သြင်္ကန်တုန်းက သံချပ်တွေကို ဆင်ဆာတင်မှ လက်ခံမယ်ဆိုတဲ့ သတင်းကို ဖတ်မိပြီး လွန်ခဲ့တဲ့နေ့က မရမ်းကုန်းတရားရုံးမှာ ဒေါင်းတို့ မျိုးဆက်သံချပ်အဖွဲ့တွေကို တွေ့လိုက်ရတယ်။ ထောင်ကို ပို့လိုက်တယ်ပေါ့။ ပြီးတော့ online ပေါ်မှာ တယောက်က ဒီဧပြီလ ထဲမှာတင် အဖမ်းခံရတာ ၈ ယောက်ရှိသွားပြီ ဆိုပြီး စာရင်းနဲ့တကွ ဖေါ်ပြထားတာတွေ့ပြီး ပေါ်လာတဲ့အတွေးနဲ့ ရေးဖြစ်ခဲ့တာပါ။
အတွေးထဲပေါ်လာတာက ဘုရင်ဖြစ်ချင်လို့ ဘုရင်ကို တော်လှန်တာကို တော်လှန်ရေးလို့ ခေါ်နိုင်မလား။ တနည်းအားဖြင့် အစိုးရဖြစ်ချင်လို့ လက်ရှိအစိုးရကို တော်လှန်တာကို တော်လှန်ရေးလို့ ခေါ်နိုင်မလား။ ကျနော်ကတော့ အစိုးရစနစ်ကြီးကို ပြုပြင်ပြောင်းလဲချင်လို့ ဆောင်ရွက်တာကို တော်လှန်ရေးလို့ ယူဆချင်ပါတယ်။ ပြုပြင်ပြောင်းလဲဖို့ အာဏာရယူခြင်းလို့ ခေါင်းဆောင်တွေ ပြောခဲ့တာလည်း မှတ်မိနေပါတယ်။
ဘာဘဲပြောပြော ဗိုလ်နေဝင်းတုန်းကတောင် ရှင်းရှင်းလင်းလင်းနဲ့ “ခေတ်ပြောင်း တော်လှန်ရေး” လို့ ဗြောင်ကြေညာရဲသေးတယ်။ အခု ပြောင်းလဲချိန်တန်ပြီဆိုတာက ကြာလေလေ ဘာကိုဆိုလိုမှန်း မသိလေလေ ဖြစ်လာတယ်။ အရင်တုန်းက ကိုယ်တွေထင်ခဲ့တဲ့ အဓိပ္ပါယ်နဲ့ တဖြည်းဖြည်းလွဲလာတယ်လို့လည်း ခံစားလာကြရတယ်။
အစိုးရ လုပ်ငန်းတွေမှာ ပြောင်းလဲချိန်တန်လို့ ပြောင်းလဲရမယ့် လုပ်ငန်းတွေ အများကြီး ရှိပါတယ်။ ဒီလိုပါပဲ ဆက်လက်ထိန်းသိမ်းပြီး လုပ်ကိုင်သွားရမယ့် လုပ်ငန်းတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် ပြောင်းလဲသင့်ရက်သားနဲ့ မပြောင်းလဲဘဲ ထိန်းသိမ်း ဆက်ခံ လုပ်ကိုင်နေတာမျိုးကတော့ ဝေဖန်စရာတွေ ဖြစ်လာမှာပါဘဲ။ ဝေဖန်ကြမှာပါဘဲ။
အထူးသဖြင့် သြင်္ကန်လိုကာလမျိုးမှာ သံချပ်တွေနဲ့ အစိုးရကို ဝေဖန်တာဟာ ဒီမိုကရေစီနိုင်ငံဆိုရင် အဆန်းမဟုတ်တော့ပါဘူး။ မြန်မာပြည်မှာဆိုရင် ဓလေ့ထုံးတမ်းတခု လိုတောင် ဖြစ်နေပါပြီ။ ဝေဖန်ခွင့်ပေးလိုက်ဖို့ပါဘဲ။ ပြောချင်တာကို ပြောခွင့်ပေးလိုက်တဲ့အတွက် တင်းမာမှုတွေ ပြေလျော့ သွားတော့ မကောင်းပေဘူးလား။ ပိတ်ပင်လေ ပြောချင်လေဆိုတာ လူ့သဘာဝပါ။
