ရှေ့နောက်မညီသည့် NLD ၏ မြေယာ မူဝါဒ

Salai Van Bawi Mang
ကယားပြည်နယ်ရှိ ကယန်းတောင်သူတဦး / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

လက်ရှိအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အပြတ်အသတ် အနိုင်ရပြီး နောက်ပိုင်း စစ်အစိုးရ လက်ထက်က မတရားသိမ်းယူခံ လယ်ယာမြေများအား မူလပိုင်ရှင်ထံ ပြန်လည် အပ်နှံနိုင်ရေး အတွက် လယ်ယာမြေနှင့် တခြား မြေများ သိမ်းဆည်းခြင်းခံရမှု ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ဦးဆောင် ဖွဲ့စည်းခဲ့သည်။

ယင်းကော်မတီ၏ ယနေ့အထိ လုပ်ငန်း ဆောင်ရွက်မှုများကို သုံးသပ်ရလျှင် မတရား မြေသိမ်းဆည်းခံ ပြည်သူများအတွက် ကျေနပ်အားရဖွယ် ကောင်းမွန်သည့် လုပ်ငန်း အကောင်အထည် ဖော်မှုနှင့် ရလဒ်များသည် ထင်သာမြင်သာ မရှိလှသေးချေ။ နှစ်၊ လ ကြာရှည်စွာ သပွတ်အူတမျှ ရှုပ်ထွေးပွေလီလှသည့် မြေယာ ပြဿနာ များကို ဖြေရှင်းနိုင်ရေးသည် NLD ပါတီ ဦးဆောင်သော လက်ရှိအစိုးရအတွက် စိန်ခေါ်ချက် တရပ်ဟုပင် ဆိုသော် မှားမည်မထင်။

တပ်မတော်နှင့် ပုဂ္ဂလိကပိုင် စီးပွားရေးသမားများ ရှုပ်ခဲ့သည့် ခြေရာလက်ရာများကို မြန်မြန်ဆန်ဆန် မဖြေရှင်းနိုင်သည့် အခြေအနေသည် အံ့သြစရာတော့ မဟုတ်ပါ။ သို့သော်ငြားလည်း NLD အစိုးရ၏ မြေယာနှင့် ဌာနေ တိုင်းရင်းသား ပြည်သူလူထုအပေါ် ထားသည့် မူဝါဒများနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုများတွင် ရှေ့နောက် ညီညွတ်မှု မရှိသည်များကိုမူ ပြန်လည် မေးခွန်းထုတ်ချင်စဖွယ် ဖြစ်လာပါသည်။

မြေယာသိမ်းယူမှု ပြဿနာ

မြေယာသိမ်းယာမှု ပြဿနာသည် တိုင်းပြည်တိုးတက်ရေးနှင့် ဒီမိုကရေစီ ဖွံဖြိုးရေးအတွက် အဓိက အဟန့်အတား ဖြစ်စေသော ကဏ္ဍ တခုဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်မှစ၍ အာဏာရှင်စနစ်မှ ဒီမိုကရေစီ စနစ်သို့ အသွင် ကူပြောင်းရေး ဖြစ်ပေါ်လာပြီး နောက်ပိုင်း သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရမှ စ၍ ခေတ် အဆက်ဆက်က မြေယာသိမ်းယူမှုများကို ဖြေရှင်းရန် ကြိုးပမ်းလာခဲ့ရာ ၂၀၁၂ တွင် လယ်ယာမြေ စုံစမ်းစိစစ်ရေး ကော်မရှင် Farmland Investigation commission ကို ဖွဲ့စည်းပြီး ၁၉၈၈ နောက်ပိုင်း မြေယာသိမ်းယူမှု များကို ပြန်လည်စိစစ်ပြီး ဖြေရှင်းရန် တာဝန်ယူ ဆောင်ရွက်စေခဲ့သည်။ ၎င်းကော်မတီ၏ တွေ့ရှိချက်များကို အကောင်အထည် ဖော်နိုင်ရန် အလို့ငှာ မြေယာ ချထားရေး စီမံခန့်ခွဲမှု ကော်မတီ Land Utilization Management Committee အား ထပ်မံ ဖွဲ့စည်းသည်။

