အစိုးရ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းစပျောက်နေ
ဖေဖော်ဝါရီလ ၁၂ ရက်၊ ပြည်ထောင်စုနေ့က ကယားပြည်နယ် လွိုင်ကော်မြို့တွင် အစိုးရက ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် စိုက်ထူခြင်းအပေါ် ကရင်နီ လူငယ်များ ဆန့်ကျင် ဆန္ဒပြခဲ့ရာ ရဲတပ်ဖွဲ့က ငြိမ်းချမ်းစွာဆန္ဒပြသူ လူစုလူဝေးထဲသို့ ရော်ဘာကျည်ဆန်များဖြင့် ပစ်ခတ် ဖြိုခွင်းခဲ့သည်။ ထိုသို့ ပစ်ခတ်ခဲ့ခြင်းကြောင့် ဒဏ်ရာရရှိသူ အများအပြားရှိခဲ့သည်။ သို့သော် အစိုးရက ထိုဒဏ်ရာ ရရှိသူများအတွက် မည်သို့မည်ပုံ ပံ့ပိုးပေးမည်၊ မပေးမည်ကိုမူ မသိရှိရသေးပါ။
ကယားပြည်နယ်မှ ဆန္ဒပြသူများက ၎င်းဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမူအပေါ် ၎င်းတို့ကိုယ်ပိုင် လွတ်လပ်ခွင့်နှင့် တိုင်းရင်းသား လူမျိုးစုတို့ကို ကိုယ်စားမပြုဟု ခံစားနေကြရသည်။ မွန်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဗိုလ်ချုပ် ရုပ်တုနှင့် ပတ်သက်သည့် ကိစ္စများမှာလည်း အလားတူ ဆန္ဒပြမှုများနှင့် တွေ့ကြုံခဲ့ရသည်။ ဖေဖော်ဝါရီ ၂၁ ရက်နေ့ အရောက်တွင် ကယားပြည်နယ် ဆန္ဒပြမှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် လူငယ် ၅၅ ဦးကို ပြည်နယ်အစိုးရက အမှုဖွင့်အရေးယူခဲ့ကာ နောက်ပိုင်းတွင် အမှု ပြန်ရုပ်သိမ်းပြီး ဆန္ဒပြသူများကို ပြန်လည် စေလွှတ်ပေးခဲ့သည်။ နှစ်ဖက် ညှိနှိုင်းခဲ့စဉ်အတွင်း ဆန္ဒပြမှုများနှင့် ရုပ်တု စိုက်ထူခြင်းတို့မှာ တလအကြာတွင် ရပ်တန့်သွားခဲ့သည်။
ဤကဲ့သို့ ဆန္ဒပြမှုများကို အကြမ်းဖက် နှိမ်နှင်းခြင်းသည် အမြော်အမြင် ကင်းမဲ့ရာရောက်ပြီး တင်းမာမှုကို မီးထိုးပေးရာ ရောက်စေသည်။ ထို့အပြင် ဗမာအစိုးရက တိုင်းရင်းသားအရေး ကိစ္စရပ်များကို လျစ်လျှူရှုရာ ရောက်စေပြီး ဆန္ဒပြသူများ၏ တောင်းဆိုမူများကို ပိုမို အားသက်ရောက် စေပါသည်။
ယင်းဖြစ်စဉ်သည် တုံ့ဆိုင်းနေသော အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက် ဆိုးဆိုးရွားရွား ဂယက်ရိုက်စေခဲ့သည်။
အမျိုးသား သင့်မြတ်ရေးကို ရှေးရှုသည့်ပွဲတော် ကျင်းပနေသည့် ပြည်ထောင်စု နေ့ရက်တွင် လက်နက် ကိုင်ဆောင်ထားခြင်း မရှိသော ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် လူအုပ်ထဲသို့ ရော်ဘာကျည်ဆံဖြင့် ပစ်ခတ်ခဲ့ခြင်းမှာ မဖြစ်သင့်သည့် ရက်စက်ကြမ်းကြုတ်မှု တခုဖြစ်သည်။
ဤဖြစ်ရပ်သည် ထိုတနေရာတည်းတွင် သီးခြား သက်ရောက်ခြင်း မဟုတ်ပါ။ ကယားပြည်နယ် အစိုးရ၏ တုံ့ပြန်မှုမှာ နိုင်ငံတဝန်းရှိ တိုင်းရင်းသားများ၏ ကိုယ်ပိုင် အမှတ်လက္ခဏာကို ဖိနှိပ်သည့် အစီအမံတခုကို လှစ်ပြလိုက်သကဲ့သို့ ရှိသည်။
ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာစစ်တပ် (တပ်မတော်) တို့အကြား တိုက်ပွဲများမှာ ပိုမို စိုးရိမ်စရာ ကောင်းလာသည်။ ဤသို့ စစ်မက်ဖြစ်ပွားနေခြင်းကို အကြောင်းပြုလျှက် ရခိုင်ပြည်နယ်တွင်းရှိ ပြည်သူများ အပေါ် AA နှင့် ဆက်နွှယ်သည့် စွဲချက်ဖြင့် ဖိနှိပ်မှု တိုးပွားလာစေသည်။
သို့ဖြစ်၍ ယခုအချိန်အထိ ရခိုင်ပြည်နယ် တခုတည်းတွင် လူ ၄၀ မှာ ၁၉၀၈ ခုနှစ် မတရားသင်း ဆက်သွယ်မှု ဥပဒေ ၁၇ (၁) အရ ဖမ်းဆီးခံထားရရာ တိုက်ပွဲများကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးလာသူ ချင်းပြည်နယ်မှ ဒုက္ခသည် ၂၄ ဦးလည်း ပါဝင်သည်။ လက်နက်ကိုင် တိုက်ပွဲများ ဖြစ်ပွားနေ၍ အရပ်သား ၆၀၀၀ ခန့်မှာ မကြာသေးမီကပင် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
လတ်တလော ရုတ်ချည်း ဖမ်းဆီးမှုများမှာ ဖြစ်ပွားနေသော အခြေအနေကို အထောက်အကူမပြုဘဲ ရခိုင်ပြည်နယ် အတွင်း တင်းမာနေမှုကို ပိုဆိုးစေခြင်းသာ ရှိစေပြီး ဒေသခံလူထုက AA အပေါ် စာနာမှု ထပ်မံ တိုးပွားအောင် လုပ်ဆောင်နေသကဲ့သို့ ဖြစ်နေသည်။
တချိန်တည်းမှာပင် ကချင်ပြည်နယ်တွင် စစ်ပွဲရပ်တန့်ရေး ဆန္ဒပြသူများနှင့် မြစ်ဆုံဆည်ရပ်တန့်ရေး ဆန္ဒပြသူများကို ဖမ်းဆီး ထိမ်းသိမ်းမူများ ဖြစ်ပေါ်နေသည်။
ဖေဖော်ဝါရီလက မြစ်ဆုံဆည်ကိစ္စ ကန့်ကွက်ဆန္ဒပြ၍ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ (PAPPL) ချိုးဖောက်သည်ဟု ဆိုကာ ဘန်နာဒက်ဂျာခေါင် (Bernadette Ja Hkawng) ဖမ်းဆီး ခံခဲ့ရသည်။ အလားတူ ရက်သတ္တပတ်မှာပင် ကမ္ဘာ့ကချင်ကွန်ဂရက်က ကချင် အသိုင်းအဝိုင်း ခေါင်းဆောင် ၃ ဦးကို ကချင် လူ့အခွင့်အရေး ဆုများ အခမ်းအနားဖြင့် အပ်နှင်းခဲ့သည်။ ၎င်းခေါင်းဆောင်များမှာ ယမန်နှစ်က စစ်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြမှုဖြင့် ထောင်ဒဏ်များကို ယခုအခါ ကျခံနေရဆဲ ဖြစ်သည်။
ယင်းသို့ ဖမ်းဆီးပြီး ဖိနှိပ်ခြင်းများမှာ တိုင်းရင်းသား အုပ်စုများကိုသာ ဦးတည်ခြင်းမျိုး (သို့မဟုတ်) နိုင်ငံရေးအရ ဖမ်းဆီးခြင်းမျိုးသာ မဟုတ်ပေ။ ဖေဖော်ဝါရီလက မန္တလေးတိုင်း ဒေသကြီး၊ ရတနာပုံတက္ကသိုလ်မှ ကျောင်းသား ၇ ဦးသည် ပြီးခဲ့သည်နှစ်က တက္ကသိုလ်ဝင်းအနီးတွင် ကျောင်းသားတဦး သတ်ဖြတ်ခံရခြင်းအတွက် ကျောင်း အနီးတဝိုက် လုံခြုံရေး အားနည်းခြင်းကို ဖြည့်ဆည်းပေးရန် အဆိုပါ ကျောင်းသားများက ကျောင်း အာဏာပိုင် များ၏ ရုပ်ပုံများကို မီးရှို့ဆန္ဒပြခဲ့ခြင်းကြောင့် ဖမ်းဆီးခံရပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ လ ချမှတ် ခံခဲ့ရသည်။
ယခုကဲ့သို့ ဆင်ခြင်တုံတရား ကင်းမဲ့စွာ ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အကျိုး မပြုသည်ကို နိုင်ငံရေးသမားများနှင့် လွှတ်တော်ကိုယ်စားလှယ်များ သေချာစွာ သိထားသင့်သည်။
