တရားစီရင်ရေးမဏ္ဍိုင်ကို ထိန်းကျောင်း ကြပ်မတ်ရန် လိုသည်

မောင်မောင်စိုး
ဦးကိုနီအား သတ်ဖြတ်မှုကို တရားစီရင်ရေးမှ စစ်ဆေးနေသည်မှာ ၂ နှစ် ပြည့်ပြီဖြစ်ပြီး ရုံးချိန်းပင် အကြိမ် ၁၀၀ ရှိသွားပြီဖြစ်သည် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနှင့် တရားစီရင်ရေးအာဏာ သုံးရပ်သည် တိုင်းပြည်အတွက် အရေးအကြီးဆုံးသော မဏ္ဍိုင် သုံးရပ်ဖြစ်ပြီး တိုင်းပြည်အား ထိုမဏ္ဍိုင်သုံးရပ်ပေါ်တွင် တည်ဆောက် ထားသည်ဟု ဆိုကြသည်။ ထိုမဏ္ဍိုင်သုံးရပ်သည် သီးခြားလွတ်လပ်စွာ မိမိတာဝန်ထမ်းဆောင်ခြင်းသည် တိုင်းပြည်အား ဒီမိုကရေစီစနစ်ပေါ်၌ တည်ဆောက်ရာတွင် အရေးပါသည်ဟု ယုံကြည်ကြသည်။

တချိန်တခါက မြန်မာပြည်၏ တရားစီရင်ရေးတွင် အုပ်ချုပ်ရေးအာဏာမှ ဝင်ရောက်စွက်ဖက်မှုများ ရှိခဲ့သည်။ တရားစီရင်ရသည့် တရားသူကြီးများသည် တည်ဆဲ တရားဥပဒေနှင့်အညီ တရားစီရင်သည်ထက် အထက်မှ ပေးပို့လာသည့် စာအိတ်ကို ဖွင့်ဖောက်၍ စီရင်ချက်ကို ဖတ်ပြရသည်ဟုပင် ဆိုခဲ့ကြသည်။

မည်သို့ပင် ဖြစ်စေကာမူ လက်ရှိ ၂၀၀၈ အခြေခံဥပဒေ အရပင်ဖြစ်စေ၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ NLD အစိုးရ တက်ရောက်လာခြင်းကြောင့် ဖြစ်စေ တရားစီရင်ရေးမဏ္ဍိုင်သည် လွတ်လပ်ခွင့်ရှိလာခဲ့သည်။ တရားသူကြီးများ၏ တည်ဆဲတရားဥပဒေ များနှင့်အညီ တရားစီရင်ခွင့်အား ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိ ဆိုသည်ကို ကျယ်ကျယ်လောင်လောင်လည်း ပြောဆိုလာကြသည်ကို တွေ့ရသည်။

တရားစီရင်ရေး၏လွတ်လပ်ခွင့်

တရားစီရင်ရေးနှင့် ၂၀၀၈ အခြေခံဥပဒေ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၂၉၅ အရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ စီရင်ချက်များသည် အပြီးအပြတ်ဖြစ်ပြီး အယူခံဝင်ခွင့်မရှိတော့ပေ။ တိုင်းပြည်၏ အမြင့်ဆုံး ပြည်ထောင်စု တရားလွှတ်တော်ချုပ်အား တရားစီရင်ရေးအာဏာ အပြည့်အဝပေးထားသည်ဟု ဆိုရပေမည်။

သို့သော် ထို ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများကို ခန့်အပ် တာဝန်ပေးရာတွင် ပုဒ်မ ၂၉၉ အရ နိုင်ငံတော် သမ္မတက အမည်စာရင်း တင်သွင်းပြီး ပြည်ထောင်စု လွှတ်တော်က သဘောတူညီချက်ရမှသာ ခန့်အပ်နိုင်သည်။ ထို့ပြင် အဆိုပါ တရားသူကြီးများအား စွပ်စွဲ ပြစ်တင်ရန် လိုအပ်ပါက ပုဒ်မ ၃၀၂ အရ သမ္မတသည် လည်းကောင်း၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော်သည် လည်းကောင်း စွပ်စွဲပြစ်တင်နိုင်ပြီး စွပ်စွဲပြစ်တင်ခံရသူသည် တာဝန်ဆက်လက် ထမ်းရွက်ရန် မသင့်ကြောင်း လွှတ်တော်က ဆုံးဖြတ်ပါက သမ္မတသည် အဆိုပါတရားသူကြီးကို တာဝန်မှရပ်စဲရမည်ဟု ဖော်ပြထားသည်။