၎င်း ကော်မတီနှင့် ကော်မရှင်နှစ်ဖွဲ့တို့၏ သက်တမ်းတွင် တိုင်စာပေါင်း ၂၀၀၀၀ ကျော် လက်ခံရရှိခဲ့ပြီး ၃၃၅၀၀၀ ဧက ကျော်အား မိသားစု ၃၀၀၀၀ ကျော်ထံ ပြန်လည် အပ်ခဲ့ကြောင်း သိရသည်။ သို့သော်ငြားလည်း ထို ကော်မတီတို့၏ ပြန်လည်သုံးသပ် စိစစ်သည့် အမှုများသည် အစုအဖွဲ့များ၏ အမှုများသာ ဖြစ်ပြီး တိုင်စာများ၏ ၄ ရာခိုင်နှုန်းသာ ဖြေရှင်းနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံ၏ မြေယာကဏ္ဍပိုင်းဆိုင်ရာ လုပ်ဆောင်နေသည့် Namati အဖွဲ့အစည်းက ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။

သို့သော် ၂၀၁၆ NLD ပါတီ ဦးဆောင်သည့် အစိုးရတက်လာပြီး နောက်ပိုင်း ထိုကော်မတီတို့၏ တာဝန်များကို ရုပ်သိမ်းခဲ့ပြီး NLD အစိုးရက ဇွန်လ ၆ ရက် ၂၀၁၆ တွင် လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ Central Reinvestigation Committee for Confiscated Farmlands and Other Lands က အစားထိုး တာဝန်ယူ ဆောင်ရွက်လာသည်။

NLD အစိုးရသည် ရွေးကောက်ပွဲ မတိုင်ခင် မဲဆွဲစည်းရုံးရေး ကာလကတည်းကနေ တိုင်းရင်းသား ပြည်သူလူထု ထံတွင် သိမ်းဆည်း ခံရသည့် မြေများကို မူလပိုင်ရှင်ထံ ပြန်လည်ရရှိအောင် ကြိုးပမ်းသွားပြီး ဆုံးရှုံးခဲ့သည့် မြေယာများနှင့် ထိုက်တန်သည့် ပမာဏကို ပြည်သူများက တရားမျှတစွာ ရရှိပိုင်ခွင့် ရှိစေရမည်ဟု ကတိကဝတ် ပြုခဲ့သည်များ ရှိခဲ့ပါသည်။ ယင်းကတိကဝတ်များ အဆင်ပြေချော့မွေ့ စေဖို့ရန်အတွက်နှင့် ဒီမိုကရေစီ အနှစ်သာရအရ ပြည်သူလူထု၏ အသံများ ပါဝင်နိုင်စေရန် အပေါ်က ကော်မတီတွင် တောင်သူလယ်သမားများနှင့် အရပ်ဖက် အဖွဲ့အစည်းများ ပါဝင်လာနိုင်ရေး အတွက် လမ်းဖွင့်ပေးခဲ့သည်။

သို့သော် ဖွင့်ပေးသည့်လမ်းသည် ကျဉ်းမြောင်းလှပြီး ပေးထားသည့် လုပ်ပိုင်ခွင့်နှင့် ရရှိခွင့် အခွင့်အရေးများ ကန့်သတ် ထားပါသည်။ အမည်နာမနှင့် စာအတိုင်းဆိုလျှင် တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်၊ ကျေးရွာ အဆင့်တွင် ပါဝင်ခွင့် ပေးထားသော်လည်း အမှန်တကယ် လုပ်ပိုင်ခွင့်ရှိသည့် ဗဟိုအဆင့်တွင် ပါဝင်ခွင့် ပိတ်ပင် ထားသည်။

ထို့နောက် အဆင့်ဆင့်တိုင်း ကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်ယူ ဆောင်ရွက်မှုများသည် ထိရောက်မှု မရှိသည့် အပြင် ကော်မတီများ၏ လုပ်ငန်း ပြီးမြောက်မှု မရှိကြောင်းကို အရပ်ဖက် အဖွဲ့အစည်းများက ၂၀၁၇ ခုနှစ်တွင် သုတေသန စာတမ်း ထုတ်ခဲ့ကြသည်။

ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှု ပြန်လည် စိစစ်ရေး ဗဟိုကော်မတီသည် ၆ လ အတွင်း မြေသိမ်းခံရသည့် ပြဿနာကို ဖြေရှင်းသွားရန် ပြောဆိုခဲ့ သော်လည်း NLD အစိုးရ သက်တမ်း သုံးနှစ်ကာလတွင် တိုင်စာပေါင်း ၃၉၈၀ ကျော် ရရှိထားကာ ၂၁၂ မှုသာ ဖြေရှင်း နိုင်သေးသည့်အတွက် ၅ ရာခိုင်နှုန်းသာ ဖြေရှင်းနိုင်သည်ဟု ကောက်ချက်ချရပါမည်။

ထို့အပြင် မြေယာ သိမ်းဆည်းခံရသည့် တိုင်းရင်းသား တောင်သူလယ်သမား များနှင့် ဆင်းရဲသား ပြည်သူတို့၏ NLD အစိုးရ ပေးထားသော ကတိကဝတ်များအပေါ် မျှော်လင့်ချက်ကြီးဖြစ်သော တရားမျှတစွာ ၎င်းတို့ ပိုင်ဆိုင် ထားသည့် မြေယာများ ပြန်လည်ရရှိရေး လမ်းခရီးသည် မှုန်ဝါးနေဆဲ ဖြစ်သည်ဟု Human Rights Watch (HRW) က သုတေသန ပြုလုပ်ပြီး တွေ့ရှိချက် ရလဒ်များဖြင့် ထုတ်ပြန်ခဲ့သည်။

အမျိုးသားအဆင့် မြေဥပဒေ

မြန်မာနိုင်ငံ၏ မြေယာအသုံးပြုမှုနှင့် ပတ်သက်၍ သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက်တွင် လယ်ယာမြေ ဥပဒေနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေ (၂၀၁၂) ကို ရေးဆွဲခဲ့သည်။ ထိုဥပဒေသည် တိုင်းရင်းသား ပြည်သူ များနှင့် တောင်သူလယ်သမားများ၏ မြေယာပိုင်ဆိုင်ခွင့်နှင့် မြေယာလုံခြုံရေးဆိုင်ရာကို ခြိမ်းခြောက်သည့် ဥပဒေဟု အရပ်ဖက် အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ဝေဖန်ငြင်းဆိုခဲ့ကြပြီး NLD ပါတီဝင်များ ကလည်း ကန့်ကွက်ခဲ့ကြသည်။

NLD အစိုးရ တက်လာပြီးနောက်ပိုင်း ထို မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေကို ပြန်လည်ဖြည့်စွက် ပြင်ဆင်ရန် ကြိုးပမ်းလာခဲ့သည်။ NLD အစိုးရ၏ မြေယာအပေါ် ကြိုးစားမှု ခြေလှမ်းကို သုံးသပ်ရပါမူ ယခင် အစိုးရက အတည်ပြုပြီးသော အမျိုးသား မြေအသုံးချမှူ မူဝါဒ National Land Use Policy အပေါ် အခြေပြုပြီး အမျိုးသား မြေယာဥပဒေ National Land Law ရေးဆွဲဖို့ရန် အတွက် အရပ်ဖက်အဖွဲ့အစည်း များ၏ အကြံပြု ပြောဆိုချက်နှင့် အဆိုများကို တောင်းဆို ခဲ့သည်။