၈၈ လူထုအုံကြွမှုကို သွေးမြေကျ နှိမ်နင်းခဲ့သည့် နောက်ပိုင်းတွင်လည်း ဆန္ဒပြမှုများက ရပ်တန့်မသွားခဲ့ချေ။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကို သွေးမြေကျ ဖိနှိပ်ခဲ့သော်ငြားလည်း ဆန္ဒပြမှုများ ထပ်မံ မပေါ်ပေါက်ရန် မတားဆီးနိုင်ခဲ့ပါ။ ယခုကဲ့သို့ ဖမ်းဆီးမှုများသည် ဆန္ဒပြမှုများကို ရပ်တန့်စေမည်မဟုတ်ကြောင်း မြန်မာ့နိုင်ငံရေးသမိုင်းက ပြသနေပါသည်။
လက်နက်မဲ့ လူအုပ်အတွင်း ရော်ဘာကျည်ဆန်နှင့် ပစ်ခတ်ခဲ့သော်လည်း ကယားပြည်နယ်အတွင်း ဆန္ဒပြမှုများကို တားဆီးနိုင်မည် မဟုတ်ပေ။
နိုင်ငံရေး အကျဉ်းသားဟောင်းများစွာ တို့ဖြင့် ဖွဲ့စည်းထားသော အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) သည် ဒီမိုကရေစီအရေး ဆန္ဒပြမှုများကို အကြမ်းဖက်ဖိနှိပ်၍ တားဆီးခြင်းငှာ မတတ်စွမ်းနိုင်ကြောင်း ကောင်းကောင်း သိပါသည်။
ထိုသို့သော ဆန္ဒပြမှုများကို ဖြေရှင်းရန် ဆိုသည်မှာ ဆန္ဒပြသူများနှင့် တွေ့ဆုံဆွေးနွေးပြီး ပြဿနာရင်းမြစ်ကို ကိုင်တွယ် ဖြေရှင်းရမည်ဖြစ်သည်။ သူတို့၏ ဒီမိုကရေစီ အခွင့်အရေးများကို လက်တွေ့ အသုံးချခြင်းကြောင့် မည်သူ တဦးတယောက်မျှ အကြမ်းဖက် ရိုက်နှက်ဖြိုခွဲခံရခြင်း (သို့မဟုတ်) ဖမ်းဆီး ထိမ်းသိမ်းခံရခြင်းမျိုး မဖြစ်သင့်ပေ၊ ထိုသို့ ပြုလုပ်ခြင်းသည် နိုင်ငံရေးအရ လွန်စွာ မှားယွင်းခြင်း ဖြစ်ရုံမက ကျင့်ဝတ်အရပါ လွဲမှားခြင်း ဖြစ်သည်။ ထို့အပြင် ပါတီအပေါ် လူကြိုက်နည်းလာခြင်းလည်း ဖြစ်စေပါသည်။
အစိုးရ၏ လုပ်ဆောင်ချက်များက နဂိုကတည်းက မကျေနပ်မှု အခြေခံ ရှိထားခြင်းကို ပိုမိုဆိုးရွားစေပြီး ရရှိရန် ခက်ခဲလှသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို ပိုမိုခက်ခဲသွားစေ ပါသည်။
ရိုက်တာ သတင်းထောက်နှစ်ဦး ဖြစ်သော ဝလုံးနှင့်ကျော်စိုးဦးတို့လို သတင်းသမားများကို ဖမ်းဆီးအရေးယူရန် ဆုံးဖြတ်ခဲ့သော အစိုးရ၏ ဆုံးဖြတ်ချက်သည်လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အထောက်အကူ ပြုသည် မဟုတ်ပါ။
Myanmar Now အွန်လိုင်း သတင်းဌာနမှ သတင်းထောက် ကိုဆွေဝင်းကို အမျိုးသားရေး အစွန်းရောက်ဟု သတ်မှတ် ခံထားရသည့် ဦးဝီရသူ၏ တပည့်သာဝက တဦးက ဦးဝီရသူကို အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆို ထားခဲ့ပြီး ထိုအမှုမှာ ယနေ့ထိတိုင် အဆုံးမသတ်နိုင်သေးဘဲ ကြန့်ကြာနေခဲ့ခြင်း ကလည်း အစိုးရအနေဖြင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်အပေါ် အစိုးရ၏ သဘောထား သေးသိမ်မှုကို ပြသရာ ရောက်နေပါသည်။
ဆန္ဒပြမူများကို အထက်ဖော်ပြပါ နည်းလမ်းများအတိုင်း အကြမ်းဖက် နှိမ်နှင်းခြင်း၊ ဖမ်းဆီးခြင်းများသည် တိုင်းရင်းသား ဒေသများမှ NLD အား ထောက်ခံမူကို ထိခိုက်စေပြီး နိုင်ငံရေးအရ ပေးဆပ်ရမှု ကြီးမားလှသည်။ ၂၀၁၅ ခုနှစ်တွင် တိုင်းရင်းသား ဒေသများမှာ NLD ကို လူကြိုက်များခဲ့ပြီး ဧရာမထောက်ခံမှုကြီး ရရှိခဲ့ သော်လည်း ၂၀၂၀ တွင်မူ ထိုကဲ့သို့ ရရှိရန် လွယ်ကူမည် မဟုတ်တော့ပါ။
အကယ်၍ NLD အစိုးရ အနေဖြင့် တိုင်းရင်းသားများ၏ အခွင့်အရေးကို အလေးမထားခဲ့ပါက တိုင်းရင်းသားများ ဘက်က စဉ်းစားမှုမှာလည်း တမျိုးဖြစ်လာပေမည်။ ယခုကဲ့သို့ လိမ္မာပါးနပ်မှု မရှိဘဲ ကြမ်းတမ်းစွာ ကိုင်တွယ် ဖြေရှင်းမှုများက NLD အစိုးရကို ပြည်သူလူထုမှ အထူးသဖြင့် တိုင်းရင်းသားများ အယုံအကြည် ကင်းမဲ့ လာနိုင်စေပါသည်။
ယင်း အရေးယူဆောင်ရွက်ချက်များက မျက်မှောက်ကာလ မြန်မာနိုင်ငံတွင် တရားမျှတမှု ကင်းမဲ့နေခြင်းကို မီးမောင်းထိုးပြနေသည်။ ကျောင်းသားများ၊ အရပ်သားများနှင့် ဆန္ဒပြသူများကို ဖမ်းဆီးထိမ်းသိမ်းရန် အသုံးပြုနေသော ဥပဒေများသည် ဒီမိုကရေစီအစိုးရအတွက် အကျိုးရှိမည်မဟုတ်ပေ။ ထိုဥပဒေများသည် အင်္ဂလိပ် အစိုးရက သူတို့နှင့် သဘောထားချင်း မတိုက်ဆိုင်သူများကို နှိမ်နှင်းရန်နှင့် ငြိမ်ဝပ်ပိပြားရေးကို ဦးတည် ရေးဆွဲခဲ့သော ဥပဒေများဖြစ်ခြင်းကြောင့်ပင်။
မူလက နှိပ်ကွပ်ရန် ပြဋ္ဌာန်းခဲ့သည့် ဥပဒေများကို အရပ်သားများ အပေါ် ကျင့်သုံးခြင်းသည် မဖြစ်သင့်သော လုပ်ရပ်ဖြစ်သည်။ ထို့အပြင် NLD အစိုးရက ယခင် သူတို့ကိုယ်တိုင် ထောင်အချခံခဲ့ရသော ဥပဒေများကို အသုံးပြု၍ မျိုးဆက်သစ်များကို ထောင်ချနေသည် မှာလည်း အဓိပ္ပာယ်မဲ့လှသည်။
မတရားသင်းနှင့် ဆက်သွယ်မှုဥပဒေ၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)၊ ဆက်သွယ်ရေးဥပဒေ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ (PAPPL) နှင့် အခြားဖိနှိပ်သည့် ဥပဒေများ အားလုံးသည် ပြည်သူများ အင်္ဂလိပ်အစိုးရကို မတော်လှန်နိုင်ရန် ဥပဒေအဖြစ် စီရင်ထားခြင်း ဖြစ်သည်။
အကယ်၍ NLD အစိုးရ အနေဖြင့် စစ်မှန်သော ဒီမိုကရေစီ စနစ်ကို တည်ဆောက်လိုလျှင် ထိုထိုသော မတရားသည့် ဥပဒေများကို ပြန်လည် သုံးသပ် ပြုပြင်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို ပြုလုပ်ရန် လိုအပ်သလို၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အကျိုး မဖြစ်စေသော ထိုဥပဒေများကို အသုံးပြုပြီး တိုင်းရင်းသား ပြည်သူများအား ရုပ်ပိုင်း၊ စိတ်ပိုင်း ညှဉ်းပမ်းနေမှုများအား ရပ်တန့်ရန် လိုအပ်ကြောင်း ဖော်ပြလိုက်ရ ပါသည်။
(ဘိုကြည်သည် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့(AAPP) ၏ တွဲဖက် အတွင်းရေးမှူး ဖြစ်ပါသည်။)