အလားတူပင် ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၃၀၈ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးများ ခန့်အပ်ရာတွင် နိုင်ငံတော် သမ္မတက အမည်စာရင်းတင်သွင်းပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က အတည်ပြု ခန့်အပ်ရမည်ဖြစ်သည်။ ထို့အတူ ထိုတရားသူကြီးများအား စွပ်စွဲပြစ်တင်ရန်လိုအပ်ပါက ပုဒ်မ ၃၁၁ အရ သမ္မတသည်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် လည်းကောင်း စွပ်စွဲပြစ်တင်နိုင်ပြီး စွပ်စွဲပြစ်တင်ခံရသူသည် တာဝန်ဆက်လက် ထမ်းဆောင်ရန် မသင့်ကြောင်း လွှတ်တော်က ဆုံးဖြတ်ပါက သမ္မတသည် အဆိုပါ တရားသူကြီးကို တာဝန်မှ ရပ်စဲရမည်ဟု ဖော်ပြပါသည်။

သို့ဖြစ်ရာ အဆိုပါ ၂၀၀၈ အခြေခံဥပဒေ ပြဌာန်းချက်များအရ ပြည်ထောင်စုအဆင့်၌ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်တွင် ဖြစ်စေ တရားသူကြီးချုပ်နှင့် တရားသူကြီးများကို ခန့်အပ်ရာတွင်လည်းကောင်း၊ တာဝန်မှ ရပ်စဲရာတွင်လည်းကောင်း သမ္မတက အမည်စာရင်း တင်သွင်းခွင့်ရှိသော်လည်း တကယ်တမ်း အဆုံးအဖြတ် ပေးသည်မှာ လွှတ်တော်များဖြစ်သည်ကို တွေ့ရသည်။ လွှတ်တော်များ၏ သဘောတူညီချက် မပါဘဲ သမ္မတသည် အုပ်ချုပ်ရေးအာဏာဖြင့် ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့် တရားသူကြီးများအား ဖယ်ရှားပိုင်ခွင့်မရှိပေ။

သို့ဖြစ်ရာ တရားစီရင်ရေးနှင့် ပတ်သက်၍ အဓိက ထိန်းကျောင်း ကြပ်မတ်ရမည်မှာ လွှတ်တော်များ ဖြစ်သည်ဟု ဆိုရမည်။

လွှတ်တော်သည် ပြည်သူလူထုက ရွေးကောက်ထားသည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ရာ ပြည်သူလူထုက မိမိရွေးကောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များမှ တဆင့် တရားစီရင်ရေး မဏ္ဍိုင်အား ကြီးကြပ်နိုင်သည်ဟု ဆိုရမည်။ ဤနေရာတွင် ထောက်ပြစရာတခုရှိသည်မှာ လွှတ်တော်တွင်းရှိ တပ်မတော်သား ကိုယ်စားလှယ်များ ဖြစ်သည်။ လွှတ်တော်တိုင်း၌ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိနေရာ ထိုသူတို့ သဘောတူညီချက်မပါဘဲ လွှတ်တော်တွင် ဆုံးဖြတ်ချက်ချနိုင်ပါမည်လောဟု မေးခွန်းထုတ်စရာ ရှိပေသည်။

လက်ရှိ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၈၅ အရ ပြည်ထောင်စုလွှတ်တော်တွင် လည်းကောင်း၊ ပုဒ်မ ၁၂၉ အရ ပြည်သူ့လွှတ်တော်တွင် လည်းကောင်း၊ ပုဒ်မ ၁၈၁ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်များတွင် အကြောင်းအရာတရပ်နှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အခြားပြဌာန်းချက်မရှိလျှင် ဆန္ဒမဲပေးသည့် လွှတ်တော် ကိုယ်စားလှယ် အများစု၏ ဆန္ဒမဲနှင့် ဆုံးဖြတ်ရမည်ဟု ပြဌာန်းထားသည်ကို တွေ့ရသည်။

