လွှဲချင်ကြလို့ပဲ ဖြစ်ပါတယ်။
အမေစိုးရိမ်သလိုမျိုး Newyork Times တို့ Times တို့လို ကမ္ဘာကျော်သတင်းစာ မဂ္ဂဇင်းတွေမှာရေးနေတဲ့ အမေရိကန်သတင်းစာဆရာ David Sheff လည်း စိုးရိမ်ခဲ့တာပါပဲ။
သူ့ဝတ္တုကို ရုပ်ရှင်ရိုက်ဖို့ကမ်းလှမ်းတုန်းကလည်း ငါ့မိသားစု အတွင်းရေးတွေကို ဖော်ထုတ်မိသလိုများ ဖြစ်နေမလားလို့ သူလည်း တွေးပူခဲ့ဖူးတာပါပဲ။ ဒါပေမယ့် လူတိုင်းမှာ မူးယစ်ဆေးစွဲတာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အခက်အခဲမျိုးစုံ ရှိနေနိုင်တဲ့အတွက် ဒါတွေကို ဖွင့်မပြောပဲ သိုဝှက်ထားခြင်းကသာ ပြသနာတွေကို ပိုကြီးမားစေနိုင်တာလို့ Sheff က တွေးလိုက်မိတဲ့အတွက် ရုပ်ရှင်ရိုက်ဖို့ ခွင့်ပြုခဲ့တယ်။
ကျမတို့ပတ်ဝန်းကျင်က လူငယ် လူလတ်ပိုင်းတွေ ကွယ်လွန်တဲ့သတင်းတွေ မကြာခဏ ကြားလာရပါများတော့ “ငါသေရင် ငါ့ကိုလိုက်ပို့မယ့် တပည့်မှ ကျန်ပါတော့မလား” ဆိုတဲ့ စိုးရိမ်ပူပန်စိတ်တွေ အမေဆရာမဆီမှာရော အမေနဲ့သက်တူရွယ်တူ ဆရာမတွေကြားမှာပါ ရှိလာတာကို သိရပါတယ်။
ကိုယ့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ ကိုယ့်ဆွေမျိုးနီးစပ်တွေကြားမှာ အချိန်မတန်ခင် ဆုံးပါးသွားခဲ့ကြတဲ့ သွေးသား မိတ်ဆွေ သူငယ်ချင်းတွေ နှစ်အစိတ်လောက်အတွင်း တယောက်ပြီး တယောက် ဖြစ်လာတာကို ခုတလောမှ ပိုပြီး သတိထားလာ မိသလိုပါပဲ။
သားသုံးယောက် မွေးထားတဲ့အထဲက နှစ်ယောက် ဆုံးရှုံးခဲ့ရတဲ့ အသက် ၇၀ ကျော် အမေအိုရဲ့သောကကို ပြေရာပြေကြောင်း ပြောတဲ့အခါမှာတော့ သူ့ပတ်ဝန်းကျင်က သူသိတဲ့ ဆွေမျိုးမိတ်သင်္ဂဟ မိသားစုတွေရဲ့ ဆုံးရှုံးမှုတွေနဲ့ယှဉ်ပြရင်း စိတ်သက်သာရာရအောင် ပြောပြရပါတယ်။
အမေ့ဦးလေးမိသားစုမှာ သားငါးယောက်ရှိတဲ့အထဲက လေးယောက်ဟာ တဖြုတ်ဖြုတ်ဆုံးပါးသွားရတာ။ အမေ့မိတ်ဆွေမိသားစုတစုမှာလည်း အမေ့လိုပဲ သားနှစ်ယောက် မရှိတော့တာ စသဖြင့်ပေါ့။ ဒါပေမယ့် ဒီလို ဘဝတူမိသားစုတွေ ပိုပိုများလာတာက ဖြေသိမ့်စရာ သတင်းကောင်း မဟုတ်တာတော့ သေချာပါတယ်။
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကနဲ့စာရင်တော့ မြန်မာပြည်မှာ HIV ကူးစက်မှုနှုန်း သိသိသာသာကျဆင်းလာတယ်လို့ ဆိုနိုင်ပေမယ့် နေ့တိုင်းနေ့တိုင်း HIV ပိုးတွေ့ရှိရတဲ့ လူနာအသစ် အယောက်သုံးဆယ်လောက် တိုးလာနေတယ်လို့ UNAIDS ကထုတ်ပြန်တဲ့ Data 2018 မှာ တွေ့ရပါတယ်။
အဲဒီထဲကမှ အကူးစက်ခံရဆုံးအုပ်စုဖြစ်တဲ့ မူးယစ်ဆေး အကြောထဲထိုးသွင်းတဲ့အုပ်စု (Injecting Drug User – IDU) မှာဆိုရင် သုံးစွဲသူ ၃၅ ရာခိုင်နှုန်းနီးပါးလောက်က HIV ကူးစက်ခံထားရပါတယ်။
မြန်မာပြည်မြောက်ပိုင်း ဒေသတွေက စိုက်ပျိုး ထုတ်လုပ် ဖြန့်ဖြူးရောင်းချတဲ့ မူးယစ်ဆေးဝါးတွေဟာ HIV ကူးစက်စေတဲ့ အဓိကအကြောင်းရင်းတွေထဲမှာပါဝင်တယ် လို့ ရောဂါပိုးကူးစက်မှုနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ အစီရင်ခံစာထဲမှာ တွေ့ရပါတယ်။
ကျောင်းသားနဲ့ မူးယစ်ဆေးဝါး
မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး မှတ်မှတ်ရရ သတိထားမိလာတာက ၁၉၈၈ ခုနှစ် နိုင်ငံရေးအုံကြွမှုတွေ အပြီးမှာ တက္ကသိုလ်ကျောင်းတွေ ရက်ရှည်ပိတ်ထားခဲ့တဲ့ ကာလတွေက စခဲ့တာပါပဲ။ အစ်ကိုတွေ မောင်တွေရဲ့ အဝတ်အစားတွေကို လျှော်ဖွပ်ပေးရင်း ကျမကိုယ်တိုင် စသတိထား လာမိတဲ့အရာက သူတို့အင်္ကျီအိတ်ကပ်ထဲက ထွက်လာတဲ့ ပလပ်စတစ်အိတ် သေးသေးလေးတွေထဲက ဘိန်းဆီအမည်းလေးတွေပါ။
သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကလည်း သတိထားမိစရာပါ။ စိတ်ကြွရူးသွပ်ဆေးတွေသုံးလေ့ရှိတဲ့ အစ်ကိုလတ်နဲ့ ဆေးခြောက်သုံးစွဲလေ့ရှိတဲ့ မောင်အငယ်ရဲ့ အမူအကျင့်တွေက လုံးဝကွဲပြားပါတယ်။
အဲဒီတုန်းက တက္ကသိုလ်ကျောင်းသားလည်းဖြစ် နိုင်ငံရေးလှုပ်ရှားမှုတွေထဲမှာလည်း ထဲထဲဝင်ဝင်ပါဝင်တတ်တဲ့ အစ်ကိုလတ်ဟာ စိတ်ကြွလာတာနဲ့ တပြိုင်တည်း တမြို့လုံးအနှံ့ လျှောက်သွား ပြောချင်ရာလျှောက်ပြော လုပ်နေတော့တာပါပဲ။
အထက်တန်းကျောင်းသား မောင်ငယ်လေးကိုတော့ ဧည့်ခန်းထဲမှာ မိန်းမောငိုက်မြည်းနေတာ မကြာခဏ တွေ့ရတတ်တယ်။ တူတာတခုကတော့ အလွယ်တကူထားတတ်တဲ့ အမေ့ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေကို အမေမသိအောင် သူတို့နှစ်ယောက်စလုံး ယူသုံးတတ်လာတာပါပဲ။
စိတ်ကြွဆေးသုံးပြီးပြန်လာတိုင်း မိသားစုဝင်တွေကို အမျိုးမျိုး စိတ်အနှောင့်အယှက် ပေးတတ်တဲ့ အစ်ကိုလတ်ကြောင့် အမေ့ခမျာ တညလုံးမအိပ်နိုင်ပဲ မိုးလင်းခဲ့ရတဲ့ညတွေ ခဏခဏပါပဲ။ စိတ်ကြွသောင်းကျန်းနေတဲ့ အစ်ကိုလတ်ကို အခန်းထဲမှာထည့်ပြီး သော့ခတ်ထားရတဲ့ အချိန်တွေလည်းရှိခဲ့ဖူးတယ်။
အခန်းမျက်နှာကြက်ကို ရအောင်ခွာထွက်လာပြီး သူ့ကိုအခန်းထဲထည့် သော့ခတ်ထားတဲ့ အစ်ကိုကြီးကို ဓားနဲ့လိုက်ခုတ်လို့ အစ်ကိုကြီးခမျာ အိမ်ပတ်ပြေးခဲ့ရဖူးတဲ့ အခါတွေလည်းရှိခဲ့ပါတယ်။
