ရဲတပ်ဖွဲ့နှင့် အမျိုးသားရင်ကြားစေ့ရေး သို့မဟုတ် ကူညီပါရစေ

ကျော်ထွဋ်အောင်
လူအုပ်ကို ထိန်းသိမ်းရေး လေ့ကျင့်နေသော ရဲတပ်ဖွဲ့ဝင်များကို ၂၀၁၅ ခုနှစ်အတွင်းက မြင်ရစဉ် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အဓိက ရည်မှန်းချက် တာဝန် ၄ ခုမှာ ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေး၊ တရား ဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး အန္တရယ် တားဆီးကာကွယ်ရေး နှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးတို့ ဖြစ် ပါသည်။

ကူညီပါရစေ (May I Help You) ဆိုသည့် စကားစုက မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဝက်ဘ်ဆိုက်တွင် မြင်တွေ့ရသည်။ တိုင်းပြည်တွင်းမှ ရဲစခန်းတိုင်းတွင် ဖြတ်သွားဖြတ်လာတိုင်း၏ မျက်လုံးကို ဆွဲဆောင်ထားသည်။ သို့သော်လည်း အာဏာ အလွဲသုံးစားပြုလုပ်ခြင်း၊ ပြည်သူလူထု ဆန္ဒပြပွဲများကို ဖိနှိပ်ရာတွင်နှင့် နေ့ စဉ် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် အကြမ်းဖက်ခြင်းများရှိခဲ့သည့် သမိုင်းကြောင်းအရ အကူအညီ လိုအပ်သူ မှန်သမျှကို မဆိုင်းမတွ အကူအညီပေးမည်ဟု အဓိပ္ပါယ်ရသော “ကူညီပါရစေ” ဆိုသည့် စကားစုက ပြည်သူများကြားတွင် (နာမည်ဆိုးတခုမျှပင်) အလွန်ဒွိဟဖြစ်စရာ တခုကို သယ်ဆောင်လာ၏။

သို့သော်လည်း အဖွဲ့အစည်း၏ သမိုင်းကြောင်းကို ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ နာမည်ပျက်မှုအပေါ် အံ့အား သင့်မည် မဟုတ်ပါ။ ရဲအဖွဲ့သည် ပြည်သူလူထု၏ ထောက်ခံမှုကို မည်သည့် အချိန်တွင်မျှ မရရှိခဲ့ပါ။ ဗြိတိသျှနှင့် ဂျပန် ခေတ် ၂ ခုလုံးအတွင်းတွင် ရဲအဖွဲ့ကို ပြည်သူလူထုက မုန်းတီးသည့် အစိုးရများ၏ အကျင့်ပျက်ခြစားသော ဥပဒေ စိုးမိုးရေး ဝန်ထမ်းများအဖြစ် အများပြည်သူက စက်ဆုပ်စွာ မြင်ခဲ့ကြသည်။

ယခုအချိန်အထိ ရဲအဖွဲ့ အပေါ် ပြည်သူလူထု၏ အမြင်က တိုးတက်လာခဲ့ခြင်း မရှိသေးပါ။ ထူးဆန်းသည်မှာ မြန်မာနိုင်ငံမှ ဖိနှိပ်ခံ လူနည်းစုများနှင့် ၎င်းတို့နှင့် နိုင်ငံရေးအမြင် ဆန့်ကျင်ကွဲပြားလေ့ရှိသော လူများစုဗမာများတို့သည် ရဲအဖွဲ့ အပေါ်အမြင်တွင်မူ အတူတကွ တစည်းတလုံး ရှိနေခဲ့ကြသည်။ ထိုကဲ့သို့ သဘောထားအမြင် တူညီနေခြင်းက တိုင်းပြည်တလွှားတွင် ရဲတပ်ဖွဲ့၏ တရားလက်လွတ် ရက်စက်မှုများ နှင့် အရပ်သားများအပေါ် အကြမ်းဖက်မှုများကို တူညီစွာ ကြုံတွေ့ခဲ့ကြရခြင်းတွင် အရင်းခံပါသည်။ ထိုကဲ့သို့ သဘောထား အမြင်တူညီခြင်းက ရဲလုပ်ငန်း ဆောင်ရွက်ခြင်းနှင့် ပတ်သက်သော တိကျသည့် စိုးရိမ်မှု ပုံစံတခု တည်ရှိနေခြင်းကိုလည်း ဖော်ပြနေပါသည်။