သို့ဖြစ်ရာ ၂၀၁၅ ရွေးကောက်ပွဲရလဒ်များအရ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တို့နှင့် ရှမ်းပြည်နယ်နှင့် ရခိုင်ပြည် ၂ ပြည်နယ်မှအပ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုတွင် NLD ပါတီမှ ကိုယ်စားလည်အများစု နိုင်ထားသည်ဖြစ်ရာ NLD လွှတ်တော် ကိုယ်စားလည်များ အနေဖြင့် လွှတ်တော်ကိုယ်စားလှယ် အများစု ဆုံးဖြတ်ချက်များဖြင့် တရားစီရင်ရေး အားကောင်းစွာ ထိမ်းကျောင်း နိုင်သည့် အခြေအနေရှိသည်ဟု ဆိုရပါမည်။

တရားစီရင်ရေးကို ထိန်းကျောင်းခြင်း

တရားစီရင်ရေးကို ထိမ်းကျောင်းကြပ်မတ်ခြင်း ဆိုသည်မှာ တရားစီရင်ရေး တာဝန်ထမ်းဆောင် နေသူများက တရားဥပဒေနှင့် အညီ ဖြောင့်မတ် မှန်ကန်စွာ စီရင်ခြင်းရှိမရှိ၊ တရားစီရင်မှုများသည် ပွင့်လင်းမြင်သာမှု ရှိမရှိ တို့ကို ကြောင်း ကြပ်မတ်ခြင်းဟု ဆိုရမည်။

၂၀၀၈ အခြေခံဥပဒေအရ တရားသူကြီးတဦးဦးအား စွပ်စွဲ ပြစ်တင်ရာတွင် ပုဒ်မ ၃၀၂ (က) အရ လည်းကောင်း၊ ပုဒ်မ ၃၁၁ (က) အရလည်းကောင်း အောက်ပါတို့ကို ဖော်ပြထားသည်။
၁။ နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း။
၂။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်တရပ်ရပ်ကို ဖေါက်ဖျက် ကျူးလွန်ခြင်း။
၃။ အကျင့်သိက္ခာ ပျက်ပြားခြင်း။
၄။ ပုဒ်မ ၃၀၀ သို့မဟုတ် ပုဒ်မ ၃၁၁ တွင် ပြဌာန်းထားသော တရားသူကြီး၏ အရည်အချင်း ပျက်ယွင်းခြင်း။
၅။ ဥပဒေအရ ပေးအပ်ထားသော တာဝန်များကို ကျေပြွန်စွာ မဆောင်ရွက်ခြင်း တို့ဖြစ်သည်။

ခရိုင်နှင့်မြို့နယ်အဆင့် တရားသူကြီးများမှာ ပုဒ်မ ၃၁၄၊ ၃၁၇ နှင့် ၃၁၈ အရ တိုင်းဒေသကြီးနှင့် ပြည်နယ် တရားလွှတ်တော် အောက်ရှိ ဥပဒေနှင့်အညီ ခန့်အပ်ထားသော ဝန်ထမ်းများဖြစ်သည်။

သို့ဖြစ်ရာ တရားစီရင်ရေးကဏ္ဍနှင့် ပတ်သက်၍ ကြပ်မတ်ရန်မှာ အုပ်ချုပ်ရေးပိုင်းကသာမက လွှတ်တော်၏ တာဝန်ဖြစ်သည်။ တရားစီရင်ရေးကို ကြပ်မတ်သည်မှာ မဏ္ဍိုင်သုံးရပ် အပြန်အလှန် ထိန်းကျောင်းခြင်းဖြစ်၍ မူအရ မလွှဲမသွေ ပြုလုပ်ရမည့်တာဝန်ဖြစ်သည်။ တရားစီရင်ရေးမဏ္ဍိုင်အား ကြပ်မတ်ခြင်းသည် တရားစီရင်ရေးအား ဝင်ရောက်စွက်ဖက်ခြင်းနှင့် မူအရ လုံးဝ ကွဲပြားခြားနားသည်ဖြစ်ရာ တရားစီရင်ရေး မဏ္ဍိုင်အား ထိန်းကျောင်း ကြပ်မတ်ရန် မုချ လိုအပ်သည်။

