အငြင်းပွားဖွယ်ရာ မြစ်ဆုံစီမံကိန်းအပေါ် လူထုဆန့်ကျင်မှုမှာ ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီးစဉ် အကြိုကာလအတွင်း အရှိန်အဟုန် ကြီးထွားလာသည်။ ရပ်ဝန်းတခုလမ်းတခု အစီအစဉ် (BRI) ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲကို ယခုလအတွင်း တရုတ်နိုင်ငံတွင် ကျင်းပသောအခါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် တရုတ်သမ္မတ ရှီကျင့်ပင်နှင့် တွေ့ဆုံမည်ဖြစ်သည်။
တရုတ်နိုင်ငံက အဆိုပြုထားသော ထိုဆည်နှင့်ပတ်သက်သည့် အများပြည်သူဆန့်ကျင်မှုကိုဖေါ်ပြသည့်အနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများ၊ စာရေးဆရာများနှင့် လူမှုအခြေပြုအဖွဲ့အစည်းခေါင်းဆောင်များသည် အမျိုးသားကော်မတီတရပ်ကို မကြာသေးမီက ဖွဲ့စည်းလိုက်ပြီး ထိုစီမံကိန်းကို ပြန်လည်အသက်သွင်းပါက ပိုမိုပြင်းထန်စွာ ဆန့်ကျင်သွားမည်ဖြစ်ကြောင်း အစိုးရကို သတိပေးလိုက်သည်။
မြစ်ဆုံဆည်စီမံကိန်းသည် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်အတွင်း ဆွေးနွေးမည့် အကြောင်းအရာများအနက်တခုဖြစ်မည်ဟု မျှော်လင့်ရသည်။ ထို ကြီးမားလှသော ရေအားလျှပ်စစ် စီမံကိန်းအား ဒေါ်အောင်ဆန်းစုကြည်က ပယ်ချသည်ကို ပြည်သူများက မြင်လိုကြသော်လည်း လက်ရှိအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်၏ ထိုကိစ္စအတွက်ပြောဆိုမှုများမှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။ သို့သော် ထိုစီမံကိန်းကို ခွင့်ပြုခြင်းသည် အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်အတွက် နိုင်ငံရေးအရ မိမိကိုယ်မိမိ သေကြောင်းကြံစည်မှု ဖြစ်ပေလိမ့်မည်။
၂၀၁၈ ခုနှစ်က ပါပူဝါ နယူးဂီနီတွင် ကျင်းပသည့် အာရှပိစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးဆွေးနွေးပွဲ (APEC) တွင် တရုတ်သမ္မတကြီး ရှီက “တရုတ်နိုင်ငံသည် ဘုံအကျိုးအတွက် ညှိနှိုင်းတိုင်ပင် ပူးပေါင်းဆောင်ရွက်သော မူအရ BRI တွင်ပါဝင်သော နိုင်ငံအားလုံးနှင့် ပူးပေါင်းဆာင်ရွက်သွားမည်” ဟု ကြေညာခဲ့သည်။ အရည်အသွေးမီသော ရလဒ်များဖြစ်လာရေးနှင့် အာရှပိစိဖိတ်နှင့် အခြားဒေသများမှ ပြည်သူများအတွက် ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများဖန်တီးရေးအတွက် ထိုအစီအစဉ်တွင် မြင့်မားသော စံနှုန်းများကို ထည့်သွင်းသွားမည် ဟုလည်း သူပြောသည်။ သို့သော် တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်နှင့် BRI ကို ဝေဖန်စမ်းစစ်ဆွေးနွေးမှုများ တောင်းဆိုခြင်းသည် မြန်မာနိုင်ငံတွင် ကြီးထွားနေသည်။
ယခုအခါတွင် ကချင်ပြည်နယ်မှ တရုတ်နိုင်ငံက ငွေကြေးစိုက်ထုတ်သည့် မြစ်ဆုံစီမံကိန်းသည် BRI ၏ အစိတ်အပိုင်းဖြစ်ကြောင်း တရုတ်အရာရှိများက ဝန်ခံလိုက်ပြီဖြစ်ပြီး ထိုစီမံကိန်းကို လက်ခံရန် တရုတ်အစိုးရက မြန်မာနိုင်ငံကို ဖိအားတိုးမြှင့်ပေးနေသည်။
ထိုစီမံကိန်းကို ဒေသခံများလက်ခံရေး ဖျောင်းဖျပြောဆိုရန် တရုတ်သံအမတ်၊ အခြားအရာရှိများနှင့် တရုတ်နိုင်ငံတော် လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (SPIC) ကိုယ်စားလှယ်များသည် ကချင်ပြည်နယ်သို့ပင် သွားရောက်ခဲ့ကြသည်။ သို့သော် ဒေသခံ အများပြည်သူ၏ ခံစားချက်မှာ ပြင်းထန်လှပြီး တရုတ်နိုင်ငံအပေါ် ဒေါသစိတ်များသည် တနိုင်ငံလုံးသို့ ပျံ့နှံ့လာခဲ့သည်။
သို့သော် တရုတ်နိုင်ငံက စိတ်ခုမည်ကို စိုးရိမ်သောကြောင့် မြန်မာခေါင်းဆောင်တွေက မြစ်ဆုံ စီမံကိန်းကို လူသိရှင်ကြား ဆန့်ကျင်ခြင်းမရှိကြပေ။
မကြာသေးမီက လွတ်လပ်သော အာရှအသံနှင့်တွေ့ဆုံမေးမြန်းခန်းတွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်ဗိုလ်ချုပ် ဂွမ်မော်က “ မြစ်ဆုံစီမံကိန်းကို ကနဦးက အစိုးရနဲ့ ဆွေးနွေးခဲတာမို့ အစိုးရနဲ့ပဲ အဓိကအားဖြင့် အဖြေရှာဖို့လိုတယ်လို့ KIO က အမြဲတုံ့ပြန်ခဲ့တယ်” ဟု ပြောခဲ့သည်။
သူ၏အဖွဲ့အစည်းသည် ပြည်သူ့ဆန္ဒအတိုင်းသာ ဆောင်ရွက်မည်ဟုလည်း သူပြောသည်။ “ဒေသခံပြည်သူ လက်ခံရင် ကျနော်တို့ ကန့်ကွက်လို့ မရဘူး။ သူတို့ လက်မခံရင်လည်း ကျနော်တို့က အတင်းအကျပ် လုပ်မရဘူး” ဟု သူပြောသည်။ ထိုအဖြေမှာ ပရိယာယ်ကြွယ်လှသော အဖြေဖြစ်သည်။ ကချင်ပြည်နယ်မှ မည်သူက ထိုစီမံကိန်းကို လက်ခံမည်နည်း။
စစ်အစိုးရ မွှေးခဲ့သည့် မီး
မြစ်ဆုံ စီမံကိန်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်သည့် ယခင်စစ်အစိုးရက ၂၀၀၆ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ သို့သော် ၂၀၁၁ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်အစိုးရတက်လာသောအခါ ထိုစီမံကိန်းကို လူထုက ပြင်းထန်စွာဆန့်ကျင်သောကြောင့် ဆိုင်းငံ့ခဲ့ရသည်။
မြစ်ဆုံစီမံကိန်းသည် အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ (ကျပ် ၅.၄ ထရီလီယံ) ကုန်ကျမည်ဖြစ်ပြီး စင်္ကာပူနိုင်ငံထက် ကျယ်ဝန်းသော နယ်မြေဖြစ်သည့် ၇၆၆ စတုရန်းကီလိုမီတာ ကျယ်ဝန်းသောနေရာကို ရေလွှမ်းမိုးစေမည်ဖြစ်သည်။