များစွာ မကြာသေးမီက ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ရဲတပ်ဖွဲ့က ကျောင်းသားများ၊ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ လမ်းသွားလမ်းလာများနှင့် ဆန္ဒပြသူများအပေါ် ရက်စက်စွာ ပြုမူခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အညှာအတာမဲ့ ဖြိုခွဲခဲ့ရာတွင် စစ်သားများက အဓိက နေရာမှ ပါဝင်ခဲ့ချိန်တွင် ရဲအဖွဲ့ အထူးသဖြင့် လုံထိန်းများ သို့မဟုတ် အဓိကရုဏ်း နှိမ်နင်းရေး အဖွဲ့က လူစုလူဝေးကို ဖြိုခွင်းရန် နံပါတ်တုတ်များ ကိုင်စွဲ၍ အာဏာကို အလွဲသုံးခဲ့ကြသည်။ ခုခံနိုင်ခြင်း မရှိသည့် ဆန္ဒပြသူများကို ရိုက်နှက် ဖမ်းဆီးခဲ့ကြသည်။ လမ်းသွာလမ်းလာ ကျနော့် မိတ်ဆွေ တဦးသည်ပင် ရဲတပ်ဖွဲ့က နံပါတ်တုတ်ဖြင့် ရိုက်နှက်ခြင်းကို ရောခံခဲ့ရသည်။ အခြားသော အပြစ်မဲ့သူ အများအပြားနှင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများမှာ သူတို့ ထိန်းသိမ်းခံရစဉ် အတွင်းနှင့် ထောင်ဒဏ်ကျခံ ခဲ့ရစဉ်အတွင်းတွင် ပြင်းထန်သော ရက်စက်မှုများကို မချိမဆန့် ခံစားခဲ့ကြရသည်။

၂၀၁၂ ခုနှစ်တွင် လက်ပံတောင်း ကြေးနီတွင်း ဧရိယာမှ ဆန္ဒပြပွဲတခုအတွင်း အလွန်မီးလောင်လွယ်သည့် မီးစုန်းဖြူ ပါဝင် သည့် ဗုံးတလုံးကို ဆန္ဒပြသူများထဲသို့ ပစ်သွင်းခဲ့သောကြောင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ၁၀ ပါး မီးလောင် ဒဏ်ရာ ရရှိခဲ့သည်။ သူတို့ထဲမှ ၂ ပါးမှာ အလွန်ဆိုးရွားစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထို့နောက် ၂၀၁၄ ခုနှစ် ဒီဇင်ဘာက တရုတ်အစိုးရ ကျောထောက်နောက်ခံပေးထားသည့် ဝမ်ပေါင်ကုမ္ပဏီမှ လုပ်ကိုင်နေသော လက်ပံတောင်း ကြေးနီ သတ္တု တွင်းကို ဆန့်ကျင်သည့် ဆန္ဒပြပွဲ တခုအတွင်းတွင် နောက်ထပ် အရပ်သားတဦးဖြစ်သည့် ဒေါ်ခင်ဝင်းမှာ ရဲအဖွဲ့က သေနတ် နှင့် ပစ်ခဲ့သည့်အတွက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး အခြား ၂ ဦးမှာ ဒဏ်ရာ ရရှိခဲ့သည်။

