ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD အစိုးရ အာဏာရသည့် အချိန်ကစပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုသော နိုင်ငံရေး ရည်မှန်းချက်ကို အဓိကထား၍ လှုပ်ရှား ဆောင်ရွက်ခဲ့သည်။
အထူးသဖြင့် တပ်မတော်နှင့် NLD အစိုးရကြား ရင်ကြားစေ့ရေးကို အဓိကထား ဆောင်ရွက်ခြင်း ဖြစ်သည်။ စင်စစ် အားဖြင့် အစိုးရအဖွဲ့ တခုတည်းတွင်ပါဝင်သော ဌာနအသီးသီး၊ အဖွဲ့အစည်း အသီးသီးမှာ နိုင်ငံ၏ ဦးသျှောင်ဖြစ် သမ္မတ၏ ထိန်း ချုပ် ကွပ်ကဲမှုအောက်တွင် ရှိရမည် ဖြစ်သောကြောင့် တပ်မတော်နှင့် ရင်ကြားစေ့ရေး ဆိုသော ပြဿနာ မပေါ်ပေါက် နိုင်ပေ။
သို့သော်၂၀၀၈ ဖွဲ့စည်းပုံအရ တပ်မတော်သည် သီးခြားလိုဖြစ်နေ၏။ အစိုးရ ၂ ဖွဲ့လို ဖြစ်နေ၏။ တချိန်တည်းတွင် ဒီမိုကရေစီ ဖွဲ့စည်းပုံ မဆန်သော၊ လူထုက ရွေးကောက်ခြင်း မရှိသည့် တပ်မတော်သား၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲ ပါနေခြင်း ကလည်း အစိုးရနှင့် တပ်မတော်ကြား ခွဲခြားထားသလို ဖြစ်နေလေသည်။
ထို အခြေအနေမျိုးကို ပြည်သူလူထုက မနှစ်မြို့ကြ၊ သဘောမတူခဲ့ကြပေ။ အမှန်စင်စစ်အားဖြင့် လက်တုံ့ပြန်ခြင်း စသည် တို့မှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အဟန့်အတား ဖြစ်စေခြင်း၊ ထိခိုက်စေခြင်းတို့မှာ သဘာဝကျပါ သည်။
သို့သော် အတိတ်သမိုင်းမှ ဖြစ်ရပ်များကို မမေ့မပျောက်ဘဲ မှတ်တမ်း တင်ထားဖို့မှာ ကာယကံရှင်များ၊ နိုင်ငံရေး ပါတီ များ၊ နိုင်ငံရေး ခေါင်းဆောင်များနှင့် သမိုင်း ပညာရှင်များတွင် တာဝန်ရှိလေသည်။
ထို့ကြောင့် တောင်အာဖရိက နိုင်ငံတွင် လွတ်လပ်သော ရွေးကောက်ပွဲကြီးများ ကျင်းပကာ လူမည်းများ အာဏာ ရလာ ခြင်း ဖြစ်ပါသည်။
တောင်အာဖရိက ခေါင်းဆောင် မင်ဒဲလား၏ Forgive,but not Forget “ခွင့်လွှတ်ပါ။ သို့သော် မမေ့ပါနဲ့” ဆိုသော ဆောင်ပုဒ် မှာ ကမ္ဘာကျော်သွားခဲ့ လေသည်။ အသားအရောင်ခွဲ ခြားမှုကို နှစ်ဖက်စလုံးက ဖျက်သိမ်းလိုသော ဘုံ သဘောထား တူညီမှုဖြစ်ပါသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ၂၉ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမတွင် ပြုလုပ်သော သက်ကြီး စာရေးဆရာများနှင့် စာပေ ပညာရှင်များအား ပူဇော်ကန်တော့ပွဲတွင် အာဏာသိမ်းခဲ့သော စစ်အစိုးရ ခေါင်းဆောင် တဦးဖြစ်သူ၊ စစ် ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို စာရေးဆရာ တဦး၊ စာပေ ပညာရှင် တဦး အဖြစ် ကန်တော့ပွဲတွင် ပူဇော် ကန်တော့ ခဲ့ကြသည်။
