တဖက်နှင့်တဖက်၊ တစုနှင့် တစု အမြင်မတူကြခြင်းသည် ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်သည်။ အမြင်မတူသည့်အတွက် ပဋိပက္ခများ ရှိနေတတ်သည်ပင်။ ထိုပဋိပက္ခများကို အပြန်အလှန် ငြင်းခုံချင်တတ် သည်မှာလည်း မှားယွင်းသော လုပ်ရပ်တော့ မဟုတ်ပေ။ သို့သော် ပဋိပက္ခများကို အကြမ်းနည်းဖြင့် ဖြေရှင်းရန် ကြိုးစားလာခြင်း၊ ထိုသို့ အကြမ်းနည်းဖြင့် ဖြေရှင်းရန် တွန်းအားပေးခြင်းများ ကတော့ ကောင်းကျိုးထက်၊ ဆိုးကျိုးသာ များစေလိမ့်မည်။ ရလဒ် အဖြေထက် အဆိုးကျော့ သံသရာကို လည်စေလိမ့်မည်။
ထိုသဘောတရားကို နားလည်ရန် မြန်မာ့ နိုင်ငံရေးသမိုင်းတွင် ဥပမာများ ဒုနဲ့ဒေးရှိသည်။ သင်ခန်းစာ ယူနိုင်ခဲ့ခြင်း မရှိသည်ကို လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အခြေအနေများက ထပ်ဆင့် ညွှန်းဆို နေပေသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာက စတင်ခဲ့သော ရခိုင်စစ်မီးသည် ၂၀၁၉ ခုနှစ် လွတ်လပ်ရေးနေ့ ရဲစခန်းများအား ရက္ခိုင့်တပ်မတော် (AA) က ဝင်ရောက် တိုက်ခိုက်ခြင်းဖြင့် ဇာတ်ရှိန် မြင့်ခဲ့ကြသည်။ တပ်မတော်နှင့် AA နှစ်ဖက်ထိတွေ့မှုများလည်း ပိုမို များပြားလာသည်။ တိုက်ပွဲဖြစ်ပွားရာ နယ်မြေဒေသလည်း ပိုမို ကျယ်ပြန့် လာခဲ့ပြီး လူနေသည့် ရွာများ၊ မြို့များ အနားအထိ ကပ်လာကာ အရပ်သားများ ထိခိုက်သေဆုံးမှုလည်း များပြားလာခဲ့သည်။
စစ်ဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာရသူမှာ လူဦးရေ တသောင်း ကျော်ပြီဟုပင် ဆိုသည်။ နောက်ဆုံး အခြေအနေတွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ကြိုးပမ်းနေသော ရှေးဟောင်းမြို့တော် မြောက်ဦးကိုပင် ထိပါး ခြိမ်းခြောက်လာနေသည်။
စစ်ပွဲ၏ ထုံးစံအတိုင်း နောက်ဆက်တွဲ ဆိုးကျိုးများကို သယ်ယူလာသည်။ “အနည်းနဲ့ အများတော့ စွန့်လွှတ်ရမယ်၊ ဒုက္ခရောက်ကြမှာပဲ” ဟု စစ်ကို လိုလားသူတို့ကတော့ ဆိုလေမည်။ သို့သော် ထိုစစ်လိုလားသူတို့ ဆိုလိုသည့် အနည်းငယ်ဟူသော ပမာဏသည် ဘယ်လောက်နည်းသနည်း။ ဘယ်လောက် များသနည်း။ ထိုစကားကို ဆိုသူတို့သာ ရှင်းပြနိုင်လေမည်။ လက်တွေ့ဘဝတွင်ကား စစ်ဘေးရှောင် မိသားစုများအတွက် ဖခင်တယောက် ဆုံးရှုံးခြင်း၊ မိသားစုဝင် တယောက် လက်လွှတ်လိုက်ရခြင်း၊ မိမိတို့ အေးချမ်းစွာ လုပ်ကိုင် စားသောက်နေသည့် လုပ်ငန်းခွင်ကို ထားပစ်ခဲ့ရခြင်းသည် ကြီးမားသော အစားထိုး မရသော နစ်နာမှုများ ဖြစ်သည်။
ထိုသို့သော အခြေအနေများကို ရပ်တန့်ရန် မည်သူ့တွင် တာဝန်ရှိသနည်း။ အဆင့်နှစ်ဆင့်ဖြင့် တာဝန်ရှိသည်ဟု မြင်ပါသည်။ တိုက်ရိုက်အားဖြင့် စစ်ပွဲကို ပါဝင်တိုက်ခိုက် နေကြသည့် နှစ်ဖက် လက်နက်ကိုင် တပ်ဖွဲ့များတွင် အဓိက တာဝန်ရှိသည်။ အင်အား အနည်းအများ ကွာဟခြင်းကြောင့် အင်အားကြီးသူမှာ ပိုတာဝန်ရှိသည်ဟု ပြောလျှင် ရနိုင်သော်လည်း လက်တွေ့တွင်ကား မည်သူက အင်အားကြီးသနည်း ပြောရန် ခက်ခဲသည်။ တပ်မတော်တွင် လက်နက်အင်အား သာလွန်နိုင်သော်လည်း AA ဘက်တွင် ဒေသခံ လူထုက အားပေး ခြင်းကြောင့် အသာစီးရနိုင်သည်များလည်း ရှိသည်။ ထို့အတွက် တာဝန်သိသော သူက ပိုပြီး တာဝန်ယူကာ အရပ်သား အပြစ်မဲ့ ပြည်သူများ မထိခိုက်စေသည့် နည်းလမ်းများကို ရွေးချယ်ကြဖို့ တိုက်တွန်းလိုပါသည်။
ဒုတိယအဆင့်အနေဖြင့် စစ်ပွဲတွင် တိုက်ရိုက် မပါဝင် မပတ်သက်သော်လည်း စစ်ပွဲကို အားပေးအားမြှောက် ပြုမိနိုင်ချေ ရှိသော ကျနော်အပါအဝင် သာမန်ပြည်သူ အားလုံးတွင် တာဝန်ရှိပါသည်။ အကြမ်းအားဖြင့် ဤအုပ်စုကို ရခိုင်ပြည်သူ အများစုနှင့် ရခိုင်မဟုတ်သော မြန်မာပြည်သူ (အထူးသဖြင့် လူမျိုးရေး ခေါင်းစဉ်ဖြင့် တိုက်ရိုက် အမည်တပ်ခံရသော ဗမာလူမျိုးစု) ဟူ၍ နှစ်စုခွဲ၍ သုံးသပ်ကြည့်လိုပါသည်။
ဤနေရာတွင် အထူးပြောလိုသည်မှာ လူမျိုးရေးအမြင်ကို ဇောင်းပေးခြင်း မဟုတ်ဘဲ ရှင်းလင်းမြင်သာရန်သာ လူမျိုးစု အမည်များကို အသုံးပြုခြင်း ဖြစ်ပါသည်။ ပြည်သူများကို သုံးသပ်ရာတွင် အရပ်ဖက် အဖွဲ့အစည်း များသည် သြဇာရှိပြီး ပြည်သူကို တစုံတရာ ကိုယ်စားပြုသည့် အတွက် ၎င်းတို့ကို မဏ္ဍိုင်ပြု စဉ်းစားကြည့် ပါမည်။