အစိုးရပိုင်နှင့် တရုတ် အစိုးရ ကျောထောက်နောက်ခံ ကုမ္ပဏီ အများအပြားက ကျောက်စိမ်း များအလွန်အကျွံ တူးဖော် ထုတ်လုပ် နေသည့် ကချင်ပြည်နယ် ဖားကန့်တွင် လုံခြုံရေး အစောင့်များကြောင့် အရပ်သားများ သေဆုံးရခြင်းက အထူး အဆန်းမဟုတ်ပါ။ ဥပမာ အနည်းငယ်ပြရလျှင် ၂၀၁၇ ခုနှစ် ဇွန်လ အစောပိုင်းက ဖားကန့်မှ ဝကျဲ(Wakyae) ကျောက်စိမ်း တွင်းတွင် ရေမဆေးကျောက် ရှာဖွေသူများနှင့် လုံ ခြုံရေးတပ်ဖွဲ့များကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ ရေမဆေးကျောက်ရှာသူ တ ယောက် ဖြစ်သည့် ကိုဇော်ဝေမှာ တပ်ကြပ်ကြီး မျိုးမင်းဦး ခေါင်းဆောင်သည့် ရဲ တပ်ဖွဲ့ဝင် ၆ ဦး မျက်မှောက်တွင်ပင် သေ နတ်ထိမှန်သေဆုံးခဲ့ရသည် (၂၀၁၇ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ RFA သတင်းမှ)။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ရခိုင်ပြည် နယ်မှ ကိုအေးသန်းမှာ Jade Leaf ကုမ္ပဏီမှ လုံခြုံရေးအဖွဲ့၏ သတ်ဖြတ်ခြင်း ခံခဲ့ရ သည်(Irrawaddy ၊ နိုဝင်ဘာ ၂၀၊ ၂၀၁၈)။ နောက်တကြိမ်တွင် ၂၀၁၉ ခုနှစ်တွင် ဖားကန့်မှ ဆန်ခါ(San Hkar) ကျောက်စိမ်းတွင်းတွင် ဦးကျော်ဇင်ဖြိုး နောက်ကျောနှင့် ဦးခေါင်းတွင် သေနတ်နှင့် အပစ်ခံရပြီး သေဆုံးခဲ့ရသည်(Myanmar Peace Monitor ဖေဖော်ဝါရီ ၆၊ ၂၀၁၉)။

သူတို့၏ လုပ်ငန်းများက မြန်မာပြည်သူများအတွက် လုံးဝနီးပါး အကျိုးကျေးဇူး မရရှိသည့် တရုတ် အစိုးရ ကျောထောက် နောက်ခံ သတ္တုတူးဖော်ရေး ကုမ္ပဏီကြီးများအတွက် လုံခြုံရေး တပ်ဖွဲ့ အနေဖြင့် ဝန်ဆောင်မှုများကို မြန်မာနိုင်ငံ ရဲအဖွဲ့က ငှားရမ်း ခံထားကြောင်း သိရှိရခြင်းက အံ့အားသင့်စရာ ဖြစ်ရသလို အရပ်သားများ သေဆုံးရခြင်းက ရည်ရွယ်ချက် ရှိရှိ ပြုလုပ်ခြင်း ဖြစ်သလောက်နီးပါး ရှိနေပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေခြင်းကလည်း စိတ်ပျက်စရာ ဖြစ်သည်။

ARSA အကြမ်းဖက် တိုက်ခိုက်မှုများနောက်ပိုင်းမှ တပ်မတော်၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများ အတွင်း လူနည်းစု ရို ဟင်ဂျာ များအပေါ် ဖမ်းဆီးထိန်းသိမ်းခြင်း၊ စစ်ဆေးခြင်းနှင့် နှိပ်စက်ခြင်းများတွင် ရဲအဖွဲ့၏ ပါဝင် ပတ်သက်မှုကို ဖော်ပြနေသည့် ဗီဒီယိုများ ပေါက်ကြားခဲ့သော်လည်း အရပ်သားများအပေါ် ကျူးလွန်သည့် ရက်စက်မှုများနှင့် အကြမ်းဖက်မှုများတွင် ရဲအဖွဲ့၏ ပါဝင်ပတ်သက်မှု အတိုင်းအတာနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေသည်။

လွိုင်ကော်တွင် အငြင်းပွားဖွယ်ရာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထု ထားရှိခြင်းအတွက် ဆန္ဒပြခဲ့ကြသည့် ကရင်နီတိုင်းရင်းသား ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ဖြိုခွဲခဲ့စဉ် အတွင်းတွင် ရာဘာကျည်များ အသုံးပြုခဲ့သည့်အတွက် လူငယ် ၂၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ မျက်နှာတွင် သွေးရောင်လွှမ်းသော ရာဘာကျည်ဆံ ဒဏ်ရာများနှင့် ကရင်နီ လူငယ် တဦး၏ မျက်နှာပုံများကို မြင်တွေ့ရသည့် အခါ အများအပြား ထိတ်လန့် တုန်လှုပ်ခဲ့ကြရသည်။ သို့သော်လည်း ကျူးလွန်သူများမှာ တရားမျှတမှုဆီသို့ ခေါ်ယူခြင်း မခံခဲ့ရကြပါ။

၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ဒုရဲအုပ် စိုးဇော်ဇော်က ဖားကန့်မှ အစည်းအဝေးတခုတွင် တက်ရောက်လာသူများကို သေနတ်ဖြင့် ချိန်၍ ခြိမ်းခြောက်ခဲ့သည့် ဗီဒီယို တခုက အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားခဲ့သည်(Irrawaddy စက်တင်ဘာ ၉၊ ၂၀၁၆)။ သို့သော်လည်း အဆိုပါအရာရှိကို သူ၏ အာဏာကို ပြောင်ကျကျ အလွဲသုံးစား ပြုလုပ်မှု နှင့် မဆီလျှော်သော အပြုအမူအတွက် ဥပဒေပိုင်းအရ အရေးယူအပြစ်ပေးမှု အသေးစိတ်ကို ပြည်သူလူထုက ယခုတိုင် မသိရှိကြသေးပါ။ ထိုအရာရှိ၏ လုပ်ရပ်က စည်ပိုင်းအတွင်းမှ ပန်းသီးပုပ်တလုံး၏ လုပ်ရပ်သာဖြစ်သည်ဟု ရှင်းပြကောင်း ရှင်းပြနိုင်သော်လည်း အထက်တွင် ဖော်ပြခဲ့သော ဥပမာဖြစ်ရပ်များက သီးခြားကိစ္စများဖြစ်သည်ဟု ညင်းပယ်ရန် ခက်ခဲလွန်းပါသည်။ ၎င်းအစား ပြစ်ဒဏ် ကင်းလွတ်ခွင့် နှင့် အတူ တိုင်းပြည်တလွှားတွင် ကျူးလွန်နေသည့် ရဲတပ်ဖွဲ့၏ ရက်စက်သော အကြမ်းဖက်မှုများ၏ အပြောင်းအလဲမရှိသော ပုံစံတခု အဖြစ်သာ ပုံဖော်ရမည်ဖြစ်သည်။

မကြာသေးမီက ရခိုင်ပြည်နယ်တွင် ရဲစခန်းများ တိုက်ခိုက်ခြင်းခံခဲ့ရပြီး အသက်များစွာ သေဆုံးခဲ့ရခြင်းနှင့် အတူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တွက် ယခုအချိန်သည် ၎င်း၏ အဓိက ရည်မှန်းချက် တာဝန် ၄ ခုကို ပြန်လည် တွက်ချက်ရမည့် အချိန်ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ မတ်လ ၉ ရက်နေ့က ယိုးတရုတ် ရဲစခန်းတိုက်ခိုက်ခံရပြီး နောက်တွင် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ဧရာဝတီ သတင်းဌာနနှင့် အင်တာဗျူးတခုတွင် “ ပြည်သူကပါ ဒီဟာနဲ့ ပတ်သက်လို့ တချို့ဟာတွေမှာ တာဝန်ရှိလာတယ်။ …ပြည်သူတွေ အသိပေးတာတွေ အားနည်း လာတယ်ပေါ့” ဟု မှတ်ချက်ပြုခဲ့သည်။

ပြည်နယ်ရဲတပ်ဖွဲ့မှူးက ရဲတပ်ဖွဲ့အပေါ် ယုံကြည်မှု မထားသေးသည့် ပြည်သူများအပေါ် (အနည်းငယ်သော အတိုင်းအတာမျှပင်) အပြစ်တင်ခြင်းက အမျှော်အမြင်မရှိခြင်း သို့မဟုတ် တာဝန်မယူခြင်းဟု ယူဆ၍ မရနိုင်သော်လည်း လူမှု အဖွဲ့အစည်းကို ပြိုကွဲစေသော၊ ဒေသတွင်းတည်ငြိမ်မှုနှင့် အေးချမ်းမှုကို စိန်ခေါ်သော ထိုကဲ့သို့ ကိစ္စများကို တုန့်ပြန် ရာတွင် ပြည်သူလူထုနှင့် ရဲတပ်ဖွဲ့တို့ကြားမှ ပူးပေါင်းဆောင်ရွက်ခြင်း၏ အရေးပါမှုကို အသိအမှတ်ပြုရန် ထိုက်တန်ပါ သည်။ သို့သော်လည်း ရဲမှူးကြီး ကြည်လင်း၏ မှတ်ချက်က ပြည်သူတို့၏ မယုံကြည်မှုနှင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် နောက်တွန့်နေခြင်းကို ထင်ထင်ရှားရှားပင် ဖော်ပြနေသည်။

