မနက်ဖြန် တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပိုးလမ်းမကြီးစီမံကိန်း ဒုတိယအကြိမ် အစည်းအဝေးကို တက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ ဘေ့ဂျင်းကို သွားကြတော့မယ်ဆိုတော့ ဟိုရောက်လို့ အချိန်ရရင် အီးကော်မာ့စ် ကုမ္ဗဏီ အလီဘာဘာကို တည်ထောင်သူ တရုတ်သူဌေး ဂျက်မားနဲ့ တွေ့ပြီး စကားပြောပါလို့ တိုက်တွန်းချင်ပါတယ်။ ဖြစ်နိုင်ရင် မြန်မာပြည် လာလည်ဖို့ပါ ဖိတ်စေချင်တာပါပဲ။
ဂျက်မားအကြောင်းကလည်း အားလုံးသိကြတဲ့အတိုင်း သူဟာ တရားဝင်ခန့်အပ်ထားတာ မဟုတ်ပေမယ့် သူ့ရဲ့ တီထွင်ကြံဆ တွေးခေါ်မျှော်မြင် လုပ်ပုံကိုင်ပုံနဲ့ ပိုင်ဆိုင်မှုတွေကြောင့် တရုတ်စီးပွားရေးရဲ့ သံတမန်လို့ အများက လက်ခံထားကြရသူပါ။ အသက် ၃၅ နှစ်မှာ သူ စတည်ထောင်တဲ့ အလီဘာဘာဟာ အခုဆို တရုတ်နိုင်ငံသားတိုင်းလိုလို သုံးနေပြီဖြစ်တဲ့ ဒစ်ဂျစ်တယ် ငွေးပေးချေရေး အလီပေး အပါအဝင် အခြား နိုင်ငံတွေမှာပါ အီးကောမာ့စ်လို့ခေါ်တဲ့ အီလက်ထရောနစ် ကုန်သွယ်စီးပွားရေးလုပ်ငန်း အများအပြားကို ပိုင်ဆိုင်တဲ့ ထိပ်တန်း ကုမ္မဏီကြီးဖြစ်လာခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ၃၉ ဒဿမ ၃ ဘီလီယံ တန်နေပါပြီ။
ဂျက်မားဟာ တရုတ်နိုင်ငံတွင်းမှာပဲ ကျယ်ရဲတဲ့ အိမ်ကျယ်မဟုတ်ပါဘူး။ နိုင်ငံအများအပြားမှာ နိုင်ငံ့ခေါင်းဆောင်တွေ၊ စီးပွားရေး ခေါင်းဆောင်တွေနဲ့ တွေ့ပြီး လက်ချာပေးနိုင်သူပါ။ ၂၀၁၇ ခုနှစ်ထဲမှာ အမေရိကန်ကို သွားပြီး သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ပါတယ်။ အဲဒီမှာ အမေရိကန်ကို အလုပ်အကိုင် တသန်းဖန်တီးပြီး တရုတ်ကို ဈေးရောင်းနိုင်ဖို့ လုပ်ပေးမယ်လို့ ပြောခဲ့တယ်။ တကယ်လည်း အစွမ်းပြနိုင်သူပါ။ ၂၀၁၈ ခုနှစ် ထိုင်းခရီးစဉ်မှာ ထိုင်းဒူးရင်းသီး ၈ သောင်းကို တမိနစ်အတွင်း အွန်လိုင်းပေါ်ကနေ တရုတ်ပြည်ကို ရောင်းပြသွားခဲ့တယ်။
ဂျက်မားဟာ အလှူအတန်းလည်း လုပ်ပါတယ်။ ပညာရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ လူထုကျန်းမာရေးကဏ္ဍတွေကို ရည်ရွယ်ပြီး အလှူလုပ်ဖို့ ဂျက်မဖောင်ဒေးရှင်းကို ထောင်ထားပါတယ်။ ၂၀၁၅ ခုနှစ်မှာ အကျိုးအမြတ်မယူတဲ့ အလီဘာဘာ ဟောင်ကောင် စွန့်ဦးတီထွင်သူ လူငယ်များ ဖောင်ဒေးရှင်းကိုလည်း တည်ထောင်ပြီး စီးပွားရေးလုပ်ငန်းတွေ ကြီးထွားလာစေရေး အကြံဉာဏ်တွေ နည်းလမ်းတွေ ရှာဖွေပေးပါတယ်။ ၂၀၁၈ ခုနှစ် ဟောင်ကောင်တက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ လက်ခံယူချိန်မှာ ဂျက်မားက အနာဂတ်ကမ္ဘာဟာ နည်းပညာတွေနဲ့ ပုံဖော်မှာ ဖြစ်ပြီး ပညာရေးက အဓိက အရေးပါလာမယ်လို့ ဆိုလိုက်တယ်။
ဒါကြောင့် မြန်မာပြည်က လိုအပ်နေတဲ့ အခြေခံအဆောက်အဦတွေအတွက် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်ရဲ့ ရပ်ဝန်းတခု လမ်းတခု အကောင်အထည်ဖော်မယ့် စီမံကိန်းတွေအပြင် စက်မှု ၄ ဒဿမ ၀ ခေတ်နဲ့ အီးကော်မာ့စ်၊ နည်းပညာနဲ့ အနာဂတ် ပညာရေး၊ စွန့်ဦးတီထွင် စီးပွားရေး အကြံသစ် ဉာဏ်သစ်တွေကိုပါ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြန်သယ်လာနိုင်ဖို့ ဂျက်မားနဲ့ တွေ့ဖြစ်အောင် တွေ့လိုက်ပါ။