ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ကြားကာလသည် ရှည်ကြာမည့် အလားအလာရှိနေသည်။ ထိုကြားကာလသည် နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်း ဆက်ဆံရေးပြန်လည်ချိန်ညှိမှု နှင့် မြန်မာနိုင်ငံကို ကာလရှည်ကြာစွာ လွှမ်းမိုးထားသည့် ဗမာအထက်လွှာများ သဘောထားပြောင်းခြင်း ရှိသည်အထိ ကြာမည် ဖြစ်သည်။
ထို့ကြောင့် ကြားကာလအစီအစဉ်များသည် အနာဂတ် ဖက်ဒရယ် နိုင်ငံတော်၏ ရှေ့တော်ပြေးများဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) များနှင့် လူမှုအခြေပြုအဖွဲ့အစည်းများ (CSOs) အတွက် ရေရှည် အထောက်အကူနှင့် ပတ်သက်သည်။ ကြားကာလ အစီအစဉ်များသည် ကိုယ်ပိုင်ပြဌာန်းခွင့် အစီအစဉ်များနှင့် မြန်မာနိုင်ငံ၏မတူညီသော လူမျိုးများ အားလုံးကို ထွေးပွေ့နိုင်သည့် စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော် ပေါ်ပေါက်ရေးအတွက် လိုအပ်သော အခြေအနေများဖြစ်သည်။
၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် မြန်မာ ကြားကာလအစီအစဉ်များ သုတေသန စီမံကိန်းက ထုတ်ပြန်သည့် အစီရင်ခံစာအရ ကနဦး အပစ်အခတ်ရပ်စဲရေးနှင့် ကျယ်ပြန့်သော နိုင်ငံရေးအရ ဖြေရှင်းမှုကာလအတွင်း EAOs များနှင့် အုပ်ချုပ်ရေး စနစ်ကြား ဆက်ဆံရေးအပါအဝင် ပဋိပက္ခကြောင့် ထိခိုက်ရသော ဒေသများအတွင် အုပ်ချုပ်ရေးနှင့် ဝန်ဆောင်မှုများပေးခြင်းသည် ကြားကာလအစီအစဉ်များဖြစ်သည်ဟု ဖွင့်ဆိုသည်။
ထိုအစီအစဉ်များသည် EAOs များ၏ အုပ်ချုပ်ရေး၊ အုပ်ချုပ်ရေးယန္တရားများနှင့် ၎င်းတို့သြဇာသက်ရောက်ဒေသများတွင် ဝန်ဆောင်မှုများကို ထူထောင်ပေးသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ရှုထောင့်အရ ကြည့်ပါက ကြားကာလသည် ကနဦးအပစ်အခတ်ရပ်စဲသည့်ကာလမှ ကျယ်ပြန့်သော နိုင်ငံရေးအရဖြေရှင်းမှု ညှိနှိုင်းသည့် ကာလအထိဖြစ်သည်။
သို့သော် အဓိကအားဖြင့် တိုင်းရင်းသားများ အားလုံးလက်ခံနိုင်သော သဘောတူညီချက်ရရှိရေးသည် အနည်းဆုံး ကြိုမြင်နိုင်သော အနာဂတ်အတွင်း ဖြစ်နိုင်ပုံ မရှိပါ။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ( NCA) အပိုဒ် ၂၅ က အသိအမှတ်ပြူထားသည့်အတိုင်းဆိုပါက ကြားကာလအစီအစဉ်များ၏ အာရုံစိုက်သော နယ်ပယ်မှာ EAO နှင့် လူမှုအခြေပြုအဖွဲ့အစည်း အုပ်ချုပ်ရေးနှင့် ဝန်ဆောင်မှုပေးသော စနစ်များကို အထောက်အကူပေးခြင်းဖြစ်သည်။
အစိုးရနှင့် တပ်မတော်တို့က NCA သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် တခုတည်းသောနည်းလမ်းဖြစ်သည်ဟု အခိုင်အမာပြောနေသော်လည်း ယခုအချိန်အထိ ကြားကာလ အစီအစဉ်များကို လုပ်ဆောင်ခြင်းကို စိတ်ပါဝင်စားမှုမရှိကြောင်း ပြသနေသည်။
တိုင်းရင်းသားများအတွက် အချို့သော အခြေအနေများ၊ ဒေသန္တရ အုပ်ချုပ်ရေး၊ ဒေသခံ လူထုအား ဝန်ဆောင်မှုပေးရေးစနစ်များကို အစိုးရနှင့် ညှိနှိုင်းရမည်ဖြစ်သည်။ အစိုးရသည် ပူးပေါင်းဆောင်ရွက်မှုကို ဦးဆောင်နိုင်ရုံသာမက စည်းလုံးညီညွတ်မှုကိုပင် ဦးဆောင်နိုင်သည်။
ထိုအချက်သည် ကြားကာလအစီအစဉ်များ၏ အခြေခံဦးတည်ချက် ဖြစ်သည်။ ယင်းသည် တိုင်းရင်းသားမျာတွင် ကျင့်သုံးနေသော nစနစ်များ ထိန်းသိမ်းရေးကို အာရုံစိုက်သည်။ ထို့အပြင် ကြားကာလအစီအစဉ်များသည် NCA ထက် ပိုမိုကျယ်ပြန့်နက်ရှိုင်းသည်။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) ကဲ့သို့သော NCA လက်မှတ်ရေးထိုးရခြင်းမရှိသေးသော အရေးပါသည့် EAOs များသည် ကောင်းမွန်သော နိုင်ငံတော်ပုံစံ ယန္တရားများ ထူထောင်ထားပြီး ၎င်းတို့ သြဇာသက်ရောက်ရာဒေသများမှ ရပ်ရွာအသိုင်းအဝန်းများကို ဝန်ဆောင်မှုများပေးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြသည်။
ထို့အပြင် တိုင်းရင်းသားအခြေပြု လူမှုအခြေပြုအဖွဲ့အစည်း( CSOs) အများအပြားသည် ဒေသအရ ဆက်စပ်မှုရှိသော အစီအစဉ်များကို လှုပ်ရှားဆောင်ရွက်ခြင်း ထောက်ခံအားပေးခြင်းဖြင့် ၎င်းတို့အကျိုးဆောင်သော ရပ်ရွာအသိုင်းအဝန်းအုပ်ချုပ်ရေး၏ အခြေခံများအဖြစ် ထမ်းဆောင်နေကြသည်။
ကြားကာလအစီအစဉ်များကို ထောက်ခံသော အဓိက ဆွေးနွေးချက် ၃ ခုရှိသည်။
ပထမ အချက်မှာ ထိုအစီအစဉ်များသည် ဒေသအလိုက် ယုံကြည်ပြီးဖြစ်သော တည်ဆဲယန္တရားများကို အသုံးပြုခြင်းဖြင့် အပစ်အခတ်ရပ်ဒေသများမှ ထိခိုက်လွယ်သူများအတွက် အကောင်းဆုံးရလဒ်ကို ပေးနိုင်သည်ဟူသော အချက်ဖြစ်သည်။
ဒုတိယ အချက်မှာ အဓိက EAO များသည် နိုင်ငံရေးအရ တရားဝင်မှုရှိပြီး အထောက်အကူပြအုပ်ချုပ်ရေး သက်သက် စနစ်များသည် နိုင်ငံတော်ပုံစံနှင့် EAOs ဆက်စပ်မှုကို ပိုမိုကြံ့ခိုင်စေပြီး မြေပြင်မှ နိုင်ငံရေးအာဏာချိန်ခွင်လျှာကို ပြောင်းစေသည်ဟူသောအချက်ဖြစ်သည်။
တတိယအချက်မှာ EAO ၊ CSO ဝန်ဆောင်မှုပေးခြင်းနှင့် အုပ်ချုပ်ရေးယန္တရားများ တိုင်းရင်းသားဘာသာစကားဖြင့် သင်သောကျောင်းများစသည့် ဥပမာများသည် ဖက်ဒရယ်စနစ်အတွက် အခြေခံများဖြစ်သည် ဟူသောအချက်ဖြစ်သည်။
NCA အရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တည်ဆောက်ပုံတွင် အခြေခံ ၃ ခုရှိသည်။ အစိုးရနှင့် တပ်မတော်တို့သည် တိုင်းရင်းသား အသိုင်းအဝန်းများ ၏အဓိက ပူပန်သော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းပေးခြင်း မရှိသောကြောင့် ကရင်အမျိုးသား အစည်းအရုံး ( KNU)က ပါဝင်မှု ဆိုင်းငံ့ရန် ဆုံးဖြတ်ပြီး နိုင်ငံရေးဆွေးနွေးပွဲယန္တရားသည် အကြီးအကျယ် အကျပ်အတည်းဖြစ်နေသည်။
ပူးတွဲလေ့လာစောင့်ကြည့်ရေး ကော်မတီသည်လည်း အလားတူအကြောင်းများကြောင့် လည်းကောင်း၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကပ ါဝင်မှု ဆိုင်းငံ့သောကြောင့် အကြီးအကျယ် အကျပ်အတည်းတွေ့နေသည်။
NCA ကသတ်မှတ်ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ တတိယ မဏ္ဍိုင်မှာ ကြားကာလ အစီအစဉ်များဖြစ်ပြီး ထိုအစီအစဉ်များသည် နိုင်ငံရေးဆွေးနွေးပွဲနှင့် အပစ်အခတ်ရပ်စဲမှု လေ့လာစောင့်ကြည့်ရေးတို့နှင့်မတူဘဲ အကောင်အထည်ဖေါ်သော ယန္တရားလည်း မရှိပေ။
ပဏာမ နိုင်ငံရေးအရဖြေရှင်းမှုရမည့် အခွင့်အလမ်းများသည် ယခင်ဦးသိန်းစိန်အစိုးရလက်အောက် ၂၀၁၂-၁၅ အတွင်းက ရှိခဲ့သည်ဟု ဆိုနိုင်သည်။ သို့သော် ၂၀၁၆ ခုနှစ် မှ စသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဦးဆောင်သော အစိုးရအောက်တွင် တိုးတက်မှု တုံ့ဆိုင်းသွားသည်။
၂၀၂၀ ရွေးကောက်ပွဲကြိုကာလအတွင်းသို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထည့်သွင်းနိုင်သည်၊ ဖယ်ထုတ်နိုင်သည် သို့မဟုတ် အတင်းအကျပ် ထည့်နိုင်သည်။ အစိုးရက ဆွေးနွေးပွဲများကို အလျင်စလို ရပ်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မတိုင်မီ ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူညီချက်ရအောင် အတင်းအကျပ် လုပ်နိုင်သည့် အန္တရာယ်လည်း ရှိသည်။
ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခ ဆယ်စုနှစ်များစွာ၏ နောက်ကွယ်မှ အခြေခံပြဿနာများအပေါ် အစိုးရနှင့် ယေဘုယျ သဘောတူညီချက် မရမခြင်း ပါဝင်မှုဆိုင်းငံ့ခြင်းသည် KNU ၏ ပညာရှင်ဆန်သော ဆုံးဖြတ်ချက်ဖြစ်သည်။
ထိုအကြောင်းများကြောင့် နိုင်ငံရေးအရ ဖြေရှင်းမှုသည် အနည်းဆုံး လာမည့်ရွေးကောက်ပွဲမတိုင်မီတွင် ဖြစ်နိုင်ခြေ လွန်စွာ ကင်းမဲ့နေပြီး မြန်မာနိုင်ငံမှ လူများစုနှင့် လူနည်းစုအသိုင်းအဝန်းများကြား ဆက်ဆံရေးတွင် အပြောင်းအလဲများ မရှိမခြင်း ဖြစ်နိုင်ခြေ လွန်စွာနည်းနေသည်။
အခြေခံ အမျိုးသားရေးလက္ခဏာနှင့် အကျိုးစီးပွား အဆင့်တွင် အခြေခံအပြောင်းအလဲများ အထူးသဖြင့် မြန်မာနိုင်ငံတော်ကို ကာလ ကြာမြင့်စွာ စိုးမိုးထားသည့် ဗမာအထက်လွှာနှင့် ၎င်း၏လက်နက်ကိုင် တပ်ဖွဲ့များဖက်မှ အပြောင်းအလဲများလိုအပ်နေသည်။
ကျယ်ပြန့်ပြီး ရေရှည်တည်တံ့သော နိုင်ငံရေးအရ ဖြေရှင်းမှုရရန် မျိုးဆက်တခု သို့မဟုတ် ထိုထက်ပင် ပိုမိုရှည်ကြာနိုင်ပြီး အထူးသဖြင့် ပဋိပက္ခဒေသ ပြင်ပမှ ဗမာ အသိုင်းအဝန်းက လူနည်းစု တိုင်းရင်းသားများ၏ ပကတိ အရှိတရားများနှင့် ရည်မှန်းချက်များကို ပိုမိုကောင်းမွန်စွာ နားလည်မှသာ ဖြစ်နိုင်သည်။
ကြားကာလသည် ရှည်ကြာမည့် သဘောရှိသည်။ ထို့ကြောင့် ကြားကာလ အစီအစဉ်များသည် EAOs များ၊ ဝန်ဆောင်မှုပေးသော လူမှုအခြေပြုစနစ်များနှင့် ဒေသအုပ်ချုပ်ရေးကို ရေရှည်ထောက်ကူခြင်းဖြစ်သည်။ ယင်းအစီအစဉ်များကို တိုင်းရင်းသား နိုင်ငံရေးသမားများ လွတ်လပ်ရေးရစဉ်ကပင် တိုက်ပွဲဝင်တောင်းဆိုနေသာ ကိုယ်ပိုင်ပြဌာန်းခွင့် မှန်ဘီလူးဖြင့် ရှုမြင်သုံးသပ်ရမည်ဖြစ်သည်။
ထိုအစီအစဉ်များသည် ဖက်ဒရယ်စနစ်ကို အောက်ခြေမှ တည်ဆောက်ရေးအတွက် အရေးပါသော ခြေလှမ်းလည်းဖြစ်သည်။ ထိုကိုယ်ပိုင်ပြဌာန်းခွင့် အစီအစဉ်များသည် အပစ်ရပ်အုပ်စုများအတွက်သာမက မြို့ပြ အခြေစိုက် ဗမာ အထက်လွှာက စိုးမိုးထားသည့် စစ်နိုင်ငံတော်ကို တိုက်ပွဲဝင်နေရသည့် အခြား EAOs များအတွက်နှင့် ရပ်ရွာအသိုင်းအဝန်း၏ စွမ်းရည်နှင့် ဌာနေယဉ်ကျေးမှုများကို တည်ဆောက် ထောက်ကူရန် ကြိုးစားနေသော ရပ်ရွာအခြေပြုနှင့် အခြားလူမှု အခြေပြုအုပ်စုများအတွက်လည်း အရေးပါသည်။
(Ashley South သည် လွတ်လပ်သော သုတေသီ၊ အကြံပေးနှင့် စာရေးဆရာတဦးဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်တွင် သုတေသနလုပ်သည်။ ၎င်း၏ Interim Arrangements in Conflict Zones Key to Peace in Myanmar ကို ဆီလျော်အောင် ဘာသာပြန်သည်။ )