အထက်တွင် ဆွေးနွေးခဲ့ပြီးဖြစ်သော အဖြစ်အပျက်များနှင့် ယိုးတရုတ် ရဲစခန်း တိုက်ခိုက်ခံရပြီး နောက်ပိုင်း မှတ်ချက်တို့ အရ ပြစ်ဒဏ်ကင်းလွတ်ခွင့်နှင့်အတူ ရဲအဖွဲ့က ကျူးလွန်ခဲ့သည့် ရက်စက်မှု အတိုင်းအတာ၊ ပြည်သူများကြားတွင် ယုံကြည်မှုမဲ့စေသော ရလဒ် ထွက်ပေါ်ခဲ့ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမရှိခဲ့ခြင်းတို့ကို သိရှိနိုင်ရန် အလွန် အဆင့်မြင့် ခေတ်မီသည့် အသိပညာ ဗဟုသုတများ လိုအပ်လိမ့်မည် မဟုတ်ပါ။ အဆိုပါ လုပ်ရပ်များကို ကျူးလွန်ခဲ့သူများကို တဦးချင်းအလိုက် တရားစွဲဆိုခြင်းပြုရမည် ဖြစ်သည်။ သို့သော် အဆိုပါ ဖြစ်ရပ်များသည် ရဲတပ်ဖွဲ့က နိုင်ငံသားများအပေါ် ရက်စက်စွာ ပြုမူခြင်းတည်းဟူသည့် ကာလရှည်ကြာစွာ ရှိနေခဲ့သော အလေ့အထကို ဖြေရှင်းရန် လိုအပ်ကြောင်းကိုလည်း ဖော်ပြနေပါသည်။ ထိုသို့ ပြုလုပ်ခြင်းက ရဲတပ်ဖွဲ့ကို ပြည်သူ၏ အကျိုးစီးပွားကို အမှန်တကယ် ဆောင်ရွက်နိုင်ရေး ၎င်း၏ စွမ်းရည်များကို ပြန်လည် လမ်းကြောင်း ပြောင်းလဲပေးနိုင်သလို ပြည်သူလူထု၏ ယုံကြည်မှုကိုလည်း ပြန်လည်ရရှိစေမည် ဖြစ်သည်။

ရဲတပ်ဖွဲ့က အပေါင်းလက္ခဏာဆောင်သည့် ပုံရိပ်တခုကို ထူထောင်နိုင်ရေး နှင့် ပြည်သူလူထုထံမှ အပြုသဘောဆောင် သော ပူးပေါင်းဆောင်ရွက်မှုကို ရရှိရေး ဆောင်ရွက်ချက်သည် ရဲတပ်ဖွဲ့ ကိုယ်တိုင်ထံမှ လာရမည် ဖြစ်သည်။ ရဲတပ်ဖွဲ့မှ သတ်ဖြတ်မှုများနှင့် အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သည့် လူပုဂ္ဂိုလ်များကို အရေးယူအပြစ်ပေးသည့် ယန္တယားများကို ဖော်ဆောင်ခြင်းအပြင် ရဲတပ်ဖွဲ့အနေဖြင့် မကောင်းသည့် ပန်းသီးများ နေရာအနှံ့ဖြစ်နေသော စည်ပိုင်း(၎င်း၏ စနစ်) ၏ အခြေအနေကိုလည်း မေးခွန်းထုတ်ရန် လိုအပ်ပါသည်။ အများပြည်သူ ထိခိုက်နာကျင်စေခဲ့ခြင်းများအပေါ် ထိုကဲ့သို့ တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်ခြင်းက ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိရန် အကောင်းဆုံးနည်းလမ်း ဖြစ် ပါလိမ့်မည်။

