တခြားနိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း ဒီမိုကရေစီက သူတို့လိုချင်တောင့်တနေကြသည့် နိုင်ငံသားအခွင့်အရေး၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် ပိုင်ဆိုင်မှုအခွင့်အရေးများကိုပင် တပါတည်း ယူဆောင်လာပေးလိမ့်မည်ဟု ယုံကြည်ကြသူများရှိသည်။
ကျနော်က ထိုသို့ မမြင်ပါ။ တကယ်တမ်းပြောရလျှင် ဒီမိုကရေစီဆိုသည်မှာ ပြည်သူလူုထုက အစိုးရကို ရွေးချယ်တင်မြှောက်ခွင့်ရှိသည့် စနစ်တခုပင်ဖြစ်သည်။ ထိုအဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်ဆိုလျှင် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက တခဲနက်ထောက်ခံ ရွေးချယ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ဖွဲ့နိုင်ခဲ့သည့် ၂၀၁၆ ခုနှစ် မတ်လထဲကစ၍ မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံဟုပင် ဆို၍ရသည်။
သို့သော် ကျနော်တို့ နိုင်ငံတွင် နိုင်ငံသားအခွင့်အရေးများ ပြည့်ဝစွာ မရရှိကြသေး။ တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အခြားသော နိုင်ငံရေးရည်မှန်းချက်များကို ရရှိရန်မှာလည်း အခက်အခဲ၊ အတားအဆီးများ ရှိနေဆဲဖြစ်သည်။
အကြောင်းမှာ ဒီမိုကရေစီက ပြည်သူများကို သူတို့နှစ်သက်သည့် နိုင်ငံရေးပါတီကို မဲပေးရွေးချယ်ခွင့်ပေးသည်။ သို့သော် အထက်တွင် ဖော်ပြခဲ့သည့် အခြားသောအခွင့်အရေးများ၊ လစ်ဘရယ် လူ့အဖွဲ့အစည်းတခု၏ အခြေခံ သဘောတရားများကိုမှု အာမခံချက်မပေးပါ။ အခြေခံဥပဒေက ပေးသည့် လွတ်လပ်မှု (Constitutional Liberalism) ကသာလျှင် အဆိုပါအခွင့်အရေးများ နှင့် တရားဥပဒေစိုးမိုးရေးကို ပြည်သူများသို့ ပေးနိုင်လိမ့်မည်။ အမေရိကန်နိုင်ငံတွင် အခြေခံဥပဒေက ပေးသည့် လွတ်လပ်မှုက သမ္မတ ဒေါ်နယ်ထရမ့် ကဲ့သို့သော လစ်ဘရယ် မဟုတ်သည့် ရွေးကောက်ခံ ခေါင်းဆောင်တဦး၏ လက်အောက်၌ပင် နိုင်ငံသား အခွင့်အရေးများနှင့် လွတ်လပ်မှုများကို ကာကွယ်ပေးပါသည်။ တနည်းဆိုရသော် ဒီမိုကရေစီ တခုတည်း နှင့် မလုံလောက်ပါ။
ပြည်သူများအတွက် နိုင်ငံသားအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အပြည့်အ၀ အကာအကွယ်ပေးနိုင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ကျနော်တို့ လိုအပ်ပါသည်။
မြန်မာနိုင်ငံ၏ လက်ရှိ အခြေခံဥပဒေက ပြည်သူ့အကျိုးစီးပွားထက် တပ်မတော်၏ နိုင်ငံရေးကဏ္ဍတွင် ပါဝင်မှုကို ဦးစားပေးရေးဆွဲထားသည်။ အခြေခံဥပဒေတွင် တိုင်းပြည် ရှေ့သို့ဆက်သွားရေးကို အဟန့်အတားဖြစ်စေသည့် ပြဌာန်းချက်များ ပါဝင်နေသည်။ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ကသာလျှင် မြန်မာနိုင်ငံကို စစ်ဘက်က လွှမ်းမိုးထားသည့် စနစ်တခုမှ ကင်းလွတ်အောင် လုပ်ဆောင်နိုင်မည်။ ထို့ကြောင့် အခြေခံဥပဒေကို အခြေခံကျကျ ပြောင်းလဲပစ်ဖို့လိုသည်။
ပြီးခဲ့သည့် အပတ်တွင် NLD က လွှတ်တော်၌ အခြေခံဥပဒေပြင်ဆင်ရေး “ဆောလျင်စွာ ဆောင်ရွက်နိုင်ရန်အတွက်” ပူးပေါင်းကော်မတီတရပ်ကို ဖွဲ့စည်းနိုင်ရေး စတင်ခဲ့သည်။ ကြိုတင်တွက်ဆထားခဲ့ကြသည့်အတိုင်းပင် တပ်မတော်နှင့် ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။ သို့သော် NLD နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက အများစု ဖြစ်နေသည့် လွှတ်တော်က အဆိုပါကော်မတီ ဖွဲ့စည်းရေးကို အတည်ပြုခဲ့ကြသည်။