ရခိုင်ပြည်နယ်ရှိ အရပ်ဖက် အဖွဲ့အစည်းများသည် မြန်မာပြည်၏ အခြားသော နေရာဒေသများမှ အရပ်ဖက် အဖွဲ့အစည်းများထက် အားနည်းသည်ဟု ယေဘုယျအားဖြင့် ပြောနိုင်သည်။ ထို့အပြင် ၂၀၁၂ ခုနှစ်မှ စတင် ခဲ့သော ပဋိပက္ခ အခြေအနေများကြောင့် အမျိုးသားရေး အမြင်များ၏ လွှမ်းမိုးမှုကို အနည်းနှင့်အများ ခံထားရသည်။ ထိုအထဲတွင်မှ အမျိုးသားရေး အမြင် အားပြင်းသော အဖွဲ့နှင့် အားပျော့သော အဖွဲ့ဟူ၍တော့ ခွဲလိုက ခွဲနိုင်ပါမည်။
အခြားဒေသများ နည်းတူ ဗဟိုအစိုးရနှင့် သဘောထား ကွဲလွဲခြင်းများ၊ ဆန့်ကျင်ခြင်း များသည် ရှိနှင့်နေပြီးသား ဖြစ်သည်။ ပဋိပက္ခ ဖြစ်သောကြောင့် လုံခြုံရေး အားနည်းသော အခြေအနေ၊ ကြောက်လန့် ရသော အခြေအနေ များကြောင့် စစ်တပ်ကို အားကိုး ထောက်ခံမှု အတိုင်းအတာ တခုအထိ အားကောင်းခဲ့ပြန်သည်။
အထူးသဖြင့် မဘသ အပါအဝင် ဘာသာရေး ရှေ့တန်းတင်မှု မြင့်မားသော အဖွဲ့များနှင့် ချိတ်ဆက်မိကာ ရှိရင်းစွဲ အမျိုးသားရေး အမြင်ဖြင့် ပေါင်းစည်းပြီး ပြည်ပပါဝင် စွက်ဖက်မှုဟု ယူဆသမျှသော အစိုးရ၏ ဆုံးဖြတ်ချက်များ၊ လုပ်ဆောင်ချက်များကို ဆက်တိုက် ကန့်ကွက်ကြသည်။ တနည်းအားဖြင့် စစ်တပ်၏ လုပ်ရပ်များကို ကိုင်တွယ်လိုသော နိုင်ငံတကာ (အထူးသဖြင့် အနောက်အုပ်စု) ၏ လုပ်ရပ်များကို ရှေ့တန်းမှ ဆန့်ကျင်ရာတွင် ပါဝင်ခဲ့ကြသည်။
၂၀၁၅ နောက်ပိုင်း NLD အစိုးရ၏ လုပ်ဆောင်ချက် အားနည်းချက်များကြောင့် ဗဟိုအစိုးရကို မကျေနပ် ခြင်းများ၊ ၎င်းတို့၏ အသံများ ပျောက်ဆုံးနေသည် ဟူသော ခံစားချက်များ အားကောင်းလာခဲ့သည်။ ထိုအခြေအနေတွင် အေအေသည် ချိန်သားကိုက် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
NLD အစိုးရ လက်ထက်တွင် အရပ်ဘက် အဖွဲ့အစည်းများ၏ လုပ်နိုင်ခွင့်ဘောင် တင်းကြပ် ခံလာရ သည်မှာလည်း တနိုင်ငံလုံး အနေအထား ဖြစ်သည်။ အစိုးရ၏ သွားလာခွင့် ကန့်သတ်မှုများ၊ ကြိုတင်ခွင့် ပြုချက်များ တောင်းခံရ စေခြင်းများနှင့် အဖွဲ့အစည်းများအား ခွဲခြား ဆက်ဆံခြင်းများက အရပ်ဖက် အဖွဲ့အစည်း၏ ရွေးကောက်ခံ အစိုးရအပေါ် ယုံကြည်မှု ပျက်ယွင်းစေခဲ့သည်။