ရဲတပ်ဖွဲ့က အာဏာ အလွဲသုံးစားပြုလုပ်ခြင်း၊ ရက်စက်ခြင်း၊ အကြမ်းဖက်မှုနှင့် သတ်ဖြတ်မှုများ ဆက်လက်၍ ရှိနေခြင်းက တိုင်းရင်းသား လူနည်းစုများကို သူတို့၏ သက်ဆိုင်ရာ လက်နက်ကိုင် သို့မဟုတ် အရပ်ဘက် အင်အားစုများအား ပိုမို ကြီးမားသော ထောက်ခံမှု ပြသစေရန်သာ ဦးတည်ပါလိမ့်မည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မြန်မာ့တပ်မတော် ကြားမှ လက်နက်ကိုင် ပဋိပက္ခကို ပိုမို အရှိန်မြင့်တက်စေပါလိမ့်မည်။ ထို့ပြင် ရဲတပ်ဖွဲ့က သက်ဆိုင်ရာ တိုင်းရင်းသားများ၏ ကျယ်ပြန့်သော ထောက်ခံမှုကို ရရှိထားမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွက် လွယ်ကူသော ပစ်မှတ်များ ဖြစ်သွားစေနိုင်ပါသည်။ ပြည်သူ့ သစ္စာဖောက်များအဖြစ် တံဆိပ်တပ်ပေးခြင်းအားဖြင့် ရဲတပ်ဖွဲ့ကို တိုက်ခိုက်ခြင်းက တရားမျှတမှုဖြစ်သလိုလည်း လက်နက်ကိုင်အဖွဲ့များ၏ စိတ်ထဲတွင် မြင်သွားစေပါလိမ့်မည်။

ထိုကဲ့သို့သော ကြောက်စရာကောင်းသည့် သံသရာတခုက ပြည်တွင်းလုံခြုံရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ် ငန်းစဉ်အတွက် နောက်ထပ် အဟန့်အတားတခု ဖြစ်စေပါလိမ့်မည်။ ရဲတပ်ဖွဲ့၏ ရက်စက်မှု၊ အကြမ်းဖက်မှုနှင့် သတ်ဖြတ် ခြင်းများ၏ နောက်ဆက်တွဲ အကျိုးဆက်များအတွက် လတ်တလောအကျဆုံး သက်သေအထောက်အထားများအဖြစ် ရခိုင် အမျိုးသားရေး ဝါဒမြင့်တက်လာခြင်းက ဖော်ပြနေပါသည်။

သို့သော်လည်း ရဲတပ်ဖွဲ့၏ မှားယွင်းသော လုပ်ရပ်များနှင့် ပြည်သူများအပေါ် မဆီလျော်သော ပြုမူဆက်ဆံမှုများကို ပြန်လည်သုံးသပ်ခြင်း၏ ကောင်းမွန်သောရလဒ်များက ၃ဆ အထိ ရရှိနိုင်ပါလိမ့်မည်။ ရဲတပ်ဖွဲ့၏ ရည်မှန်းချက် တာဝန်များကို ပြည့်မြောက်စေခြင်း၊ လက်နက်ကိုင် ပဋိပက္ခဇုန်များတွင် ရဲတပ်ဖွဲ့၏ အားနည်းထိခိုက်လွယ်မှုကို လျော့ကျစေခြင်းနှင့် ပြည်တွင်းလုံခြုံရေး နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးတွင် သိသိသာသာပါဝင် ဆောင်ရွက်ပေးနိုင်ခြင်းတို့ ဖြစ်ပါသည်။

(ကျော်ထွဋ်အောင်သည် ကချင်လေ့လာဆန်းစစ်သူတဦး ဖြစ်ပြီး ပညာရေးဆိုင်ရာ မဟာဘွဲ့ အတွက် ပြည်ပတွင် ပညာ သင်ကြားနေပါသည်။ ၎င်း၏ ‘May I Help You?’ The Police and National Reconciliation  ကို ဆီလျော်အောင် ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading