အမျိုးသား နိုင်ငံတော် တည်ဆောက်ရေး ကတော့ အင်အားစုအားလုံးမှာ တာဝန်ရှိတယ်လို့ ဆိုပေမယ့် မြန်မာပြည်ရဲ့ လက်ရှိအခြေအနေအရတော့ ဗဟိုပါဝါ ချုပ်ကိုင်ထားတဲ့ အဓိက အုပ်စုနှစ်ခုဖြစ်တဲ့ အစိုးရနဲ့ တပ်မတော်မှာ ပိုတာဝန်ရှိတယ်လို့ မြင်တယ်။
အထူးသဖြင့် လူထုမဲဆန္ဒနဲ့ တက်လာတဲ့ NLD လို အစိုးရက ဒီလို အမျိုးသားနိုင်ငံတော် တည်ဆောက်ရေးလို ကိစ္စကို အူလှိုက်သဲလှိုက်နဲ့ လေးလေးနက်နက် ထားပြီး ကြိုးပမ်းရမှာဖြစ်တယ်။
အခုအခြေအနေအရ ပြန်ကြည့်ရင် အမျိုးသား နိုင်ငံတော် တည်ဆောက်ရေး ဦးတည်မှုကိုပဲကြည့်ကြည့်၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးလို့ပဲ ဆိုဆို၊ ပဋိပက္ခ ချုပ်ငြိမ်းရေးကနေ လူမှုဘ၀ သာယာရေး၊ လုံခြုံရေးအထိ ကြည့်ကြည့် အားရစရာ အခြေအနေတရပ်မှာ မရှိပါ။
သဘောတရားရေးရာနဲ့ မူဝါဒရေးရာဆိုရင် ပေတံတွေနဲ့ပဲ တိုင်းကြည့်ကြည့်၊ အချက်အလက်တွေအရပဲ ကြည့်ကြည့် ပြန်ယှဉ်ကြည့်ရင် ပဋိပက္ခ ဖြေရှင်းရေး၊ ဖက်ဒရယ် တည်ဆောက်ရေးလို ကိစ္စတွေကို နိုင်ငံရေးအရ ဂုဏ်သိက္ခာ တက်ချင်ရုံ သက်သက် လုပ်နေသလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်တယ်။
ခေတ်ဟောင်း လုံခြုံရေးအမြင်
ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ရင် အစိုးရက တိုင်းရင်းသားတွေနဲ့ စစ်တပ်အကြား သမာသမတ်ကျကျ ကြားနေရမယ်ဆိုတဲ့ အမြင်က အကဲခတ် တော်တော်များများမှာ ရှိကြတယ်။
ဒါပေမယ့် အပစ်ရပ်စဲရေးလို ကိစ္စကနေ ပြန်ကြည့်ရင် စိတ်မကောင်းစရာ အချက် တချက်တွေ့ရတယ်။ ဘာအချက်လဲ ဆိုတော့ အပစ်ရပ်စဲရေး၊ အပစ်ရပ်ခိုင်မာရေးလို ကိစ္စတွေကို NLD အစိုးရက လုံခြုံရေးနဲ့ပဲ ဆိုင်တယ်၊ တပ်မတော်နဲ့ပဲ ဆိုင်တယ် ဆိုတဲ့ အမြင်နဲ့ပဲ ချဉ်းကပ်မှု ဖြစ်တယ်။
ဒါကြောင့်လည်း NCA အပစ်ရပ်တွေနဲ့ ဖွဲ့ထားတဲ့ အပစ်ရပ်ကော်မတီ၊ JMC လို ကိစ္စကနေ NCA အပစ်ရပ် စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ ကိစ္စကအစ တပ်ရဲ့ အာဂျင်ဒါတွေကို NLD အစိုးရအနေနဲ့ မကျော်နိုင်သလို၊ ဟုတ်တိပတ်တိ ကြားဝင် ညှိနှိုင်းတာမျိုးတွေ မလုပ်ပေးနိုင်ပါ။
ဥပမာ – မတ်လ ၂၁ ရက်နေ့က အန်အယ်လ်ဒီ အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဒေါက်တာ တင်မျိုးဝင်း ပြောသွားတဲ့ လတ်တလော ရခိုင်မှာဖြစ်နေတဲ့ တိုက်ပွဲတွေက ထင်ရှားတဲ့ ဥပမာဖြစ်တယ်။