တရားစီရင်ရေးအား ထိန်းကျောင်းကြပ်မတ်ခြင်းကို ဝင်ရောက်စွက်ဖက်ခြင်းနှင့် ရောထွေးပြီး ကြပ်မတ်မှုအား ငြင်းပယ်သည်ကို ပြတ်သားစွာ ပယ်ချရန် လိုအပ်ပါသည်။ ဖွဲ့စည်းပုံ အခြေဥပဒေရှေ့မှောက်တွင် အားလုံးတန်းတူ ဖြစ်စေရပေမည်။

လက်ရှိတရားစီရင်ရေးနှင့် အံ့အားသင့်ဖွယ် အမှုများ

၂၀၁၇ ခုနှစ် ဇန္နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်နိုင်ငံတကာလေဆိပ် အများသူငါ မြင်ကွင်းရှေ့တွင် ရှေ့နေ ဦးကိုနီအား ပြောင်အတိအလင်း ပစ်သတ်ခဲ့မှု ဖြစ်ပွားခဲ့သည်။ ပစ်သတ်သူ လူသတ်ကောင်အားလည်း ချက်ခြင်း ဖမ်းမိခဲ့သည်။ အသတ်ခံရသူ ရှေ့နေဦးကိုနီမှာ NLD ပါတီ၏ ရှေ့နေတဦးဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို တက်ကြွစွာ ဆောင်ရွက်နေသူ တဦးဖြစ်ရာ နိုင်ငံရေးနှင့် ဆက်နွှယ်သော လူသတ်မှုဟု အများက ယူဆကြသည်။

ထို့အပြင် ထိုအမှုသည် ပြည်တွင်းရော ပြည်ပကပါ အလေးထားစောင့် ကြည့်သည့်အမှု ဖြစ်သည်။ ထိုအမှုအား တရားစီရင်ရေးမှ စစ်ဆေးနေသည်မှာ ၂ နှစ် ပြည့်ပြီဖြစ်ပြီး ရုံးချိန်းပင် အကြိမ် ၁၀၀ ရှိသွားပြီဖြစ်သည်။ အဘယ်ကြောင့် ဤမျှ ကြာမြင့်နေသနည်း သို့မဟုတ် မလိုအပ်ဘဲ အချိန်ဆွဲနေခြင်းလောဟု အများက မေးခွန်း ထုတ်နေရသော အမှုဖြစ်သည်။

ထို့အပြင် ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့က နေပြည်တော်လေဆိပ်တွင် မူးယစ်ဆေးဝါးနှင့် လက်နက်များ စတင်ဖမ်းဆီးခဲ့သည့် ဖြိုးကိုကိုတင့်ဆန်း၏ အမှုမှာ တနှစ်နှင့်သုံးလကျော် ကြာမြင့်ပြီဖြစ်သည်။ ထို့ပြင် ထိုအမှု၏ အခြေအနေမှာလည်း လူထုအနေဖြင့် ပွင့်လင်းစွာ သိရှိရခြင်း မရှိပေ။

လက်နက်များစွာနှင့် မူးယစ်ဆေးဝါးများပါ ဖမ်းမိခဲ့သော ထိုအမှုသည် အများပြည်သူ လုံခြုံရေးနှင့်ပတ်သက်၍ အများပြည်သူများ ကြားတွင် စိတ်ဝင်စားသောအမှု ဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၂၉၈ အရ ပြည်ထောင်စု တရားသူကြီးချုပ်သည် ပြည်ထောင်စုလွှတ်တော် သို့မဟုတ် ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် အစည်းအဝေးများတွင် နိုင်ငံတော် သို့မဟုတ် အများပြည်သူနှင့် သက်ဆိုင်သည့် အရေးကြီးသော တရားစီရင်ရေး အခြေအနေကို အခါ အားလျော်စွာ တင်ပြနိုင်သည်ဖြစ်ရာ ထိုပုဒ်မကို ကိုင်စွဲ၍ အများပြည်သူနှင့် သက်ဆိုင်သည့် တရားစီရင်ရေး အခြေအနေကို လွှတ်တော်မှတဆင့် ပြည်သူလူထုကို တင်ပြရန် လိုအပ်ပေသည်။