စာရေးဆရာများ၊ ကဗျာဆရာများ၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများ၊ နိုင်ငံရေးသမားများ ကြားတွင် ရှုတ်ချဝေဖန်မှု များ ပလူပျံသွား၏။
လူမှုကွန်ရက် Facebook ပေါ်တွင်လည်း အားလုံးလိုလိုက ထို ကန်တော့ပွဲနှင့် ပတ်သတ်ပြီး ဗိုလ်ခင်ညွန့်ကို ထည့်သွင်း ကန်တော့ခြင်း အတွက် ကန့်ကွက် ရှုတ်ချ ရေးသားကြ၏။
ပိုပြီး ဆိုးသည်မှာ နိုင်ငံရေး အကျဉ်းသားဟောင်းလည်း ဖြစ်ခဲ့သော ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုယ်တိုင် ရှေ့ဆုံးကနေ ဗိုလ်ခင်ညွန့်အား လေးလေးစားစား သွားရောက် နှုတ်ဆက်ပြီး ကန်တော့ခြင်း ဖြစ်ပါသည်။
ကန်တော့ခံသူနှင့် ကန်တော့သူတို့တွင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ထုံးတမ်းစဉ်လာ သတ်မှတ်ချက်များ ရှိ၏။ ရတနာ သုံးပါး နှင့် မိဘဆရာများကို ဗုဒ္ဓဘာသာဝင်များက ကန်တော့လေ့ ရှိကြ၏။ သီတင်းဝါလ ကျွတ်သည့် ကာလတွင် မိဘများ၊ ဆရာများ၊ သက်ကြီး ရွယ်အိုများကို ကန်တော့လေ့ ရှိကြသည်။
ကန်တော့ခံပုဂ္ဂိုလ်များကို ကန်တော့သူများက ကံ ၃ ပါးဖြင့် ကျူးလွန်ခဲ့မိသည်များ ရှိလျှင် ခွင့်လွှတ်ကြပါရန် တိုးလျှိုး ကြသလို အကန်တော့ခံ ပုဂ္ဂိုလ်များ အနေဖြင့်လည်း ကျူးလွန်မိသည်များကို ခွင့်လွှတ်ခြင်း၊ အာဃာတ မထားကြောင်း စိတ်သဘောထား ကြီးကြီးဖြင့် ခွင့်လွှတ်ပေးကြသည်။
ယခုလို သက်ကြီး ဝါကြီး စာရေး ဆရာကြီးများနှင့် စာပေပညာရှင်များကို ကန်တော့ရာတွင် အကန်တော့ခံထဲတွင် ဗိုလ် ခင်ညွှန့် ပါလာသလို ကန်တော့သူများတွင် နိုင်ငံရေး အကျဉ်းသားဟောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လည်း ပါလာသည်။
ဦးဖြိုးမင်းသိန်းက ကံ ၃ ပါးဖြင့် ကျူးလွန်မိသည်ကို ခွင့်လွှတ်ပါရန် သဘော ဆောင်နေသလို ဗိုလ်ခင်ညွှန့် ကလည်း ခွင့်လွှတ် ပါသည်ဟု သဘော သက်ရောက် နေသည်။
ဗိုလ်ခင်ညွှန့်သည် စစ်ထောက်လှမ်းရေး အကြီးအကဲဖြစ်သလို ဗိုလ်ချုပ်ကြီး အဆင့်ဖြင့် ဝန်ကြီးချုပ် တာဝန်ကိုပင် ယူခဲ့သူ ဖြစ်သည်။
သူသည် ဆိုဗီယက်ယူနီယံ စတာလင် ခေတ်က ဘဲရီးယားနှင့် တူသည်ဟု ဆိုကြ၏။ ဒီမိုကရေစီ အင်အားစု မှန်သမျှ၊ မြေအောက် လှုပ်ရှားမှုမှန်သမျှ၊ မိမိနှင့် သဘောထားမတူသူ မှန်သမျှကို ရက်ရက်စက်စက် ထောင်သွင်း အကျဉ်းချသူ ဖြစ်၏။
စာပေ ကင်ပေတိုင်ဟု ခေါ်သော စာပေစိစစ်ရေးဖြင့် စာပေ လွတ်လပ်ခွင့်ကို ပိတ်ပင် တားဆီးခဲ့သူလည်း ဖြစ်သည်။
ဗိုလ် ခင်ညွှန့် ဦးဆောင်သော စစ် ထောက်လှမ်းရေး အောက်တွင် နိုင်ငံ၏ သားကောင်း သမီးကောင်းများ၊ နိုင်ငံရေး သမား များမှာ စစ်ကြောရေးတွင် နှိပ်စက်ညှဉ်းပန်းခံရပြီး သေဆုံးသွားကြရသလို အသက် မသေသူများသည်လည်း နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခံခဲ့ကြရသည်။
စစ်ထောက်လှမ်းရေး စစ်ကြောရေး စခန်းများတွင် စစ်ကြောရင်း သေဆုံး သွားသူများအနက် ထင်ရှားသူများတွင် NLD ပါတီ မှ ရန်ကုန် ဆိပ်ကမ်း အမတ် ဦးမောင်ကို ဆိုလျှင် ရန်ကုန်တွင် စစ်ဆေးရင်း အသက် သေဆုံးခဲ့သည်။
မန္တလေး စစ်ထောက်လှမ်းရေး ၏ စစ်ကြောရေး စခန်းတွင် စစ်ဆေးမေးမြန်းရင်း အသက် စွန့်ခဲ့ရသူသည်လည်း အမည်တူ ဦးမောင်ကို ဆိုသူ ဖြစ်ပါသည်။ ထို ဦးမောင်ကိုသည် ဗမာပြည် ကွန်မြူနစ် ပါတီ မှ မြေအောက် လှုပ်ရှားမှု ခေါင်း ဆောင် တယောက်ဖြစ်ပါသည်။ မေးသမျှကိုမဖြေ၊ စကားတခွန်းမှ နှုတ်က မထွက်ဘဲ အသက်စွန့်သွားသူ ဖြစ်၏။
ဦးမောင်ကို၏ သမိုင်းတွင်သော ရပ်တည်ချက်ကို ဖက်ဆစ် ဂက်စတာပိုများအား သေသည်အထိ ရင်ဆိုင်သွားခဲ့သော၊ ချက်ကို စလိုဗေးကီးယား ကွန်မြူနစ် ပါတီမှ ဂျူးလီးယက်ဖူးချစ် နှင့် နှိုင်းယှဉ်ပြီး ဂုဏ်တင်ခဲ့သည်ဟု ကြားသိရပါသည်။
ဗိုလ်ခင်ညွှန့် ဖမ်းဆီးခဲ့သော NLD ပါတီမှ နိုင်ငံရေး ခေါင်းဆောင်များ ထောင်ထဲတွင် အသက်စွန့်ခဲ့ရသည်။ အထူးသဖြင့် NLD ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သော တတ်သိပညာရှင် အများအပြား သေဆုံးသွားခြင်း ဖြစ်ပါသည်။
ဗိုလ်မှူးဘသော်ခေါ် မောင်သော်က၊ စာရေးဆရာ မောင်တင်ရွှေ၊ ဦးမောင်ကို၊ နောက် ခရမ်း ဦးတင်မောင်ဝင်း၊ တခြား နိုင်ငံရေးသမားများ ဖြစ်သော ဦးစိုးဝင်း၊ ဦးညိုဝင်း၊ ပြည်သူ့ တိုးတက်ရေး ပါတီ ခေါင်းဆောင် ဦးခင်မောင်မြင့်၊ ကျောင်းသား သမဂ္ဂ ခေါင်းဆောင် သုံးခွဦးစိန်ဝင်း စသောသူများမှာ စစ်ထောက်လှမ်းရေး ၏ ညှဉ်းပန်းနှိပ်စက်မှု၊ ထောင်တွင်း လုံလောက် သော ဆေးဝါးကုသရေး ကင်းမဲ့မှုတို့ကြောင့် သေဆုံး သွားခဲ့ရသည်။
ထိုပြစ်မှုများ အတွက် အပြစ်ရှိသူနှင့် တာဝန်အရှိဆုံးသူမှာ စစ်ထောက်လှမ်းရေး ခေါင်းဆောင် ဗိုလ်ခင်ညွှန့်ပင် ဖြစ်သည်။ ထိုညှဉ်းပန်း နှိပ်စက်ခံရသူများ၊ သေဆုံးသွားသူများ အတွက် ဗိုလ်ခင်ညွှန့် အပေါ်တွင် အကြွေးများ တင်ရှိနေလေသည်။
မြန်မာ စကားတွင် “ကြွေးတင်လျှင် ဘုရင်ဆပ်လိမ့်မယ်” ဆိုသော စကားတခုရှိပါသည်။ ပဒေသရာဇ် ခေတ်က ဘုရင်က ဆပ်မဆပ် မသိသော်လည်း အရင်းရှင်ခေတ်တွင်မူ အစိုးရက ဆပ်ပေးသည်ဟုမရှိဘဲ အာဏာ လက်ကိုင်ရှိသည့် အစိုးရက သာ တိုင်းသူပြည်သားများကို အကြွေးနှင့် သိမ်းထားသလို ထင်သလို ခိုင်းကြလေတော့သည်။ မည်သူမဆို အကြွေး ပတ်ချာလည် ဝိုင်းလာလျှင်ကား မကောင်းတော့ပေ။
ဗုန္ဓဘာသာတို့၏ အယူအရ သူတပါးထံမှ အကြွေးယူထားလျှင် ယခုဘဝမှာ အကြွေး ဆပ်ရလေသည်။ သံသရာကြွေး ပါသွားလျှင် မရပေ။ သံသရာကြွေး ပါသွားပါက မကြေမချင်း ကြွေးရှင်ထံတွင် အခိုင်းအစေ အဖြစ် ဆပ်ရတတ်လေသည်။ ထိုသည်ကို နားလည်ဖို့ လိုသည်။
သို့သော် မြန်မာနိုင်ငံသည် LDC (Least Developed Country) အဆင်းရဲဆုံး အဖြစ် ဒေဝါလီ ခံထားသည့် နိုင်ငံ ဖြစ်လာ ကတည်းက အကြွေး ဝိုင်းလာတော့သည်။ ကမ္ဘာ့ဘဏ်မှ အကြွေး၊ IMF မှ အကြွေး၊ ဂျပန်မှ အကြွေး၊ တရုတ်မှ အကြွေး စသည်စသည်ဖြင့် အကြွေးပတ်ချာလည် ဝိုင်းကာ အတိုးပင် မဆပ်နိုင်တော့သည့် အခြေအနေတွင် အနောက်နိုင်ငံများက ပိတ်ဆို့မှုများ လုပ်လိုက်သောကြောင့် သံသရာကြွေး တင်လေမလားဟုပင် စိုးရိမ်စရာ ဖြစ်လာ၏။
ဗိုလ်နေဝင်းတို့ စစ်ကောင်စီ တစု အကြွေးများ မဆပ်နိုင်ဘဲ တမလွန်သို့ ပြောင်းသွားသည်။ သူတို့ သံသရာကြွေး တင်နေ မည်မှာ သေချာပါတော့သည်။
ဦးသိန်းစိန် အစိုးရသည် ဒီမိုကရေစီ လမ်းကြောင်းသွားမည်ဟု ကြွေးကြော် လိုက်ကတည်းက ကြွေး ရှင်များက ကြွေးများ လျှော်ပစ်လိုက်သည်။ ကမ္ဘာ့ဘဏ်ဆိုလျှင် ယခင်အကြွေးများ လျှော်ရုံမက အကြွေး သစ်ပင် ထပ်ပေးလိုက်ပြန်သည်။
ထိုသို့ အကြွေးယူရာတွင် ထင်ရှားသူမှာ သမဝါယမ ဝန်ကြီး ဦးကျော်ဆန်းဖြစ်၏။ ဦးကျော်ဆန်းသည် တရုတ်မှ ဒေါ်လာ သန်းပေါင်း များစွာ ချေးလိုက်သည်။ နောက် လယ်သမားများကို ပြန်ချေးသည်ဟု ဆိုသည်။ ထိုချေးသော ငွေများဖြင့် လယ်သမားများ လုပ်ငန်း မည်မျှအောင်မြင်ပြီး မည်မျှပြန်ဆပ်မည် မသိပေ။
သို့သော် လယ်ယာဝန်ကြီးကမူ လယ်ယာ စိုက်ပျိုးရေး ချေးငွေများကို ပြန်မဆပ်လျှင် နောင်သံသရာတွင် ကျွန်ခံရလိမ့်မည် ဟု ပြောဆိုခဲ့သလို လယ်သမားများ ထမင်း၂ နပ် စားရာမှ တနေ့တနပ် လျှော့စားလိုက်ပါကအကြွေးများ ပြန်ဆပ်နိုင်မည် ဟု ကမ္ဘာပေါ်တွင် အလွန်အမင်း ဆန်းသစ်သော အကြံဉာဏ်ကို ပေးသွားပါသည်။
သမ္မတ ဦးသိန်းစိန်ကလည်း လူတိုင်း နို့ သောက်ဖို့ အကြံပေးသွားသည်။ အလွန်ကောင်းပါသည်။ သို့သော် နို့သောက်နိုင်၊ မသောက်နိုင်ကား အရေးမဟုတ်ဘဲ သူက အကြံပေးခြင်းသာ ဖြစ်သည်။ ဒုသမ္မတ ကလည်း တနေ့လျှင် ကျပ် ၂၀၀၀ နှင့် လောက်အောင် သုံးဖို့ တွက်ချက် ပြသွားခဲ့လေသည်။ သမ္မတ အကြံပေး ဦးကိုကိုလှိုင် ဆိုသူကလည်း မီးပျက်တာ ညည်း မနေနဲ့။ မီးပျက်ရင် ဖယောင်းတိုင် ထွန်းပေါ့ ဟု ပြောသွားသည်။ အကြံပေးများ၏ အကြံကောင်းများလား။ ဖြန့်ထွက် တွေးသလား မပြောတတ်ပေ။ ဝန်ကြီး တပါးကလည်း နယ်လှည့် ပါးရိုက်နေသူ ဖြစ်။ တရုတ်က ကျေးဇူးရှင်၊ တရုတ်ကို ကြောက်နေရသည်ဟု ပြောသော ဝန်ကြီးလည်း ပါပါသည်။
ထိုသို့သော ကြံ့ခိုင်ရေး ပါတီခေတ်က သမ္မတနှင့် သူ့လူ ဝန်ကြီးများ၏ ဟာသကွက်များမှာ ရာဇဝင်တွင် စစ်အာဏာရှင် ခေတ်၊ မဆလ ခေတ်က ဝန်ကြီးများလို စာတင်လောက်ခဲ့ပေသည်။
အကြွေး အမျိုးမျိုး ရှိပါသည်။ သမ္မာကျမ်း အလိုအရဆိုလျှင် လူတဦးကတဦးကို ပါးတချက်ရိုက်လျှင် သူလည်း ပြန်အရိုက် ခံရမည်။ သူများ အသက်သတ်လျှင် ကိုယ့်အသက် ပြန်ပေးရမည်ဟု ဥပဒေလည်း ထုတ်ထားသည်။ ဥပဒေကြောင်း အရ ရော၊ ဘာသာရေး ပညတ်ချက်အရရော သဘာ၀ ကျပါသည်။
ထို့ကြောင့် အသက်ကြွေး၊ ပစ္စည်းဥစ္စာကြွေး၊ ညှဉ်းပန်းနှိပ်စက်သော ဘဝကြွေးများရှိ၏။ ဆော်ဒီအာရေးဗီးယားတွင် ယခု ထက်တိုင် ဘာသာရေး ပညတ်ချက်များအတိုင်း ကျင့်သုံးနေပါသည်။ သူခိုးဆိုလျှင် ခိုးသောလက်ကို ဖြတ်ပစ်၏။ ဖောက်ပြန် နေသော၊ တနည်း လင်ငယ်နေသော မိန်းမဆိုလျှင် ခဲဖြင့် ဝိုင်းပစ်ကာ သတ်ပစ်၏။ အပြစ်အတွက် အကြွေး ပေးဆပ်ရခြင်း ဖြစ်ပါသည်။
မြန်မာ့သမိုင်း ကုန်းဘောင် မင်းဆက်တွင် ထင်ရှားသော မိဖုရားကြီး တပါးရှိ၏။ နန်းမတော် မယ်နု ဖြစ်ပါသည်။ မယ်နုသည် မင်းမျိုးမင်းနွယ် မဟုတ်။ တောသူမ၊ ငါးစိမ်းသည်မ ဟုလည်း ဆိုကြ၏။
ရာဇဝင်ကျမ်းထဲတွင် အခိုင်အမာ ဖော်ပြခြင်းကား မရှိသော်လည်း နန်းမတော်မယ်နု၏ အတ္ထုပ္ပတ္တိကို ဦးဖိုးကျားတို့၊ မှော်ဘီ ဆရာသိန်းတို့က ရေးသားရာတွင် ယုံတမ်းများအဖြစ် အလွန်စိတ်ဝင်စားစရာ ကောင်းလှ လေသည်။
အလောင်းမင်းတရား၏ သားတော်တပါး ဖြစ်သော ဘကြီးတော် မင်းတရား လက်ထက်တွင် ဖြစ်ပါသည်။ တနေ့ နန်းတော် ပေါ်သို့ ပျံသန်းလာသော စွန်တကောင်သည် ရေချိုးဆိပ်မှ ထဘီတထည်ချီပြီး ပြန်လာသည်ကို တွေ့ရသောအခါ နန်းတော် စောင့်များက စွန်ကိုခြောက်ရာ ချီလာသော ထဘီကို ချကာ ပျံသွား၏။ ဘကြီးတော်ဘုရားက ဒါဘယ်သူ့ ထဘီလဲဟု စစ်ဆေးရာမှ ရေးချိုးဆိပ် ရောက်သွားပြီး ၇ နှစ်အရွယ် မယ်နု၏ ထဘီ ဖြစ်ကြောင်း သိရသည်။
ထိုအချိန်မှစပြီး မယ်နုမှာ အပျိုတော်ဘ၀ ရောက်သွားသည်။ အရွယ် ရောက်လာချိန်တွင် ဘုရင်က မယ်နုကို ကောက်လိုက် ၏။ ထိုသို့ဖြင့် မယ်နုသည် မိဖုရား ခေါင်ကြီးအဖြစ်ပင် ရာထူး တက်သွားလေသည်။
နောင်ထပ် မယ်နု မိဖုရားဖြစ်ရသည့် ဇာတ်လမ်းမှာ မယ်နု ငါးရောင်းနေရင်း တနေ့ စစ်ကိုင်းမင်းခေါ် ဘကြီးတော် မင်းတရား လှည့်လည်လာရာတွင် ဆယ်ကျော်သက်ပီပီ မယ်နုသည် ငါးကိုသာ အော်ရောင်း၏။ သူ့ငါးဗန်း စွန်ထိုးသဖြင့် ဗန်းမှောက်ရာ ဘုရင် လာသည်ကိုပင် ဂရုမစိုက်နိုင်ဘဲ ငါးများကိုသာ ဗန်းထဲထည့်နေ၏။ ရဲမက်များက ဟိန်းဟောက်သော်လည်း ဘုရင်က လုပ်ပါစေဟု ဟန့်တားခဲ့သည်။ ရုပ်ရည် ချောမောသော မယ်နုကို ဘုရင်က မျက်စိကျပြီး အဝတ်သစ်၊ အစားသစ်များ ဝတ် စေကာ နန်းတော်တွင် အပျိုတော်အဖြစ် အထားခံရသည်။ ထိုမှနေ မိဖုရားခေါင်ကြီး အဖြစ် ခန့်အပ်ခံရပါသည်။
မယ်နု၏ အစ်ကိုဖြစ်သူ မြို့ဝန်ဖြစ်သွားသော ဦးအိုမှာ ညီမအရှိန်ဖြင့် အလွန် လက်ရဲဇက်ရဲ နိုင်လေသည်။ နောက် နန်းတွင်းရေး ရှုပ်ထွေးကာ ဘကြီးတော် မင်းတရားကြီး ကွယ်လွန်ပြီးသည့်နောက် ရွှေဘိုမင်း လက်ထက် ပုန်ကန်မှုတွင် ပါဝင်သည်ဟု စွပ်စွဲကာ စကြမင်းခေါ် ညောင်ရမ်းမင်းသားလည်း ကွပ်မျက်ခံရသလို မြို့ဝန် မောင်အိုလည်း အသတ် ခံရ လေသည်။
နန်းမတော်မယ်နု သည်လည်း ထိုလုပ်ကြံမှုတွင် ပါဝင်နေသည့် အတွက် တရားထိုင်သော မယ်နုအုတ်ကျောင်းကို လာရောက် ခေါ်သည်။ မိဖုရားသည် အခြေအနေကို သဘောပေါက်၏။ မိမိ အသတ်ခံရတော့မည်ကို သိလေသည်။ ဆရာတော် ဦးဗုဒ်ကို ကန်တော့ကာ အခြေအနေကိုရှင်းပြပြီး နှုတ်ဆက်လေသည်။
ထိုအခါ ဆရာတော် ဦးဗုဒ်က “မယ်နု ကြွေးရှိရင် ဆပ်ရမှာပေါ့” ဟု နောက်ဆုံး ဆုံးမစကား ပြောကြားသွားရာ မိဖုရားကြီး သည် ဆရာတော်၏ ဆုံးမစကားကို ကြားသိကာ စိတ်ထဲ ရှင်းရှင်းလင်းလင်း ဖြစ်သွားပြီး ရဲမက်များ ခေါ်ဆောင်ရာကို ရဲရဲရင့်ရင့် လိုက်ပါသွားလေသည်။ မကြာခင် မိဖုရားကြီး မယ်နုလည်း သုတ်သင်ခံရလေသည်။
စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ခင်ညွှန့်သည် DVB သတင်းဌာနက မေးမြန်းခဲ့ရာတွင် ဒေါသတကြီးဖြင့် နောက်ကြောင်းပြန် မေးခွန်းများ မမေးဖို့၊ နောက်ကြောင်း မပြန်ကြဖို့ အော်ဟစ် ပြောဆိုသွားသည်။ ဆိုလိုသည်မှာ အတိတ် တွင် ဖြစ်ခဲ့ပြီးသမျှကို ပြန်လှန်နေစရာ မလို ဆိုသော သဘောမျိုးဖြစ်ပါသည်။ သူသည် သမိုင်းဖြစ်စဉ်များနှင့် အတိတ်က ကျူးလွန်ခဲ့သည်များကို ဖျောက်ဖျက်ဖို့၊ မေ့ပျောက်ဖို့ ကြိုးစားနေပုံ ရပါသည်။
ယခင် အစိုးရ လက်ထက်က ဇူလိုင် ၁၉ ရက်နေ့ အာဇာနည်နေ့ကို တနိုင်ငံလုံး တွင်ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ပါသည်။ သမ္မတ ကိုယ်တိုင် ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ အာဇာနည် ခေါင်းဆောင်ကြီးများကို ရည်စူးကာ ရဟန်း သံဃာများကို ဆွမ်း ကျွေးကာ အမျှပေးဝေခဲ့ပါသည်။
အတိတ်ကို ပြန်တူးနေခြင်း မဟုတ်၊ နောက်ကြောင်းပြန်ပြီး အနာကိုပြန်ဖော်နေခြင်း မဟုတ်ပေ။ ကိုယ်ကျိုးစွန့်ခဲ့သော ခေါင်းဆောင်ကြီးများ ရှိခဲ့သည်ကို နောင်လာနောင်သားများ သိအောင်လုပ်ရမည် ဖြစ်သလို အလွန်ရက်စက်သော လူသတ် ဝါဒကိုလည်း မမေ့ကြအောင် ဖော်ထုတ်ခြင်း ဖြစ်ပါသည်။
ထိုကဲ့သို့ပင် ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းပေါ်တွင် တက္ကသိုလ် ကျောင်းသား ရာချီ ပြီး သေနတ်ဖြင့် အပစ်ခံရသော ဆဲဗင်းဇူလိုင် ကိုလည်း မမေ့အောင် ကျောင်းသားသမဂ္ဂများ၊ ကျောင်းသားကျောင်းသူများ၊ ပြည်သူများက အမှတ်တရ လုပ်ကြသည်။
ဗိုလ်နေဝင်းနှင့် အပေါင်းအပါ စစ်ကောင်စီက ထိုသို့ပြုလုပ်ခဲ့သလို ဇူလိုင် ၈ ရက်နေ့တွင်လည်း ဗိုလ်ချုပ်အောင်ဆန်း၊ ဦးရာရှစ် စသူတို့ လွတ်လပ်ရေးကြိုးပမ်းမှုတွင် အမတေအဖြစ် စတင်ခဲ့သည့် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို လည်း မိုင်းများဖြင့် ဖျက်ဆီးခဲ့သည်။
ထိုသည်များမှာ နောက်ကြောင်းမပြန်လျှင် မဖြစ်ပေ။ စာရေးဆရာဆိုသော အပြောကောင်း အဟောကောင်း လူငယ် စာရေးဆရာ ပေါက်စလေးတဦးက ဆဲဗင်းဇူလိုင် အရေးအခင်းကို ပြန်လည် ရေနှူးနေသည်ဟု ဆိုသည်။ ဗိုလ်ခင်ညွှန့် ပြောသွားသလိုပင်၊ သူလည်း သမိုင်းကို ဖျောက်ပစ်ချင်သူများထဲ ပါနေသလား မသိပေ။
အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး ဦးစော ခေါင်းဆောင်သော လုပ်ကြံသူများကို ဖော်ထုတ် အပြစ်ပေးခဲ့ပြီးပြီ။ ဇူလိုင် ၇ ရက် လူသတ်ပွဲနှင့်ပတ်သက်ပြီး သမိုင်းတွင် ကျူးလွန်ခဲ့သော တရားခံများကို ဖော်ထုတ် အရေး ယူသင့်ပါသည်။ တရားခံများ မရှိတော့သည့်တိုင် နောက်လာနောင်သားများ သိရှိနိုင်ရန် အဖြစ်မှန်နှင့် တရားခံများကို အသိ ပေးရပေမည်။ အရေးကြီးသည်မှာ အပြစ်ကြွေးရှိလျှင် ဆပ်ရပေမည်။ နောင်လာနောင်သားများရော၊ ယခုရှိနေသူများရော အကြွေးမတင်အောင်၊ အကြွေးသစ်များ ဆက်ပြီး မယူအောင် ဆင်ခြင်ဖို့ သတိပေးကြရပေလိမ့်မည်။
ထို့ကြောင့် ဒီမိုကရေစီ အင်အားစုများနှင့် ပြည်သူလူထုအပေါ် လက်မရွံ့တယောက်လို ရက်ရက် စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သော စစ်အာဏာရှင်ခေတ်တွင် လက်ရဲဇက်ရဲဖြင့် ဥပဒေအထက်တွင် စစ်ထောက်လှမ်းရေးက ရောက်ရှိကာ ထင်ရာစိုင်းခဲ့သည်ကို ပြည်သူလူထုက မမေ့နိုင်ခဲ့ ကြပေ။
စစ် ထောက်လှမ်းရေးသည် အမှောင်ခေတ်တွင် အရုပ်ဆိုး အကျည်းတန်ဆုံး နတ်ဆိုးတကောင် ဖြစ်ခဲ့လေသည်။ ထို စစ် ထောက်လှမ်းရေးကို ဦးဆောင်ဦးရွက်ပြုကာ ဇာတ်တူသားစားဖို့ ကိုလည်း ဝန်မလေး၊ တော်လှန်ရေးသမားများ၊ ဒီမိုကရေစီ ဘက်တော်သားများကို ဖျောက်ဖျက် ပစ်ရမှာကိုလည်း ဝန်မလေးသော လုပ်ရပ်များသည် သမိုင်းတွင် ဖျောက်ဖျက် မရနိုင် တော့ပေ။
အမျိုးသား ရင်ကြားစေ့ရေး အတွက် ထိန်းသိမ်းသင့်သည်များကို ထိန်းသိမ်းရမည် ဖြစ်သော်လည်း ထိုအဖြစ်ဆိုးများကို မေ့ဖျောက် မပစ်သင့်ပေ။
ထို အခြေအနေမျိုးတွင် ဗိုလ်ခင်ညွှန့်လို လက်ရဲဇက်ရဲ၊ ရက်စက်ရဲသော လူမျိုးအား လက်ဆွဲနှုတ်ဆက်စရာ အကြောင်းမရှိ၊ ရယ်မောရွှင်ပြစွာ ဖက်လှဲတကင်း လုပ်နေစရာလည်း အကြောင်းမရှိပေ။ သို့သော် အနန္တော အနတ္တနှင့် တဂိုဏ်းတည်း ထားကာ ထိုင်ကန်တော့ရသည့် အဖြစ်ဆိုးကား အံ့သြဖွယ် ကောင်းလေစွ။ အလွန်လည်း ရှက်ဖွယ်ကောင်းလေစွ။
NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်က“ဦးဖြိုးမင်းသိန်း အနေနဲ့ ကိုယ့်လုပ်ရပ်ကြောင့် နောက်ကွယ်မှာ အခု လို ရိုက်ခတ်မှုတွေ အများကြီး ဖြစ်လာနိုင်တာကြောင့် ထိန်းထိန်းသိမ်းသိမ်း လုပ်သင့်တယ်လို့ ကျနော် မြင်ပါတယ်”ဟု မှတ်ချက်ပေးသည်။
၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်က“မည်သည့် အကြောင်းနှင့်မျှ လူသတ်ကောင်ကို ပုဂ္ဂိုလ်ကန်တော့ခံ ဖြစ်ကြောင်း မကြံကြလေနှင့်”ဟု သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထား သလို ၈၈ ခေါင်းဆောင် တဦးဖြစ်သော ကိုဂျင်မီ ကလည်း“ငါးပါးစင်ပေါ် ဘယ်လိုပဲတင်တင် လူသတ် ကောင်ဟာ လူသတ်ကောင် ပါပဲ”ဟု ရေးသားထားသည်။
သမိုင်း အမှိုက်ခြင်းထဲ ရောက်နေသူကို အမှိုက်ထဲမှ ဆွဲတင်ကာ သံဃာစင်ပေါ် တင်ခဲ့သူများတွင် အကြီးမားဆုံး တာဝန် ရှိ သလို ထိခြင်းငါးပါးဖြင့် သွေးစွန်းလက်ကို ခွင့်လွှတ်ဖို့ ဦးခိုက်နေသူများမှာလည်း နောင်တမရဖို့ အရေးကြီးပါတော့သည်။ ။
စာရေးသူ ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။