ရခိုင်မှာ AA နဲ့ တိုက်ခိုက်မှုတွေကို လုံခြုံရေးအရ ထိုက်သင့်တဲ့ တုံ့ပြန်မှု ဆောင်ရွက်ပါတယ်ဆိုတဲ့ ကိစ္စဟာ အတော် တာသွားတဲ့ ကိစ္စဖြစ်တယ်။
လက်ရှိအခြေအနေက လုံခြုံရေးအမြင်ကဲမှုကနေ ရခိုင် – ဗမာ လူမျိုးရေး ဆက်ဆံရေးအထိပါ တာသွားနိုင်တဲ့ အနေအထား ရောက်နေတာပါ။
ခေတ်ဟောင်း လုံခြုံရေးအယူအဆတို့၊ အချုပ်အခြာ အာဏာတို့၊ ခေတ်ဟောင်း နိုင်ငံတော် ဆိုင်ရာ ဖွင့်ဆိုမှုတို့က NLD အစိုးရပါ ကိုင်စွဲနေတာတွေ့ရတော့ စိတ်မသက်သာစရာပဲ။
အမျိုးသား လုံခြုံရေးဆိုတဲ့ ခေတ်သစ် လုံခြုံရေးအယူအဆကို စတင်သုံးစွဲခဲ့တဲ့ အမေရိကန် ရေတပ်ဗိုလ်ချုပ် ဂျိမ်းစ် ဖော်ရက်စ်ကာ ကတော့ “ကျနော်တို့ရဲ့ အမျိုးသားလုံခြုံရေးဆိုတာမှာ စစ်တပ်၊ ရေတပ် ကိစ္စပဲ မဟုတ်ပါဘူး။ စစ်ပွဲတွေ၊ ကျနော်တို့ရဲ့ သတ္တုတွင်းတွေ၊ လူမှုစွမ်းအားတွေ၊ သုတေသနနဲ့ သာမန် အရပ်သားတွေရဲ့ ဘဝမှာ ဖြစ်ပျက်နေတဲ့ လုပ်ငန်း ဆောင်တာရဲ့ လုံခြုံမှု၊ သူတို့ကို အကာကွယ် ပေးနိုင်မှုတွေကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်တယ်” လို့ ၁၉၄၅ ခုနှစ်လောက် ကတည်းက ဆိုခဲ့တာပါ။ အမျိုးသား လုံခြုံရေးအယူအဆ စသုံးကတည်းက ဘက်ပေါင်းစုံ စဉ်းစားခဲ့တဲ့ သဘော ဆောင်ပါတယ်။
ခေတ်ဟောင်း နိုင်ငံတော် ဖွင့်ဆိုမှု အယူအဆမှာဆိုရင် နိုင်ငံတော်ဟာ နယ်နိမိတ်ပိုင်နက် အတွင်းမှာ ရှင်သန်နေထိုင်သူတွေ၊ လူအုပ်စုတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ အားလုံးအပေါ် အမြင့်ဆုံး စီရင် ဆုံးဖြတ်ခွင့် အာဏာရရှိ ပိုင်ဆိုင်ထားတယ်။ အားလုံးဟာ နိုင်ငံတော်ရဲ့ အာဏာကို ခံယူလိုက်နာရတယ်။ လိုက်နာဖို့ လိုအပ်ရင် အင်အားနဲ့ လုပ်ပိုင်ခွင့်အာဏာ သုံးတယ်။ နိုင်ငံတော် နယ်နိမိတ်ထဲမှာ နေထိုင်သူတွေ ကျရောက်နေသူတွေက မလိုက်နာရင်၊ လိုက်နာရန် ပျက်ကွက်ရင် အင်အားသုံး အရေးယူတာ၊ အပြစ်ပေးတာကို ဆောင်ရွက်လေ့ ရှိတယ်။
ဒါကြောင့်ပဲ ခေတ်ဟောင်း နိုင်ငံတော်ဆိုတာ ၎င်းရဲ့ နယ်နိမိတ် အတွင်းမှာ ရုပ်ပိုင်းဆိုင်ရာ အင်အားကို တရားဝင် အသုံးပြုခွင့် လက်ဝါးကြီးအုပ်သူလို့ ဆိုကြတာဖြစ်တယ်။ ခေတ်သစ်နိုင်ငံတော် တွေမှာတော့ အဲဒီလို အာဏာ လက်ဝါးကြီးအုပ်မှုတွေကို စနစ်တကျ စီမံခန့့်ခွဲဖို့ လုပ်လာကြသလို၊ ဘယ်လို အသုံးပြုရမလဲ ဆိုတာကိုလည်း ကြိုတင်ကြံဆ စီစဉ်လာကြတယ်။