သို့သော် အမျိုးသား မြေယာဥပဒေကို စတင်မိတ်ဆက်ပြီး ၂ နှစ်ကြာမှသာ အမျိုးသား မြေအသုံးချမှူ ကောင်စီ National Land Use Council ကို ဇန်နဝါရီလ ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ထိုကောင်စီ၏ လုပ်ငန်းသည် အမျိုးသား မြေယာဥပဒေ မူကြမ်းကို ရေးသား ပြုစုရန် တာဝန်ရှိသည်။ ယင်းကောင်စီ၏ ကြိုးစားမှုဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂ ရက်မှ ၃ ရက် နေ့တွင် အမျိုးသား မြေအသုံးချမှူ ဖိုရမ် National Land Use Forum အား ကျင်းပပြီး ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူ အပါအဝင် အရပ်ဖက် အဖွဲ့အစည်း များနှင့် မြေယာ အသုံးချမှုဆိုင်ရာနှင့် ပတ်သက်သော နည်းဥပဒေများကို ဆွေးနွေးခဲ့ကြသည်။

ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူ ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံတွင် အမျိုးသားမြေယာဥပဒေ အလွန်ပင် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

သို့သော် ပြည်ထောင်စုရှေ့နေချုပ်ရုံး လက်ထောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရွှေရွှေအောင်၏ ပြောဆိုချက်အရဆိုလျှင် ဌာနအနေဖြင့် မြေယာဥပဒေနှင့် ပတ်သက်ပြီး အကြမ်း ပြုစုပြီးပြီ ဖြစ်ကြောင်း ဆိုထားသည်။

သို့သော်လည်း တဖက်တွင် ကောင်စီက အရပ်ဖက် အဖွဲ့အစည်းတွေကိုပဲ အကြံတောင်းဆို နေချိန်ဖြစ်ပြီး မည်သည့် အသိပေးကြေညာချက်မှ မရှိဘဲ ဖြစ်နေသေးသည်။ ဤ အမျိုးသားမြေယာဥပဒေနှင့် ယနေ့လက်ရှိ NLD အစိုးရ၏ ခြေလှမ်းသည် ရှေ့မရောက်ဘဲ၊ ရပ်နေဆဲဖြစ်သည်။

လွှတ်တော် ကဏ္ဍတွင် ဆိုလျှင်လည်း ၂၀၁၉ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အမျိုးသားလွှတ်တော်၌ ဧရာဝတီ တိုင်းဒေကြီး မဲဆန္ဒနယ်အမှတ် (၇) ဒေါက်တာပြည့်ဖြိုးက အမျိုးသားမြေယာ ဥပဒေသည် မြန်မာနိုင်ငံအတွက် လိုအပ်ကြောင်းနှင့် အမျိုးသား မြေယာမူဝါဒ National Land Use Policy ရှိသော်လည်း မြေယာစီမံခန့်ခွဲရေးနှင့် မြေအသုံးချရေး တို့အတွက် မဖြစ်မနေ လိုအပ်သော မူဝါဒ၊ မဟာဗျူဟာ၊ လုပ်ငန်းစဉ်၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ လိုအပ်ကြောင်းကို နောက်ဆုံးအကြိမ် ဆွေးနွေးခြင်း ဖြစ်သည်။

မြေလွတ်၊မြေလတ်၊မြေရိုင်း ဥပဒေ (VFV Law)

တဖက်မှာ NLD အစိုးရ တက်လာပြီးနောက်ပိုင်း မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေကို ၁၁ ရက် စက်တင်ဘာလ ၂၀၁၈ တွင် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုခဲ့ပြီး ထိုဥပဒေအရ မြန်မာ တနိုင်ငံလုံးရှိ မြေယာများကို မှတ်ပုံတင် ထားရန် မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲရေး ဗဟိုကော်မတီက အောက်တိုဘာလ ၃၀ ရက်နေ့၊ ၂၀၁၈ ခုနှစ်တွင် အမိန့်စာ ထုတ်ခဲ့ပြီး မတ်လ ၁၁ ရက်၊ ၂၀၁၉ ခုနှစ်ကို နောက်ဆုံးနေ့အဖြစ် သတ်မှတ်ခဲ့သည်။

အကယ်၍ မှတ်ပုံတင်ရန် ငြင်းဆို (သို့မဟုတ်) ပျက်ကွက်ခဲ့ပါက ထောင်ဒဏ် ၂ နှစ်နှင့် ကျပ်ငွေ ၅၀၀၀၀၀ ဒဏ်ခံ ရနိုင်သည်။ မှတ်ပုံတင်ခဲ့သော်လည်း သမိုင်းအစဉ်အလာ အရ ပိုင်ဆိုင်လာခဲ့သော သူတို့၏ မြေယာများကို ဆုံးရှုံးမည် ဖြစ်ပြီး နှစ် ၃၀ သုံးစွဲခွင့် လက်မှတ်ကိုသာ ရရှိမည်ဖြစ်သည်။ ထို့အပြင် အစိုးရက အစဉ်အမြဲ မြန်မာ နိုင်ငံတွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်း ၄၅ သန်း ဧကကျော် ရှိသည်ဟု ကြေညာချက်များ ထုတ်ပြန်နေပြီး တိုင်းရင်းသား ပြည်သူများ၏ နေထိုင်မှု၊ စားဝတ်နေရေးကို မျက်ကွယ် ပြုထားသည်။

ထိုသို့ ဆိုရခြင်း အကြောင်းရင်းမှာ ထိုကြေညာထားသော မြေယာဧကများ အနက် ၈၂ ရာခိုင်နှုန်းသည် တိုင်းရင်းသား ပြည်သူတို့၏ သမိုင်းစဉ်ဆက် ဘိုးဘွားပိုင် မြေယာများ ဖြစ်သည့်အပြင် သူတို့၏ ရိုးရာ ဓလေ့ အစဉ်အလာ စီမံခန့်ခွဲမှု အောက်တွင် အသုံးပြုလျှက်ရှိသော မြေများဖြစ်သည်။ ထို့အပြင် ထိုမြေများသည် သူတို့၏ တည်ရှိမှု၊ ဖြစ်တည်မှု (Identity) နှင့် အသက်မွေး ဝမ်းကြောင်းအတွက် မရှိမဖြစ် အသုံးပြုနေသော မြေများ ဖြစ်ကြသည်။ ဤဥပဒေနှင့် NLD အစိုးရ၏ လုပ်ဆောင်ချက် များသည် တိုင်းရင်းသား ပြည်သူများ၏ နေထိုင်မှု ဘဝကို ခြိမ်းခြောက်နေသော ဥပဒေဖြစ်သည့်အတွက် အရပ်ဖက် အဖွဲ့အစည်းနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၃၄၀ ကျော်က ကန့်ကွက်ကြသည်။

သို့သော်လည်း ထိုတောင်းဆိုမှုနှင့် ပြည်သူများ၏ အသံကို နားပိတ်ကာ မကြားချင်ယောင် ဆောင်လျှက် ရှိနေသည်။ ဤဥပဒေသည် တိုင်းရင်းသား ပြည်သူများ၏ မြေများအား ဥပဒေ လမ်းကြောင်းနှင့် အာဏာ သုံးခြင်းဖြင့် သိမ်းယူသွားဖွယ်ရှိပြီး NLD အစိုးရ ကိုယ်တိုင် ဖွဲ့စည်းထားသည့် ပြန်လည် သိမ်းဆည်းထားသော လယ်ယာမြေ များနှင့် တခြား နယ်မြေများ ပြန်လည်စိစစ်ရေး ကော်မတီ၏ လုပ်ငန်းများနှင့် ကွဲလွဲသွားတော့မည်။ တဖက်က ဥပဒေလမ်းကြောင်းဖြင့် မြေများသိမ်းယူပြီး တဖက်က ပြန်လည်ဖြေရှင်းပေးမည်ဟု ပြောသကဲ့သို့ ဖြစ်ပေတော့မည်။

အာဏာရှင် ဒီမိုကရေစီစနစ်

NLD အစိုးရသည် ပြည်သူလူထု၏ ယုံကြည်မှုကို တောင်းဆိုကာ ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးရန်နှင့် ပြဿနာ အသေးကအစ အကြီးအထိ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ထောင်ရေးကို ကတိကဝတ်များ ပေးထားခဲ့သည်။ သို့သော် အစိုးရ သက်တမ်း တလျှောက်တွင် အဆင်မပြေမှု များထဲမှ ကတိကဝတ် များကို မေ့ချင်ယောင်ဆောင်ပြီး စကား ရှေ့နောက်မညီမှုများ တွေ့ရမည် ဖြစ်သည်။

ထိုအရာများကို အမြင်သာဆုံး ထုတ်ပြရလျှင် မြေယာကဏ္ဍပင် ဖြစ်သည်။ NLD အစိုးရသည် ပြည်သူလူထု၏ အသံ၊ လိုအပ်ချက် များကို နားထောင်ပြီး လုပ်ဆောင်ရမည်ဟု ပြောသော်လည်း မျက်ကွယ်ပြုသည်မှာ သိသိသာသာ ဖြစ်နေသည်။ ထို့အပြင် ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်လည်း ငြင်းဆိုထားပြီး အရပ်ဖက် အဖွဲ့အစည်းများ၏ ကဏ္ဍကိုလည်း ပိတ်ပင်လာသည်ကို တွေ့ရသည်။

နောက်တချက်က ဖက်ဒရယ် စနစ်ကို ကျင့်သုံးရန် ပြောဆိုထားသော်လည်း ယခုလက်ရှိတွင် မူဝါဒနှင့် ဥပဒေ ဆောင်ရွက်ချက်များ တခြားစီ ဖြစ်နေသည်။ အကယ်၍သာ ဖက်ဒရယ်မူနှင့် စနစ်ကို အားပေးပြီး ဖက်ဒရယ်ပြည်ထောင်စုကို ထည်ထောင်ရန် ဆိုလျှင် ယခု ၂၁ ရာစု ပြည်ထောင်စု ညီလာခံတွင် ဆွေးနွေးချက်များနှင့် တိုင်းရင်းသား တေ်ာလှန်ရေး အဖွဲ့များ၏ တောင်းဆိုမှုကို လိုက်လျောကာ ဖက်ဒရယ်မူနှင့် ညီသည့် မြေယာဥပဒေများကိုသာ ရေးဆွဲ၊ အသုံးပြုရမည် ဖြစ်သည်။
သို့သော် ယခု ပုံစံသည် “တိုင်းရင်းသား ခေါင်းဆောင်တွေ သူတို့ဖာသာသူတို့ ဆွေးနွေးကြပါစေ။ ဒီမှာ ကျမတို့ လုပ်စရာ ရှိတာ လုပ်မယ်’’ ဆိုသည့် ပုံစံမျိုးဖြင့် ငြိမ်းချမ်းရေး ညီလာခံတွင် ဆွေးနွေးသည့် မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍသည် အကျိုးမပြု၊ အသုံးမဝင်အောင် လုပ်ဆောင်သွားနေသည်။

အွန်လိုင်း သတင်းမဂ္ဂဇင်း The Diplomat စာရေးဆရာ Krzysztof Iwanek က NLD အစိုးရ၏ အုပ်ချုပ်မှု စနစ်နှင့် ပတ်သက်၍ “သူဟာ နေပြည်တော်မှာ တံခါးပိတ်ပြီး နိုင်ငံရေး ဆုံးဖြတ်ချက်တွေ ချတယ်။ သဘောထား ကွဲလွဲမှုကို လက်မခံဘဲ ပြင်ပက အသံကို နားမထောင်ဘူ။ တကယ့် အာဏာရှင် အမျိုးသမီးလို အုပ်ချုပ်တယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်၏ အုပ်ချုပ်မှုသည် ဒီမိုကရေစီနှင့်၊ ဖက်ဒရယ်စနစ်နှင့် ကွဲလွဲမှု ရှိကြောင်းကို ထုတ်ပြခဲ့သည်။ ဆက်လက်၍ NLD အစိုးရ၏ လုပ်ထုံးလုပ်နည်းသည် ဗဟို အုပ်ချုပ်ရေးစနစ် (Centralization) ကို အသာပေးပြီး ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း Decentralization အားနည်းနေသည်ကို သတင်းသမားများနှင့် ပညာရှင်များက သုံးသပ်ကြသည်။

