ဝပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) က ပြင်းပြင်းပြပြ ၎င်း၏ ရည်မှန်းချက်နောက်သို့ လိုက်ခြင်းမှတဆင့် တိုင်းပြည်တွင် အစဉ်အလာ မရှိဖူးသေးသည့် နိုင်ငံရေး စွန့်စားမှုတခုကို ဖန်တီးမည့် အလားအလာ ရှိနိုင်သည်ဟု ၂၀၁၇ ခုနှစ် မေလတွင် ကျနော် ရေးသားခဲ့ပါသည်။ စစ်ရေး စွမ်းဆောင်ရည်ကို ပိုမိုခိုင်မာအားကောင်းအောင် ပြုလုပ်ရင်း ၎င်း၏ နယ်မြေကို ပြည်နယ်တခုအဖြစ် ပြောဆိုခြင်းနှင့် အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် မဟာမိတ်ပြုခြင်းမှ တဆင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်(NCA) ကို ငြင်းပယ်ခြင်းတို့ ဖြစ်သည်။
၂ နှစ်ကြာသည့်အခါ UWSA က ယခုအခါတွင် ပိုမိုမြင်သာထင်ရှားလာနေသော ၎င်း၏ ရည်ရွယ်ချက်များ ရယူရေးကို မပြောင်းမလဲ ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်သည်။ ဧပြီလ ၁၇ ရက်နေ့တွင် UWSA က ၎င်းတို့၏ နှစ် ၃၀ ပြည့် အခမ်း အနားကို ကျင်းပပြုလုပ်ခဲ့သလို ကြီးကျယ်ခမ်းနားသော စစ်ရေးပြပွဲတခုဖြင့် ၎င်း၏ အင်အားကို ထုတ်ဖော်ပြသခဲ့သည်။ UWSA တပ်ဖွဲ့များက အမြောက်ကြီးများ၊ ဒရုန်းများနှင့် ရဟတ်ယာဉ်များအပါအဝင် ခေတ်မီလက်နက်များကို သရုပ်ပြခဲ့ ကြသည်။
ပြီးခဲ့သည့် ၂ နှစ်အတွင်းတွင် UWSA က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော် – မိုင်းလားတပ်ဖွဲ့ (NDAA) ၊ ရှမ်းပြည်တိုးတတ်ရေးပါတီ (SSPP/SSA ) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-ကိုးကန့်တပ်ဖွဲ့ (MNDAA) ၊ တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ရက္ခိုင် စစ်တပ် (AA) အစရှိသည့် အဖွဲ့ များနှင့် ပူးပေါင်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ ပါဝင်သော ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC) ကို ဖွဲ့စည်းခဲ့သည်။
အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မဟာမိတ်ပြုလုပ်ခြင်းနှင့် ၎င်း၏ ကိုယ်ပိုင်စစ်အင်အားကို တည်ဆောက် ခြင်းတို့က UWSA အတွက် ၎င်း၏ ရည်မှန်ချက်နောက်သို့ လိုက်ရာတွင် လွယ်ကူအောင်ပြုလုပ်ပေးခဲ့သည်။ ယခုအခါ UWSA တွင် တရုတ် စစ်အရာရှိများက အထူးလေ့ကျင့်ပေးထားသော တပ်ဖွဲ့ဝင် ၃၀၀၀၀ ရှိသည်ဟု ခန့်မှန်းရသည်။ ခဲယမ်း မီးကျောက်များကို တရုတ်ပညာရှင်များ အကူအညီဖြင့်ထုတ်လုက်သည်။ ထို့ပြင် တင့်ကားများ၊ ၁၀၅ မမ ဟောင်းဝစ်ဇာ အမြောက်များ၊ စနိုက်ပါရိုင်ဖယ်များ၊ တင့်ကားဖျက်လက်နက်များနှင့် တရုတ်နိုင်ငံမှ ရဟတ်ယာဉ်များကဲ့သို့သော ခေတ်မီ လက်နက်များ ရှိနေသည်။ UWSA သည် TY-90 ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များ တပ်ဆင်ထားသည့် ရဟတ်ယာဉ်များ ပိုင်ဆိုင်ထားသည့် တခုတည်းသော အဖွဲ့ဖြစ်သည်။
တရုတ် အစောင့်အရှောက်ခံ ပြည်နယ်
တရုတ်နိုင်ငံက ဝ နယ်မြေကို မည်သည့် ရန်သူများထံမှမဆို ကာကွယ်ခဲ့သည့် အသွင်ရှိသည်။ အထူးသဖြင့် မြန်မာ့တပ်မ တော်ထံမှ ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးကစားပွဲ ကစားရန်အတွက် တရုတ်အစိုးရက UWSA ကို လိုအပ်သည်။ “တရုတ်နိုင်ငံသည် UWSA ကို ကာလရှည်ကြာစွာ ထောက်ပံ့ အားပေးခဲ့သူဖြစ်ခဲ့ပြီး မြန်မာအစိုးရနှင့် ၎င်း၏ ဆက်ဆံရေး တွင် UWSA ကို အရေးပါသော မဟာမိတ်အဖြစ် သဘောထားသည်။ မြန်မာအစိုးရအပေါ် ဖိအားပေးဗျုဟာတခု အနေဖြင့် UWSA ကို စီးပွားရေးအရရော စစ်ရေးအရပါ ထောက်ပံ့မှုများ ပြုလုပ်နေခဲ့သည် ” ဟု C. S. Kuppuswamy က ရေး သားခဲ့သည်။