ဤသည်မှာ အခြေခံဥပဒေပြင်ဆင်ရေး တိုက်ပွဲတခုပင်။
အာဏာရ NLD ပါတီနှင့် တိုင်းပြည်တွင် အလွန်အာဏာကြီးသော တပ်မတော်တို့ကြားမှ တိုက်ပွဲ ဖြစ်ပါသည်။ ယခုပွဲတွင် တိုင်းရင်းသားများအပါအဝင် မြန်မာပြည်သူအများစုက NLD ဘက်တွင် ရှိနေကြသည်။
NLD ၏ ကော်မတီဖွဲ့စည်းရန်ဆောင်ရွက်ချက်နှင့် ပတ်သက်၍ အချို့ ဝေဖန်သူများက “ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ အခုချိန်မှ ဘာလို့လုပ်သလဲ၊ အာဏာစရတဲ့ ၂၀၁၆ ခုနှစ် တည်းက ဘာလို့ မစတင်ခဲ့သလဲ” ဟု မေးခွန်းထုတ်ခဲ့ကြသည်။
အမှန်တွင် NLD က သူတို့ ချမှတ်ထားသည့် နိုင်ငံရေးအစီအစဉ်အတိုင်း ဆောင်ရွက်နေခြင်း ဖြစ်သည်။ အဆိုပါ အစီအစဉ်နှင့် ပတ်သက်ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာလက ကျနော် ရေးသားခဲ့သည်။ ထို NLD ၏ မူဝါဒကို ရှင်းပြထားသော ကျနော့် ဆောင်းပါး အမြင်သာနီး ခရီးဝေးသည့် မြန်မာ့ ငြိမ်းချမ်းရေးမှ အချို့အချက်များကို ပြန်လည်ကောက်နုတ်ဖော်ပြလိုက်ပါသည်။
“၂၀၁၆ခုနှစ် အောက်တိုဘာ ဒုတိယ အပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော လက်ရှိအစိုးရက ၎င်း၏ အမျိုးသား ပြန်လည် သင့်မြတ်ရေး မူဝါဒနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်ရေး မူဝါဒများကို ကြေညာခဲ့သည်။ ထို မူဝါဒများကို မူလကြိုတင် စီစဉ်ထားသည့် သတ်မှတ်ချက်များနှင့် အညီ ပြီးစီးအောင် လုပ်မည့်သဘော အရိပ်အယောင်ကို တွေ့ရ သည်။ ထိုမူဝါဒများကို ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၁၅ ရက်နေ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် နှစ်ပတ်လည်နေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပြီး အစိုးရသတင်းစာများကလည်း ဖော်ပြခဲ့ကြသည်။
အချက် ၇ ချက်ပါသော အမျိုးသား ပြန်လည်သင့်မြတ်ရေး မူဝါဒနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်ရေး မူဝါဒ၏ ပထမ အချက် ၂ ချက်မှာ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ခေါင်းဆောင်သော ယခင်အစိုးရက ရေးဆွဲခဲ့သည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို ပြန်လည်သုံးသပ်ပြင်ဆင်ရန် ဖြစ်သည်။ တတိယနှင့် စတုတ္ထအချက်မှာ ၂၁ ရာစုပင်လုံညီလာခံကို ဆက်လက် ကျင်းပရန်နှင့် ထိုညီလာခံအပေါ် အခြေခံ၍ ပြည်ထောင်စုငြိမ်းချမ်ရေး သဘောတူစာချုပ် ချုပ်ဆိုရန် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အစိုးရသည် ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရန် အချိန်ကာလ မည်မျှ သတ်မှတ်ထားသည်ကို မည်သည့်အခါကမျှ တရားဝင် ပြောကြားခဲ့ခြင်း မရှိကြသော်လည်း စိတ်ထဲတွင်မူ တိကျသော အချိန်သတ်မှတ်ချက် ရှိပုံရသည်။ ပဉ္စမအချက်တွင် လက်ရှိဖွဲ့စည်းပုံကို ပြည်ထောင်စု သဘောတူညီချက်နှင့် အညီ ပြင်ဆင်ရေးဟု အတိအလင်း ဖော်ပြထားပြီး ဆဌမ အချက်မှာမူ ပြင်ဆင်ထားသော ဖွဲ့စည်းပုံနှင့် အညီ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပရေး ဟု ဖော်ပြထားသည်။
ဤအချက် ၂ ချက်သည် အချိန် သတ်မှတ်ချက်ကို ပြသနေသည်။ အစိုးရ၏ မူဝါဒတွင် ဖော်ပြထားသည့် အထွေထွေရွေးကောက်ပွဲမှာ နောက်လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို ရည်ညွန်းပုံ ရသည်။ ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ပြည်ထောင်စုအဆင့် သဘောတူညီချက်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင် မူဝါဒ၏ အခြားအချက်များကို အကောင်အထည် ဖော်ရမည် ဖြစ်သည်။
အဆိုပါ အချက်အရ အစိုးရ၏ မူဝါဒများသည် ပြည်တွင်း ငြိမ်းချမ်းရေး ရရုံသာမက နိုင်ငံဥပဒေများ ပြင်ဆင်ရေးကိုပါ ရည်မှန်းကြောင်း အထင်အရှား ပြသနေသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အခွင့်ထူးများ ခံစားနေသော မြန်မာ့တပ်မတော်သည် လက်ရှိအခြေအနေတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အတိုက်အခံ လုပ်နိုင်သောကြောင့် လက်တွေ့တွင် ထိုဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် အားထုတ်မှုကို ပိုမိုကြီးမားသော စိန်ခေါ်မှုဟု သတ်မှတ်နိုင်သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ မူလရည်မှန်းချက်များ အနက်တခုမှာ “တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်နိုင်ရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ထွန်းရေး” ဖြစ်သည်။ ထိုအချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ဖော်ပြထားသည်။”
ထို့ကြောင့် သူတို့၏ ပဉ္စမ အဆင့်အတွက် NLD က ပူးပေါင်းကော်မတီတရပ်ဖွဲ့စည်းရေးကို ပြီးခဲ့သည့် အပတ်အတွင်းတွင် စတင်ခဲ့သည်။ ကျနော်၏ သုံးသပ်မှုက အချက် ၂ ခုပေါ်တွင် အခြေခံထားသည်။ ပထမ အချက်မှာ NLD ခေါင်း ဆောင်ပိုင်းက (အခြေခံဥပဒေပြင်ဆင်ရေး) လုပ်ငန်းစဉ်ကို စတင်ရန်အတွက် ယခု အချိန်ကို ရည်ရွယ်ချက်ရှိရှိ အချိန်ယူခဲ့သည် ဆိုသည့် ယူဆချက်ဖြစ်သည်။ ဒုတိယ အနေဖြင့် ယုံကြည်နိုင်လောက်သည့် ကျနော့်၏ သတင်းရင်းမြစ်တခုထံမှ ရရှိခဲ့သည့် သတင်းတခုအပေါ်တွင် အခြေခံသည်။ အထွေထွေရွေးကောက်ပွဲ တွင် NLD က မဲ အပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ၁ လခန့်အကြာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက တွေ့ဆုံမှုတခုတွင် ယခင် စစ်အစိုးရ ခေါင်းဆောင် ဦးသန်းရွှေက အခြေခံဥပဒေပြင်ဆင်ရေးများမပြုလုပ်မီ နှစ်အနည်းငယ် စောင့်ဆိုင်းပေးရန် ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ အချက်အလက်နှင့် ပတ်သက်၍ အတည်ပြုပေးနိုင်မည့်သူက ၂ ဦး (ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်)သာ ရှိသော်လည်း အတော်လေးပင် မှန်ကန်ဖွယ်ရာ ရှိပါသည်။ အကယ်၍ ထိုစကားသာ မှန်ခဲ့လျှင် တိုင်းပြည်၏ အာဏာအရှိဆုံး စစ်ဘက်ခေါင်းဆောင်ဟောင်းနှင့် တိုင်းပြည်တွင် လူကြိုက်အများဆုံး ရွေးကောက်ခံ ခေါင်းဆောင်တို့၏ ကြားတွင် နှုတ်ကတိဖြစ်ခဲ့ဖွယ်ရာရှိသည်။ ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူနှင့် သူ၏ အောင်ပွဲရ NLD ပါတီက မည်သည့်အတိုင်းအတာအထိ ဆောင်ရွက်နိုင်ခွင့်ရှိမည်ဆိုသည်ကို သိပါလိမ့်မည်။ အနည်းဆုံး တပ်မတော်အပေါ် သြဇာလွှမ်းမိုးမှု ဆက်လက်ရှိနေဆဲဟု ယူဆရသည့် ဦးသန်းရွှေက သူ့ကို မဆန့်ကျင်နိုင်ကြောင်း သိရှိခြင်းအားဖြင့် ထိုအချက်ကို သဘောတူညီမှု ပြုလုပ်နိုင်လောက်သည်။
ထိုအချိန်တွင် ဦးသန်းရွှေက “ရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ရဲ့ အနာဂါတ် ခေါင်းဆောင် ဖြစ်လာမယ်ဆိုတာ အားလုံးလက်ခံရမယ့် အမှန်တရားပဲ” ဟု ပြောကြားခဲ့ကြောင်း သူ၏ အချစ်ဆုံးမြေး ဖြစ် သူ၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က “တိုင်းပြည်ရဲ့ (တောက်ပတဲ့) အနာဂတ် ထူထောင်ရေး အောင်မြင်ဖို့ အတွက် တပ်မတော်အပါအဝင် အားလုံးပါဝင်တဲ့ ပူးပေါင်းဆောင်ရွက်မှု အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ စကားပြောချင်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း ဦးသန်းရွှေ၏ မြေးဖြစ်သူက သူ၏ ပို့စ်တွင် ဆက်လက်ရေးသားခဲ့သည်။
ဦးသန်းရွှေ၏ မြေးဖြစ်သူ၏ အဆိုအရ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် တွေ့ဆုံခဲ့ပြီးနောက် တိုင်းပြည်တိုးတက်ရေးအတွက် အမှန်တကယ်လုပ်နေသမျှ ဒေါ်အောင်ဆန်းစုကြည်ကို တတ်နိုင်သမျှ အကောင်းဆုံး ထောက်ခံသွားမည်ဟု ဦးသန်းရွှေက ကတိပြုခဲ့ကြောင်း သိရသည်။
အဆိုပါ ၂ ချက်ပေါ်မူတည်ပြီး NLD က ယခုနှစ်တွင် ၎င်းတို့၏ နိုင်ငံရေးအစီအစဉ်အတိုင်း စတင်ဆောင်ရွက်လာခြင်းဖြစ်သည်ဟု ကျနော်ထင်ပါသည်။ သို့သော် လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ်များက ကော်မတီဖွဲ့စည်းရေးအဆိုကို ကန့်ကွက်ခဲ့သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် တပ်မတော်က NLD နှင့် ပူးပေါင်းဆောင်ရွက်မည်လား ဆိုသည်ကတော့ အဖြေမပေါ်သေးသည့် မေးခွန်းဖြစ်သည်။ သို့သော်လည်း လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လွှတ်တော်အတွင်းမှ သူခန့်အပ်ထားသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက အခြေခံ ဥပဒေပြင်ဆင်ခြင်းကို ၎င်းတို့သည် မူအားဖြင့် မဆန့်ကျင်ကြောင်း ပြောခဲ့ကြသည်။
ကျနော်၏ အဓိက မေးခွန်းမှာ NLD ၏ အခြေခံဥပဒေပြောင်းလဲရေးကို အတိုင်းအတာတခုအထိ လက်ခံရန် လက်ရှိ ကာကွယ်ရေးဦးစီးချုပ်အား ညှိနှိုင်းပေးရေးအတွက် ဦးသန်းရွှေက ဆန္ဒ ရှိနိုင်ပါမည်လား။ အကယ်၍ သူက ဒေါ်အောင် ဆန်းစုကြည်ကို ၂၀၁၅ ခုနှစ်တွင် ပေးခဲ့သော ကူညီမည့်ကတိကို တည်ခဲ့မည်ဆိုပါက အခြေခံဥပဒေကို ပြင်ဆင်ရန် NLD ၏ အားထုတ်မှုက အထမြောက်လာဖွယ်ရာ ပို၍ များပါလိမ့်မည်။
သေချာသည်မှာ NLD က အခြေခံဥပဒေတွင်ပါဝင်သည့် ဒီမိုကရေစီနည်းမကျသော ပုဒ်မအားလုံးကို ပြင်ဆင်ရန် ကြိုးစားလိမ့် မည်မဟုတ်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးက တပ်မတော်၏ ထောက်ခံမှုပေါ်တွင် မူတည်နေသည်ကို သိရှိထားသည့်အတွက် ၎င်း၏ အစီအစဉ်ကို အကောင်အထည်ဖော်သည့်တိုင် တပ်မတော်ကို နိုင်ငံရေးတွင် အတိုင်းအတာတခုအထိ ဆက်လက်ပါဝင်ခွင့် ပြုထားရလိမ့်ဦးမည်ဖြစ်သည်။
အခြေခံဥပဒေတွင် NLD က ပြင်ဆင်သွားမည့် ပုဒ်မများနှင့်ပတ်သက်၍ နောက်လာမည့် ဆောင်းပါးတွင် ဆက်လက်ဖော်ပြသွားပါမည်။
( Kyaw Zwa Moe ၏ The NLD Is Following Its Roadmap on Charter Change ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)