ယခု ပဋိပက္ခကြောင့် စစ်ဘေးရှောင်များ ပေါ်ပေါက်လာသောအခါ ဒေသတွင်းရှိ အရပ်ဖက် အဖွဲ့အစည်း များသည် ကူညီ ကယ်ဆယ်ရေးများကို လုပ်ဆောင်ရန် အားထုတ်ကြသည်။ အခြား တဖက်တွင်လည်း စစ်ပွဲတွင် ပါဝင် တိုက်ခိုက်နေသော AA ကို အများနည်းတူ သဘောကျကြသည်။ စစ်တပ်ကို ဆန့်ကျင်ကာ မကောင်းမြင် ကြသည်။ ထူးခြားချက်အဖြစ် ထိုမကျေနပ်ချက်ကို ဖော်ပြရန်အတွက် လုပ်နေကျ ဆန္ဒပြပွဲများ မရှိ။
သို့သော် ရခိုင်အလံများ လွှင့်ထူခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှုများ နုတ်ထွက်ခြင်းများကို အားပေးခြင်းဖြင့် ဆန္ဒကို သွယ်ဝိုက် ဖော်ထုတ်ကြပြန်သည်။ ဤနည်းဖြင့် စစ်ကို မလိုချင်သော်လည်း အားပေးမိပြီးသား အနေအထား အသွင်ပေါ်နေသည်။ ထို့အတွက် တပ်မတော်၏ အငြိုးအတေးကို ပိုမို ခံရကောင်း ခံရနိုင်ပြန်သည်။ သို့သော် အားလုံးက ထိုသို့ အနေအထားတွင်တော့လည်း မဟုတ်ပြန်ပေ။ ထိုသို့ပြော၍ စစ်တိုက်ရသည့် အကြောင်း ပြချက်သည် မှားသည် မှန်သည် ငြင်းလိုခြင်း မဟုတ်ပေ။ သူပုန်ထရခြင်း အကြောင်းအရင်းများကို ပညာရှင် များစွား သုံးသပ်ထားပြီးသား ဖြစ်သည်။ သို့သော် အကြောင်းရင်း မှန်လျှင်တောင်မှ စစ်ရေးနည်းလမ်းကို ရွေးချယ်ခြင်းကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲများကိုတော့ စဉ်းစားစေလိုခြင်း ဖြစ်သည်။
ဒေသတွင်းတွင်ပင် ငြိမ်းချမ်းရေးကို လိုလားသော၊ အကြမ်းဖက်မှု စစ်ပွဲကို အားမပေးသော၊ လူမျိုးရေး မခွဲခြားသော အရပ်ဖက် အဖွဲ့အစည်း ရှိနေသေးသည်သာ ဖြစ်သည်။ ၎င်းတို့သည်လည်း အစိုးရကို သဘော မကျသည့်တိုင်အောင်၊ အားနည်းချက်များကို မြင်သည့်တိုင်အောင်၊ စစ်ပွဲသည် အဖြေမဟုတ်သည်ကို နားလည် နိုင်ကြသည်။
ထိုသို့ဆိုလျှင် အထက်ပါအုပ်စုများ၏ အသံက အဘယ်ကြောင့် မထွက်လာသလဲ။ ဖြစ်နိုင်ချေ နှစ်ခုရှိသည်။
၎င်းတို့ ပြောတော့ ပြောနေကြသည်။ အများစုက ဒေါသကို ရှေ့ထားကာ စဉ်းစားနေကြသည့် အခိုက်အတန့် ဖြစ်နေသဖြင့် မကြားမိကြခြင်း ဖြစ်နိုင်သည်။ နောက်တခုကတော့ ၎င်းတို့ကိုယ်တိုင်ပင် စစ်ပွဲအား ဆန့်ကျင်ရန် ထုတ်ဖော်တိုက်တွန်းလျှင် သွေးပူနေဆဲ လူထုက သူတို့ကိုပင် ပြန်လည် ဆန့်ကျင် အမုန်းပွားနိုင်သည်။ ထိုအတွက် အခြေအနေကို စောင့်နေကြခြင်း ဖြစ်နိုင်သည်။ လက်ရှိအခြေအနေတွင် ထိုအုပ်စုကို အားကောင်းအောင် လုပ်ပေးခြင်းသည် ပြည်ထောင်စုသားများ စိတ်ဓာတ်ဖြင့် ဖေးကူခြင်း ဖြစ်သလို၊ မြင့်မား လာသော အမျိုးသားရေး စိတ်ဓာတ်၏ အရှိန်ကိုလည်း အကောင်းဘက်သို့ ဆွဲခေါ်ရာ ရောက်စေနိုင်မည်။