ပိုပြီး စိတ်ပျက်စရာကောင်းတာကတော့ အဝေဖန်မခံချင်တော့တာပါဘဲ။ ဟိုတုန်းက စစ်အစိုးရ လုပ်ခဲ့သလိုမျိုး သံချပ်အဖွဲ့တွေကို ဆင်ဆာတည်းဖြတ်ဖို့ တင်ပြခိုင်းတာကို ကြည့်ရင် သိနိုင်ပါတယ်။ ၆၆(ဃ) လို ဆက်သွယ်ရေး ဥပဒေလိုမျိုးကိုလဲ ပြင်နိုင်စွမ်းရှိနေပါလျက်နဲ့ မပြင်ဘဲ ဆက်ထားနေတယ်။ ပိုဆိုးတာက အဲဒီဥပဒေကို အသုံးချပြီး ကိုယ့်ကိုကိုယ် ကာကွယ်နေတာပါ။
ရွေးကောက်ပွဲ နိုင်လာတော့ ပြည်သူအားလုံးရဲ့ ကိုယ်စားလှယ်ဖြစ်လာကြတယ်။ မဲပေးခဲ့တဲ့ မဲဆန္ဒရှင်အားလုံးကို ကိုယ်စားပြုပါတယ်။ ကိုယ့်ကို ကန့်ကွက်မဲပေးခဲ့တဲ့လူတွေကိုလဲ ကိုယ်စားပြုရပါတယ်။ ခွဲခြားလို့ မရပါဘူး။ အားလုံးကို တန်းတူညီမျှ ဖြစ်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပေးရပါတယ်။ ပြည်သူ့ကိုယ်စားလှယ် ဖြစ်လာတဲ့အခါမှာ ပြည်သူကို ခွဲခြားပြီး အကျိုးပြုလို့ မရတော့ပါ ဘူး။ ကျနော်တော့ ဒီလိုနားလည်ပါတယ်။ ကိုယ့်ပါတီတခုတည်းရဲ့ ကိစ္စကိုပဲ ကွက်ဆောင်ရွက်ဖို့ မသင့်တော်တော့ပါဘူး။
ခုတော့ ကိုယ်တိုင်က အစိုးရ ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေ ဖြစ်လာပေမယ့် ပါတီယူနီဖေါင်းကိုပဲ ပွဲတိုင်းဝတ်ဆင်နေတာကို တွေ့ရတော့ ပါတီစွဲ သိပ်များနေပြီလားလို့ သံသယဖြစ်မိတယ်။ ပါတီလုပ်ငန်းတွေမှာ ဝတ်ဆင်ပါလေ၊ အစိုးရလုပ်ငန်းတွေကို လုပ်ရင်တော့ ကိုယ့်ပါတီဝင် မဟုတ်တဲ့ ပြည်သူလူထုကိုလည်း ကိုယ်စားပြုပါတယ်ဆိုတဲ့ အမြင်လေးဖြစ်လာအောင် ပါတီယူနီဖေါင်းတော့ ချွတ်သင့်တယ်လို့ မြင် ပါတယ်။ “ပါတီသာ အမိ၊ ပါတီသာ အဖ” ဆိုရင်တော့ နိုင်ငံတော်အတွက် နောက်ထပ်တဖန် ခက်ရချည်ရဲ့ဗျာ။
ကိုယ်တွေက အစိုးရ မလုပ်ဖူးတော့ သိပ်မသိဘူးဆိုရင်လည်း လက်ခံရပါလိမ့်မယ်။ ဒါပေမယ့် အစိုးရ တရပ်မှာ ဘယ်ဆုံးဖြတ်ချက် ဖြစ်ဖြစ် အနှောင့်အသွား လွတ်တယ်ဆိုတာတော့ မရှိလောက်တာကို နားလည်ပေးနိုင်ပါတယ်။ အားလုံးကို ကျေနပ်အောင် ဘယ်သူကမှ လုပ်မပေးနိုင်မှန်းလည်း လက်ခံပါတယ်။ ဘယ်လို ဆုံးဖြတ်ချက် ဖြစ်ဖြစ် တဦးဦး တဖွဲ့ဖွဲ့ကိုတော့ ထိခိုက်တာ နစ်နာတာတွေ ကတော့ သေချာပေါက်ရှိလာမှာပါဘဲ။ အဲဒီအထဲကမှ ထိခိုက်မှု အနည်းဆုံး နဲ့ အကျိုးဖြစ်ထွန်းမှု အများဆုံး ဖြစ်မယ့် ဆုံးဖြတ်ချက်ကို ရွေးချယ်ရတာပါ။ ဒါက ကျနော့်အတွေးကို ပြောနေတာပါ။ တကယ့် လက်တွေ့လုပ်နေတဲ့ အစိုးရကတော့ ဘယ်လိုတွေးပြီး ဘယ်လို ဆုံးဖြတ်သလဲ ကျနော် မသိပါ။
ဘယ်ခေတ်ဖြစ်ဖြစ် အာဏာရရှိရေးဆိုတဲ့ ရည်ရွယ်ချက် တခုတည်းနဲ့ လက်ရှိအစိုးရကို ချောက်ချဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ အဖွဲ့အစည်းနဲ့ လူစုတွေက အမြဲလိုလို ရှိနေတတ်တာ နားလည်လက်ခံနိုင်ပါတယ်။ သူတို့ရန်ကို စိတ်ပူလို့ ဖိနှိပ်မှုတွေ၊ ချုပ်ချယ်မှုတွေ၊ ပိတ်ပင်မှုတွေ၊ တီထွင်ပြီး အရေးယူမှုတွေ လုပ်ရတာပါ ဆိုတဲ့ ဆင်ခြေပေးမှုကလည်း အတိုင်းအတာတခုထိ နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် အဲဒီအဖွဲ့အစည်းနဲ့ လူစုတွေကို အကြောင်းပြုပြီး အလုပ်တွေကို ပိုပြီးမှန်ကန်အောင်၊ ပိုပြီးတိုးတက်အောင်၊ ပိုပြီး ဥပဒေနဲ့ညီအောင်၊ ပိုပြီး စည်းကမ်းရှိအောင် “ တွန်းအား ” အဖြစ် အသုံးချမယ်ဆိုရင် ထိတ်လန့်နေတာထက် ပိုပြီးအကျိုးရှိလိမ့်မယ်လို့ ကျနော် ယူဆမိပါတယ်။
ရှစ်ဆယ့်ရှစ် အရေးတော်ပုံတုန်းက ကြွေးကြော်ခဲ့ကြတာက ဒီမိုကရေစီ ဖြစ်ပါတယ်။ ပြည်သူတွေက ရွေးချယ်တဲ့ ပြည်သူ့ကိုယ်စား လှယ်တွေနဲ့ ပြည်သူတွေကို ပြန်ပြီး စီမံခန့်ခွဲ (အုပ်ချုပ်) ဖို့ ဖြစ်ပါတယ်။ ပါတီကိုရွေးပြီး ပါတီဝင်တွေကိုပဲ အုပ်ချုပ်ခိုင်းတာမျိုးကတော့ အာဏာရှင်ပါတီတွေမှာပဲ တွေ့ရပါတယ်။ ဒီမိုကရေစီကို ဖေါ်ဆောင်တဲ့ ပါတီတွေမှာ အရမ်းသတိထားရတဲ့ ကိစ္စမျိုးဖြစ်ပါတယ်။ ပါတီဝင် ဖြစ်ပေမယ့် ပြည်သူက ရွေးချယ်လို့ ပြည်သူ့ကိုယ်စားလှယ် ဖြစ်လာရင်တော့ ပြည်သူကိုပဲ ကိုယ်စားပြုရမှာ ဖြစ်ပါတယ်။ “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ ” ဖြစ်နေရပါမယ်။ လွှတ်တော်နဲ့ အစိုးရ အပြန်အလှန် ထိန်းကျောင်းသွားကြတယ်ဆိုပေမယ့် အစိုးရနဲ့ ပြည်သူ၊ လွှတ်တော်နဲ့ ပြည်သူ အပြန်အလှန် သဘောထား ထိန်းညှိမှုတွေရှိအောင်လည်း လမ်းကြောင်းဖေါက်ထားသင့်ပါတယ်။ ကိုယ်ကောင်းရင် ခေါင်းဘယ်မရွေ့ဆိုတာ အဲဒီအခြေအနေမှာ သိသာပါလိမ့်မယ်။ ဒါမှ ပြည်သူလူထုကို မှန်မှန်ကန်ကန် ခေါင်းဆောင်မှု ပေးနိုင်မှာ ဖြစ်ပါတယ်။ အပြောင်းအလဲ လုပ်ချင်တဲ့ လူထုဆီကလည်း ထောက်ခံချက် အမြဲရနေမှာ ဖြစ်ပါတယ်။
တိုင်းပြည်တခုဟာ တိုးတက်မှု ရှိလာသလား၊ မရှိဘူးလားဆိုတာ ပြည်သူလူထုတရပ်လုံးက မသိကြပေမယ့် နိုင်ငံရေးကို နားလည်သူတွေကတော့ သေသေချာချာ သိကြပါတယ်။ တိုင်းပြည်ကို တကယ်ချစ်ကြတဲ့ ပုဂ္ဂိုလ်တွေကတော့ ဘယ်ပါတီ ဘယ်အစိုးရဖြစ်ဖြစ် အားနည်းချက် အားသာချက်တွေကို ဝေဖန်ထောက်ပြနေ ကြမှာပါပဲ။ ဒါကို အာဏာလိုချင်လို့ ပြောနေတာ၊ မနာလိုလို့ ရေးနေတာ၊ အဖျက်လုပ်နေကြတာ စတဲ့ အထင်အမြင်လွဲ သုံးသပ်မယ် ဆိုရင် အမှားကြီးမှားပါလိမ့်မယ်။ နိုင်ငံတော်ကို စီမံအုပ်ချုပ်တဲ့ အစိုးရ ဖြစ်နေမှတော့ ဘယ်သူက မိတ်ဆွေ၊ ဘယ်သူက ရန်သူဆိုတာကို ကွဲကွဲပြားပြား ခွဲခြားတတ်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။
ဒီတော့ ဝေဖန်ကြတာကို နားထောင်ပေးစေချင်ပါတယ်။ အဲဒီအထဲကမှ အမှားနဲ့အမှန်ကို ခွဲခြားပြီး အမှားကိုပြင်၊ အမှန်ကို ကောက်ယူသုံးစွဲစေချင်ပါတယ်။ သံချပ်ဆိုတာ လူထုနဲ့အတော်ကို နီးစပ်တဲ့ အသံတွေ ဖြစ်တာမို့ နားထောင်စေချင်ပါတယ်။ ဆင်ဆာတင်ပြီး မှ ခွင့်ပြုမယ်ဆိုရင် တနည်းအားဖြင့် သွယ်ဝိုက်တာဝန်ယူတာ ဖြစ်တယ်ဆိုတာ သတိချပ်စေချင်ပါတယ်။ အခု တရားစွဲခံရတဲ့အခါ ဆင်ဆာစိစစ်သူတွေက ဘယ်လို တာဝန်ယူပေးကြမလဲဆိုတာကလည်း မေးခွန်းတခု ဖြစ်ပါတယ်။ ဆင်ဆာ မတင်တဲ့လူတွေဆိုတာ ကိုယ့်ယုံကြည်ချက်အတွက် ကိုယ့်တာဝန် ကိုယ်ယူကြသူတွေပါ။ သူတို့ကို ခွင့်ပြုပေးဖို့ လိုပါတယ်။ သူတို့အသံကို နားထောင်ဖို့ လိုပါတယ်။
တာဝန်ရှိသူများ ဆင်ခြင်တော်မူနိုင်ကြပါစေ။
(စိုင်းညွန့်လွင်သည် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အထွေထွေ အတွင်းရေးမှူး ဖြစ်သည်။)