၂၀၀၆ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး (ဦးသိန်းစိန်အစိုးရတွင် ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်နုတ်ထွက်သွားခဲ့သူ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည့် ၂၀၀၆ ခုနှစ်တွင် ဘေ့ဂျင်းသို့သွားရောက်ပြီး မြစ်ဆုံဆည်တည်ဆောက်ရေးအပါအဝင် ရေအားလျှပ်စစ်ထုတ်လုပ်ရေးအတွက် တရုတ်နိုင်ငံထံမှ အကူအညီရယူရေးနားလည်မှု စာချွန်လွှာ တစောင်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုစဉ်က မြန်မာနိုင်ငံသည် ဖိနှိပ်သော စစ်အစိုးရအောက်တွင် ရှိနေဆဲဖြစ်သောကြောင့် ပြည်သူလူထုမှာ ဆန့်ကျင်ခွင့်မရှိကြပေ။
စစ်အစိုးရခေါင်းဆောင်များသည် မြစ်ဆုံ သို့မဟုတ် ရခိုင်ပြည်နယ်မှ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကဲ့သို့ ဒေါ်လာဘီလီယံချီတန်သည့် စီမံကိန်းများနှင့် ပတ်သက်သော အတွေ့အကြုံမရှိကြောင်း အတွင်းသတင်းရင်းမြစ်များ၏ အဆိုအရသိရသည်။ နိုင်ငံတကာ MOU များနှင့် စာချုပ်များ ချုပ်ရာတွင်လည်း အစိုးရနှင့်နီးစပ်သော ရှေ့နေများကိုသာ တိုင်ပင်ခဲ့သည်။
လက်တွေ့တွင် မြစ်ဆုံဆည်သည် ကချင်ပြည်ပြည်သူများ၏ နှလုံးသားတွင် စူးဝင်နေသော ဓါးတချောင်းပင်ဖြစ်ပြီး လက်ခံကြမည်မဟုတ်ပေ။
မြစ်ဆုံ ကစားကွက်
၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံတံခါးဖွင့်လာသောအခါ မြစ်ဆုံ စီမံကိန်းသည် ပြည်တွင်းပြည်ပ အာရုံစိုက်ခံခဲ့ရသော ပြဿနာဖြစ်သည်။
မြစ်ဆုံစီမံကိန်းကို ဆန့်ကျင်မှုများ၏ ကနဦးအကြောင်းရင်းများတွင် ငါးဖမ်းလုပ်ငန်းထိခိုက်ခြင်း၊ သစ်တောနယ်မြေများကို ရေလွှမ်းမိုးခြင်း၊ မြစ်အောက်ပိုင်း ရေကြောင်းပြောင်းလဲခြင်းနှင့် ငလျှင်လှုပ်လျှင် ဆည်ကျိုးကျနိုင်သည့် အခြေအနေ စသည့် ပတ်ဝန်းကျင်ထိခိုက်မှုအဓိကပါဝင်သည်။ ထိုကိစ္စများကဲ့သို့ပင် အရေးပါသောအခြား အကြောင်းရင်းတခုမှာ မြစ်ဆုံ၏ သင်္ကေတစွမ်းပကားဖြစ်သည်။ မြစ်ဆုံသည် ကချင်တိုင်းရင်းသားများ၏ အမျိုးသား အသဲနှလုံးထဲက အထိမ်းအမှတ်ဖြစ်ပြီး အင်မိုင်နှင့်မလိ မြစ်များဆုံစည်းကာ ဧရာဝတီမြစ်အဖြစ် စတင်ဖွဲ့စည်းသော နေရာလည်းဖြစ်သည်။
၂၀၁၁ ခုနှစ် စက်တင်လာလ ၃၀ ရက်နေ့တွင် ထိုစဉ်က သမ္မတဦးသိန်းစိန်က “ပြည်သူလူထု၏ ဆန္ဒနှင့် ဆန့်ကျင်နေသောကြောင့်” မြစ်ဆုံဆည်ကြီးကို တည်ဆောက်မည့် တရုတ်နိုင်ငံနှင့် ဖက်စပ်လုပ်ငန်းကို ဆိုင်းငံ့လိုက်ကြောင်းကြေညာပြီး လူတိုင်းလူတိုင်းကို အံ့သြသွားစေခဲ့သည်။
စစ်အစိုးရကို ဝေဖန်သူများအပါအဝင် အနောက်နိုင်ငံအစိုးရများ၏ ထိုက်တန်သော ချီးကျူးဂုဏ်ပြုမှုကို ဦးသိန်းစိန် ရရှိခဲ့သည်။ ထိုစီမံကိန်းကို ဆိုင်းငံ့ခြင်းသည် တရုတ်နိုင်ငံအတွက် မျက်နှာပျက်စေသော အင်အားကြီးတရုတ်ကို မထေမဲ့မြင်လုပ်ရပ်ဖြစ်သည်ဟု မြင်ကြသည်။
ထိုဆုံးဖြတ်ချက်သည် ထိုအချိန်က မြန်မာနိုင်ငံကို အရေးယူပိတ်စို့ထားဆဲဖြစ်သော အနောက်နိုင်ငံများကို မျက်စပစ်လိုက်ခြင်းဖြစ်သည်ကိုလည်း သံသယဖြစ်ရန် မလိုပေ။
တိုင်းပြည်၏ နိုင်ငံရေးစနစ်ကို တံခါးဖွင့်လိုက်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ခွင့်ပေးလိုက်ခြင်းတို့သည် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်ရေးနှင့် အရေးယူပိတ်စို့မှုများ ရုတ်သိမ်းရေးအတွက် စစ်အစိုးရခေါင်းဆောင်များက လုပ်ဆောင်သော အစီအစဉ်များ၏ အစိတ်အပိုင်းဖြစ်သည်။ ထို့အပြင် မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ခြင်းသည် တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုကို မြန်မာဘက်က ချိန်ခွင်လျှာညှိလိုကြောင်း နှင့် အနောက်တိုင်းအရေးယူပိတ်စို့မှုများ လျှော့ချရေးနှင့် အပယ်ခံဘ၀ အဆုံးသတ်လိုကြောင်း အနောက်တိုင်းကို အချက်ပြလိုက်သည့် ကစားကွက်လည်းဖြစ်သည်။
အစိုးရအနေနှင့် ကောင်းစွာတွက်ချက်ပြီးမှ ထိုဆုံးဖြတ်ချက်ကိုချခဲ့သည်ကိုလည်း သံသယရှိရန်မလိုပေ။ မြန်မာနိုင်ငံသည် ရုတ်တရက် အနောက်နိုင်ငံများ၏ မိတ်ဆွေဖြစ်လာပြီး အရေးယူပိတ်စို့မှုများတဖြည်းဖြည်း ရုပ်သိမ်းသွားသည်ကို တွေ့ကြုံခဲ့ရသည်။
အနိုင်ကျင့်သော အကိုကြီး တရုတ်
သို့သော် မကြာသေးမီ နှစ်များအတွင်း တရုတ်နိုင်ငံသည် အနိုင်ကျင့်သော အိမ်နီးနားချင်း အကိုကြီး အဖြစ် မြန်မာနိုင်ငံကို ဆက်ဆံပြီး အမာခံနိုင်ငံရေးမဟာမိတ် လုပ်လာသည်ဟု မြင်ကြသည်။
အနောက်နိုင်ငံများ၏ မြန်မာနှင့်ပတ်သက်သော အပေါ်ယံဆန်သည့် မူဝါဒ၏ အနှစ်သာရကင်းမဲ့ခြင်းကို ထိုဖြစ်ရပ်က မြင်သာစေသည်။ အကြမ်းဖက်တိုက်ခိုက်မှု၊ ကာလကြာရှည့်သည့် ပဋိပက္ခနှင့် စစ်တပ်စစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာနှင့် ဒေသခံများ ထွက်ပြေးနေရသော ရခိုင်မြောက်ပိုင်းအကျပ်အတည်းကြောင့် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံကို ထိုမူဝါဒအရ ဝိုင်းဝန်းဆန့်ကျင်ကြသည်။
ချက်ခြင်းဆိုသလိုပင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရေးတွင် ရှေ့တန်းသို့ပြန်ရောက်လာပြီး ယခင်ကအတိုင်း အနိုင်ကျင့်သော အကိုကြီးဖြစ်လာသည်။ အနောက်နိုင်ငံများသည်လည်း ယခင်က အနေအထားနီးပါးအထိ ပြန်လည်ဆုတ်ခွာသွားကြသည်။
ယနေ့ NLD အစိုးရကြုံတွေ့နေသော ဖိအားသည် လွန်စွာကြီးမားပြီး လုံး၀ မခံနိုင်လောက်အောင်ဖြစ်နေကြောင်း ပြည်ပတွင် နှစ်ပေါင်းများစွာ နေထိုင်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီတွင်လုပ်ကိုင်နေသည့် ထိပ်တန်းအစိုးရအရာရှိတဦးက ပြောသည်။ “ကျနော်တို့ ကတော့မလွှဲသာမရှောင်သာပဲ တရုတ်ပတ်လမ်းထဲ ပြန်ရောက်သွားပြီ။ ကျနော်တို့ကို အတွင်းရန်၊ အပြင်ရန်တွေ ဝိုင်းနေတယ်။ သူတို့တွေက အစိုးရကို ဖြုတ်ချဖို့ ကြိုးစားနေတယ်” ဟု သူပြောသည်။
မြန်မာနိုင်ငံသည် ဖိအားကို ရင်ဆိုင်ရန် ကုလသမဂ္ဂတွင် တရုတ်နိုင်ငံ၏ ထောက်ခံမှုကို ရယူရန် ကြိုးစားရသောကြောင့် အနောက်တိုင်း၏ ဖိအားသည် တရုတ်နိုင်ငံအတွက် ရုပ်ဖျက်ထားသော ဆုလာဘ်အသွင်ဖြစ်နေသည်။ မြန်မာအခက် တရုတ်အချက် ဖြစ်လေသည်။
ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံနှင့် ပတ်သက်သော သဘောထားသည် နွေးထွေးလွန်းသည်ဟု အနောက်နိုင်ငံများကမြင်ကြပြီး ဒေါ်အောင်ဆန်းစုကြည် အာဏာရသောအခါ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရိုဟင်ဂျာ ပြဿနာကို ရှေ့တန်းတင်လာကြသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူအချို့ ယူဆကြသည်။
ယခုအခါ မြင့်မားနေသော ဖိအားနှင့် ရင်ဆိုင်ရပြီး ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံကို ရင်းနှီးသော မဟာမိတ်အဖြစ် မြင်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယ၊ ဂျပန်တို့နှင့် တည်ငြိမ်သော ဆက်ဆံရေးကို ထိန်းထားနိုင်သော်လည်း ထို နိုင်ငံများသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာ မျက်နှာစာတွင် တရုတ်နိုင်ငံလောက် နိုင်ငံရေးသြဇာမရှိကြပေ။
အချုပ်အခြာအာဏာဆိုင်ရာပြဿနာဖြစ်လာခြင်း
အာဏာရသည့်အချိန်မှစတင်ပြီး မြစ်ဆုံပြဿနာနှင့်ပတ်သက်လျှင် ဒေါ်အောင်ဆန်းစုကြည်သည် ပြတ်ပြတ်သားသား မရှိလှပေ။ အာဏာရလာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အစိုးရသည် မြစ်ဆုံစီမံကိန်းကို ပြန်လည်သုံးသပ်ရန်နှင့် ဖြစ်နိုင်ခြေရှိသော သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံအသိုင်းအဝန်းများအပေါ် သက်ရောက်မှုများကို လေ့လာရန် ကချင်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် အဖွဲ့ဝင် ၂၀ ပါဝင်သောကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။ ထိုကော်မရှင်သည် ယနေ့အထိ အစီရင်ခံစာ ၂ စောင်တင်သွင်းပြီးဖြစ်သော်လည်း မည်သည့်အစီရင်ခံစာကိုမျှ အစိုးရက ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
အတိုက်အခံဘဝကလည်း ဒေါ်အောင်ဆန်းစုကြည်သည် မြစ်ဆုံဆည်စီမံကိန်းနှင့်ပတ်သက်ပြီး ပြောဆိုရန် ကနဦးက နှောင့်နှေးနေခဲ့သည်။ နောက်ဆုံးဆန့်ကျင်သောအခါတွင်လည်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထိုဆည်သည် အန္တရာယ်များပြီး သွေးကွဲစေသည်ဟူသည့် လူထုအမြင်ကိုသာ ပြန်လည်ပြောကြားခဲ့သည်။
ထိုစဉ်က ထုတ်ပြန်သော ကြေညာချက်တွင် “မြန်မာအစိုးရအဆက်ဆက်သည် ကချင်ပြည်သူများ၏ အကျိုးစီးပွားများကို လျစ်လျူရှုခဲ့သည်ဟူသည့် ကချင်တိုင်းရင်းသားများ၏ ကာလရှည်ကြာသည့် ထင်မြင်ချက်မှာ မြစ်ဆုံစီမံကိန်းစတင်ချိန်မှပင် နက်ရှိုင်းလာနေသည်” ဟု ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သည်။
“ပြည်တွင်းနှင့် နိုင်ငံတကာ သဟဇာတဖြစ်ရေးအတွက် သက်ဆိုင်သော အဖွဲ့များအနေဖြင့် ထို အစီအစဉ်ကို ပြန်လည် အကဲဖြတ်ရန်နှင့် မလိုလားအပ်သော အကျိုးဆက်များ မပေါ်ပေါက်ရေးအတွက် ပူးပေါင်းအဖြေရှာကာ ဧရာဝတီကိုကာကွယ်လိုေသောသူများ၏ စိုးရိမ်ပူပန်မှုများကို ဖြေဖျောက်ပေးရန် တိုက်တွန်းသည်” ဟုပင် ဆက်လက်ရေးသားခဲ့သည်။
ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် ထိုသို့သော ပြောဆိုမှုများ မရှိတော့ပေ။
မတ်လအတွင်းက ပဲခူးတိုင်း ပြည်မြို့မှ ဒေသခံများက ထို အငြင်းပွားဖွယ်ရာ စီမံကိန်းနှင့်ပတ်သက်ပြီး မေးသောအခါ ဒေါ်အောင်ဆန်းစုကြည်က “ဒီစီမံကိန်းနဲ့ပတ်သက်ပြီး အမြင်ကျယ်ကျယ် ထားစေချင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ဖြေခဲ့သည်။
နောက်ဆုံးဆုံးဖြတ်ချက်သည် နိုင်ငံရေးအရ၊ လူမှုအရ၊ စီးပွားရေးအရ၊ သဘာဝပတ်ဝန်းကျင်အရ ခိုင်မာတည်တံ့ရမည်ဟု သူ ဆက်ပြောသည်။
ယခင်အစိုးရကတခုက အတည်ပြုခဲ့သော စီမံကိန်းတခုသည် လက်ရှိအစိုးရ၏ မူဝါဒများနှင့် မကိုက်ညီသောကြောင့်ဟုဆိုကာ မဖျက်သိမ်းသင့်ကြောင်းလည်း သူပြောသည်။
ထို့ကြောင့်ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံစီမံကိန်း ဆက်လုပ်မည်ဟု ဆိုလိုပါသလား။
ဇန်နဝါရီလနှောင်းပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေး ဝန်ကြီ ဦးသောင်းထွန်းက အစိုးရနှင့် ထိုစီမံကိန်းကို လေ့လာသော ကော်မရှင်တရပ်တို့ အပြင်းအထန် ဆွေးနွေးနေကြောင်း၊ ဆည်အရွယ်အစားနှင့်တည်နေရာ သို့မဟုတ် အခြား စီမံကိန်းများဖြင့် အစားထိုးခြင်းတို့အပါအဝင် ဖြစ်နိုင်ခြေအားလုံးကို ထည့်သွင်းစဉ်းစားကြောင်းပြောကြားခဲ့သည်။
သို့သော်ဒေသခံများက ဧရာဝတီမြစ်ပေါ်တွင်တည်ဆောက်မည့် ဆည်စီမံကိန်းနှင့် ပတ်သက်ပြီး မည်သည့်အပေးအယူကိုမျှ လက်မခံကြပေ။ ရပ်တန်းကရပ်ကြရန်သာ တောင်းဆိုကြသည်။
ယခုအခါ မြစ်ဆုံသည် အချုပ်အခြာအာဏာဆိုင်ရာ ပြဿနာဖြစ်နေပြီး မြန်မာပြည်သူအများစုက ထိုဆည်ကို လက်မခံကြပေ။ မြစ်ဆုံဆည်ကို ဆက်လက်တည်ဆောက်ခွင့်ပေးမည့် အပေးအယူလုပ်ရန်ကြိုးစားပါက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မည်သည့် နိုင်ငံရေးခေါင်းဆောင်မဆို ပြည်သူလူထု၏ ဒေါသနှင့် ရင်ဆိုင်ရမည်ဖြစ်ပေသည်။
(အောင်ဇော်သည် ဧရာဝတီသတင်းဌာန၏ တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။ ၎င်း၏ Myitsone Dam Is Now a Sovereignty Issue ကို ဆီလျော်အောင် ဘာသာပြန်သည်။)