ရခိုင်မဟုတ်သော ပြည်မဘက်မှ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူများ၊ အရပ်ဖက် အဖွဲ့အစည်းများသည် အထူး ငြိမ်ချက်သား ကောင်းနေပြန်သည်။ ကချင်စစ်ပွဲကို ဆန့်ကျင်ခဲ့သူများ၊ မြစ်ဆုံကိစ္စကို လှုံ့ဆော်ခဲ့သူများ စသည့် နိုင်ငံ့အရေးများကို တက်ကြွတောင်းဆို ခဲ့ကြသူများသည် လက်ရှိ ရခိုင် စစ်ပွဲတွင်တော့ မင်တက်မိနေ ကြပုံရသည်။ ရခိုင်အရေးနှင့် ပတ်သတ်၍ မကြာခဏ စုဝေးဆန္ဒပြတတ်ကြသည့် အမျိုးသားရေး အင်အားစု များကတော့ ကြားညပ်နေဟန်ရှိကာ မသိကျိုးကျွံပြုနေကြသည်။ စစ်တပ်ကို ဝေဖန်ရန် မစွမ်းသာကြပေ။
၎င်းတို့၏ ရပ်တည်ချက်သည် အများစုက ကိုယ်စားမပြုသည့်အတွက် အထူးမပြောလိုပေ။
သို့သော် အရပ်ဖက် အဖွဲ့အစည်းများ၏ နှုတ်ဆိတ်မှုကတော့ အရေးပါလေသည်။ ထို့အတွက် သာမန် အရပ်သူ အရပ်သားများ၏ အသိမှား အပြောမှားများကို မတားဆီးနိုင်တော့ဘဲ ရှိသည်။ သာမန် ပြည်သူအများစုသည် မွတ်စလင်များ အရေးတွင် စစ်တပ်သည် နိုင်ငံတော်ကို ခိုးဝင်လာသူများ ရန်မှ ကာကွယ်နေသည် ဆိုသော ဇာတ်ကြောင်းကို အသေဆုပ်ကိုင် ထားကြသည်။ ထို့ကြောင့် တခြားကိစ္စများတွင် စစ်တပ်ကို မည်မျှ ဆန့်ကျင်သည် ဖြစ်စေ မွတ်စလင်များ ကိစ္စတွင်တော့ ရေငုံနှုတ်ပိတ် နေနေကြသည်။
ထို့အပြင် နိုင်ငံတကာ ဖိအားများကို မြန်မာနိုင်ငံ ခံစားနေကြရခြင်းကို မကျေမနပ် ဖြစ်နေကြသည်။ ဤသို့ ပြည်ပ ဖိအားများကို ကြံ့ကြံ့ခံလျှက် လုပ်ကိုင်နေရသော အခြေအနေတွင် AA ၏ တပ်မတော်အပေါ် တိုက်ခိုက်ခြင်းသည် နောက်ကျောကို ဓားနှင့်ထိုးခြင်းဟု မြင်ကြပြန်သည်။ ထို့အပြင် AA ၏ ကွန်ဖက်ဒရိတ် လေသံကလည်း ၎င်းတို့၏ စိုးရိမ်မှုကို မြင့်တက်လာစေပြန်သည်။