စိတ်ကြွဆေး မသုံးတော့တဲ့အခါတွေမှာတော့ အစ်ကိုလတ်ဟာ စိတ်ကျဆင်းမှုဒဏ်ကို အကြီးအကျယ်ခံရပါတယ်။ ဘယ်မှလည်းမသွား ဘယ်သူနဲ့မှလည်း စကားသိပ်မပြော တော့ပဲ အချိန်တိုင်းလိုလို အိမ်တွင်းအောင်းပြီး တခွေခွေဖြစ်နေတော့တာပါပဲ။
မူးယစ်ဆေးဝါးအလွယ်တကူရှာမရနိုင်တဲ့ နယ်မြို့ကလေးတမြို့မှာ နေထိုင်ခဲ့တဲ့ ညီအစ်ကို ၂ယောက်စလုံးဟာ ဆေးပြားတွေ ဆေးခြောက်တွေ ရလာတဲ့အခါသုံးလိုက် မရတဲ့အခါ လက်ထဲမှာ ပိုက်ဆံပြတ်တဲ့အခါ ဆေးပြတ်သွားလိုက်နဲ့ ရှိခဲ့ပေမယ့် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးတဲ့ နယ်မြို့ကလေးကနေ မြို့တော်ရန်ကုန်ကို ရောက်လာတဲ့အခါမှာတော့ မိဘအုပ်ထန်းမှုအောက်က လွတ်သွားတဲ့အခြားဆယ်ကျော်သက်လူငယ်တွေလိုပါပဲ၊ အလုပ်အကိုင်သစ်ရဖို့ ရှာဖွေရင်းက မူးယစ်ဆေးဝါး အသစ်အဆန်းတွေကို ရှာဖွေတွေ့ရှိသွားကြပုံရပါတယ်။
တဝမ်းကွဲညီအစ်ကိုတွေ စုဝေးလေ့ရှိတဲ့ မဲမှောင်ကျဉ်းမြောင်းတဲ့ ထပ်ခိုးပေါ်က အခန်းငယ်တခန်းထဲမှာ အပ်တချောင်းထဲအတူသုံးပြီး အကြောထဲဆေးထိုးသွင်း တာမျိုးတွေ လုပ်ခဲ့ဖူးတယ်လို့ မောင်ငယ်လေးက ကျွန်မကို ပြောပြခဲ့ဖူးတယ်။
David Sheff ရဲ့ စာအုပ်ကို အခြေခံပြီးရိုက်ကူးထားတဲ့ “Beautiful Boy” ရုပ်ရှင်ကို ကြည့်ရင်း အစ်ကိုလတ်နဲ့ မောင်ငယ်လေးတို့ကို သတိရမိသလို လူ့အသိုင်းအဝိုင်းရဲ့ ဖယ်ကျဉ်မှုကို အများဆုံးခံရတဲ့ မြန်မာပြည်က မူးယစ်ဆေးစွဲနေတဲ့ လူငယ် လူလတ်ပိုင်းတွေ အကြောင်းကို စဉ်းစားမိပါတယ်။
မိသားစုတကွဲတပြားဖြစ်မှုတွေ၊ လူ့အသိုင်းအဝိုင်းရဲ့ လျစ်လျူရှုမှုတွေ ခွဲခြားဆက်ဆံမှုတွေဟာ မူးယစ်ဆေးစွဲနေသူတွေကို ပိုပြီးအထီးကျန်စေခဲ့ပါတယ်။
စစ်အစိုးရလက်ထက်ကာလတွေမှာ HIV ရောဂါပိုးကူးစက်ပြန့်ပွါးမှုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ထိန်းချုပ်ထားခဲ့တဲ့အတွက် ကူးစက်ပြန့်ပွားမှုနှုန်းကို တိတိကျကျသိနိုင်ဖို့ခဲယဉ်းခဲ့ပါတယ်။
UNAIDS ကထုတ်ပြန်တဲ့ Data 2018 မှာ နှိုင်းယှဉ်ပြထားတဲ့ ကိန်းဂဏန်းတွေအရဆိုရင်တော့ ၂၀၀၅ခုနှစ်တုန်းက ကူးစက်ပြန့်ပွားနှုန်း ဝ.၄၈ရာနှုန်းရှိခဲ့ရာက ၂၀၁၇ခုနှစ်မှာတော့ ဝ.၂၁ ရာနှုန်းအထိ ကျဆင်းလာခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ မူးယစ်ဆေးစွဲနေသူတွေအတွက် အရေးအကြီးဆုံး အန္တရာယ်လျှော့ချရေး အစီအစဉ်တွေဖြစ်တဲ့ တခါသုံးဆေးထိုးအပ်တွေ ဖြန့်ချိတာမျိုး၊ မက်သဒုန်းဆေးဝါးနဲ့ အစားထိုးကုသမှုပေးတာမျိုး၊ ဆေးဖြတ်စခန်းနဲ့ ပြန်လည်ထူထောင်ရေးစခန်းတွေ ဖွင့်ပေးတာမျိုး စတာတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အကူအညီနဲ့ စတင်နေပြီဆိုပေမယ့်လည်း၊ ပတ်ဝန်းကျင်ရဲ့ ခွဲခြားဆက်ဆံခံရမှုတွေကို ကြောက်လို့ ခိုးကြောင်ခိုးဝှက်သုံးစွဲနေကြသူတွေ အားလုံးဆီကို ဒီအစီအစဉ်တွေ မရောက်နိုင်သေးပါဘူး။
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့တဲ့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ပစ်ဒဏ်ပေးမှုအစား ပြန်လည်ထူထောင်မှုတွေလုပ်ပေးဖို့ အခန်းကဏ္ဍတွေ ထည့်သွင်းထားတာဟာ ကြိုဆိုရမယ့် အပြောင်းအလဲတခုပဲ ဖြစ်ပါတယ်။
ဖျော်ဖြေရေး နယ်ပယ်က ထင်ရှားတဲ့ အနုပညာသမားတွေကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးခံရတဲ့အခါမှာ နှစ်ရှည်လများထောင်ဒဏ် ချမှတ်မှု တချို့နဲ့ပတ်သက်ပြီး လူထုကြားမှာ ပစ်တင်ဝေဖန်မှုတွေတော့ ရှိနေပါသေးတယ်။
ပဋိပက္ခစက်ဝန်းနဲ့ မူးယစ်ဆေးဝါး
မူးယစ်ဆေးဝါးဟာ မြန်မာပြည်က ပြည်တွင်းစစ် ပဋိပက္ခစက်ဝန်းရဲ့ အဆိုးရွားဆုံး ဘေးထွက်ဆိုးကျိုးတခုပဲဖြစ်ပါတယ်။ ပြည်တွင်းစစ်မီးတောက်လောင်ပြီး ဥပဒေစိုးမိုးမှုမရှိတဲ့ မြန်မာပြည် အစွန်အဖျားဒေသတွေက ဘိန်းချက်စခန်းတွေ၊ စိတ်ကြွဆေးပြား ထုတ်လုပ်တဲ့ စက်ရုံတွေက မူးယစ်ဆေးဝါးတွေဟာ မြန်မာပြည်တနံတလျားကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ဝင်ရောက်နေပါတယ်။
နေ့စဉ်နဲ့အမျှ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးအရေအတွက်ကလည်း ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းအတွင်းမှာကို အမေရိကန်ဒေါ်လာသန်း တစ်ရာ့သုံးဆယ်ကျော်ဖိုး ဖမ်းဆီးရမိခဲ့ပြီးဖြစ်ပါတယ်။
မြို့ကြီးတွေမှာ နေထိုင်ကြတဲ့လူငယ်တွေကြား HIV ကူးစက်ခံရမှု အများဆုံးတွေ့ရသလို မူးယစ်ဆေးဝါး စိုက်ပျိုး ထုတ်လုပ်ကြတဲ့ ဈေးပေါပေါနဲ့ အလွယ်တကူရနိုင်တဲ့ဒေသတွေမှာ အထူးသဖြင့် ကချင်ပြည်နယ် ဝိုင်းမော်လိုနေရာမျိုးမှာ မူးယစ်ဆေးအကြောထဲ ထိုးသွင်းသူတွေကြား ကူးစက်မှုရာခိုင်နှုန်းက ၄၇ ရာခိုင်နှုန်းလောက် ရှိတယ်ဆိုတာကို UNAIDS ရဲ့ ၂၀၁၆ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒါဟာ အင်မတန်မှ စိုးရိမ်စရာကောင်းတဲ့ အနေအထားတခုပါပဲ။
