မေလ ၃ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ က အစိုးရရဲ့ ဝန်ကြီးဌာန ငါးခုမှာ နိုင်ငံခြားသားပညာရှင်နဲ့ အကြံပေး စုစုပေါင်း ၉၀ ရှိပြီး လစာစရိတ်များကို အစိုးရဘတ်ဂျက်၊ ပြည်ပချေးငွေနဲ့ နိုင်ငံတကာအကူအညီတွေက အကုန်အကျခံနေတယ်လို့ ဖွင့်ပြောခဲ့လို့ ဒီကိစ္စ ဆွေးနွေးစရာ ဖြစ်လာပါတယ်။
အရင် ပါလီမန်ခေတ်မှာလည်း နိုင်ငံခြားသား အကြံပေးတွေကိစ္စနဲ့ ပတ်သက်ပြီး ဦးနုနဲ့ ဖဆပလထဲက ဆိုရှယ်လစ်တချို့ (အထူးသဖြင့် ဦးကျော်ငြိမ်းတို့နဲ့) သဘောကွဲပုံရတယ်။ ဦးနုက နိုင်ငံခြားသားအကြံပေးတွေကို အားကိုးတယ်။ ဆိုရှယ်လစ်အုပ်စုကတော့ နိုင်ငံခြားသား အကြံပေးတွေကို သဘောမကျဘူး။ ဒီကိစ္စမှာ တပ်ကလည်း ဆိုရှယ်လစ်တွေနဲ့ သဘောညီခဲ့တယ် ပြောရမယ်။ နိုင်ငံခြားသားအကြံပေးတွေကို အတော်သဘောမကျတာမျိုး တွေ့ခဲ့ရတယ်။
ဗိုလ်မှုးချုပ်မောင်မောင်ရဲ့ရေးသားချက်အရတော့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အကူအညီ (ECA) နဲ့ ခေါ်လိုက်တဲ့ အမေရိကန်ပညာရှင်တွေ၊ နောက်ပိုင်း အမျိုးသားစီးပွားရေးနဲ့ လူမှုရေး စီမံကိန်း ရေးဆွဲရေးကော်မရှင်(NESPC) ဖွဲ့တော့ အမေရိကန်အဖွဲ့ဖြစ်တဲ့ Knappen Tippets Abbett Engineering Co. (အတိုကောက် KTA)က အကြံပေးတွေ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးအကြံပေးအဖြစ် ဆောင်ရွက်တဲ့ Robert Nathan Associates က ဝေါလင်စကီး(နောင်ဗမာပြည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စာအုပ်ရေးသားသူ) ပြန်လည်နေရာချထားရေးနဲ့ မြေစာရင်းမင်းကြီး တာဝန်ယူထားပြီး ဦးနုအားကိုးတဲ့ ဆရာဖာနီဗယ်တို့ကို ရာထူးခန့်ထားတာတွေ၊ အလွန်အမင်းမှီခိုတာတွေကို ဆိုရှယ်လစ်တွေနဲ့ တပ်က အတော်သဘောမကျခဲ့ပုံ ရပါတယ်။
ဦးနုက ဒီလူတွေအပေါ် မှီခိုလွန်းတယ်၊ တကယ်လုပ်နိုင်တဲ့ ဦးကျော်ငြိမ်းတို့ စကားမပေါက်ဘူး၊ ဒီလူတွေက တိုင်းပြည်ဘဏ္ဍာကို ဖြုန်းတီးပစ်တယ်၊ သူတို့ကိုလည်း ငှားရမ်းခ အများကြီး ပေးရတယ်၊ သူတို့စီမံကိန်း (ပြည်တော်သာစီမံကိန်း) မအောင်မြင်ဘူး၊ နိုင်ငံခြားအကြံပေးတို့ရဲ့ ထုံးစံအတိုင်း လုပ်ရင်သာ အကုန်လျှောက်လုပ်တာ တာဝန်ယူမှု တာဝန်ခံမှု မရှိဘူး၊ အလုပ်လုပ်တဲ့အခါမှာလည်း အကြံပေးရာထူးကိုကျော်ပြီး ဘဏ္ဍာရေးစီမံခန့်ခွဲမှုတွေကိုပါ ဝင်စွက်တယ် စတဲ့ စွပ်စွဲပြစ်တင်မှုပေါင်း များစွာရှိခဲ့ပါတယ်။ ဆရာဖာနီဗယ်ဆို ဘီပီအိုင်ဆေးဝါးစက်ရုံဆောက်တော့ အင်္ဂလန်က Evans and Co., ရဲ့ ဂျင်းထည့်တာ ခံခဲ့ရတယ်ဆိုတဲ့ ပြစ်တင်မှုတွေလည်း ရှိခဲ့ပါတယ်။ အဆိုးဆုံးကတော့ တရုတ်ဖြူကျူးကျော်မှုဖြစ်တော့ အမေရိကန် အကြံပေးတွေကို သူလျှိုတွေလို့ စွပ်စွဲခဲ့ကြတာပါပဲ။ နိုင်ငံခြားက အကြံပေးဆိုရင် တိုင်းပြည်လုံခြုံရေးနဲ့ပါတွဲပြီး စိုးရိမ်ခဲ့ကြတာ သတိထားမိပါတယ်။
နောက်တော့လည်း ဒီအကြံပေးတွေကို ပြန်လွှတ်ပါတယ်။ အိမ်စောင့်အစိုးရခေတ်ကျတော့ ဗိုလ်နေဝင်းက ဗိုလ်မောင်မောင်တို့ကို ဆဲဆိုကြိမ်းမောင်းပြီး နိုင်ငံခြားအကြံပေးတွေကို နှင်ခိုင်းတဲ့အထိပါပဲ။ ဆရာဖာနီဗယ်ဆိုရင် နှစ်လအတွင်း ပြန်ရမယ်ဆိုပြီး နှင်ပါတယ်။ နောက်ပိုင်း နိုင်ငံခြားအကြံပေးတွေအားလုံး ထွက်သွားကြပါတယ်။ ဆရာဖာနီဗယ်ဆို မြန်မာပြည်ကပြန်ပြီး သိပ်မကြာဘူး ဆုံးသွားရှာပါတယ်။ နိုင်ငံခြားအကြံပေးတွေ မရှိတော့လည်း နောက်ပိုင်းမှာ ဗမာ့နည်းဗမာဟန် ဆိုရှယ်လစ်ဆိုတာတွေလုပ်ပါတယ်။ ဝက်ဝက်ကွဲပါပဲ။
ကျနော့်အမြင်ကတော့ နိုင်ငံခြားသားအကြံပေး ပညာရှင်ဆိုတိုင်းလည်း မစွံပါဘူး။ မစွံတာတွေ တပုံတပင် တွေ့ဖူးပါတယ်။ အပေါ်မှာ ရေးခဲ့တဲ့ ဗိုလ်မောင်မောင်တို့ စွပ်စွဲခဲ့တာတွေ မှားလားဆိုတော့ အကုန်မှားတယ်လို့ မဆိုသာပါ။ အထူးသဖြင့် ပညာရှင် အကြံပေးဆိုရာမှာ တိုင်းပြည်ရဲ့ အခြေအနေကိုလည်း သေချာသိဖို့ လိုပါတယ်။ သူတို့ရဲ့ စီမံကိန်းတွေဟာ ရော့ခ်ဖဲလားတို့ ဟင်နရီဖို့ဒ်တို့လို စီးပွားရေးကေစိကြီးတွေ ထူထောင်ထားကြတဲ့ စီးပွားရေးလုပ်ငန်းတွေရှိတဲ့နိုင်ငံတွေမှာ ကောင်းကောင်းလည်ပတ်နိုင်ပေမယ့် ဒီမှာတော့ အခက်အခဲတွေကြုံရတယ်လို့ ဗိုလ်မောင်မောင်က ဆိုပါတယ်။ ဒါပေမဲ့ ဒီအုပ်စုတွေလုပ်ခဲ့ကြတဲ့ထဲမှာ အကျိုးရှိတာတွေ မရှိဘူးလို့တော့ ပြောလို့မရပါဘူး။
သူတို့လုပ်ခဲ့တဲ့ Economic and Engineering Report သုံးတွဲက သိပ်အကျိုးများတယ်လို့ မြင်ပါတယ်။ တနိုင်လုံး စီမံကိန်းလုပ်နိုင်တဲ့ နေရာတွေကို သေသေချာချာလေ့လာ ဆာဗေးတွေ လုပ်ပြီး ထုတ်ထားတဲ့စာအုပ်ပါ။ နောင်တချိန် နဝတ/နအဖခေတ်မှာတောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စီမံကိန်းတွေလုပ်ရင် ဒီစာအုပ်တွေကို ကိုးကားတယ်လို့ နာမည်ကြီးပါတယ်။ နောက်ပြီး ဆရာဖာနီဗယ်ဆိုလည်း အတော်လုပ်ခဲ့ပါတယ်။ ဦးကြီးလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ ဆရာဖာနီဗယ်ဟာ သူနဲ့တွဲလုပ်တဲ့သူတိုင်း သူ့ကို ချီးကျူးကြပါတယ်။ ဦးနုရဲ့ တာဝန်ပေးချက်နဲ့ ဆရာဖာနီဗယ်ပြုစုခဲ့တဲ့ ဗမာပြည်စီးပွားရေးနှင့် လူမှုရေးဖြစ်ပေါ်တိုးတက်မှုကို လေ့လာချက်များ ၈ တွဲ (တရားဝင် ထုတ်ဝေခြင်း မပြုသေး) ဆိုရင်လည်း ဖတ်ကြည့်ရသလောက် သိပ်ကောင်းပါတယ်။ ဒါပေမယ့် ဘီပီအိုင်စက်ရုံတည်ထောင်တဲ့ကိစ္စနဲ့ ဆရာဖာနီဗယ်ရဲ့ပတ်သက်မှုကတော့ ဗိုလ်မှူးချုပ် မောင်မောင် ရေးသလောက်ပဲ သိရပြီး ကျနော်မသိတော့ မှတ်ချက်မပြုချင်ပါဘူး။
ပြောရရင်တော့ နိုင်ငံခြားသား အကြံပေးခန့်အပ်မှုဟာ မလိုလားမှုနဲ့ လိုလားမှု ရှိမှာပါပဲ။ ဒါပေမယ့် နိုင်ငံခြားသားဆိုပြီး ခေါင်းပေါ်ပင့်ထားဖို့ မလိုသလို နိုင်ငံခြားသားကြောက်ရောဂါကလည်း ပြဿနာရှိပါတယ်။ နိုင်ငံခြားသား အကြံပေး ခန့်အပ်မှုနဲ့အတူ လစာကိစ္စကတော့ ပြဿနာရှိမှာပါပဲ။ အထူးသဖြင့် ပြည်တွင်းဝန်ထမ်းတွေ လစာ အင်မတန်နည်းတဲ့ ကျနော်တို့လိုတိုင်းပြည်မှာနိုင်ငံခြားသား အကြံပေးတွေက လစာအများကြီး ရနေတာနဲ့ပတ်သက်ပြီး ပါလီမန်ခေတ်ကတည်း
က ပြသနာရှိနေခဲ့တာပါပဲ။
အချုပ်ပြောရရင်တော့ နိုင်ငံတော်ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ရာမှာ အဓိကအချက် ၃ချက်က အရေးကြီးတယ်လို့မြင်ပါတယ်။ ၁) အစိုးရဟာ နိုင်ငံတော်ရဲ့ အင်စတီကျူးရှင်းတွေကို ပိုင်ပိုင်နိုင်နိုင်ရှိရမယ်။ ၂) ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ စွမ်းရည်မြင့်ရမယ်။ (ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့ ကျွမ်းကျင်ပညာရှင်တွေဆီက အကြံဉာဏ်တွေ ယူသင့်တာယူပေါ့။ ပညာရှင်ဆီက ယူတာ ဗေဒင်ဆရာဆီက ယူတာထက်တော့ ကောင်းပါတယ်။ ဒါပေမယ့် အကြံဉာဏ်ဆိုတာက ဆုံးဖြတ်ချက်ချမှတ်ရာမှာ”စလုံးရေစ” ပဲ ရှိပါသေးတယ်။ ဆုံးဖြတ်ချက်ချမှတ်ဖို့အတွက်ရာ ဆုံးဖြတ်မယ့်သူတွေရဲ့ အရည်အသွေးတွေ၊ ကျွမ်းကျင်မှုတွေ၊ သိနားလည်မှုတွေ၊ ပါးနပ်မှုတွေ၊ ဆုံးဖြတ်နိုင်စွမ်းတွေ အများကြီး လိုနေပါသေးတယ်။ အဲ့ဒါတွေ မရှိရင်လည်း အကြံဉာဏ်ချည်းသက်သက်က မစွံပါဘူး။) ၃) ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်နိုင်စွမ်း ရှိရမယ်။
ဒီ ၃ ချက်ဟာ နိုင်ငံတနိုင်ငံရဲ့စွမ်းဆောင်ရည်ကို လေ့လာတဲ့ နေရာမှာ အရေးကြီးပါတယ်။ ဒါတွေကို ဟန်ချက်ညီညီ ခိုင်ခိုင်မာမာ တည်ဆောက်ရမယ်လို့ မြင်ပါတယ်။
(ကိုရဲသည် ပြည်တွင်း သုတေသနအဖွဲ့အစည်းတခုဖြစ်သော တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့၏ အမှုဆောင်ဒါရိုက်တာဖြစ်သည်)