AA က ရဲစခန်းများကို ဦးတည်တိုက်ခိုက်ခြင်း ကလည်း သာမန် အရပ်သားများ အမြင်တွင် ဆိုးရွားသည့် ကိစ္စရပ် ဖြစ်နေပြန်သည်။ ဤအကြောင်းများကြောင့် AA ကို မကြိုက်ခြင်းသည် ထုနှင့် ထည်နှင့် ရှိနေပြန်သည်။ ၎င်းတို့အတွက် စစ်တပ်က ရခိုင်ပြည်နယ်တွင် AA အား ပြင်းပြင်းထန်ထန် တုံ့ပြန်ခြင်းဖြင့် စစ်ဘောင်ချဲ့ခြင်းသည် မှန်ကန်နေသလို ရှိတော့သည်။ ထောက်ခံအားပေး နေမိကြတော့သည်။
ဤသို့ဖြင့် ဘက်နှစ်ဖက်စလုံးသည် မသိမသာဖြစ်စေ၊ သိသိသာသာ ဖြစ်စေ စစ်ပွဲကို ဘေတီးပေးနေသလိုပင် ဖြစ်နေသည်။ AA ကို ထောက်ခံသူများ ကလည်း စစ်တပ်ကို ဗမာစစ်တပ်ဟု ဝိဂြိုဟ်ပြုကြသည်။ ဗမာလူမျိုးစု၏ စိတ်ကို ဆွပေးသည်။ စစ်တပ်ကို ထောက်ခံသူများ ကလည်း AA နှင့်တကွ ရခိုင် လူမျိုးများကို သိမ်းကြုံးကာ အပုပ်ချကြသည်။ စစ်ပွဲသည် လက်ဝှေ့ပွဲ မဟုတ်ပေ။ ကြိုးဝိုင်းထဲက လူရော၊ မဆီမဆိုင် ကြိုးဝိုင်းအပြင်က လူကိုပါ အထိနာစေတတ်သည်။ စစ်ပွဲ၏ နောက်ဆက်တွဲအဖြစ် လူမျိုးရေး ပြဿနာများကို သယ်ဆောင်လာတော့မည့် အရိပ်အယောင်ကို မြင်နေရသည်။ ဤအနေအထားသည် မြန်မာ့ အနာဂတ်အတွက် နှစ်လိုဖွယ်ရာ မဟုတ်ပါပေ။
ထိုသို့ ရှုပ်ထွေးသော အနေအထားတွင် လက်ရှိ အစိုးရ၏ ရပ်တည်ချက်မှာလည်း မပြတ်သားလှပေ။ အမှန်တကယ်တွင်တော့ အစိုးရသည် စစ်တပ်၏ စစ်ရေးကိစ္စများကို ဉပဒေအရ ဆုံးဖြတ်ခွင့် မရှိသလို လက်တွေ့တွင်လည်း တစုံတရာ ထုတ်ဖော် ပြောကြားလေ့ မရှိပေ။ ထူးခြားချက်အဖြစ် လက်ရှိ ပဋိပက္ခတွင် နိုင်ငံတော် အတိုင်ပင်ခံက ချေမှုန်းရန် လမ်းညွှန်သည်ဆိုသည့် စစ်တပ်၏ ပြောဆိုမှု ဖြစ်သည်။ ထိုအချက်က ရခိုင်လူထု၏ အစိုးရအပေါ် အမြင်မကြည်မှုအား သပ်တချက် ထပ်မံ ရိုက်သွင်းလိုက်ခြင်းလည်း ဖြစ်သည်။
တနည်းအားဖြင့် မြင်နိုင်သည်မှာ စစ်ပွဲများအား အမြန်ဆုံး ရပ်ဆိုင်းနိုင်ရန်မှာ အစိုးရတွင် အင်အားမရှိပေ။ ကြားနေအဖြစ် နေရန်မှာလည်း လက်တွေ့မကျပေ။ သို့သော် အစိုးရနှင့်တကွ လက်နက်ကိုင်မထားသော နိုင်ငံရေး အစုအဖွဲ့ အသီးသီး အသာစီးရစေနိုင်ရန် အခြေအနေ တရပ်တော့ ရှိသည်။ ထိုအခြေအနေသည် စစ်ပွဲများ အမြန်ဆုံး ရပ်ပြီး အပြန်အလှန် ဆွေးနွေးညှိနှိုင်းရေး စားပွဲဝိုင်းပင် ဖြစ်သည်။
ပြည်မဘက်မှ အရပ်ဘက် အဖွဲ့အစည်းများနှင့် လူထုဘက်က မည်သို့ ကူညီနိုင်မည်နည်း။
အထူးသဖြင့် လက်ရှိအစိုးရကို ကူညီလိုသူများ၊ မြန်မာ့ နိုင်ငံရေး အပြောင်းအလဲကို ဖြစ်ထွန်းလိုသူများ အနေဖြင့် မည်သည့် လုပ်ရပ်ကို လုပ်သင့်သနည်း။ လုပ်သင့်သည့် အလုပ်မှာ ရိုးစင်းပါသည်။ စစ်ပွဲများ အမြန်ဆုံး ရပ်ရန်နှင့် အရပ်သားများ ထိခိုက်နစ်နာမှု မရှိစေရန် ဝိုင်းဝန်း တောင်းဆိုကြရန်ပင် ဖြစ်ပါသည်။ ကမ္ဘာ့အမွေအနှစ် ဖြစ်သလို ပြည်ထောင်စု၏ ရတနာတခုဖြစ်သော မြောက်ဦး ရှေးဟောင်း နယ်မြေအတွက် ဝိုင်းဝန်း ကြရန်ပင် ဖြစ်ပါသည်။ အခြားတဖက်တွင်လည်း မိမိတို့၏ အပြုအမူ အပြောအဆိုများသည် လက်တွေ့ စစ်ဘေးဒဏ်ကို ခံစားနေကြရသော ဒေသခံ ရခိုင်လူမျိုးစုများ၏ ဒဏ်ရာကို ဖြေသိမ့်ပေးခြင်းသာ ဖြစ်သင့်ပါသည်။
တဖက်ကို တဖက် အပြစ်တင်နေခြင်းသည် စစ်ပွဲများကို မီးစာ ထိုးပေးနေခြင်းသာ ဖြစ်ပါသည်။ AA ကို မကြိုက်လျှင် တောင်မှ စစ်ပွဲကို ထောက်ခံနေခြင်း မဖြစ်သင့်ပါ။ စစ်ပွဲသည် ဒဏ်ရာများကိုသာ သယ်ဆောင် လာတတ်သည် မဟုတ်ပါလော။ ထိုသို့ စစ်ပွဲများ ရပ်တန့်ရန် ဝိုင်းဝန်းတောင်းဆိုခြင်း၊ နေရပ်စွန့်ခွာ သူများ အတွက် လိုအပ်သော အကူအညီများ ရရှိစေရန် တောင်းဆိုခြင်းများဖြင့် ရခိုင်လူမျိုးတို့၏ စိတ်ခံစားချက် ပြင်းထန်နေခြင်းများကို အတန်အသင့် လျော့ပါးစေနိုင်မည်ဟု မျှော်လင့်နိုင်ပါသည်။
ထို့ထက် ပိုမျှော်လင့်ရလျှင် ရခိုင်ဒေသတွင်းမှ အရပ်ဖက် အဖွဲ့အစည်းများသည်လည်း လက်တွဲပါဝင်လာကာ (စစ်တပ်ကို ဆန့်ကျင်ခြင်း သက်သက်မျှ မဟုတ်သော) စစ်ပွဲကို ဆန့်ကျင်လာကြ ပါလိမ့်မည်ဟု မျှော်လင့်ချင်မိ ပါသည်။
စစ်ပွဲများကို လက်ချင်းဆက်ကာ ငြင်းပယ်ရင်း ငြိမ်းချမ်းသော ပြည်ထောင်စုဆီ မျက်နှာမူ နိုင်ကြပါစေကြောင်း အလေးအနက် တိုက်တွန်း အပ်ပါသည်။ ထိုသို့ မျက်နှာမူစေရန်ကိုလည်း အမြော်အမြင်ရှိသော အရပ်ဖက်နှင့် နိုင်ငံရေး ခေါင်းဆောင်များက စဉ်းစားတွေးတော လုပ်ကိုင်နိုင်ကြ ပါစေဟုလည်း ထပ်ဆင့် တိုက်တွန်း လိုက်ရ ပါသည်။
(လင်းငယ်သည် မြန်မာ ဆရာဝန်တဦး ဖြစ်သည်။ နိုင်ငံတကာ ဖွံ့ဖြိုးရေးဘာသာရပ် လေ့လာနေသူဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် ဆက်စပ်သည့် မျက်မှောက်ရေးရာများ သုံးသပ်ရေးသားနေသူ တဦးဖြစ်သည်။)