UWSA က ခေတ်မီ စစ်ပစ္စည်းများနှင့် လက်နက်များ တရုတ်နိုင်ငံထံမှ ရရှိနေသည့်အတွက် ထိုအချက်က ပိုမို၍ ထင်သာ မြင်သာရှိလာခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံက ဒုံးကျည်များ တပ်ဆင်ထားသည့် ရဟတ်ယာဉ်များပေးပို့ခဲ့ပြီး မြန်မာ့တပ်မတော်ကို အလွန်ပင် စိတ်ပျက်စေခဲ့သည်။ မြန်မာနိုင်ငံက အနောက်တိုင်းဘက်သို့ ရုတ်တရက် ဦးတည်သွားခြင်း၊ ဥပမာအားဖြင့် ၂၀၁၇ ခုနှစ် ဧပြီလတွင် အမေရိကန် စစ်သင်္ဘောတစီး လာရောက်လည်ပတ်သည်ကို လက်ခံခြင်းများ နောက်ပိုင်းတွင် တရုတ်နိုင်ငံက UWSA အပေါ်တွင် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ခဲ့သည့် အသွင်ရှိပါသည်။
ထို့ပြင် တရုတ်၏ ဒေသတွင်း ပြိုင်ဘက်ဖြစ်သည့် အိန္ဒိယက မြန်မာရေတပ်သို့ တော်ပီဒိုများ ထောက်ပံ့ရန် ၂၀၁၇ ခုနှစ် မတ်လတွင် မြန်မာ့တပ်မတော်နှင့် သဘောတူညီချက်တခု ပြုလုပ်ခဲ့သည်။ အဆိုပါ ကန်ထရိုက်က အမေရိကန်ဒေါ်လာ ၃၇.၉ သန်း (ကျပ်ငွေ ၅၇.၆၇ ဘီလီယံ) တန်ဖိုးရှိပြီး ဆယ်စုနှစ်များစွာ တရုတ်နိုင်ငံအပေါ် မှီခိုနေခဲ့ရပြီးနောက် အခြားတိုင်းပြည်များဘက်သို့ စတင်ကြည့်ရှုလာသော တပ်မတော်အတွက် အဓိကကျသော အလှည့်အပြောင်းတခု ဖြစ်သည်။ အိန္ဒိယနိုင်ငံက ညကြည့် ကိရိယာများ၊ ဘေလီတံတားများ၊ ရော့ကက်လောင်ချာများ၊ မော်တာများ၊ ရိုင်ဖယ်များ နှင့် ဆက်သွယ်ရေး ပစ္စည်းများကိုလည်း မြန်မာ့တပ်မတော်သို့ ပံ့ပိုးပေးခဲ့သည်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ၎င်း၏ ပတ်လမ်းထဲမှ ထွက်မသွားစေလိုပါ။ အကယ်၍ မြန်မာနိုင်ငံက တရုတ်နိုင်ငံကို အ ပြည့်အဝ စွန့်ခွာသွားပြီး အနောက်တိုင်းဘက်သို့ များစွာရောက်ရှိသွားခဲ့လျှင်၊ သို့မဟုတ် မြန်မာ အစိုးရက ခေတ်သစ်ပိုး လမ်း မ (BRI) စီမံကိန်းများကို ဖြည့်ဆည်းပေးရန် ပျက်ကွက်ပြီး တရုတ်အစိုးရ၏ ပထဝီနိုင်ငံရေးနှင့် ပထဝီ စီးပွားရေး အကျိုးစီးပွားများကို ဆန့်ကျင်ဆောင်ရွက်ခဲ့လျှင် တရုတ်နိုင်ငံက မြန်မာအစိုးရကိုရော တပ်မတော်အတွက်ပါ “ဆုပေး- ဒဏ်ပေး” ချဉ်းကပ်မှုတခုကို အကောင်အထည်ဖော်ရန် ၎င်းတို့ အကာအကွယ်ပေးထားသော UWSA ကို အသုံးပြုလိမ့် မည်ဖြစ်သည်။
UWSA က ၎င်း၏ နယ်မြေအတွက် ပြည်နယ်အဆင့်အတန်းကို ဆက်လက်ပြောဆိုနေသော်လည်း ၎င်းက ရှမ်းပြည်နယ် တွင်းတွင် တည်ရှိသည်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ထိုးရန် သူတို့ကို တိုက်တွန်း နေခဲ့သော်လည်း NCA လက်မှတ်ထိုးရန် ၎င်းတို့က ခိုင်ခိုင်မာမာ ငြင်းနေသည်။
UWSA ထိန်းချုပ်သည့် နယ်မြေများကို အစိုးရက “ရှမ်းပြည်နယ် အထူးဒေသ (၂) ဟု ရည်ညွှန်းသော်လည်း UWSA ကိုယ်တိုင်က ၎င်းနယ်မြေများကို ဝပြည်နယ်ဟု ရည်ညွှန်းသည်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း အဖြစ်တရားဝင် သတ်မှတ်ဖော်ပြထားသော်လည်း UWSA က ၎င်းတို့၏ နယ်မြေကို ဝပြည်နယ် အစိုးရ အထူးအုပ် ချုပ်ရေး ဒေသအဖြစ် ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် သတ်မှတ်ခဲ့သည်။
ယခုအခါ “ဝ” နယ်မြေက မြန်မာထံမှ လွတ်လပ်ရေးသဘောမျိုး ရရှိနေပြီး အချုပ်အခြာ အာဏာစက်ဝန်း၏ အပြင်ဘက်တွင် လည်ပတ်နေခြင်းက ငြင်းမရနိုင်ပါ။
(Joe Kumbun သည် ကချင်ပြည်နယ် အခြေစိုက် လေ့လာဆန်းစစ်သူ တဦးဖြစ်ပါသည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ Protected by China, Wa Is Now a de Facto Independent State ကို ဆီလျော်အောင် ဘာသာပြန်သည်။)