ထိ့ုပြင် ရှင်းရှင်းလင်းလင်းရှိလှသော အမှုတချို့အား တရားစီရင်မှု ကြာမြင့်နေသည်ကို တွေ့မြင်နေရသည်။ ၂၀၁၈ ခုနှစ် မေလအတွင် ရန်ကုန်မြို့၌ ငြိမ်းချမ်းရေးဆန္ဒပြသော လူငယ် ၁၇ ဦးအား ငြိမ်းစုစီ ပုဒ်မ ၂၀ နှင့် တရားစွဲဆိုသောအမှု ဖြစ်သည်။ တရားစွဲခံရသော လူငယ်အားလုံးကလည်း တိမ်းရှောင်ခြင်းမပြုဘဲ လာရောက် တရားရင်ဆိုင်သည်ကို တွေ့ရသည်။ သို့သော် စတင်တရားစွဲသည်မှ ၂၀၁၉ ဇန်နဝါရီလကုန်ထိ ၈ လခန့်အတွင်း ရုံးချိန်းပေါင်း ၂၀ ကျော် ကြာမြင့်သည်အထိ စီရင်ချက်မချနိုင်သည်မှာ အံ့အားသင့်ဖွယ်ဖြစ်သည်။

၂၀၁၈ ခုနှစ် ဇွန်လကုန်တွင် ကယားပြည်နယ်၌ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုစိုက်ထူခြင်းအား ကန့်ကွက်ဆန္ဒပြမှု ဖြစ်ပေါ်သည်။ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် လူငယ် ၁၀ ဦးအား ပုဒ်မ ၅၀၅ (ခ) ဖြင့် စတင် တရားစွဲခဲ့သည်။ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် ငြိမ်းစုစီပုဒ်မ ၁၉/၂၀ ဖြင့် နောက်ထပ်လူငယ် ၁၃ ဦးအား တရားစွဲဆိုထားသည်ကို တွေ့ရသည်။ ထိုအမှုမှာလည်း ၆ လ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ရုံးချိန်းမှာ အနည်းဆုံး ၁၀ ကြိမ် ပတ်ဝန်းကျင်ရှိသည်။ သို့သော် ယခုအချိန်ထိ စီရင်ချက် ချမှတ်နိုင်ခြင်းမရှိသေး သည်ကို တွေ့မြင်နေရပေသည်။

သို့ဖြစ်ရာ အများပြည်သူနှင့် သက်ဆိုင်သော တရားစီရင်ရေးအခြေအနေ များအား လွှတ်တော်မှတဆင့် ပြည်သူလူထုသို့တင်ပြခြင်း၊ မလိုလားအပ်ဘဲ အမှုများကြန့်ကြာနေခြင်းတို့ကို ၂၀၀၈ အခြေခံဥပဒေအရ လုပ်ပိုင်ခွင့်ရှိသော ပြည်သူလူထုက ရွေးကောက်တင်မြှောက် ထားသည့် လွှတ်တော်များက အရေးတယူ ဆောင်ရွက်ရန် လိုအပ်နေပေသည်။

စနစ်တရပ် တည်ဆောက်ရေး

တရားစီရင်ရေးအား ထိမ်းကျောင်းစောင့်ကြည့်နိုင်ရန် လွှတ်တော်အဆင့်ဆင့်တွင် ကော်မတီများ ရှိသည်သာ ဖြစ်သည်။ ထိုကော်မတီများက လိုအပ်သလို ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ သို့သော် တပြည်လုံးရှိ တရား စီရင်ရေးအား စောင့်ကြည့်ကြပ်မတ်ရန် ထို လွှတ်တော်ကော်မတီ များနှင့်သာ လုံလောက်မည် မဟုတ်ပေ။ သက်ဆိုင်ရာ လွှတ်တော်ကော်မတီများ၏ ကြီးကြပ်မှုအောက်တွင် မြို့နယ်တိုင်းတွင် တရားစီရင်ရေးနှင့် ပတ်သက်၍ စောင့်ကြည့်လေ့လာသည့် ကော်မတီများဖွဲ့စည်း၍ လွှတ်တော် အသီးသီးရှိ ကော်မတီများအား ပံ့ပိုးရန် လိုအပ်သည်။

မြို့နယ်တိုင်းတွင် အခြေခံအားဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အမတ် ၂ ဦးနှင့် ပြည်သူ့လွှတ်တော် အမတ် တဦး စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ် ၃ ဦးရှိနေပေရာ ထို ၃ ဦးမှ ဦးစီးဦးရွက်ပြု၍ စိတ်ပါဝင်စားသူများ၊ တက်ကြွလှုပ်ရှားသူများ၊ ဥပဒေနှင့်ပတ်သက်၍ စိတ်ပါဝင်စားသူများနှင့် ဖွဲ့စည်း၍ မြို့နယ်အလိုက်အခြေအနေကို လွှတ်တော်ကော်မတီသို့ အဆင့်ဆင့်တင်ပြ၍ လွှတ်တော်မှ တရားစီရင်ရေး မဏ္ဍိုင်အား ကြပ်မတ် စောင့်ကြည့်သင့်သည်။

အားဖြည့်ကူညီသင့်သည်ကို ကူညီပေးရန် လိုအပ်သည်။ သို့သော် လွှတ်တော် ကိုယ်စားလှယ်များတွင် ရုံးခန်းမရှိပေရာ ထိုအတွက် အသုံးစားရိတ်အားလည်း ဘတ်ဂျက်သတ်မှတ်ပေးရန် လိုပါသည်။

တရားစီရင်ရေး မဏ္ဍိုင်တည့်မတ်ရေး ဖြစ်စေ အခြား အစိုးရလုပ်ငန်း ဆောင်တာများကိုဖြစ်စေ လူထု ပါဝင်ဝိုင်းဝန်းရန် လိုအပ်သည်။ ထိုသို့ လိုအပ်သည်ကို ပြောနေရုံနှင့် မပြီးပေ။ လိုအပ်သည့် စည်းရုံးဖွဲ့စည်းမှု ပြုလုပ်ရန် လိုအပ်သည်။ တရားစီရင်ရေး မဏ္ဍိုင်ဖြစ်စေ၊ အခြား တပြည်လုံးအရေး ကိစ္စဖြစ်စေ အောင်မြင်အောင် ဆောင်ရွက်လိုပါက စနစ်တကျ ဖွဲ့စည်းထားသော စနစ်များ၊ အဆောက်အအုံများ လိုအပ်ပါသည်။ လူတဦးတယောက်၏ စိတ်ကောင်းစေတနာအပေါ် အခြေပြု၍ မရပေ။

ဖြောင့်မတ်မှန်ကန်သော တရားစီရင်ရေးမဏ္ဍိုင်ရှိမှသာ လူ့အဖွဲ့အစည်းသည် တည်ငြိမ်နိုင်ပေလိမ့်မည်။ သို့အတွက် တရားစီရင်ရေးမဏ္ဍိုင်အား ထိမ်းကျောင်းကြပ်မတ်ရန် လိုအပ်သည်။ လွတ်လပ်သော တရားစီရင်ရေးဆိုသည်မှာ တရားစီရင်ရေး ဝင်ရောက် စွက်ဖက်ခြင်းအား ကန့်သတ်တားမြစ်ခြင်းသာ ဖြစ်ပါသည်။ တရားစီရင်ရေးမဏ္ဍိုင်အား ထိန်းကျောင်း ကြပ်မတ်ခြင်းအား ပစ်ပယ်ခြင်း လုံးဝမဟုတ်ပေ။

(မောင်မောင်စိုးသည် ရန်ကုန်အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူတဦး ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading