ရန်ကုန်တိုင်း အစိုးရက အကောင်အထည်ဖော်သည့် ဖွံ့ဖြိုးရေး စီမံကိန်းများထဲ ရန်ကုန်မြို့သစ်စီမံကိန်းက အငြင်းပွားဖွယ်ရာ အဖြစ်ဆုံးကိစ္စဖြစ်ကြောင်း မည်သူမှ မငြင်းနိုင်။
အစပိုင်းမှာပင် စီမံကိန်း၏ တည်နေရာ (ရန်ကုန်မြစ်၏ အနောက်ဘက်ကမ်းမှ ဧက ၂၀၀၀၀ ကျယ်ဝန်းသောနေရာ) က ရေလွှမ်းမိုးမှု အန္တရာယ်ကြုံတွေ့ရနိုင်သည့် မြေမျက်နှာပြင်အနေအထားဖြစ်သောကြောင့် မေးခွန်းများထွက်ပေါ်ခဲ့ရသည်။ ထို့ နောက် စီမံကိန်းကို အဓိက အကောင်အထည်ဖော်မည့် ကုမ္ပဏီဖြစ်သော ရန်ကုန်တိုင်းအစိုးရ၏ ရန်ကုန်မြို့သစ်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (NYDC) က မူဘောင်သဘောတူညီချက်တခုကို China Communications Construction Company (CCCC) နှင့် လက်မှတ်ရေးထိုးခဲ့သည်။ CCCC သည် ၎င်း အလုပ်လုပ်သည့် နိုင်ငံ အများစုတွင် စီမံကိန်း လုပ်ပိုင်ခွင့်များရရှိရန် ရိုးသားမှုမရှိသည့် လျှို့ဝှက်သဘောတူညီ ချက်များပြုလုပ်ခြင်းအတွက် နိုင်ငံတကာတွင် နာမည်ပျက်ရှိသော ကုမ္ပဏီတခု ဖြစ်သည်။
လူသိနည်းသည့် ကိစ္စတခုမှာ ရန်ကုန်မြို့သစ် စီမံကိန်းသည် တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးလှသော ခေတ်သစ်ပိုးလမ်းမစီမံကိန်း (BRI) ၏ တစိတ်တပိုင်း ဖြစ်နေခြင်းပင် ဖြစ်သည်။
ထိုအချက်ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် ပြုလုပ်ခဲ့သော စီမံကိန်း၏ master plan နှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲတခုတွင် (သီးသန့်ဖိတ်ကြားထားသည့်) ပရိသတ်များကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့သစ် စီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရုတ်ခရီးစဉ်တခု အ တွင်း ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံမှ BRI စီမံကိန်းများထဲတွင် အပါအဝင်ဖြစ်သည်ဟု သူကပြောသည်။
စီမံကိန်း၏ ကြီးမားသော အတိုင်းအတာအရ ရန်ကုန်တိုင်းအစိုးရ အနေဖြင့် စီမံကိန်းကို ကိုင်တွယ်ရန် ခဲယဉ်းကြောင်းနှင့် ယခုအခါ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် BRI အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ၏ စီမံခန့်ခွဲမှု အောက်တွင် ရှိကြောင်း သူက ထပ်ပြောခဲ့သည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက တည်ထောင်ခဲ့သည့် အဖွဲ့ဝင် ၂၇ ဦးပါ ထိုကော်မတီကို ပြည်ထောင်စု ဝန်ကြီးအများစုဖြင့် ဖွဲ့စည်းထားသည်။ ဦးဖြိုးမင်းသိန်းသည်လည်း မန္တလေး၊ ရှမ်း၊ ကချင်နှင့် ရခိုင်တို့မှ အခြားသော ပြည်နယ်/တိုင်း ဝန်ကြီးချုပ်များနှင့် အတူ အဖွဲ့ဝင် အဖြစ် ပါဝင်နေသည်။ အဆိုပါ ပြည်နယ်နှင့် တိုင်းများအားလုံးတို့သည့် အဆိုပြုထားသည့် BRI စီမံကိန်းများတည်ရှိရာ နေရာများဖြစ်ကြသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်က ရန်ကုန် မြို့သစ်စီမံကိန်း၏ တိုးတက်မှုများနှင့် ပတ်သက်၍ သူ၏ အစိုးရအဖွဲ့က သမ္မတထံ လစဉ် အစီရင်ခံစာပေးပို့ရကြောင်း အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
စိတ်ဝင်စားစရာကောင်းသည်မှာ စီမံကိန်းသည် BRI ၏ အစိတ်အပိုင်းဖြစ်သည်ဆိုသည့် အချက်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဒီဇင်ဘာလ မတိုင်မီ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါ။ ပြီးခဲ့သည့်နှစ် မတ်လက ပြုလုပ်ခဲ့သော NYDC ဖွင့်ပွဲ အခန်းအနားတွင်ပင် ပြောဆိုခဲ့ခြင်း မရှိပါ။ ပြီးခဲ့သည့်လအတွင်းက မြို့တော်ခန်းမတွင် ထိုစီမံကိန်း၏ master plan နှင့် ပတ်သက်ပြီး လူထုကို အသိပေးသည့် အခန်းအနားတခုတွင်လည်း ပြောဆိုခြင်း မရှိခဲ့ပေ။ (ထိုအခန်းအနားသည် မြို့သစ်စီမံကိန်း နှင့် ပတ်သက်ပြီး အများပြည်သူသို့ အသိပေးသည့်အခမ်းအနားများတွင် ဝန်ကြီးချုပ် တက်ရောက်သည့် ဒုတိယအကြိမ်မြောက် ပွဲလည်း ဖြစ်သည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ NYDC ကလည်း နှုတ်ဆိတ်နေခဲ့သည်။ )
မြို့သစ်စီမံကိန်းက ပြည်သူများကြားတွင် စိုးရိမ်ပူပန်မှုများ မြင့်တက်လာနေခဲ့သည်။ NYDC ၏ အမှုဆောင် အရာရှိချုပ် ဦးသိမ်းေ၀ ခေါ် Serge Pun က CCCC သည် စီမံကိန်းကို အကောင်အထည်ဖော်ရန် အရည်အချင်းပြည့်မီကြောင်း အခိုင်အမာ ပြောကြားခဲ့သည့်တိုင် အကျင့်ပျက်ခြစားမှုနှင့် လာဘ်ပေးလာဘ်ယူမှုများအတွက် နိုင်ငံတကာတွင် နာမည်ပျက်နေသော တရုတ်ကုမ္ပဏီနှင့် မူဘောင်သဘောတူညီချက်တခု လက်မှတ်ရေးထိုးရန် NYDC က အဆင်သင့်ဖြစ်နေခဲ့ခြင်း အပေါ်မေးခွန်းများက ရှိနေဆဲဖြစ်သည်။
မြို့သစ်စီမံကိန်းက ပြည်သူများအတွက် အလုပ်အကိုင်နေရာ ၂ သန်း ဖန်တီးပေးလိမ့်မည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကလည်း ဆိုသည်။ စီမံကိန်းသည် BRI ၏ အစိတ်အပိုင်းတခု ဖြစ်နေခြင်းအရ မြို့သစ်တည်ဆောက်ရေးတွင် ပါဝင်မည့် ကုမ္ပဏီအများစုသည် တရုတ်ကုမ္ပဏီများသာ ဖြစ်ဖွယ်ရှိသည်။ အလုပ်အကိုင်အခွင့်အလမ်း အတိုင်းအတာ မည်မျှအထိ မြန်မာ့ အလုပ်သမားများရမည်က မေးခွန်းထုတ်စရာ ဖြစ်သည်။ နောက်ထပ်စိုးရိမ်မှုတခုမှာ မြို့သစ် တည်ဆောက် ပြီးစီးသည့် အချိန်တွင် အိမ်ခြံမြေ အများစုကို မည်သူက ပိုင်ဆိုင်မည်နည်း ဆိုသည်နှင့် ပတ်သက်နေသည်။ တရုတ် ဖွံ့ဖြိုးရေး စီမံကိန်းများ အရေအတွက် မြောက်မြားစွာ ဝင်ရောက်ခဲ့သည့် အာဖရိက နိုင်ငံတချို့တွင် ဖြစ်ခဲ့သလို တရုတ်ကြီးစိုးသည့် နေရာဒေသ တခုဖြစ်လာလေမလား ဟူသည့် ပူပန်မှုလည်း ရှိနေပြန်သည်။
ယခုအချိန်တွင် စီမံကိန်းကို စီမံခန့်ခွဲရန် တာဝန်ရှိနေသည့် အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးစီးသော ဦးဆောင် ကော်မတီအနေဖြင့် ဤကိစ္စများကို အလေးအနက် စဉ်းစားရမည်ဖြစ်သည်။ စီမံကိန်းနှင့် ပတ်သက်သည့် ကဏ္ဍတိုင်း တွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ရှိသင့်ပါသည်။ တချိန်တည်းမှာပင် စီမံကိန်းနှင့် စပ်လျဉ်း၍ ပြည်သူလူထု၏ စိုးရိမ်မှုများကို ဖြေရှင်းရမည် ဖြစ်သည်။
ဦးဆောင်ကော်မတီ၏ ပထမဆုံးအကြိမ် အစည်းအဝေးတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က BRI စီမံကိန်းများတွင် ပါဝင်ခြင်းက မြန်မာနိုင်ငံအတွက်သာမက ဒေသအတွက်လည်း အကျိုးကျေးဇူးများကို ဆောင်ကျဉ်းပေးနိုင်သည်ဟု ပြောကြားခဲ့ပါသည်။
၎င်းတို့က တိုင်းပြည်နှင့် ပြည်သူများအတွက် ရေတို အကျိုးစီးပွားရော ရေရှည် အကျိုးစီးပွားပါသေချာစေရေး နှင့် ရွေးချယ် ထားသော စီမံကိန်းများက အမျိုးသားအစီအစဉ်များ၊ မူဝါဒများနှင့် ပြည်တွင်း လုပ်ငန်းစဉ်များနှင့် ကိုက်ညီမှုရှိစေရေး အတွက် BRI စီမံကိန်းများကို ကွဲပြားခြားနားသည့် ရှုထောင့်များမှ စနစ်တကျ စစ်ဆေးသုံးသပ်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အလေးပေးပြောကြားခဲ့သည်။
ရန်ကုန်မြို့သစ် စီမံကိန်းသည် စီစဉ်ထားသည့်အတိုင်း ရှေ့သို့ဆက်သွားမည်က သေချာပါသည်။ ၎င်းက နိုင်ငံတော်စီမံကိန်းတခု ဖြစ်နေသည့် အတွက် ယခုအချိန်တွင် နိုင်ငံတော်အဆင့် ကော်မတီအနေဖြင့် မြန်မာနိုင်ငံနှင့် ပြည်သူများအတွက် အမြင့်ဆုံး အကျိုးကျေးဇူးရရေးအတွက် စီမံကိန်းကို မှန်မှန်ကန်ကန်ရှိစေရန် အသေအချာစောင့်ကြပ် စစ်ဆေးမှုများပြုလုပ်ရမည် ဖြစ်သည်။ အကယ်၍ မပြုလုပ်နိုင်ခဲ့လျှင် စီမံကိန်းသည် တိုင်းပြည်အတွက် အရှက်ရစရာ၊ အကျိုးနည်းစရာ တခုဖြစ်လာရုံသာမက အကျင့်ပျက်ခြစားမှု၊ မသမာမှု နှင့် လာဘ်ပေးလာ်ယူမှုကိစ္စများဖြင့် နာမည်ကျော်သည့် CCCC နှင့် ပတ်သက်သည့် နိုင်ငံများစာရင်းတွင် မြန်မာပြည်သည်လည်း နောက်ဆုံးပိတ် စာရင်းဝင်သွားလိမ့်မည်ဖြစ်သည်။
( Kyaw Phyo Thar ၏ Public Needs Reassuring Over BRI-Related New Yangon City Project ကို ဘာသာပြန်ဆိုသည်။)