မြန်မာပြည်က HIV ကူးစက်ခံထားရသူပေါင်း ၂ သိန်းကျော် အတွင်းမှာ ၉၀ ရာခိုင်နှုန်းကျော်ဟာ ၁၅နှစ်နဲ့အထက် လူငယ် လူလတ်ပိုင်းတွေ ဖြစ်ကြပါတယ်။
ကူးစက်ခံ အမျိုးသားဦးရေ တသိန်းလေးသောင်းကျော် ရှိပြီး အမျိုးသမီးဦးရေက ၈သောင်းနီးပါးရှိနေတာကို တွေ့ရပါတယ်။
သတင်းစာဆရာ David Sheff ဟာ စိတ်ကြွရူးသွပ်မူးယစ်ဆေး (crystal methamphetamine) စွဲနေတဲ့ သူ့သားကို ခြောက်ကြိမ်ထက်မနည်း ပြန်လည်ထူထောင်ရေးစခန်းကို ပို့ခဲ့ပေမယ့်လည်း အကြိမ်ကြိမ်ပြန်သုံးစွဲတာကို တွေ့ရတော့ မူးယစ်ဆေးစွဲတယ်ဆိုတာဟာလည်း ရောဂါအမျိုးအစားတခုပါပဲလို့ သူ့စာအုပ်မှာရေးခဲ့ပါတယ်။
မူးယစ်ဆေးဝါးဟာ ပြည်တွင်းစစ်ပဋ္ဋိပက္ခရဲ့ ဘေးထွက်ဆိုးကျိုးတခုဖြစ်သလို မူးယစ်ဆေးစွဲနေသူများဟာလည်း အခြားရောဂါဘယတွေ စွဲကပ်နေတဲ့လူတွေလိုပဲ မူးယစ်ဆေးကိုစွဲလမ်းတဲ့ ရောဂါဖြစ်နေသူတွေပဲဖြစ်တယ်ဆိုတာကို နားလည်လာတာနဲ့အမျှ သူတို့အပေါ် ခွဲခြားဆက်ဆံမှုတွေကို လျှော့ချလာနိုင်မှာပဲဖြစ်ပါတယ်။
အစ်ကိုလတ်ဟာ အသက်၂၆နှစ်မှာပဲ အမေ့လက်ပေါ်မှာ ဆုံးပါးသွားခဲ့တယ်။ အမေဟာ ကျောင်းဆရာမဘဝက ပင်စင်ယူပြီးကတည်းက သူ့ရဲ့ အငယ်ဆုံးသားနဲ့ ရင်အုပ်မကွာ နေထိုင်သွားခဲ့ပါတယ်။
နေ့တိုင်းလို ညဉ့်နက်မှပြန်လာတတ်တဲ့သူ့သားကို ထမင်းကျွေးဖို့ သန်းခေါင်ကျော်မှ အိပ်ယာက လူးလဲထပြီး ပြင်ဆင်ပေးခဲ့ရတဲ့ ညစာတွေအတွက် အမေ ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး။
အသက် ၄၆ နှစ်ရောက်မှ ဆုံးပါးသွားခဲ့တဲ့ သူ့သားအငယ်ဆုံးအကြောင်းပြောတိုင်း “မိဘဆိုတာ ကိုယ့်သားသမီး ရောဂါဖြစ်နေလို့ မထနိုင်တာပဲဖြစ်ဖြစ် အရက်တို့ မူးယစ်ဆေးဝါးတို့ရဲ့ ကျေးကျွန်ဖြစ်နေတာပဲဖြစ်ဖြစ် ကိုယ့်သားသမီးကိုယ် မျက်စိရှေ့မှာ မြင်နေရရင် ကျေနပ်နေတာပဲလေ” လို့ အမေက ပြောခဲ့ဖူးပါတယ်။
သားတွေရဲ့ နောက်ဆုံးအချိန်တွေအထိ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်သွားခဲ့တဲ့ အမေအိုတစ်ယောက်ရဲ့ ခံနိုင်ရည်ကို ဝေမျှရေးသားခြင်းဟာ မူးယစ်ဆေးစွဲနေသူတွေနဲ့ HIV ကူးစက်ခံထားရတဲ့ လူတွေအပေါ် ခွဲခြားဆက်ဆံမှုတွေကို တနည်းအားဖြင့် ခြေဖျက်နိုင်စေမယ်လို့ မျှော်လင့်မိတာပါပဲ။
(ဆောင်းပါးရှင် မွန်မွန်မြတ်သည် စာရေးဆရာမတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဖယပ်တက္ကသိုလ်တွင် Peace Building PhD program တက်ရောက် သင်ယူနေသူဖြစ်သည်)