နောက်ဆုံးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ICOE ကို သူတို့နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့် ပြုလိုက်ပြီ ဖြစ်သည်။ လွတ်လပ်သော စုံ စမ်းစစ်ဆေးရေးကော်မရှင် (ICOE) ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် သတင်းထုတ်ပြန်ချက်အရ ICOE နှင့် ၂၀၁၉ ခု နှစ် မေလတွင် တွေ့ဆုံရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးက မူအားဖြင့် သဘောတူခဲ့သည်ဟု သိရသည်။
မရှင်းလင်း မသဲကွဲသည့် အရေးကြီးသည့် အချက်မှာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ICOE ကို Cox’s Bazar တွင် သက်သေ အထောက်အထား ကောက်ယူ စုဆောင်းမှုများ ပြုလုပ်ရန် ခွင့်ပြုလိမ့်မည် ဟုတ်/မဟုတ်ဖြစ်သည်။ ထိုကိစ္စနှင့် ပတ်သက်သော သတင်းအချက်အလက်များ ICOE ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားခြင်းမရှိပါ။
သို့သော်လည်း သံတမန်သတင်းရင်းမြစ်များ၏ အဆိုအရ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ICOE ၏ သက်သေအထောက် အထား စုဆောင်းရေးနှင့် စစ်ဆေးအတည်ပြုရေးအဖွဲ့ (ECVT) ကို အထောက်အထားနှင့် အချက်အလက်များ စုဆောင်းရန် အတွက် Cox’s Bazar သို့သွားရောက်ရန် ယခုအချိန်အထိ ခွင့်ပြုချက်မပေးရသေးကြောင်း သိရသည်။
ထို အတိုင်းသာမှန်ကန်ခဲ့လျှင် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဘင်္ဂါလီများ အလုံးအရင်းလိုက် ရုတ်တရက် ထွက်ခွာရခြင်း နှင့် ပတ်သက်ပြီး အမှန်တကယ် မည်သို့ ဖြစ်ပျက်ခဲ့သည်နှင့် ပတ်သက်သော အချက်အလက်များ ရရှိရန် ကြိုးစားနေကြသူများအတွက် အကြီးအကျယ် စိတ်ပျက်စရာ ဖြစ်သည်။
ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့၊ အမေရိကန် နိုင်ငံခြားရေး ဌာန မှတ်တမ်းကောက်ယူရေး အဖွဲ့နှင့် နိုင်ငံတကာ NGO များကို ဘင်္ဂါလီ အရေးနှင့် ပတ်သက်သော အထောက်အထားများ၊ ထွက်ဆိုချက်များ၊ အင်တာဗျူးများနှင့် ဓာတ်ပုံများ အစရှိသဖြင့် ရယူရန် Cox’s Bazar ပတ်ဝန်းကျင်သို့ သွားရောက်ခွင့် ပြုခဲ့သော ဘင်္ဂလားဒေ့ရှ် နိုင်ငံ အပေါ် စိတ်ပျက်ဖွယ် ရာလည်း ဖြစ်သည်။
အကယ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ICOE ကို Cox’s Bazar တွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ဝင်ခွင့်မ ပြုခဲ့လျှင် ဘင်္ဂလားဒေရှ့် အနေဖြင့် မရိုးသား ဟု ထင်မြင်ခြင်းခံရနိုင်ပါသည်။ ထိုကြောင့် “ဘင်္ဂလားဒေ့ရှ် နိုင်ငံ အနေဖြင့် ဖုံးကွယ်ရန် တစုံတရာများ ရှိနေ သလား” ဟု မေးလျှင် သဘာဝကျပါလိမ့်မည်။
ICOE ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သမ္မတရုံးက တည်ထောင်ခဲ့ သည်မှာ တစ်နှစ်ပင် မပြည့်သေးပါ။ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်၌ ရခိုင်ပြည်နယ်တွင် ပြန်လည်သင့် မြတ်ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေး ဆောင်ရွက်ရန် အမျိုးသားအားထုတ်မှု၏ တစိတ်တပိုင်းအနေဖြင့် ICOE ကို တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ICOE ကို နိုင်ငံတကာနှင့် ပြည်တွင်းမှ အဖွဲ့ဝင်များနှင့် ဖွဲ့စည်းထား သည်။ ရခိုင်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) ၏ အကြမ်းဖက် တိုက်ခိုက်မှုများ နောက်ပိုင်းမှ လူ့အခွင့် အရေးချိုးဖောက်မှု စွပ်စွဲချက်များနှင့် သက်ဆိုင်ရာ ကိစ္စများကို ICOE က စုံစမ်းစစ်ဆေးမည် ဖြစ်သည်။
သူတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် အချက်များအရ ICOE သည် ၎င်း၏ အကြံပြုချက်များပါဝင်သည့် အစီအရင်ခံစာများကို နှင့်အတူ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတထံသို့ တင်သွင်းရမည် ဖြစ်သည်။ အစီရင်ခံစာများဟု အများကိန်းကို အသုံးပြုထားခြင်းအရ ICOE သည် သမ္မတ ထံသို့ အစီရင်ခံစာ တစောင်ထက်မက တင်သွင်းရလိမ့်မည် ဖြစ်သောကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသော ဘင်္ဂါလီအရေးစွပ်စွဲချက်များနှင့် ပတ်သက်၍ Amnesty International၊ Fortify Rights၊ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ အစရှိသည့် အဖွဲ့အစည်းများ၏ အစီရင်ခံစာများ၊ မှတ်တမ်းများကိုသာ ကမ္ဘာက ဖတ်ခဲ့ကြရသည်။ အဆိုပါ အစီရင်ခံစာများသည် Cox’s Bazar တွင် နေထိုင်သူများက ပြောပြသည့် ဇာတ်ကြောင်းများ အပေါ်တွင်သာ အခြေခံထားသည်မှာ အလွန်ပင်ထင်ရှားပါသည်။
ICOE ကမူ ထိုအရေးနှင့် ပတ်သက်ပြီး သက်သေ အထောက်အထားပေါ်တွင် အခြေခံသည့် အချက်များကို သိနိုင်မည့် အခွင့်အရေးကို ကမ္ဘာကြီးသို့ ပေးပါလိမ့်မည်။ သက်သေအထောက်အထား များရယူရန် နှင့် လိုအပ်သော ပြန်လှန် စစ်ဆေး အတည်ပြုမှုများ ပြုလုပ်ရန်၊ မြန်မာနိုင်ငံမှ အချက်အလက်များကို အတည် ပြုနိုင်မည့် အထောက်အထားများ ရှာဖွေရန် ICOE ကိုဘင်္ဂလားဒေ့ရှ် နိုင်ငံ အတွင်းသို့ ဝင်ရောက်ခွင့် ပြုသင့်ပါသည်။
ICOE ၏ အစီရင်ခံစာသည် နိုင်ငံတခုတည်းအတွင်းမှ သူများပြောသည့် ဇာတ်ကြောင်းများပေါ်တွင်သာ အခြေခံထားသည့် အခြားသော နိုင်ငံတကာ အဖွဲ့အစည်းများ၏ အစီရင်ခံစာများနှင့် ကွဲပြားပါလိမ့်မည်။ ICOE အစီရင်ခံစာများသည် စစ်ဆေး အတည်ပြုပြီးဖြစ်သည့် သက်သေ အထောက်အထားများ အပေါ်တွင် အခြေခံသင့်ပါသည်။
အဘယ်ကြောင့်ဆိုသော် တဘက်သတ် ပြောပြချက် ဇာတ်ကြောင်းတခုအပေါ်တွင် အခြေခံသည့် အစီ ရင်ခံစာ သည် ကမ္ဘာက လိုလားနေသည့် တာဝန်ယူမှုနှင့် တရားမျှတမှု ဖော်ဆောင်ရေးကို အထောက် အကူပြုလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။
(ငြိမ်းမောင်သည် ရခိုင်အရေးနှင့် ပတ်သက်သည့် အလွတ်တန်း သုတေသီ တဦးဖြစ်ပြီး ဖော်ပြခဲ့သော အမြင်နှင့် သဘော ထားများက စာရေးသူ၏ ကိုယ်ပိုင်သာ ဖြစ်ပါသည်)