အဲဒီလို စနစ်တကျ စီမံခန့်ခွဲမှုတွေမှာ အဓိက ကျတာကတော့ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းအကြား ဆက်ဆံရေး ဆိုတဲ့ ကိစ္စဖြစ်တယ်။ နိုင်ငံတော် အာဏာတည်ဖို့အတွက် လူ့အဖွဲ့အစည်း လိုက်နာခံယူမှုက အရေး ကြီးတဲ့အတွက် လူတဦးတယောက်၊ တဖွဲ့က အာဏာကို မလေးစားရင် အင်အားသုံးတဲ့နည်းနဲ့ အာဏာ တည်တံ့လို့ ရပေမယ့် လူ့အဖွဲ့အစည်း တရပ်လုံးက လိုက်နာဖို့ ငြင်းဆိုရင် အာဏာကို အကြမ်းနည်းနဲ့ တည်တံ့ စေဖို့က အခက်တွေ့မှာ ဖြစ်တယ်။
နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းအကြား ဆက်ဆံရေးဆိုတာက နိုင်ငံတော် အင်စတီကျူးရှင်းနဲ့ လူ့အဖွဲ့အစည်းတွေ အကြားမှာ ညှိနှိုင်း ဆွေးနွေး သဘောတူထားတဲ့ ဖြစ်စဉ်ဖြစ်ပြီး နိုင်ငံတော်မှာ ဘယ်လိုအာဏာရှိတယ်၊ လူ့အဖွဲ့အစည်းမှာ ဘယ်လို တာဝန်ရှိတယ်၊ ဥပဒေမူဘောင်ထဲ ဘယ်လို နေရမလဲ ဆိုတာ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်း အကြား ဆွေးနွေးညှိနှိုင်းမှုက တဆင့်ပေါ်လာတဲ့ သဘောတူညီချက် လူမှုပဋိဉာဉ် (Social Contract) ဖြစ်တယ်။ လူမှု ပဋိဉာဉ်ကို အခြေခံပြီး နိုင်ငံတော်ဟာ လူ့အဖွဲ့အစည်းရဲ့ ကောင်းကျိုးချမ်းသာ၊ လိုအပ်မှုတွေနဲ့ လုံခြုံရေးတွေကို ဆောင်ရွက်ပေးရပြီး လူ့အဖွဲ့အစည်းကလည်း အတိုင်းအဆမရှိ လွတ်လပ်မှု တွေကို ထိန်းချုပ်ကာ ဥပဒေပြဌာန်းချက်တွေကို လိုက်နာရမှာဖြစ်တယ်။
ခေတ်ဟောင်း နိုင်ငံတော်မှာ နိုင်ငံတော် တရားဝင်မှုက ဥပဒေ အမိန့် ပြဌာန်းမှုတွေကို စိတ်ကြိုက်လုပ်တာ အဲဒီဥပဒေတွေ အမိန့်တွေနဲ့ လူ့အဖွဲ့အစည်းကို အတင်းအကျပ် လိုက်နာစေတာကို ဆောင်ရွက်နိုင်တယ် ဆိုတာ ခေတ်ဟောင်း နိုင်ငံတော်ကို တိမ်းညွတ်သူတွေရဲ့ အမြင်ဖြစ်တယ်။
အာဏာ အင်စတီကျူးရှင်းတွေနဲ့ အင်အားအသုံးပြုခွင့်က ခေတ်ဟောင်း နိုင်ငံတော်မှာ အဓိက ကျတဲ့ အချက်ဖြစ်နေတယ်။
ခေတ်သစ်နိုင်ငံမှာတော့ လူ့အဖွဲ့အစည်း ထောက်ခံမှု ရမှာသာ နိုင်ငံတော် တရားဝင်မှု ရှိတယ်ဆိုတဲ့ အမြင်နဲ့ သက်ဆိုင်တယ်။
နိုင်ငံတော်ရဲ့ ဆုံးဖြတ်ချက်ချမှတ်မှု ဖြစ်စဉ်တွေမှာ အများပြည်သူ ပါဝင်နိုင်ပါတယ်။ ၎င်းနယ်နိမိတ်အတွင်းက လူတဦးချင်းနဲ့ လူ့အဖွဲ့အစည်းရဲ့ ကောင်းကျိုးချမ်းသာ၊ လိုအပ်ချက်တွေနဲ့ လုံခြုံမှုကို ဖြည့်ဆည်းပေးဖို့ နိုင်ငံတေ်မှာ တာဝန်ရှိတဲ့အတွက် နိုင်ငံတော်ကို အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့် အာဏာ ယန္တရားတွေကို အဲဒီအတွက် အသုံးပြုရမှာပါ။
အများပြည်သူ ထောက်ခံမှုကို ကြည့်ရင်လည်း ဒီမိုကရေစီ နည်းနာတကျ ဖြစ်ဖို့လိုပါတယ်။ အများစု ဆုံးဖြတ်တယ် ဆိုတိုင်း ဗမာအများစုထောက်ခံရင် ရခိုင်မပါလည်း ဘာမှမဖြစ်ဆိုတာ ခေတ်သစ် နိုင်ငံတော် စဉ်းစားချက်နဲ့ စံရွေးကိုက်မှု၊ ဒီမိုကရေစီ စဉ်းစားမှုတွေမှာ မရှိပါဘူး။
အခုလို ရခိုင်ဒေသခံတွေနဲ့ ဆက်ဆံရေး ယိုယွင်းလာချိန်မှာ အသုံးပြုတဲ့ နိုင်ငံတော်နဲ့ သက်ဆိုင်တဲ့ အင်အားအသုံးပြု ရေးဖွင့်ဆိုမှုတွေနဲ့ တောင်းဆိုချက် တွေဟာာ ခေတ်ဟောင်းနိုင်ငံတော် အယူအဆ စွဲကိုင်လိုတဲ့ အယူအဆအဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားမျိုးနွယ်ဆိုင်ရာ ပဋိပက္ခနဲ့ ဟန်ချက်ညီ R3R
Respect ၊ Responsibilities ၊ Rights ဆိုတဲ့ အချက်သုံးချက်ဟာ မျိုးနွယ်စုဆိုင်ရာ ပဋိပက္ခတွေကို ပြေပြေလည်လည် ဖြေရှင်းနိုင်ဖို့အတွက် မရှိမဖြစ် ထားရမယ့် အချက်တွေ လို့ မြောက်အိုင်ယာလန် ပဋိပက္ခ ဖြေရှင်းမှုမှာ ပါဝင်ခဲ့တဲ့ Lord Alderice က ဆိုတယ်။ သုံးချက်လုံးက ဟန်ချက်ညီ တိုးတက်မှုတွေ ပြဖို့လိုတယ်။ အနည်းဆုံး ချက်ခြင်းအများကြီး မရတောင် လက်ရှိ ဥပဒေဘောင်အတွင်းက ရထားတဲ့ အနေအထားကနေ ဖြည့်ဆည်းပေးမှုတွေ၊ မျှဝေမှုတွေ လိုအပ်ပြီး အပြန်အလှန် လေးစားမှုနဲ့ တာဝန်ယူ တာဝန်ခံမှုတွေဟာ ပဋိပက္ခ ဖြေရှင်းရေးမှာ အရေးကြီးတဲ့ ကိစ္စဖြစ်တယ်။
ဥပမာ ပဋိပက္ခဖြစ်နေတဲ့ AA ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်လာတာကို အစိုးရ၊ တပ်မတော်တို့နဲ့ သီးသန့် အချိန်ပေး မဆွေးနွေးနိုင်တာမျိုး ကိစ္စက အလေးအနက် စဉ်းစားရမယ့် ကိစ္စဖြစ်တယ်။
ဦးသိန်းစိန်ရဲ့ ညာလက်ရုံး သမ္မတရုံး ဝန်ကြီးဟောင်း ဦးအောင်မင်းတောင် တိုက်ပွဲပြင်းထန်နေတုန်း KIO ထိန်းချုပ်ရာ မိုင်ဂျာယန်ကို သွားခဲ့ဖူးတာနဲ့ နေပြည်တော်ရောက် ရခိုင်တပ်ဖွဲ့က ပြီးခဲ့တဲ့ မတ်လခရီးစဉ်အတွင်း အစိုးရ၊ တပ်မတော်တို့နဲ့ သီးသန့် ဆွေးနွေးမှု မလုပ်နိုင်တာတွေက နှိုင်းယှဉ်စရာ ဖြစ်လာတယ်။
အမျိုးသားအကျိုးစီးပွား ကိစ္စအတွက် မြင်မိတာက မတူကွဲပြား ခြားနားမှု များပြားတဲ့ နိုင်ငံတွေမှာ အမျိုးသား အသွင်လက္ခဏာ တရပ် ပေါ်ပေါက်ရေးဟာ အရေးကြီးတဲ့ ကိစ္စပါ။ အုပ်စုတွေအကြား ယင်း ခြားနားမှုအပေါ် အခြေခံပြီး တင်းမာမှု ရှိတဲ့အတွက် အားလုံး ဘုံသဘောတူတဲ့ အသွင်လက္ခဏာ တန်ဖိုး တရပ် ပေါ်ထွန်းရေး မဆောင်ရွက်နိုင်တဲ့ နိုင်ငံတွေမှာ ပဋိပက္ခဆိုတာ အချိန်မရွေးဖြစ်နိုင်တဲ့အတွက် ပြည်သူတွေဟာ ချိန်ကိုက်ဗုံး အပေါ်မှာ နေနေရသလို ဖြစ်နေကြမှာပါပဲ။
တကယ်လို့ အမျိုးသား နိုင်ငံ တည်ဆောက်ရေးဖြစ်စဉ် အောင်မြင်၊ မအောင်မြင်ဆိုတဲ့ ကိစ္စမှာ အမျိုးသား အကျိုးစီးပွား ဖွင့်ဆို သတ်မှတ်ချက် ဘုံ တူညီမှု ရှိမရှိဆိုတဲ့ အချက်ကလည်း အရေးပါပါတယ်။
– မိမိပိုင်ဆိုင်တဲ့ နယ်နိမိတ်ကို ကာကွယ်ရေး
– နိုင်ငံသားတွေကို ကာကွယ်ပေးရေး
– အချုပ်အခြာအာဏာစိုးမိုးရေး
– စီးပွားရေး အကျိုးစီးပွား ကာကွယ်မြှင့်တင်ရေး
– အခြားနိုင်ငံတွေနဲ့ ဆက်စပ်မှု အပေါ် မူတည်ပြီး ပထဝီနိုင်ငံရေး အကျိုးစီးပွားမြှင့်တင်မှု
ဒီမိုကရေစီ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဘာသာရေးတန်ဖိုး အစရှိတဲ့ အိုင်ဒီယိုလိုဂျီ တန်ဖိုးများ ကာကွယ်နိုင်ရေး စတဲ့ စဉ်းစားချက်တွေက အမျိုးသား အကျိုးစီးပွားဆိုင်ရာ ဘုံ သဘောတူညီမှုတွေမှာ စဉ်းစားလေ့ ရှိတဲ့ အချက်တွေပဲဖြစ်ပါတယ်။
စစ်အင်အားသုံး ဖြေရှင်းမှုကို အားပေးတာ၊ ဘာသာရေးလွတ်လပ်မှု ရှိတယ်အော်နေပြီး လူများစု အလိုကျ လိုက်သယောင် လုပ်ပြီး ကိုးကွယ်မှုမတူတဲ့ လူနည်းစု အုပ်စုတွေ ပစ်မှတ်ထား ဖိနှိပ်ခံရမှုတွေကို လျစ်လျူရှုတဲ့ ကိစ္စတွေက အမျိုးသားနိုင်ငံတော် တည်ဆောက်ရေးမှာ အရေးကြီးတဲ့ အမျိုးသားအကျိုးစီးပွားဆိုင်ရာ ဘုံသဘောတူ ဖွင့်ဆိုချက် ရဖို့ ခက်ခဲစေမှာလည်း ဖြစ်ပါတယ်။
မတူကွဲပြားတဲ့ အမှတ် သရုပ်လက္ခဏာ အသီးသီးရှိတဲ့ မျိုးနွယ်စုတွေ နေထိုင်တဲ့ တိုင်းပြည်မှာ Nation Building ကို ဖက်ဒရယ် တည်ဆောက်ရေးလို့လည်း ဖွင့်ဆိုထားတာကြောင့် ဖက်ဒရယ်ရဲ့ မူလ အဓိပ္ပာယ်ဖြစ်တဲ့ ဖိုးဒပ်စ် အပြန်အလှန် သဘောတူညီချက်ဆိုတဲ့ လက်တင်ဘာသာ အဓိပ္ပာယ်ကို ကြည့်ရင်တော့ ပြဒါးတလမ်း သံတလမ်း မျက်ဝါးထင်ထင် မြင်ရမှာဖြစ်ပါတယ်။
(စိုင်းထွန်းအောင်လွင်သည် လတ်တလော အမျိုးသားလွှတ်တော်ဆိုင်ရာများကို လေ့လာနေသူ ပြည်ထောင်စုအင်စတီကျုမှ သုတေသီတဦးဖြစ်သည်။)