မြန်မာ့ ရေအားလျှပ်စစ် မူဝါဒကို တရုတ်နဲ့ရေးနေတယ် ဆိုပါလား

ဒေါက်တာကျော်သူ
တရုတ်ကုမ္ပဏီ အများအပြား ပါဝင် ဆောက်လုပ်ခဲ့သော ရဲရွာ ရေလှောင်တမံနှင့် ရေအားလျှပ်စစ် စီမံကိန်း / wikimedia

မြစ်ဆုံနဲ့ ပတ်သက်ပြီး တရုတ်သံအမတ်ရဲ့သံတမန် မဆန်တဲ့ အပြုအမူတွေနဲ့ တရုတ်အစိုးရပိုင် State Power Investment Corporation – SPIC ကုမ္ပဏီရဲ့ ပိုင်စိုးပိုင်နင်း အပြောတွေ အလုပ်တွေကြောင့် နိုင်ငံရေးပါတီတွေ ဘာသာရေးလူမှုရေးခေါင်းဆောင်တွေနဲ့ နိုင်ငံအနံှ့အပြားက ပြည်သူတွေ ဗလောင်ဆူ ပူပန် နေကြတုန်းမှာပဲ သတင်းဆိုးတခု ထပ်သိလိုက်ရပါတယ်။

၂၀၁၉ ဇန်နဝါရီလ ၃၁ ရက်နေ့ ထုတ် Frontier မဂ္ဂဇင်းမှာပါတဲ့ ” မြစ်ဆုံပြန်စဖို့ – တရုတ်နိုင်ငံက မြန်မာအစိုးရကို ရေအားလျှပ်စစ် စက္ကူဖြူ စာတမ်း နည်းပညာကူပေးနေ ” သတင်းဆောင်းပါးမှာ ရေအားလျှပ်စစ်နဲ့ ပတ်သက်ပြီး အဓိကတာဝန်ရှိတဲ့ Ministry of Electricity and Energy – MOEE လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရဲ့ ခြေလှမ်းတွေထဲက တစွန်းတစကို ထပ်သိခွင့်ရလိုက်လို့ပါ။

MOEE လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန နဲ့ Ministry of Natural Resources and Environmental Conservation – MONREC သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာန တို့က ကမ္ဘာ့ဘဏ်အုပ်စုရဲ့ IFC အဖွဲ့နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ရေအားလျှပ်စစ်ကဏ္ဍအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဗျုဟာမြောက် အကဲဖြတ်စမ်းစစ်မှု Strategic environmental assessment – SEA ကို ဆောင်ရွက်ခဲ့ပြီး အစီရင်ခံစာ ထုတ်ပြန်ထားတာရှိပါတယ်။

SEA ဆိုတာကတော့ မြစ်ဝှမ်းအလိုက် စီမံကိန်းတခုချင်း နဲ့ အားလုံးပေါင်းရဲ့ဒေသခံတွေနဲ့ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုတွေကို စမ်းစစ်ထားတာ၊ မလုပ်သင့်တာ မလုပ်ကောင်းတာ လုံးဝရှောင်ရမှာတွေကို သုတေသန စမ်းစစ်ထားတာပါ။

ကမ္ဘာ့ဘဏ် အုပ်စု နဲ့ IFC ဆိုတာ ကမ္ဘာမှာ ဆည်ကြီးတွေ ဆောက်ဖို့ အားပေးတဲ့အဖွဲ့တွေ ဖြစ်ပြီး သူတို့ကောင်းပါတယ်ပြောထားတာတွေက ပြောသလို ဖြစ်မလာတာ ၊ သူတို့ တွက်မထား မပြောထားတဲ့ ဆိုးကျိုးတွေ ဖြစ်လာတာတွေကြောင့် ဆည်တွေနဲ့ ပတ်သက်ရင် နာမယ်မကောင်းတဲ့ အဖွဲ့တွေလို့ ယေဘူယျဆိုရပါမယ်။

ဆည်ဆိုရင် ကောင်းပါတယ် ဇွတ်ပြောတတ်တဲ့ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ IFC နဲ့ လုပ်ထားတဲ့ အစီရင်ခံစာ မှာ ဧရာဝတီမြစ်ဝှမ်းဒေသ ထိခိုက်နိုင်ချေတွေကို စာမျက်မှာ ၅၅ ကနေ ၆၀ အထိ ရှင်းရှင်းလင်းလင်းရေးထားတာတွေ့ရပါတယ်။

ဆိုလိုတာကတော့ မြစ်တွေ့ရင် ဆည်ဆောက်ချင်တဲ့ ကမ္ဘာဘဏ်အုပ်စုနဲ့ IFC က မြစ်ဆုံအပါအဝင် ဧရာဝတီ မြစ်ဝှမ်းမှာ ဆည်တွေမဆောက်သင့်ကြောင်း တိတိကျကျ မှတ်ချက်ပေးထားတာပါ။

Frontier ရဲ့ သတင်းဆောင်းပါးအရ မြန်မာနိုင်ငံရဲ့ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီး ဌာနကို တရုတ် ဝန်ကြီးချုပ် လီကီကွမ်း ခေါင်းဆောင်တဲ့ National Energy Commission – NEA အမျိုးသား စွမ်းအင် ကော်မရှင်က ” ရေအားလျှပ်စစ် စက္ကူဖြူ မူဝါဒ ” ရေးဖို့ နည်းပညာပံံပိုးနေပါတယ်တဲ့။ သူက နာမည်ကြီး ခါးပတ်တစင်း လမ်းတစင်း စီမံကိန်းကြီးကို ဦးဆောင်နေတဲ့ National Development and Reform Commission – NDRC အမျိုးသား ဖွံ့ဖြိုးမှုနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ရဲ့ ဒုတိယဝန်ကြီးပါတဲ့။ ဆိုတော့ တရုတ်ရဲ့ ခါးပတ်ကြီး လမ်းကြီးက မြန်မာ့ ရေအားလျှပ်စစ်တွေ လုပ်မယ်ဆိုတဲ့သဘော ပေါ့။

Frontier ရဲ့ အဆိုအရ NEA ရဲ့ ဒုတိယအုပ်ချုပ်ရေးတာဝန်ခံ Mr Li Fanrong က ၂၀၁၈ မှာ မြန်မာပြည်လာခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံနဲ့ တွေ့ခဲ့ပါတယ်တဲ့။ ၂၀၁၈ သြဂုတ်နဲ့ စက်တင်ဘာလတွေမှာတော့ MOEE မြန်မာနိုင်ငံက လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးက တရုတ်နိုင်ငံကို သွားခဲ့ပြီး NEA ရဲ့ အကြီးတန်း အရာရှိတွေ၊ Hydropower Developer ရေအားလျှပ်စစ် စီမံကိန်း လုပ်ကိုင်သူတွေနဲ့ တွေ့ခဲ့တယ်လို့ ဆိုတယ်။

သြဂုတ်လ ၈ ရက်နေ့မှာတော့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးက တရုတ်တွေနဲ့ စက္ကူဖြူ မူဝါဒ ရေးနေကြောင်း IFC တာဝန်ခံတွေကို ပြောပြခဲ့ပေမယ့် ဒီစက္ကူဖြူ မူဝါဒက ဘာတွေပါတယ်ဆိုတာ မပြောပြပါဘူးတဲ့။

တရုတ်နဲ့ စက္ကူဖြူ မူဝါဒ ပေါင်းရေးပြီးနောက် အရေးကြီးပြီး အရေးပါတဲ့ အပြောင်းအလဲကတော့ ကမ္ဘာ့ဘဏ်အုပ်စု IFC ရဲ့ရေအားလျှပ်စစ်ကဏ္ဍအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဗျုဟာမြောက် အကဲဖြတ်စမ်းစစ်မှု SEA ကို သယံဇာနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာနနဲ့ အတူတူ ဦးဆောင်လုပ်ခဲ့တဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနဟာ သူရဲ့ ဌာနတံဆိပ်ကို SEA အစီရင်ခံစာမှာ မထည့်တော့ပဲ ဖြုတ်လိုက်တော့တာပါ။

ဒီလို ဖြုတ်လိုက်တာဟာ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ IFC နဲ့ ရေအားလျှပ်စစ်ကဏ္ဍအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဗျုဟာမြောက် အကဲဖြတ်စမ်းစစ်မှု SEA ပါ အချက်တွေကို တာဝန်မခံဘူး၊ လက်မခံဘူး ဆိုတဲ့ သဘောသက်ရောက်တာမို့ တော်တော် စိုးရိမ်စရာကောင်းတဲ့ အခြေအနေလို့ မြင်တယ်။

SEA လုပ်ခဲ့တဲ့ Myanmar Institute for Integrated Development ရဲ့ အမှုဆောင်ဒါရိုက်တာ Mr Joern Kristensen က MOEE ရဲ့အခုလို (SEA အစီရင်ခံစာမှာ တာဝန်မခံတော့ဘူးလို့ သဘောသက်ရောက်စေတဲ့) ဆုံးဖြတ်ချက်ဟာ ဝန်ကြီးထက် မြင့်တဲ့သူတွေရဲ့သဘောထားကြောင့် ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးထားတာ တွေ့တယ်။

အခုတလော တာဝန်ရှိသူ လူကြီးတချို့က ဖွံဖြိုးရေးအတွက် လျှပ်စစ်လိုတယ်၊ တရုတ်ပြည်က ဆည်တွေ သွားလည်ဖူးတယ်၊ ဘာမှ ထိခိုက်တာ မတွေ့ဘူး၊ လုပ်စရာရှိတာ လုပ်ရမယ် စတဲ့ အပြောအဆိုတွေနဲ့ ဆက်စပ်ကြည့်ရင် သူပြောသလို ဖြစ်နေမလား တွေးစရာဖြစ်လာတယ်။

Frontier ရဲ့သတင်းဆောင်းပါးအရဆိုရင် မြန်မာနိုင်ငံရဲ့ ရေအားလျှပ်စစ် မူဝါဒကို တရုတ်နိုင်ငံရဲ့ ရေအားလျှပ်စစ်လုပ်ငန်းလုပ်သူတွေနဲ့ ရေးနေတာမို့ သူတို့ ဆောက်ချင်တဲ့ဆည်တွေ ဆောက်ခွင့်ရအောင် အလေးပေးထားတဲ့ မူဝါဒဖြစ်လာအောင် ရေးတာဖြစ်နေရင် မတွေးဝံ့စရာပါ။

ဧရာဝတီမြစ်ဝှမ်းက မြန်မာနိုင်ငံရဲ့ ၅၅ ရာခိုင်နှုန်းကို လွှမ်းခြုံထားပြီး သံလွင်မြစ်ဝှမ်းက ၁၉ ရာခိုင်နှုန်း လွှမ်းခြုံထားတာပါ။ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းက ကျေးလက်မှာနေပြီး အများစုဟာ မြစ်အနီး ဝန်းကျင်နဲ့ အခြား သယံဇာတပေါ် မှီပြီး သက်မွေးဝမ်းကြောင်းကြပါတယ်။ ဒီမြစ်ဝှမ်းတွေကို မှီခိုတဲ့ ရေလုပ်ငန်းတွေဟာ အချိန်ပြည့် အချိန်ပိုင်း အလုပ်အကိုင် ၃.၂ သန်း ပေးနိုင်တဲ့ ကဏ္ဍဖြစ်ပြီး တိုင်းပြည် ဂျီဒီပီရဲ့စတုတ္ထမြောက် အများဆုံး ရင်းမြစ်ဖြစ်တဲ့ အာဟာရအတွက် အဓိက ပရိုတင်းအစာဖြည့်ပေးနေတဲ့ ရင်းမြစ်ဖြစ်ပါတယ်။

ဒီလို အရေးပါပြီး အရေးကြီးတဲ့ အဓိက ရေချို မြစ်ဝှမ်းကြီးတွေအတွက် ရေအားလျှပ်စစ် စက္ကူဖြူ စာတမ်းကို ပြည်သူတွေ မသိပဲ ပြည်သူတွေနဲ့ မတိုင်ပင်ပဲ တရုတ်နဲ့ ကြိတ်ရေးနေတာက စိုးရိမ်စရာပါ။

လက်ရှိမှာ ရေအားလျှပ်စစ်ဆည်တွေ ဘယ်နှစ်ခုရှိတယ် ၊ လျှပ်စစ်ဘယ်လောက်ထွက်မယ်မှန်းထားပြီး လက်တွေ့မှာ လျှပ်စစ် ဘယ်လောက်ပဲရနေတယ် ။ ဘယ်လောက်ကုန်ထားတယ် ၊ ဘယ်လောက် အကြွေးတွေရှိတယ်၊ ဝင်ငွေတွေ ဘယ်လောက်ပြန်ရတယ်ဆိုတဲ့ အချက်အလက်တွေ ရှိထား သိထားဖို့ လိုပါတယ်။ MOEE မှာ ဒီအချက်အလက်တွေ ရှိမှာပါ။ ရှိရမှာပါ။ ရှိတဲ့စာရင်းတွေ ထုတ်ပြန်ပေးဖို့ပဲ လိုတာပါ။

အီကွေဒေါ မီးတောင်အောက် ရေကာတာ ဆိုတဲ့ ဆောင်းပါးက တရုတ်နိုင်ငံနဲ့ လုပ်မယ့် ဆည်တွေအတွက် အလေးထားဖို့ သတိပေးထားပြီး ဖြစ်ပါတယ်။

တရုတ်ရေကာတာ နဲ့ အကျင့်ပျက်ခြစားမှု တိုက်ရိုက်ဆက်စပ်နေမှုကို သင်ခန်းစာယူဖို့ပါ။

Tranaprency International ရဲ့ ၂၀၁၈ အတွက် အကျင့်ပျက်ခြစားမှု ညွှန်းကိန်း အစီရင်ခံစာအရ မြန်မာက ၂၉၊ တရုတ်က ၃၉ ပါတဲ့ ။ သုညကနေ ၁၀၀ အမှတ်ပေးတဲ့ စနစ်အရ အဆင့်နည်းတာက အကျင့်ပျက်ခြစားမှု မြင့်တယ်လို့ ဆိုတဲ့ အဓိပ္ပါယ်ပါ။ ပေါက်ဖော်တွေဆိုတော့လည်း ၂၉ နဲ့ ၃၉ သူမသာကိုယ်မသာလို့ ဆိုရမှာပေါ့။

အနှစ်ချုပ်ရရင်တော့ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေအပါအဝင် မမှန်ကန်၊ မတရား၊ မမျှတလို့ မအောင်မြင်ပဲ အများအကျိုးပျက်စီးစေခဲ့တဲ့ မူဝါဒတွေ၊ စဉ်းစားပုံတွေ၊ လုပ်ရပ်တွေရဲ့ သင်ခန်းစာတွေ အများကြီးပါ။ လတ်လတ်ဆတ်ဆတ်ကြီး ရှိပါသေးတယ်။

မြစ်ဆုံ အကျပ်အတည်းတောင် အဖြေ မထုတ်နိုင်သေးချိန်မှာ နောက်ထပ်မြစ်ဆုံလို အဖြစ်ဆိုး အသစ်တွေ ထပ်ဖြစ်အောင် မလုပ်ကောင်းတာမို့ တရုတ်နဲ့ ရေအားလျှပ်စစ် စက္ကူုဖြူ စာတမ်း ရေးနေတဲ့ သတင်းနဲ့ ပတ်သက်ပြီး အများပြည်သူသိအောင် ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ရှင်းပြပြီး တာဝန်ခံပေးပါ။

လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍ နိုင်ငံတော်ပိုင် စီးပွါးရေးလုပ်ငန်းတွေနဲ့ သူတို့နဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းတွေရဲ့သတင်းအချက်အလက်တွေကို အများပြည်သူသိအောင် ပွင့်လင်းမြင်သာစွာ ထုတ်ဖော် ရှင်းပြ တာဝန်ခံပေးဖို့ နှိုးဆော် တိုက်တွန်းလိုက်ပါတယ်။

(ဒေါက်တာကျော်သူသည် အရပ်ဘက်အဖွဲ့အစည်းများ စွမ်းရည်မြှင့်တင်ရေး ဆောင်ရွက်နေသော ပေါင်းကူးအဖွဲ့၏ ဒါရိုက်တာဖြစ်သည်။)

Loading