ဦးရွှေမန်းပါတီ ဘာလဲ ဘယ်လဲ

စိန်ဝင်း
ဦးရွှေမန်းပါတီထောင်တာဟာ နွေးထွေး နီးကပ်တဲ့ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆက်ဆံရေးက ကတ္ထီပါလမ်းခွဲချိန် စတင်တဲ့ သဘောဆောင်သလား / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

သူရ ဦးရွှေမန်းက ပါတီထောင်ပြီဆိုတော့ နိုင်ငံရေးအသိုင်းအဝိုင်းမှာ စိတ်ဝင်စားကြတယ်။ ဒီပါတီရဲ့ အလားအလာ ဘာဖြစ်မလဲ၊ ရွေးကောက်ပွဲမှာ အဖြေပြောင်းလဲနိုင်တဲ့ ပါတီတခုဖြစ်လာမလားပေါ့။

ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဌ သူရဦးရွှေမန်းဟာ နိုင်ငံရေးမှာ ရုပ်သွင်အမျိုးမျိုးနဲ့ ရှိနေခဲ့တဲ့ စစ်သားကနေ နိုင်ငံရေးသမားအဖြစ် ပြောင်းလာတဲ့သူ တစ်ယောက်ပါ။

စစ်အုပ်ချုပ်ရေးကာလ သူဟာ စစ်အစိုးရအဖွဲ့မှာ နံပါတ် ၃ အဆင့်ရှိတဲ့ ဗိုလ်ချုပ်ကြီးတယောက်ကနေ အရပ်သားအစိုးရစနစ် ပြောင်းတဲ့အခါမှာ တနည်းအားဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသက်ဝင်သွားပြီးတဲ့အခါမှာ သူ့ထက် ရာထူးအားဖြင့်နိမ့်ပေမယ့် စစ်သက် စီနီယာကြတဲ့ ဗိုလ်ချုပ်ကြီး သိန်းစိန်က နိုင်ငံတော် သမ္မတဖြစ်သွားခဲ့ပြီး သူကတော့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဖြစ်လာခဲ့ပါတယ်။

နှစ်ယောက်လုံးကတော့ အဲဒီအချိန်က အာဏာရပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်တွေဖြစ်ပြီး တယောက်ကတော့ သမ္မတဖြစ်လို့ ပါတီတာဝန်မယူရချိန်မှာ တယောက်က ဥက္ကဌ ဖြစ်လာပါတယ်။

ဦးရွှေမန်းဟာ ပါတီတွင်းသြဇာထူထောင်တယ်လို့ သူ့ကို စွပ်စွဲကြပါတယ်။ ဘက်တူပေမယ့် သူတို့တွေကြားထဲမှာ ကွဲပြဲမှုက ကြီးမားခဲ့ပါတယ်။ အကွဲကြီးအောင်လည်း လူပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေး ဘေးပတ်ဝန်းကျင်က လှုံ့ဆော်ပေးခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ ပါတီတွင်း တိုက်ပွဲ ဖြစ်ပွားပြီး ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဌ ဖြစ်နေချိန်မှာပဲ သူရဦးရွှေမန်းနဲ့ သူ့ဘက်တော်သားတွေဟာ ရာထူးက ဖယ်ရှားခံခဲ့ရပါတယ်။ လုံခြုံရေးအတွက် စိုးရိမ်ပြီး သေနတ်တောင် ဆောင်အိပ်ခဲ့ရတယ်လို့ နောက်ပိုင်းမှာ ထုတ်ပြောခဲ့ပါတယ်။

သူရဦးရွှေမန်းနဲ့ ပတ်သက်ပြီး ထူးခြားတာက သူဟာ သမ္မတဖြစ်ဖို့ ရည်မှန်းချက်ကြီးတာကို နိုင်ငံရေးအသိုင်းအဝိုင်းထဲ နားလည်သိရှိထားသူပါ။ သူဖြစ်ချင်သလို မဖြစ်လာခဲ့ပေမယ့် နိုင်ငံရေးနယ်ပယ်ထဲ ဆက်ရှိနေတာကလည်း သူတို့မျိုးဆက် စစ်ဗိုလ်ဟောင်းတွေထဲ ထူးခြားပါတယ်။ တပ်ထွက်ဆိုပေမယ့်လည်း တပ်နဲ့တော့ အစေးမကပ်တာတွေလည်း တွေ့ရပါတယ်။ ကြံ့ခိုင်ရေးက ရာထူး သူပြုတ်ပြီးတဲ့နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က “မဟာမိတ်” လို့တောင် ထုတ်ပြောခဲ့တဲ့ထိ ရင်းနှီးခင်မင်မှုကြီးလာခဲ့ပါတယ်။

ဒါပေမယ့်လည်း သူနဲ့ NLD ထပ်တူကြခဲ့တာတော့လည်း မဟုတ်ပြန်ပါဘူး။ NLD နဲ့ ၈၈ မျိုးဆက်တွေက အခြေခံဥပဒေပြင်ဆင်ရေးပုဒ်မ ၄၃၆ (က) နဲ (ခ) ကို ပြင်ဆင်ရေး ကြိုးစားတော့ သူပြင်ချင်တာက အဲဒါမဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ ၄၃၆ ပြင်ဆင်ရေးကို ကန့်ကွက်ခဲ့တဲ့အပေါ် NLD ပါတီဝင်ထဲတွေမှာ ဒေါသူပုန်ထစေပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ သူ့ဇာတိမြေကနေ ရွေးကောက်ပွဲဝင်ပြိုင်ပေမယ့် NLD ကိုယ်စားလှယ်ကို သူရှုံးခဲ့ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ ကြံ့ခိုင်ရေးအနိုင်ရလိမ့်မယ်လို့ သူတွက်ချက်ထားခဲ့ဟန်ရှိပေမယ့် လွဲခဲ့ရပြန်ပါတယ်။ သူတို့မဟာမိတ်ပုံစံက စိတ်ဝင်စားစရာ ဖြစ်ခဲ့ပြန်ပါတယ်။ သူနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆက်ဆံရေးဟာ သူနဲ့ NLD ဆက်ဆံရေးနဲ့ မတူခြားနားတဲ့ လက္ခဏာလို့ ပြောလို့ရပါတယ်။

NLD အာဏာရလာတော့ သူ့ကို ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဌ နေရာ ဒေါ်အောင်ဆန်းစုကြည်က ပေးခဲ့ပါတယ်။ အထူးကော်မရှင်လို့ အခေါ်အပြောများတဲ့ ဒီကော်မရှင်ဟာ Executive power မဟုတ်ပေမယ့် အခရာကျတဲ့နေရာတခုပါပဲ။

ပြည်တွင်းက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်ကလူတွေနဲ့ တွေ့ဆုံခွင့်ရသလို သံတမန်တွေအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့လည်း မပြတ် တွေ့ခွင့်ရတယ်။ ဥပဒေတွေကို လွှမ်းမိုးခွင့်ရပါတယ်။ ဒီကော်မရှင်ထဲမှာ သူ့လူတွေကိုလည်း ထည့်သွင်းခွင့်ရပါတယ်။

လွှတ်တော်ဥက္ကဌ ရာထူးကော၊ အထူးကော်မရှင် ဥက္ကဌ ရာထူးကပါ နိုင်ငံရေး လေ့ကျင့်ရေးကွင်း ဖြစ်သလို သူ့လူများအတွက်လည်း ဒီနေရာမျိုးဟာ ဥပဒေတွေကို လေ့လာခွင့် အကျိုးများစေပါတယ်။

တကယ်လည်း သူရဦးရွှေမန်းရဲ့ နိုင်ငံရေးဟာ ဒေါ်အောင်ဆန်းစုကြည်ကို မှီခိုနေရပြီး အပြန်အလှန်ဆိုသလို အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးမှာ အကျွမ်းတဝင်ရှိပြီးဖြစ်တဲ့ ဦးရွှေမန်းနဲ့ သူ့ဂိုဏ်းသားတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းထောက်ကူထားကြပါတယ်။

အခုတော့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဆိုပြီး ထောင်လိုက်ပါတယ်။ ဒါဟာ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နွေးထွေး နီးကပ်တဲ့ ဆက်ဆံရေးက ကတ္ထီပါလမ်းခွဲချိန် စတင်တဲ့ သဘောဆောင်သလား။ တပ်နဲ့ ဆက်ဆံရေး ကောင်းဖို့ လိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်က သဘောမတွေ့တဲ့ ဦးရွှေမန်းကို ခွာပစ်လိုက်မှာလား။ အခု အန်အယ်ဒီက ဖွဲ့စည်းပုံပြင်ဆင်ရေးကြိုးပမ်းမှု တကျော့ပြန်လုပ်လာချိန်မှာ ဦးရွှေမန်းပါတီ ထောင်ချိန်နဲ့ ချိန်ကိုက် ဖြစ်နေပါတယ်။

ဦးရွှေမန်းပါတီဟာ အယူဝါဒကို အခြေခံတာမျိုးမဟုတ်ဘဲ Pragmatism ကို သွားမယ့်ပုံစံပါပဲ။ ပါတီမူဝါဒတွေထုတ်ပြန်တာမှာတော့ ယေဘုယျဆန်ဆန်ပါပဲ။ စိတ်ဝင်စားစရာအချက်နှစ်ချက်ကတော့ “ဖက်ဒရယ် ဒီမိုကရေစီ” လို့ သုံးထားတာနဲ့ မြန်မာနိုင်ငံနဲ့ ဆီလျော်လိုက်ဖက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်လာရေးတို့ကို ဆောင်ရွက်မယ်လို့ ဆိုထားတာပါပဲ။

၂၁ ရာစုပင်လုံညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးဆိုင်ရာ သဘောတူညီစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးဖို့ ဖိတ်ခေါ်ရာမှာ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပထမဆုံး ခြေလှမ်းဖြစ်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

သူ့ရဲ့ပါတီဟာ မဲဆန္ဒရှင်တွေကြားထဲ ၂၀၂၀ ရွေးကောက်ပွဲကာလအထိ ရောက်နိုင်မယ် မထင်ပါဘူး။ ပြောရရင် ဦးရွှေမန်းပါတီရယ်လို့ပဲ သိကြမှာ ဖြစ်ပါတယ်။ မျှမျှတတပြောရရင် သူချည်းပဲလားဆိုတော့ မဟုတ်ပါဘူး။ များမကြာသေးမီကပဲ ပေါ်ထွက်လာခဲ့တဲ့ လာရာဘက်မတူ၊ သွားရာ လမ်းကြောင်းတူ ပါတီတခုဖြစ်တဲ့ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီကိုလည်း ဦးကိုကိုကြီးပါတီလို့ပဲ အလွယ်သိကြတာပါပဲ။

မြန်မာပြည်ရဲ့ အစဉ်အလာကလည်း လူထုလူတန်းစားကြား ပြန့်နှံ့တဲ့ပါတီဖြစ်လာတဲ့ပါတီတွေဟာ အပြောင်းအလဲကြီးတွေနဲ့ ဆက်စပ်ပေါ်ပေါက်တာ ဖြစ်ပါတယ်။ လက်ရှိအနေအထားမှာတော့ NLD နဲ့ ကြံ့ခိုင်ရေးလို့ပဲ ပြောလို့ရမယ်ထင်ပါတယ်။

သို့ပေမယ့်လည်း ဦးရွှေမန်းပါတီဟာ ရန်ပုံငွေ တောင့်တင်းတဲ့ပါတီတခု ဖြစ်တဲ့အတွက် မှေးမှိန် ပျောက်ကွယ်သွားမယ့် ပါတီတော့ မဟုတ်ပါဘူး။ လာမယ့်ရွေးကောက်ပွဲမှာ NLD သော်လည်းကောင်း၊ ကြံ့ခိုင်ရေး သော်လည်းကောင်း သောင်ပြိုကမ်းပြို အနိုင်ရနိုင်တဲ့ ပါတီမရှိရင် တတိယပါတီအနေနဲ့ Kingmaker ပါတီအနေနဲ့ ဘယ်အုပ်စုနဲ့ပေါင်းမှာလဲ၊ ဘယ်သူ့ကို အစိုးရပေးမှာလည်းဆိုတာ အဆုံးအဖြတ်ပေးနိုင်မယ့် နေရာကို မှန်းထားတဲ့ ပါတီတခုလို့ ပြောလို့ရပါတယ်။

လွှတ်တော်တွင်း တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကလည်း ရှိနေတော့ ဒီလိုအခြေအနေမှာ ဒီအစုအဖွဲ့ကလည်း အဆုံးအဖြတ်ပေးမယ့် အစုအဖွဲ့အဖြစ် ဖြစ်လာမှာပါပဲ။ အဲဒီတော့ လာမယ့် ရွေးကောက်ပွဲဟာ ဇာတ်ကောင်တွေ ပိုများလာပြီး အုပ်စုကြပ်လာကာ အကြိတ်အနယ်ဖြစ်လာမယ့် သဘောလို့ ထင်မြင်ယူဆမိကြောင်းပါ ခင်ဗျား။

(ဆောင်းပါးရှင် ဦးစိန်ဝင်းသည် ရန်ကုန်အခြေစိုက် Internews ၏ သတင်းစာပညာ အကြံပေးတဦးဖြစ်သည်။ )

Did you find apk for android? You can find new Free Android Games and apps.
Loading