အထူးသဖြင့် ပွင့်လင်းမြင်သာမှု မရှိစွာ (ဥပမာ) ဝန်ကြီးများခန့်အပ်ရာတွင် “စာအိတ်ပေါ်လစီ’’ ကို ဒီမိုကရေစီ စံနှုန်းဖြင့် ကွဲလွဲစွာ သုံးနေခြင်းဖြစ်သည်။

နိဂုံး

တိုင်းရင်းသား ပြည်သူလူထုနှင့် ဆင်းရဲသား တောင်သူလယ်သမား များ၏ ယုံကြည်မှုဖြင့် တက်လာသော NLD အစိုးရ အနေဖြင့် ကျန်ရှိနေသော သက်တမ်းတွင် အစွမ်းကုန် ကောင်းအောင် ကြိုးစားရမှာဖြစ်သလို၊ တာဝန်လည်း အရှိဆုံးဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရာတွင် Decentralization ကို အကောင်အထည် ဖော်ပြီး ပွင့်လင်းမြင်သာစွာ တိုင်းရင်းသား ပြည်သူလူထု သတင်းအချက်အလက် ရရှိစေရေးနှင့် အရပ်ဖက် အဖွဲ့အစည်းများ ပါဝင်နိုင်ရေးကိုလည်း လုပ်ဆောင်ရမည်။ ထို့နောက် ဤမြေယာ ကဏ္ဍတွင် တိုင်းရင်းသား ပြည်သူလူထု၏ အသံပါဝင်မှုနှင့် တွေ့ဆုံမှု (Public Consultation) မရှိဘဲ အကောင်အထည် ဖော်နေသည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေများကို ပြည်သူများ မနစ်နာအောင် National Land Law မရှိခင် အသုံးမပြုရန် (သို့မဟုတ်) ပြန်လည် ပြင်ဆင်ရန် လုပ်ဆောင်သင့်သည်။ ထိုဥပေဒသည် တိုင်းရင်းသား ပြည်သူလူထု၏ အခြေခံ အခွင့်အရေးများကို ခြိမ်းခြောက်သည့် ဥပဒေဖြစ်သည့်အပြင် တိုင်းတပါးသားများနှင့် စီးပွားရေး သမားများကိုသာ ဦးစားပေး နေသည်။

အကယ်၍သာ အကောင်ထည်ဖော် ဆောင်ရွက်သွားမည်ဆိုလျှင် လက်ရှိ မြန်မာနိုင်ငံရေး မတည်ငြိမ်မှုနှင့် တိုင်းရင်းသား ပြည်သူများ၏ ပြည်ထောင်စုအပေါ် ယုံကြည်မှုများ လျှော့ကျစေမှာလည်း ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီ နည်းအရ ပြည်သူလူထု၏ အလိုအရ တက်လာသော အစိုးရအနေဖြင့် ပြည်သူလူထု၏ အမှန်တကယ် လိုအပ်မှုကိုသာ အချိန်မီ ပြန်လည်လုပ်ဆောင်ရန် လိုအပ်ကြောင်း ဖော်ပြလိုက် ပါသည်။

(Salai Van Bawi Mang သည် လက်ရှိ ချင်းမိုင်တက္ကသိုလ်တွင် Master of Art in Social Science (Development Studies) တက်ရောက်သင်ယူနေသော ကျောင်းသားဖြစ်ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် မြေယာ ကဏ္ဍကို လေ့လာသူ ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading