လူမည်းတွေအပေါ် အသားအရောင် ခွဲခြားမှုတွေရှိခဲ့လို့ဆိုပြီး အိန္ဒိယ လွတ်လပ်ရေးခေါင်းဆောင် မဟတ္တမ ဂန္ဒီကြီးရဲ့ ရုပ်တုကို ဂါနာတက္ကသိုလ်က ဆရာတွေက တက္ကသိုလ် ပရဝုဏ်ထဲက သိပ် မကြာသေးခင်ကပဲ ဖယ်ရှားခဲ့ကြတယ်။
အမေရိကန်နိုင်ငံရဲ့ ဖခင်လို့ဆိုကြတဲ့ တတိယမြောက်သမ္မတ သောမတ် (စ) ဂျက်ဖာဆင် တည်ထောင်ခဲ့တဲ့ ဗာဂျီးနီးယားတက္ကသိုလ်ဝန်းထဲက ဂျက်ဖာဆင်ရဲ့ ရုပ်တုကို ဆန္ဒပြ ကျောင်းသား တွေက အမည်းရောင် အဝတ်စတွေပတ်ပြီး လူဖြူအမျိုးသားရေးဝါဒကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒပြခဲ့ကြတယ်။
ဒီလို အထိမ်းအမှတ်ရုပ်တုတွေကို ဖယ်ရှားမှု၊ ဖျက်ဆီးမှု၊ အထိမ်းအမှတ်၊ အမည်မှည့်ခေါ်မှု တွေနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေဟာ တကမ္ဘာလုံးမှာ တနေရာမဟုတ်တနေရာ ဖြစ်နေကြတာပါပဲ။ ပြည်သူပိုင် (သို့မဟုတ်) ပုဂ္ဂလိကပိုင် ရုပ်တုတွေကို ဖျက်ဆီးတဲ့ အပြုအမူတွေကို အင်္ဂလိပ် ဘာသာစကားမှာ Vandalism လို့ သုံးနှုန်းကြပါတယ်။
အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်က ရီပတ်ဘလင်ကန်ပါတီဥက္ကဋ္ဌ ဂျွန်ဝှစ်ဘက်က ဗာဂျီးနီးယား တက္ကသိုလ်ထဲက သောမတ် (စ) ဂျက်ဖာဆင် ရုပ်တုကို ဖျက်လိုဖျက်ဆီး လုပ်မှုနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဆန့်ကျင် ပြောဆိုခဲ့ပါတယ်။
“သောမတ် (စ) ဂျက်ဖာဆင်ရုပ်တုကို ဖျက်လိုဖျက်ဆီး လုပ်မှုကနေ နောက်တဆင့် တက်လာဖို့ ရှိတာက ငါတို့ရဲ့ သမိုင်းကြောင်းကို ဖျက်ဆီးမယ့် လက်ဝဲ အစွန်းရောက်လှုပ်ရှားမှု တွေပဲ။ ငါတို့ရဲ့ သမိုင်းဝင် ရုပ်တုတွေကို ဖျက်ဆီးတာဟာ လွတ်လပ်စွာ ပြောရေးဆိုခွင့် မဟုတ်ဘူး၊ အရိုးရှင်းဆုံး ပြောရရင် ဒါဟာ ဥပဒေချိုးဖောက် တာပဲ” လို့ ဂျွန်ဝှစ်ဘက်က ပြောခဲ့ပါတယ်။
အတိတ်မှာ သူရဲကောင်းဖြစ်ခဲ့သူတွေကို ၂၁ ရာစုစံနှုန်းတွေနဲ့ ပြန်ဆန်းစစ်လာကြတဲ့အခါ ဒီလို အငြင်းပွားစရာတွေ ဖြစ်လာကြပါတယ်။ ကနေဒါနိုင်ငံက ပထမဆုံး ဝန်ကြီးချုပ်ရဲ့ လူမျိုးရေး ခွဲခြားမှုတွေ ရှိခဲ့တဲ့ အတိတ်ကဖြစ်ရပ်ကြောင့် သူ့နာမည်နဲ့ မှည့်ခေါ်ထားတဲ့ ကျောင်းကို အမည် ပြောင်းပေးဖို့ တောင်းဆိုလာတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကနေဒါနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျွန်ဘဲက “အလွန်အကျွံ နိုင်ငံရေး အမှားပြင်ဆင်မှုတွေ” ဖြစ်တယ် လို့ဆိုပါတယ်။
“နိုင်ငံရေး အမှားပြင်ဆင်မှု (Political Correctness)” ဆိုတာက နိုင်ငံရေးသမားတွေ၊ ကမ္ဘာကျော် စံပြပုဂ္ဂိုလ်တွေရဲ့ အသားအရောင်ခွဲခြားမှု၊ လူမျိုးရေး ခွဲခြားမှုနဲ့ အမျိုးသားရေး အစွန်းရောက်မှု တွေကို ထောက်ပြပြင်ဆင်မှု ပြုလုပ်တာကို ဆိုလိုပါတယ်။
ဒီလို အထိမ်းအမှတ်ရုပ်တုတွေ၊ အထိမ်းအမှတ် အမည်မှည့်ခေါ်မှုတွေနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုဟာ ရှုပ်ထွေးပွေလီတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းထဲကို ကမ္ဘာနဲ့ ရင်ဘောင်တန်းပြီး ရောက်လာခဲ့ပါပြီ။
မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဗိသုကာလို့ နိုင်ငံတွင်းမှာ နှစ်ပေါင်းများစွာ ရည်ညွှန်းပြောဆိုခဲ့ ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ ဗိုလ်ချုပ်ရုပ်တု တည်ဆောက်မှု (ဒါမှမဟုတ်) နိုင်ငံရဲ့ အထင်ကရ နေရာတချို့ကို ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးပြီး ဂုဏ်ပြုမှည့်ခေါ်မှု တွေဟာ ၂၀၁၆ ခုနှစ် နောက်ပိုင်းက စပြီး အငြင်းပွားဖွယ် ဖြစ်လာပါတယ်။ ဒီအငြင်းပွားမှုတွေဟာ အထူးသဖြင့် ပြည်နယ်တွေမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်က မွန်ပြည်နယ်က တံတားအသစ်တစင်းကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပေးဖို့ မွန်တိုင်းရင်းသူ လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းက ပြည်သူ့လွှတ်တော်မှာ အဆို တင်သွင်းခဲ့တဲ့ ကိစ္စကစပြီး အောင်ဆန်းပုံရိပ်နဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေ ဆက်တိုက် ဖြစ်ပွားလာခဲ့တာပါ။ အလားတူပဲ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဗိုလ်ချုပ်ရုပ်တု စိုက်ထူခဲ့တာနဲ့ ပတ်သက်ပြီး ဒေသခံတွေနဲ့ အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။
အဲဒီ အငြင်းပွားမှုရဲ့ ဂယက်ကြောင့် ၂၀၁၇ ခုနှစ်အတွင်းမှာ ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ မွန်ပြည်နယ်နဲ့ ကချင်ပြည်နယ်အတွင်းက မဲဆန္ဒနယ်မြေ တွေမှာ NLD ပါတီ အရှုံးပေါ်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ်အတွင်းမှာ ကယားပြည်နယ် မြို့တော် လွိုင်ကော်မြို့မှာ ရုပ်တု စိုက်ထူဖို့ကိစ္စကို ဦးဆောင်သူ ကတော့ ကယားပြည်နယ်ဝန်ကြီးချုပ် ဋ္ဌာနေ တိုင်းရင်းသား အယ်ဖောင်းရှို ဖြစ်တယ်လို့ သတင်းတွေထဲမှာ ဖော်ပြထားပါတယ်။ ကယားပြည်နယ်အတွင်း အောင်ဆန်းရုပ်တု စိုက်ထူမှုအပေါ် ကန့်ကွက်သူတွေနဲ့ ထောက်ခံသူတွေအကြား အငြင်းပွားမှုတွေ ရှိခဲ့သလို ကန့်ကွက် ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက နှိမ်နင်းခဲ့တဲ့အတွက်လည်း ပြည်နယ် အစိုးရနဲ့ ဒေသခံတွေအကြား တင်းမာမှုတွေ ရှိခဲ့ပါတယ်။
ဗိုလ်ချုပ် အောင်ဆန်းရုပ်တုကို ချိုးဖဲ့ဖျက်ဆီးတာတွေ၊ ဆိုးဆေးပက်ဖျန်းပြီး အကျည်းတန်အောင် လုပ်တာတွေ၊ ရုပ်တု တည်ဆောက်မှုအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေကို နိုင်ငံရေးလှုပ်ရှားမှု တခုလို လုပ်လာကြတာကို ဒီဖက်နှစ်တွေမှာ ခပ်စိပ်စိပ် တွေ့လာရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာ့လွတ်လပ်ရေး ဗိသုကာ၊ ဒါမှမဟုတ် ခေတ်သစ်မြန်မာနိုင်ငံကို တည်ထောင်သူ အဖြစ်နဲ့ မြန်မာလူမျိုးတွေရော၊ တိုင်းရင်းသားခေါင်းဆောင် တချို့ပါ ရေးသားခဲ့ ကြတဲ့ စာတမ်းအစောင်စောင်မှာ ပုံဖော်ခဲ့ဖူးပါတယ်။ အထူးသဖြင့်တော့ အင်္ဂလိပ် လက်အောက်က လွတ်လပ်ရေးရဖို့ ဦးဆောင်ကြိုးပမ်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တချို့ ကျဆုံးသွားခဲ့ရပြီး နောက်ပိုင်းမှာ နိုင်ငံနဲ့အဝှမ်း သြဇာလွှမ်းမိုးမှုရှိခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံရိပ်ကို အမျိုးသား ဝိသေသတခုလို ဖန်တီးပြီး နိုင်ငံ ပြန်လည်ထူထောင်ရေးမှာ အသုံးပြုခဲ့ကြ ပါတယ်။
ဥပမာ … ဦးနေဝင်းရဲ့ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်ကို အကောင်အထည်ဖော်တဲ့ နေရာမှာ ဒီလမ်းစဉ်ဟာ ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့တဲ့ လမ်းစဉ်တခုဖြစ်တယ်လို့ ဝါဒဖြန့်ပြီး အကောင်အထည် ဖော်ခဲ့တာမျိုးပါ။
“ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား” ဆိုတဲ့စာသားကို မူလတန်း ကျောင်းသင်ခန်းစာ ထဲက ကဗျာတပုဒ်မှာ ထည့်သွင်းရေးသား ထားခဲ့ဖူးပါတယ်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး ဆန္ဒပြပွဲတွေကို အကြမ်းဖက် နှိမ်နင်းခံရတဲ့အခါ ပြည်နယ်ပြည်မ အသီးသီးက တက္ကသိုလ် ကျောင်းသားတွေက “သခင်အောင်ဆန်း … နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဖရေ” လို့ တညီတညွတ်တည်း တိုင်တည်ခဲ့ကြဖူးပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည် အတိုက်အခံခေါင်းဆောင် ဖြစ်လာချိန် မှာတော့ စစ်ခေါင်းဆောင်တွေက “အောင်ဆန်းပုံရိပ်” ကို ဖျောက်ဖျက်ဖို့ ကြိုးစားလာကြပါတယ်။ တဖက်မှာလည်း နိုင်ငံရေး လှုပ်ရှားသူတွေဟာ အာဇာနည်နေ့ အခန်းအနားတွေကို နိုင်ငံရေး လှုပ်ရှားမှုအသွင် လုပ်ဆောင်လာကြတယ်။ စစ်အစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူ တွေက ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံတွေကို ကိုင်ဆောင်ပြီး စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ကြောင်း ပြသကြတယ်။ စစ်အာဏာရှင်ခေတ် တခုလုံးမှာ အောင်ဆန်းပုံရိပ်ကို အာဏာရှင် ဆန့်ကျင်သူပုံရိပ်အဖြစ် အသုံးပြုခဲ့ကြတာကို ထင်ထင်ရှားရှား တွေ့ခဲ့ရပါတယ်။
မြန်မာပြည်ရဲ့ ဒီမိုကရေစီ အကူးအပြောင်း ကာလမှာတော့ ဗမာအများစု နေထိုင်တဲ့ ပြည်မ ဒေသတွေမှာ အောင်ဆန်းပုံရိပ်ကို ပြန်လည်မြှင့်တင်ဖို့ အပြိုင်အဆိုင် ကြိုးစားလာကြပါတယ်။ ဥပမာ ရန်ကုန်တိုင်းဒေသကြီးက တောင်ဥက္ကလာပလို မြို့နယ်က ပန်းခြံတခုတည်းမှာ ဗိုလ်ချုပ်ရုပ်တု ၂ ခု အပြိုင်ထား ကြတာမျိုးကို ဗမာအုပ်စုရဲ့ အောင်ဆန်းပုံရိပ်အပေါ် အလွန်အကျွံ မှီခိုမှု (သို့မဟုတ်) ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုအနေနဲ့ တွေ့နိုင်ပါလိမ့်မယ်။
တချိန်တည်းမှာပဲ အောင်ဆန်းပုံရိပ်ကို ငြင်းဆန်ဖို့ ကြိုးစားလာတဲ့ အုပ်စုတွေလည်း မွန်၊ ကချင်နဲ့ ကယား ပြည်နယ်တွေမှာ ရှိလာပါတယ်။ ငြင်းဆန်ဖို့ ကြိုးစားတဲ့အုပ်စုတွေရဲ့ အကြောင်းပြချက် ကတော့ အစိုးရအဆက်ဆက် တိုင်းရင်းသား လူနည်းစုတွေရဲ့ ခံစားချက်တွေကို လျစ်လျူရှုလို့ ဖြစ်တယ်လို့ ဆိုပါတယ်။
“ခေတ်အဆက်ဆက် အစိုးရတွေ၊ လက်ရှိအစိုးရအထိ ဗိုလ်ချုပ်ရဲ့ ကတိကဝတ်တွေကို အကောင်အထည် မဖော်ဘဲနဲ့ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ သမိုင်းကို အသိအမှတ် မပြုတဲ့ သဘော၊ ကျနော်တို့ တိုင်းရင်းသား လူနည်းစုတွေရဲ့ ခံစားချက်၊ ကျနော်တို့ရဲ့ သဘောထားတွေကို လျစ်လျူရှုပြီးမှ ဒီလို ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို လာရောက်စိုက်ထူတာကို အခုအချိန်မှာ မလုပ်သင့်သေးဘူး ဆိုတဲ့ စဉ်းစားချက်နဲ့ ကန့်ကွက်ရတာ ဖြစ်တယ်” လို့ မကြာသေးမီကမှ ကချင် နဲ့ ကရင်နီလူငယ်များ ပူးပေါင်းပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
တနည်းအားဖြင့်ပြောရရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ် အပြောင်းအလဲမှာ အုံနဲ့ကျင်းနဲ့ ပါဝင် လှုပ်ရှားလာကြတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တိုင်းရင်းသားတွေရဲ့ စိတ်ထဲမှာ နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့တဲ့ လူမျိုးကြီး ဗမာအုပ်စု အပေါ် ဆန့်ကျင်လိုစိတ်ကို လွတ်လပ်စွာ ပြောရေးဆိုခွင့် အတန်အသင့် ရှိလာတဲ့ ဒီမိုကရေစီ အကူးအပြောင်းကာလမှာ ဖွင့်ထုတ်လာကြတာပဲ ဖြစ်ပါတယ်။
အောင်ဆန်းပုံရိပ်ကို ဗမာအုပ်စုရဲ့ ပုံရိပ်သက်သက်သာ ဖြစ်တယ်လို့ ယူဆတဲ့အတွက် တိုင်းရင်းသား ပြည်နယ်တွေမှာ ဗိုလ်ချုပ်ရုပ်တု ထားရှိတာကို “ဗမာမှုပြု (Burmanization)” ဖို့ ကြိုးစားတာ ဖြစ်တယ် ဆိုတဲ့ အမြင်နဲ့ ငြင်းဆန်ကြတာပဲ ဖြစ်ပါတယ်။
ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးတဲ့ ၁၉၉၁ ခုနှစ် နောက်ပိုင်းကတည်းက ကမ္ဘာတဝှမ်းမှာ ကွန်မြူနစ် ခေါင်းဆောင် လီနင်ရုပ်တုတွေကို ဖယ်ရှားလာလိုက်ကြတာ ယူကရိန်းတနိုင်ငံ တည်းမှာတင် ရုပ်တုပေါင်း ၁၃၀၀ ကျော် ရှိခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံရဲ့ ထိန်းချုပ်ခံနိုင်ငံ တနိုင်ငံ ဖြစ်ခဲ့ဖူးတဲ့ မွန်ဂိုလီးယား နိုင်ငံရဲ့ မြို့တော်အူလန်ဘာတာက လီနင်ရုပ်တုကြီးဟာ ၂၀၁၂ ခုနှစ်မှာ ဖယ်ရှားခံရတယ်။ ဒီလို ဖယ်ရှားပစ်တာဟာ တချိန်က သူတို့နိုင်ငံတွေမှာ ကြီးစိုးလွှမ်းမိုးခဲ့တဲ့ ကွန်မြူနစ် ဝါဒရဲ့ ပုံရိပ်၊ တနည်းအားဖြင့် “ဆိုဗီယက်ပုံရိပ် (Soviet iconography)” တွေကို ဖျောက်ပစ်ချင်လို့ ဖြစ်တယ်လို့ ဆိုကြပါတယ်။
မြန်မာပြည်မှာ ဖြစ်နေတဲ့ အောင်ဆန်းပုံရိပ် ပြဿနာဟာ စနစ်တခု ကျဆုံးသွားလို့ အဲဒီစနစ်ကို တည်ထောင်ခဲ့သူရဲ့ ပုံရိပ်ကို ဖယ်ရှားဖို့ကြိုးစားတဲ့ ပြဿနာလိုမျိုး မရိုးရှင်းလှပါဘူး။ ဗမာတိုင်းရင်းသား အုပ်စုရဲ့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုနဲ့၊ ဗမာမှုပြုခြင်းကို ဆန့်ကျင်လိုတဲ့ အခြား တိုင်းရင်းသား အုပ်စုတွေရဲ့ မျိုးနွယ်စု အမျိုးသားရေးဝါဒတို့ ထိပ်တိုက်တွေ့ကြခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ခေတ်အဆက်ဆက် နိုင်ငံရေး လှုပ်ရှားသူတချို့က အောင်ဆန်းပုံရိပ်ကို လိုသလို အသုံးချ ခြင်းရဲ့ အကျိုးဆက်တခုပါပဲ။ အောင်ဆန်းပုံရိပ်ကို မြှင့်တင်ရုံနဲ့ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်း ပစ်နိုင်မှာ မဟုတ်သလို၊ အောင်ဆန်းပုံရိပ်ကို ဖျက်ပစ်နိုင်ရုံနဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသြဇာ ကျဆင်းသွားအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။
အဲဒီလိုပဲ အောင်ဆန်းပုံရိပ်ကို ငြင်းပယ်ခြင်းဟာ ဗမာလူမျိုးကြီးဝါဒကို ငြင်းပယ်ခြင်းဆိုတဲ့ အဓိပ္ပာယ်လည်း သက်ရောက်နိုင်မှာ မဟုတ်ပါဘူး။ ဗမာလူမျိုးကြီး ဝါဒကို ငြင်းပယ်ဖို့ နိုင်ငံရေး အမှားပြင်ဆင်မှု လုပ်ချင်တယ်ဆိုရင်တော့ အောင်ဆန်းပုံရိပ်ကို ငြင်းပယ်ရုံနဲ့ မလုံလောက်ပါဘူး။ ဗမာလူမျိုးကြီးဝါဒဆိုတဲ့ အသုံးအနှုန်းရဲ့ ဇစ်မြစ်ဟာ ဘယ်မှာ အခြေခံသလဲ၊ စနစ်မှာ အခြေခံသလား၊ ဒါမှမဟုတ် လူပုဂ္ဂိုလ်တွေကြောင့်လား၊ အဖွဲ့အစည်းကြောင့်လား၊ အုပ်စုအလိုက် ဝါဒဖြန့်မှုတွေ ကြောင့်လား ဆိုတာကို သေသေချာချာ ပြန်ဆန်းစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။
အမှန်တကယ်တော့ မြန်မာနိုင်ငံထဲက တိုင်းရင်းသား လူမျိုးပေါင်းစုံဟာ ပြည်နယ်ပြည်မ အနှံ့အပြားမှာ ရွှေ့ပြောင်းနေထိုင် နေကြပြီဖြစ်လို့ တိုင်းရင်းသားလူမျိုး အုပ်စုတစုတည်း နေထိုင်တယ် ဆိုတဲ့ ပြည်နယ်ရယ်လို့ သီးသန့်မရှိတော့ပါဘူး။ ဗမာတိုင်းရင်းသား အများစု နေထိုင်တယ် ဆိုတဲ့ ပြည်မဒေသတွေမှာ ရွှေ့ပြောင်းအခြေစိုက် လာကြတဲ့ တိုင်းရင်းသား အုပ်စုတွေကြောင့် ရှမ်းခေါက်ဆွဲ၊ ရခိုင်မုန့်တီ၊ ကယားဝက်အူချောင်း၊ ကချင်လုံချည် စတဲ့ အစားအစာ အသုံးအဆောင် တွေကို နေရာမရွေး သုံးစွဲလာကြပြီ ဖြစ်ပါတယ်။
အဲဒီလိုပဲ အလုပ်အကိုင် ရှားပါးတဲ့ဆင်းရဲတဲ့ မြန်မာပြည် အလယ်ပိုင်းက အညာသူအညာသား တွေဟာလည်း နယ်စပ်ဒေသတွေက ကျောက်စိမ်းတွင်း၊ ရွှေတွင်း၊ သတ္တုတွင်းတွေ ရှိတဲ့ နေရာတွေမှာ အလုပ်အကိုင် ရှာဖွေဖို့ ပြောင်းရွှေ့ နေထိုင်နေကြပါပြီ။ မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ သက်ဆိုင်တဲ့ နိုင်ငံတနိုင်ငံသာ ဖြစ်ပါတယ်။
ဒီကနေ့ဖြစ်နေတဲ့ အောင်ဆန်းဆိုတဲ့ ပုဂ္ဂိုလ်ရေးပုံရိပ် တခုအပေါ် မူတည်တဲ့ အငြင်းပွားမှုဟာ ခုတ်ရာ တခြား၊ ရှရာတလွဲ နိုင်ငံရေးတခုသာဖြစ်ပြီး နိုင်ငံသားအချင်းချင်းအကြား “ငါတို့” “သူတို့” (ဒါမှမဟုတ်) ဗမာ၊ မွန်၊ ကချင်၊ ကရင်နီ ဆိုတဲ့ အုပ်စုတွေကွဲလာပြီး လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် အမျိုးသား ရင်ကြားစေ့ရေး လမ်းစဉ်ကနေ သွေဖည်သွားရုံကလွဲလို့ ဘာအကျိုးအမြတ်မှ မရှိခဲ့ပါဘူး။
ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ဖလိုးကတော့ အောင်ဆန်းရုပ်တု အငြင်းပွားမှုဟာ NCA လက်မှတ် ရေးထိုးရေးကိုပါ အဟန့်အတားဖြစ်စေ တယ်လို့ သတင်းမီဒီယာ များနဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့ပါတယ်။
“အဓိကကတော့ တဖွဲ့နဲ့တဖွဲ့အကြား ကျနော်တို့ရဲ့ သမိုင်းတွေကို အသိအမှတ်ပြု ပေးကြဖို့ လိုပါတယ်။ တဖက်က သမိုင်းကို အဓိပ္ပာယ် ဖွင့်ဆိုပြီးတော့မှ ကျန်တဲ့တဖက် အပေါ်မှာ လာပြီးတော့ လွှမ်းမိုးတဲ့ သဏ္ဍာန်မျိုး တွေကိုတော့ ကရင်နီပြည်သူလူထုနဲ့ အတူ KNPP ကလည်း မလိုလားပါဘူး” လို့ နဲနယ်ဖလိုးက ဆိုပါတယ်။
စစ်ပွဲအတွင်းမှာ လူမသိသူမသိ ကျဆုံးသွားကြတဲ့ စစ်သားတွေရဲ့ အထိမ်းအမှတ် ကျောက်စာတိုင် တွေကို သူရဲကောင်း စစ်သည်ဗိမာန်၊ ဒါမှမဟုတ် ထောက်ကြံ့စစ်သင်္ချိုင်းလို နေရာမျိုးတွေမှာ ထားပြီး အလေးပြုကြတဲ့အခါမှာ အဲဒီကျောက်စာတိုင် အောက်မှာ ထွင်းမြှုပ်ထားတဲ့ တစုံတရာကို လူတွေက အလေးပြုကြတာ မဟုတ်ဘဲ၊ တိုင်းပြည်နဲ့လူမျိုး အတွက် ကိုယ့်အသက်ကို စွန့်လွှတ်ရဲတဲ့ သူတို့ရဲ့ မျိုးချစ်စိတ်အပေါ် ရည်စူးပြီး အလေးအမြတ် ပြုကြတာပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးချစ်စိတ်အပေါ် အလေးအမြတ် ပြုသလိုမျိုး တခြားသော တိုင်းရင်းသား ခေါင်းဆောင်များရဲ့ မျိုးချစ်စိတ် အပေါ်လည်း အသိအမှတ် ပြုဖို့လိုတယ်ဆိုတာကို အောင်ဆန်း ရုပ်တု အငြင်းပွားမှုက ထောက်ပြနိုင်ခဲ့ပါတယ်။
ခေတ်စနစ်တွေ အဆင့်ဆင့် ပြောင်းလဲသွားတဲ့အခါမှာ သူရဲကောင်း ရုပ်တုတွေ ဖယ်ရှား ခံရ တတ်တာဟာ မတည်မြဲခြင်း သဘောတခုပါပဲ။ ၂၁ ရာစုဟာ လူစွမ်းကောင်း ကိုးကွယ်တဲ့ကာလ၊ ကယ်တင်ရှင် မျှော်တဲ့ကာလကို လွန်ခဲ့ပြီဖြစ်လို့ ရုပ်တုနိုင်ငံရေးကို လက်ထဲမှာ အသေ ဆုပ်ကိုင်ထားလို့ မရတော့ပါဘူး။ ရုပ်တု နိုင်ငံရေးကို ဆက်ပြီး ဆုပ်ကိုင်ထားဖို့ ကြိုးစားနေမယ် ဆိုရင်တော့ ကိုယ့်နိုင်ငံရေး သေတွင်း ကိုယ်တူးသလိုပဲ ဖြစ်နေလိမ့်မယ်ဆိုတာကို ရုပ်တု နိုင်ငံရေး သမားတွေ သဘောပေါက်သင့်ပါပြီ။
အဲဒီလိုပါပဲ၊ ရုပ်တုများကို ငြင်းပယ်ခြင်းဟာလည်း တရားသေစွဲကိုင်ထားရမယ့် နိုင်ငံရေး လမ်းကြောင်း တခု မဟုတ်တာ အသေအချာပါပဲ။ ရုပ်တုများကို ငြင်းပယ်နေရုံနဲ့ တိုင်းရင်းသား လူနည်းစုတွေရဲ့ ခံစားချက်နဲ့ သဘောထား အစစ်အမှန်ကို အမှန်တကယ် ထင်ဟပ်နိုင်ရာ၊ ဖြည့်ဆည်းပေးနိုင်ရာ ရောက်မရောက်ကိုလည်း စဉ်းစားချင့်ချိန်သင့်ပါတယ်။
နောင်လာမယ့် နိုင်ငံရေးမျိုးဆက်တွေ လက်ထက်မှာ လက်ရှိမျိုးဆက်များရဲ့ ရုပ်တု နိုင်ငံရေး အငြင်းပွားမှုဟာ ရယ်သွမ်းသွေးစရာ တခု ဖြစ်မနေစေဖို့ ဒီထက်ပို လက်တွေ့ကျတဲ့၊ အပေါင်း လက္ခဏာ သဘောဆောင်တဲ့၊ ဒီမိုကရေစီ အကူးအပြောင်းကို ပိုမိုလွယ်ကူစေတဲ့ နည်းလမ်းများကို ရှာဖွေဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
(ဆောင်းပါးရှင် မွန်မွန်မြတ်သည် စာရေးဆရာမ တဦးဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဖယပ်တက္ကသိုလ်တွင် Peace Building PhD program တက်ရောက် သင်ယူနေသူဖြစ်သည်)