ဈေးကွက်စီးပွားရေး စနစ်တခု အတွင်းသို့ အသွင်ကူးပြောင်းနေသည့် အချိန်တွင် စီးပွားရေး ဆောင်ရွက်မှုတွင် လျှင်မြန်သော တိုးတက်လာမှုတခုကို မြန်မာနိုင်ငံ ဆက်လက်ရင်ဆိုင်နေရသည်။ စက်မှုလုပ်ငန်းဆိုင်ရာမှ လျှပ်စစ် ဓာတ်အား ဝယ်လိုအား ဆက်လက်တက်လာသလို လေအေးပေးစက်ကဲ့သို့သော ခေတ်မီလူနေမှုမှ လျှပ်စစ်ဓာတ်အား လိုအပ်ချက်က တိုးလာနေသည်။ ရန်ကုန်နှင့် မန္တလေးကဲ့သို့သော စီးပွားရေး အဓိက နေရာများတွင် ထိုအချက်က အထူးပင် မှန်ကန်နေပါသည်။
ပြီးခဲ့သည့် နေ့များအတွင်း အပူချိန်က ၄၀ ဒီဂရီ စင်တီဂရိတ်ကျော်သို့ ရောက်ရှိလာခဲ့ခြင်းနှင့်အတူ တိုင်းပြည်၏ အဓိက ရေအားလျှပ်စစ် ထုတ်လုပ်နေသော ဆည်ကြီးများတွင် ရေနည်းပါးသွားပြီး ရေအားလျှပ်စစ်ထုတ်လုပ်မှု ကျဆင်းသွားကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု မလုံလောက်တော့သဖြင့် ထိုဖြစ်ရပ်သည် အများ အာရုံစိုက်စရာ ဖြစ်လာခဲ့ရသည်။
လျှပ်စစ်ဓာတ်အား ထပ်မံထုတ်လုပ်ရေး ရွေးချယ်စရာ မြန်မာနိုင်ငံတွင် နည်းပါးနေပါသည်။ ဓာတ်ငွေ့ရည် (LNG) မှ သဘာဝဓာတ်ငွေ့ အထိ ဖြေရှင်းခြင်းများက အလွန်ဈေးကြီးပြီး ဓာတ်အား ဝယ်ယူရေး သဘောတူညီချက် တခုကလည်း မပြီး မြောက်ခဲ့ပါ။ ကျောက်မီးသွေးကို ပြည်သူလူထုက ဆန့်ကျင်ကြသည်မှာ မှန်ကန်သောလုပ်ရပ်ဖြစ်သည်။ ရေအားလျှပ်စစ်ဆည်များမှာ ပြီးစီးရန် အချိန်ကြာမြင့်သလို ဒေသခံပြည်သူလူထုနှင့် သဘာဝပတ်ဝန်းကျင်အပေါ် များစွာသက်ရောက်မှု ဖြစ်နိုင် သည်။ ယခု ဓာတ်အား ပြတ်တောက်မှုကို ကုစားရန် တိုင်းပြည်က ၅ နှစ် သို့မဟုတ် ၁၀ နှစ်စောင့်ဆိုင်းရန် မဖြစ်နိုင်ပါ။ ယခုအချိန်သည် အစိုးရက လျှင်လျှင်မြန်မြန် ပြတ်ပြတ်သားသား ဆောင်ရွက်ရမည့် အချိန်ဖြစ်ပါသည်။
အလျှင်အမြန် ဖြစ်နိုင်သည့် အဖြေတခုမှာ နေရောင်ခြည် စွမ်းအင်(ဆိုလာ)ဖြစ်ပါသည်။ ရေအားနှင့် သဘာဝဓာတ်ငွေ့ ဓာတ်အား ထုတ်လုပ်မှုများနှင့်လည်း လိုက်ဖက်မှုရှိသည်။ ဝယ်လိုအားကို မြင့်တက်စေပြီး ရေပြတ်လတ်မှုကို ဖြစ်စေသည့် အခြေအနေများတွင် ဆိုလာက အကောင်းဆုံး ပတ်ဝန်းကျင်ကို ဖန်တီး ပေးနိုင်ပါသည်။
အခြားသော ရုပ်ကြွင်းလောင်စာသုံး သို့မဟုတ် ရေအားဖြင့် ဓာတ်အား ထုတ်လုပ်မှုများကို ယှဉ်ပြိုင်နိုင်ရန် အစိုးရက ပေးသည့် အပိုထောက်ပံ့မှုများ သို့မဟုတ် မက်လုံးပေးသည့် အစီအစဉ်များ မလိုသည့်အချိန်လည်း ဖြစ်ပါသည်။ ထို နေရောင်ခြည် စွမ်းအင်ဖြင့် ဓာတ်အားထုတ်လုပ်သည့် စရိတ်များက ကမ္ဘာတဝန်းတွင် ဆက်လက်ကျဆင်းနေသည့်အတွက် ထို အခွင့်အရေးကို ရရှိခြင်းက မြန်မာနိုင်ငံအတွက် များစွာ ကံကောင်းပါသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ပြည့်မြဲစွမ်းအင် စက်ရုံများ စတင် တည်ဆောက်သည့်အခါ အစိုးရ၏ ထောက်ပံ့မှုနှင့် မက်လုံးများ ကြီးမားစွာ လိုအပ်ခဲ့ပါသည်။ ထိုအချက်ကို အမေရိကန်၊ ကနေဒါနှင့် ဥရောပ နိုင်ငံ အများအပြားတွင် မြင်တွေ့ရနိုင်ပါသည်။ မြန်မာနိုင်ငံက ထိုသို့ပြုလုပ်ရန် မလိုအပ်တော့ဘဲ အစိမ်းရောင်စွမ်းအင်မှ အကျိုးကျေးဇူး အားလုံးကို ရရှိနိုင်ပါသည်။
ရည်ရွယ်ချက်
မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ထုတ်လုပ်မှုက ၃၀၀၀ မီဂါဝပ်ခန့် ရှိထားပြီး ဖြစ်သည်။ နေရောင်ခြည်စွမ်းအင်ကို ပေါင်း ထည့်လိုက်ခြင်းဖြင့် မြန်မာနိုင်ငံက ၎င်း၏ စွမ်းအင်လိုအပ်ချက် အများစုကို ပြည့်မြဲစွမ်းအင်မှ ရရှိခြင်း အားဖြင့် အရှေ့ တောင် အာရှတွင် အစိမ်းလန်းဆုံး နိုင်ငံတခု ဖြစ်လာနိုင်ပါသည်။ အခြားသော ဓာတ်အားထုတ်လုပ်မှု ပုံစံများကို ဥပေက္ခာ ပြုရမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ညဘက်အချိန်တွင် အသုံးပြုရန် ၎င်းတို့ကို ကျနော်တို့ လိုအပ်ပါသေးသည်။ သို့သော် လည်း အဆိုပါ အရင်းအမြစ်များကို ကျနော်တို့က ပါးနပ်စွာ အသုံးပြုနိုင်ပါသည်။ ဥပမာပြရလျှင် ကော်စတာရီကာ နိုင်ငံ သည် ပြည့်မြဲစွမ်းအင်ကို အဓိက အသုံးပြုသည့်နိုင်ငံတခု ဖြစ်ပြီး ၎င်း၏ စွမ်းအင် ၉၈ ရာခိုင်နှုန်းကျော်ကို ရေ၊ လေ၊ နေ ရောင်ခြည် နှင့် မြေအောက် အပူတို့ကဲ့သို့သော ပြည့်မြဲ အရင်းအမြစ်များမှ ထုတ်လုပ်ခြင်းဖြစ်သည်။
ဆိုလာကို ဓာတ်အားထောက်ပံ့မှု သိသိသာသာ တိုးမြှင့်ရန် အမြန်ဆုံး ပေါင်းထည့်၍ ရနိုင်ပါသည်။ အမေရိကန် ကုန်သွယ်ရေးနှင့် ဖွံဖြိုးရေး အေဂျင်စီ (USTDA) က လေ့လာခဲ့ပြီးသည့် အတိုင်းဆိုလျှင် ၁၀၀၀ မီဂါဝပ်အထိ များပြားသော ပြည့်မြဲစွမ်းအင်ကို လက်ရှိစနစ်အတွင်းသို့ မည်သည့်သက်ရောက်မှုမှ မဖြစ်စေဘဲ ပေါင်းထည့်နိုင်ပါသည်။ ရေကို ချွေတာရန် ၁၂၈၀ မီဂါဝပ် ထုတ်လုပ်သည့် ရေအားလျှပ်စစ် စက်ရုံသို့ နေရောင်ခြည်စွမ်းအင် ၃၂၀ မီဂါဝပ် ပေါင်းထည့်ခဲ့သည့် တရုတ်နိုင်ငံ Longyangxia က အနီးဆုံး ဥပမာဖြစ်သည်။ အလုပ်ဖြစ်ခဲ့သောကြောင့် နောက်ပိုင်းနှစ် အနည်းငယ်အတွင်းတွင် ဆိုလာ နောက်ထပ် ၅၃၀ မီဂါဝပ် ထပ်ပေါင်းထည့်ခဲ့ပြန်သည်။ ယခုအခါ ထိုနေရာတွင် နေရောင်ခြည်မှ ထုတ်လုပ်သည့် ၈၅၀ မီဂါဝပ်က ရေအားလျှပ်စစ်မှ ထုတ်လုပ်သည့် ၁၂၈၀ မီဂါဝပ်နှင့် ချောမွေ့စွာ တွဲဖက်၍ အလုပ်ဖြစ်နေပြီး သုံးစွဲမှု အမြင့်ဆုံးရာသီအထိ ရေအားလျှပ်စစ် ထုတ်လုပ်မှုစွမ်းအားကို အချိန်ပိုကြာအောင် ဆွဲဆန့်ထားနိုင်ခဲ့သည်။
မြန်မာနိုင်ငံက လိုအပ်သည့်ရေအားလုံးကို မုတ်သုန်ရာသီ အတွင်းတွင်ရရှိသော်လည်း တနှစ်တွင် ၆ လမှ ၇ လခန့် ခြောက်သွေ့နေသည့် အတွက် လျှပ်စစ်လိုအပ်ချက် အမြင့်ဆုံးဖြစ်သော ပူပြင်းခြောက်သွေ့သည့် နွေလများအတွင်း ရေအားလျှပ်စစ် ထုတ်လုပ်ရန် ရေကို သိုလှောင်ထားရသည်။ ထိုအချိန်သည် လျှပ်စစ်ဓာတ်အားစနစ်အတွက် စိန်ခေါ်မှု အမြင့်ဆုံး အချိန်ဖြစ်ပြီး လက်ရှိအချိန်တွင် တနေ့လျှင် ၂ နာရီမှ ၃ နာရီ အထိ ဓာတ်အားပြတ်တောက်နေရသည်။ ဓာတ်အားလိုအပ် ချက်ကို မြင့်တက်စေသည့် နေသာသည့် ပူပြင်းသောနေ့များသည် နေရောင်ခြည်စွမ်းအင်အတွက် အမှန်တကယ် အကောင်းဆုံး အချိန်ဖြစ်သည်။ ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်မှုကို ကောင်းစွာဖြည့်စွက်ပေးနိုင်သလို ရေအားလျှပ်စစ် ထုတ်လုပ်ရေး၏ မူလ အကျိုးကျေးဇူးများကို အမြင့်ဆုံးထိ မြှင့်တင်ပေးနိုင်ပါသည်။
နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု
၂၀၁၇ နှင့် ၂၀၁၈ နှစ်များအတွင်း ပြည့်မြဲစွမ်းအင်တွင် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုက တနှစ်လျှင် အမေရိကန်ဒေါ်လာ ၃၀၀ ဘီလီယံကျော် ရှိသည်။ ရင်းနှီးမြှုပ်နှံမှု အများစုက ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ဖြစ်သော်လည်း ဖွံ့ဖြိုးဆဲ နိုင်ငံများကပင် ရင်းနှီးမြှုပ်နှံမှု အများအပြားကို ဆွဲဆောင်နေသည်။ ၂၀၁၇ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၅၀ ဘီလီယံကျော်ခဲ့သည်။ ဓာတ်အားနှင့် FDI နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု လိုအပ်နေသော မြန်မာနိုင်ငံက စီးပွားရေးကို အမြန်ဆုံးမြှင့်တင်ရန် လိုအပ်သည့် နိုင်ငံတခုအတွက် သိသာထိရောက်သည့် ပမာဏဖြစ်သော တနှစ်လျှင် ဒေါ်လာ ၁ ဘီလီယံမှ ၂ ဘီလီယံအတွင်းကို လာမည့် ၅ နှစ်မှ ၁၀ နှစ်အတွင်း ဆွဲဆောင်နိုင်မည်ဆိုသည်မှာ အလွန်ဖြစ်နိုင်သော ကိစ္စတခု ဖြစ်ပါသည်။
ဘာကြောင့် ဆိုလာလဲ
ဆိုလာ ဈေးနှုန်းများက ပြီးခဲ့သည့်နှစ် အနည်းငယ် အတွင်းတွင် သိသိသာသာ ကျဆင်း သွားခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံမှ စီမံကိန်းများအတွက် ဆိုလာက အခြားစွမ်းအင်ထုတ်လုပ်မှုများနှင့် ယှဉ်နိုင်မည့် ဈေးနှုန်းဖြစ်သော ၁ ကီလိုဝပ် နာရီ(တယူနစ်) လျှင် အမေရိကန်ငွေ ၇ ဆင့်မှ ၈ ဆင့်(မြန်မာ ငွေ ၁၀၅ ကျပ်မှ ၁၂၀ အတွင်း) တွင် ရှိနေသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသို့ နေရောင်ခြည်စွမ်းအင်အတွက် အဆိုပြုလွှာ အများအပြား တင်သွင်းထားပြီး ဖြစ်သည်။ LNG သို့မဟုတ် ဓာတ်ငွေ့လောင်စာသုံး ဓာတ်အားထုတ်လုပ်မှုနှင့် နှိုင်းယှဉ်လျှင် နေရောင်ခြည်စွမ်းအင်က အနည်းဆုံး ၃၀ ရာခိုင်နှုန် းသက်သာသည်။ မည်သည့်လောင်စာကိုမျှ သုံးစွဲခြင်း မရှိသည့်အတွက် အနာဂတ်တွင် ဈေးတက်မည့် အလားအလာကို စိုးရိမ်ရန် မလိုသည်ကို ထည့်ပြောရန် လိုမည် မထင်ပါ။ ဆီကြမ်း (bunker fuel) သို့မဟုတ် ဒီဇယ်နှင့် နှိုင်းယှဉ်လျှင် နေရောင်ခြည်စွမ်းအင်က ၅၀ မှ ၆၀ ရာခိုင်နှုန်းအတွင်း ဈေးသက်သာသည်။
သန့်ရှင်းသော ကျောက်မီးသွေးနှင့် ရေအားလျှပ်စစ် စက်ရုံများကို တည်ဆောက်နိုင်ပါသည်။ သို့သော် ၎င်းတို့က အချိန် အနည်းဆုံး ၄ နှစ်မှ ၅ နှစ်နှင့် ၈ နှစ်မှ ၁၀ နှစ်အတွင်း အသီးသီးကြာမြင့်ကြလိမ့်မည်ဖြစ်သည်။ ဂျပန်ဒီဇိုင်း သန့်ရှင်းသော ကျောက်မီးသွေးစက်ရုံများက အလွန်ဈေးကြီးနေဆဲ ဖြစ်သည့်အတွက် ရေရှည်တွင်ပင် နေရောင်ခြည်စွမ်းအင်ထက် ကုန်ကျစရိတ်က များစွာ ပို၍ များပြားလာနိုင်သည်။
နေရောင်ခြည် စွမ်းအင်ကို အသုံးပြုခြင်း၏ အဓိက အကျိုးကျေးဇူးများမှာ
၁ ။ လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ခြင်း- ဆိုလာ စီမံကိန်းများ (၅ မီဂါဝပ်မှ ၁၀ မီဂါဝပ် အတွင်း) ကို ၂ လမှ ၃ လအတွင်း အလွန် နည်းပါးသည့် အချိန်အတွင်းတွင် တည်ဆောက်နိုင်ပါသည်။ ၁၀၀ မီဂါဝပ် ကဲ့သို့ အကြီးစား စီမံကိန်းများကိုပင် ၁ နှစ်အတွင်း တည်ဆောက်နိုင်ပါသည်။ ၁၀၀ မှ ၂၀၀ ကီလိုဝပ်အတွင်း ပေးနိုင်သော စနစ်ဖြစ်သော ခေါင်မိုးပေါ်တင် တပ်ဆင်ရသည့် စီမံကိန်းများကို ၁ လမှ ၂ လ အတွင်း တည်ဆောက်နိုင်ပါသည်။
၂ ။ သင့်တင့်သော နည်းပညာ- နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံများတည်ဆောက်ခြင်းက နိုင်ငံခြားကျွမ်းကျင်သူများ မလိုအပ်ပါ။ ဖွဲ့စည်းမှုနှင့် လျှပ်စစ် ဆက်သွယ်ခြင်းများကို အနည်းငယ် ကြီးကြပ်မှုပေးရုံမျှဖြင့် ပြည်တွင်းအလုပ်သမားများနှင့် ဆောင်ရွက်နိုင်ပါသည်။ မြိတ်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် စီမံကိန်း အချို့ တည်ဆောက်ခဲ့ပြီး ဖြစ်သည်။
၃ ။ အနည်းငယ်ရှိခြင်းက မရှိသည်ထက် ပိုကောင်းသည်- နေရောင်ခြည်စွမ်းအင်က ညဘက်တွင် အသုံးမပြုနိုင်၍ ပြည့်စုံမှု မရှိသော်လည်း ဓာတ်အား အများဆုံးသုံးသည့် နေ့ခင်းတွင် စနစ်တခုလုံးအ တွက် အထောက်အပံ့အဖြစ် ထပ်ဆောင်းပေးနိုင်ပါသည်။ ဓာတ်အားလိုအပ်ချက် မြင့်တက်လာရခြင်း၏ အဓိက အကြောင်းရင်းများဖြစ်ကြသော စက်ရုံများနှင့် လေအေးပေးစက်များကို ဆိုလာက အကူအညီပေးနိုင်သည်။
၄ ။ FDI- ပြည့်မြဲစွမ်းအင် အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက အသင့်ရှိပြီး ဖြစ်သည်။ World Bank၊ ADB နှင့် OPIC တို့ အားလုံးက မြန်မာနိုင်ငံတွင် ပြည့်မြဲစွမ်းအင်အတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှာဖွေနေသည်။ အကယ်၍ လွယ်ကူအဆင်ပြေအောင် စီစဉ်ထားသည့် လုပ်ငန်းစဉ်တခု ရှိခဲ့လျှင် ပုဂ္ဂလိကပိုင် နိုင်ငံခြား ကုမ္ပဏီ အများအပြားကလည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ကြိုးစားနေကြသည်။
၅ ။ နေရာယူမှုနည်းခြင်း- အမိုးပေါ်တွင် တပ်ဆင်ခြင်းက နောက်ထပ်မြေနေရာ မယူပါ။ ထုတ်လုပ်သောစွမ်းအင်ကို စက်ရုံအတွင်း သို့မဟုတ် စက်မှုဇုန်တခု အတွင်း အသုံးပြုနိုင်သည်။ ဓာတ်အား ထပ်မံထုတ်လုပ်ခြင်းကြောင့် ပိုလျှံလာမည့် ဓာတ်အားကို စက်မှုဇုန်များအတွင်းမှ ဖြန့်ဖြူးရေး ထရန်စဖော်မာများတွင် သတ်မှတ် အတိုင်းအဆရှိသောကြောင့် ဆက်သွယ်ခြင်း သို့မဟုတ် ချဲ့ထွင်ခြင်း လုပ်ခွင့်မရှိသည့် အခြားသော သုံးစွဲသူများသို့ ထောက်ပံ့ပေးနိုင်သည်။
၆။ ခေါင်မိုးပေါ်တွင် တပ်ဆင်သည့် စီမံကိန်းများက ဓာတ်အားစနစ်မှ ဆုံးရှုံးမှုများကို လျှော့ချပေးနိုင်သည်။ ဗဟို ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားစီးဆင်းမှု နည်းခြင်းကြောင့် ဖြစ်ရသည့် ဓာတ်အားအရည်အသွေးကို တိုးတက်စေနိုင်သည်။
၇ ။ ခေါင်မိုးပေါ်တွင် တပ်ဆင်သည့် ဆိုလာစနစ်က အမိုးကိုလည်း သိသိသာသာ အေးသွားအောင် ပြုလုပ်ပေးသည်။ ဆိုလာပြားများက အမိုး၏ ဒုတိယ အလွှာဖြစ်သွားသည့်အတွက် အမိုးအပူချိန်ကို ၄၅ ဒီဂရီ ဖာရင်ဟိုက် အထိ လျှော့ကျသွားစေကြောင်း ကျနော်တို့ တွေ့ခဲ့သည်။
၈ ။ အကြီးစားစီမံကိန်းများကို မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေး၊ စစ်ကိုင်းနှင့် မိတ္ထီလာမြို့များ အနီးမှ လယ်ယာ မြေ သို့မဟုတ် စိုက်ပျိုးမြေ အဖြစ် အသုံးပြုရန် မသင့်လျော်သည့် မြေလွတ်မြေရိုင်းများတွင် အသုံးပြုနိုင်ပါသည်။ စိုက်ပျိုးမြေများ အပေါ် သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ပါ။
၉ ။ ရေအားလျှပ်စစ် ရာသီကို ဆွဲဆန့်ပေးနိုင်စွမ်း- အကြီးစား ဆိုလာစက်ရုံများက ရေအားလျှပ်စစ် စက်ရုံများကို ရေ ချွေတာစေပြီး နွေနှောင်းကာလများတွင်ပါ ဓာတ်အား ထုတ်လုပ်ခွင့် ရရှိစေခြင်းအားဖြင့် ရှိနှင့်ပြီး ရေအားလျှပ်စစ် စက်ရုံများကို သိသိသာသာ အထောက်အကူ ပေးနိုင်သည်။
၁၀ ။ နောက်ဆုံးအနေဖြင့် ယခု ဆွေးနွေးနေသော ဓာတ်အားစနစ်နှင့် ချိတ်ဆက်နိုင်သော ဆိုလာစွမ်းအင်ဆိုသည်မှာ ကျေးလက်တောရွာများတွင် မြင်တွေ့နေရသော အဆင့်နိမ့် ဆိုလာပြားငယ်များအကြောင်း မဟုတ်ပါ။ ယခု ပြောဆိုနေသော ဆိုလာစနစ်သည် မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်နိုင်ပြီး ဒီဇယ်ဂျင်နရေတာများကို ကျားကန်ပေးနိုင်သော ခေတ်မီတိကျသော နည်းပညာများဖြင့် ထိန်းချုပ်မှုများ ပါဝင်ပါသည်။ အသုံးပြုသော ဆိုလာပြားများသည် ၂၅ နှစ်ခံ အဆင့် ၁ ဖြစ်ကြပြီး ၂၅ နှစ်ပြည့်ခါနီးတွင် လျှပ်စစ်ဓာတ်အား ထုတ်လွှတ်မှု ၈၀ ရာခိုင်နှုန်း ကျန်နေသေးသည်။ ဂတ်စ်တာဘိုင်နှင့် အင်ဂျင်များသည်ပင် ယင်းဆိုလာပြားများကဲ့သို့ သက်တမ်းမရှည်ပါ။

ဆိုလာလျှပ်စစ် တွင် အားနည်းချက် ၂ ချက်ရှိပါသည်။ သို့သော် စနစ်အတွင်းမှ အခြားသော ဓာတ်အားအရင်းအမြစ်များနှင့် ပူးပေါင်းခြင်းအားဖြင့် သက်ရောက်မှုများကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ပါသည်။
၁ ။ ဆိုလာ လျှပ်စစ်ကို ညဘက်တွင် မထုတ်ယူနိုင်- အသုံးအများဆုံးဖြစ်သည့် ညဘက် နာရီအနည်းငယ်အတွက် ဓာတ်အားပေးစက်များဖြင့် ဖြည့်စွက်ပေးရန် လိုကောင်းလိုအပ်နိုင်ပါသည်။ သို့ သော်လည်း ပုံမှန်အားဖြင့် ဓာတ်အားလိုအပ်ချက်က ပြည်သူများ အိပ်ယာဝင်သွားသည့် အချိန်တွင် လျော့ကျသွား သောအခါ ၎င်းတို့ကို ပိတ်ပစ်လိုက်နိုင်ပါသည်။ ရှိနှင့်ပြီး ရေအားလျှပ်စစ်ကို ထိုအချိန်များတွင် အသုံးပြုနိုင်ပါသည်။
၂ ။ တိမ်ထူသည့်အချိန် သို့မဟုတ် မိုးရွာနေသည့်အခါ အပြောင်းအလဲ ရှိခြင်း- ထိုကိစ္စက မိုးရာသီအတွင်းတွင် အကြောင်းရင်းတခု ဖြစ်နိုင်သော်လည်း တိမ် အနည်းငယ် သို့မဟုတ် တိမ်မဖုံးသည့် အေးမြသည့်ရာသီနှင့် ဓာတ်အားလိုအပ်ချက် အမြင့်ဆုံးဖြစ်သော ပူပြင်းခြောက်သွေ့သည့် ရာသီများတွင် အကြောင်း မဟုတ်တော့ပါ။ မိုးရာသီတွင် နေရောင်ခြည်မှ ဓာတ်အားထုတ်လုပ်မှုက နည်းပါးသော်လည်း ရေအားလျှပ်စစ် ပေါများသည့် အချိန်ဖြစ်ပြီး ရာသီဥတု အေးသည့်အတွက် ဓာတ်အားလိုအပ်ချက်လည်း နည်းသည်။ ရေအားလျှပ်စစ် ထုတ်လုပ်ခြင်း၏ သဘောသဘာဝတွင် အနည်း၊ အများ အတင်အချပြုလုပ်နိုင်သည့် အစွမ်းရှိနေခြင်းနှင့် အတူ နေရောင်ခြည် စွမ်းအင်မှ ထုတ်လုပ်မှုအား အထောက်အကူအဖြစ် အသုံးပြုနိုင်ပါသည်။
ဥပမာပြရလျှင် တက္ကဆက် နှင့် ကယ်လီဖိုးနီးယား တို့တွင် စံချိန်တင်မြင့်မားသည့် လေအားနှင့် နေရောင်ခြည်စွမ်းအင်မှ ဓာတ်အား ထုတ်လုပ်ရေးသည် မဟာကွန်ရက်ကို ထိခိုက်စေခြင်း မရှိဘဲ တခါတရံတွင် ၆၀ မှ ၇၀ ရာခိုင်နှုန်းအတွင်းရှိသော ဓာတ်အား ထောက်ပံ့မှုက ပြည့်မြဲစွမ်းအင် အရင်းအမြစ်များမှ ရရှိသည်။ ၎င်းကို ကြိုတင်ခန့်မှန်းထား ခြင်းနှင့် စနစ်တကျ ထိန်းချုပ်သည်။ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်စွမ်း ၅၀ ရာခိုင်နှုန်းကျော်ရှိသည့် မြန်မာနိုင်ငံက ဆိုလာနှင့် လေအား အသုံးပြုခြင်းကို ကောင်းစွာ ကိုင်တွယ်နိုင်စွမ်း ရှိပါသည်။
လုပ်ငန်း အစီအစဉ်
ဓာတ်အားထောက်ပံ့မှုကို အလျှင်အမြန် တိုးမြှင့်နိုင်ရေးအတွက် အစိုးရအနေဖြင့် ဥပဒေပိုင်းဆိုင်ရာ အပြောင်းအလဲများ ပြုလုပ်ခြင်းနှင့် အတူ အောက်ဖော်ပြပါ အချက်အချို့ သို့မဟုတ် အားလုံးကို အကောင်အထည်ဖော်နိုင်သည်။
၁ ။ အမိုးတွင် နေရောင်ခြည်စွမ်အင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူခြင်း ကဲ့သို့သော ထုတ်လုပ်မှုများအတွက် Net Metering (တပိုင်တနိုင် ထုတ်လုပ်သုံးစွဲ၍ ပိုလျှံသည့် ဓာတ်အားကို အများသုံး မဟာကွန်ယက်လိုင်း တခုသို့ ပို့ပေးပြီး ထိုသို့ပေးရခြင်းအတွက် အဖိုးအခအနေဖြင့် မိမိဘက်မှ ထုတ်လုပ်မှုနည်းသည့် အချိန်တွင် ကွန်ရက်မှ ပြန်လည်ရယူ သုံးစွဲခွင့်ရှိသည့် စနစ်) ကို အကောင်အထည်ဖော်သင့်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းက အချို့သုံးစွဲသူများကို ၎င်းတို့ လိုအပ်ချက်ကို ထေမိစေရန် ဆိုလာဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူမှုများ ပြုလုပ်ခွင့်ပေးသလို အခြားသော သုံးစွဲသူများအတွက်လည်း အထောက်အပံ့ ဖြစ်လာနိုင်မည် ဖြစ်သည်။
၂ ။ ဆိုလာပြားများ၊ လေအားသုံး ဓာတ်အားပေးစက်များနှင့် အငယ်စားရေအားလျှပ်စစ် စနစ်များ ကဲ့သို့သော ပြည့်မြဲစွမ်းအင် ပစ္စည်းကိရိယာများ အားလုံးအတွက် သွင်းကုန်နှင့် ကုန်သွယ် လုပ်ငန်းခွန် ရုပ်သိမ်းပေးခြင်းက ပြည့်မြဲစွမ်းအင် ဖွံ့ဖြိုးရေးအတွက် နောက်ထပ်အားပေးမှုဖြစ်စေပြီး ဓာတ်အားထောက်ပံ့မှု လျော့နည်းနေခြင်းကို ဖြေရှင်းရာတွင် အထောက်အကူ ဖြစ်စေပါလိမ့်မည်။ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတွင် ထုတ်လုပ်သော ပစ္စည်းများအတွက် သွင်းကုန်ခွန် ကင်းလွတ်ခွင့်ပေးထားပြီး ဖြစ်သည်။ ထို့ကြောင့် ဆိုလာပစ္စည်း အများစု အကျုံးဝင် သွားသော်လည်း အမေရိကန်နှင့် ဥရောပနိုင်ငံများတွင် ထုတ်လုပ်သည့် အခြားပစ္စည်းအချို့လည်း ရှိနေသောကြောင့် ဖြစ်သည်။
၃ ။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက (ရင်းနှီးမြှုပ်နှံမှုစရိတ်အပါအဝင် ကိုယ်တိုင်ထုတ်လုပ်လျှင် ကုန်ကျမည့် ဈေးနှုန်းဖြင့်) ပြန်လည်ဝယ်ယူသော အစီအစဉ်တခုနှင့်အတူ ဓာတ်အားဖြန့်ဝေရေး အစီအစဉ်တခုကို အကောင်အထည်ဖော်ခြင်း အားဖြင့် သုံးစွဲသူများသို့ တဆင့် ပြန်လည်ရောင်းချနိုင်ပါသည်။ ထိုအစီအစဉ်က ထိုင်းနိုင်ငံတွင် အလွန်အောင်မြင်နေပြီး ဆိုလာ၊ လေအား၊ ရေအားလျှပ်စစ် အငယ်စားနှင့် စွန့်ပစ်အမှိုက်အပူမှ ဓာတ်အား ထုတ်လုပ်ခြင်းများမှ နောက်ထပ် ၂၀၀၀ မီဂါဝပ်ကျော် ဆွဲဆောင်နိုင်ခဲ့သည့် VSPP (Very Small Power Producers) အစီအစဉ်နှင့် များစွာ တူညီပါလိမ့်မည်။
၄ ။ ဆောင်ရွက်မှုမရှိသေးသည့် ရှိပြီးသား ဆိုလာ PPA (power purchase agreement) ကို ပယ်ဖျက်ခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်း နှင့် နောက်လာမည့် နှစ် အနည်းငယ်အတွင်းတွင် စနစ်အတွင်း၌ လုံလောက်ပြည့်လျှံလာသည် အထိ တနှစ်လျှင် အနည်းဆုံး ၅၀၀ မီဂါဝပ် ထည့်သွင်းပေးမည့် ဆိုလာ PPA အသစ်အတွက် တောင်းဆိုခြင်းတို့ ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်ခြင်းက အလွန်လိုအပ်နေသော ထောက်ပံ့မှုကို စနစ်အတွင်းသို့ ထပ်ထည့်ပေးရင်း ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအတွင်း သက်သာစေပါလိမ့်မည်။
၅ ။ ပိုမို၍ အမြတ်အစွန်းရစေရန်နှင့် အစိုးရ၏ ကြီးကြပ်မှုနှင့်အတူ လွတ်လပ်စွာ စီမံခန့်ခွဲသော အဖွဲ့အစည်းတခုက ပိုမိုတာဝန်ယူလာနိုင်စေရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရပါမည်။ လိုအပ်သည့် ပြုပြင်ပြောင်းလဲရေး မပါဝင်ဘဲ ဓာတ်အားခ မြှင့်တင်ရန် တောင်းဆိုခြင်းက အကျိုးအမြတ် တစိတ်တပိုင်းကိုသာ ပေးနိုင်ပါလိမ့်မည်။
အတိုချုပ်ရသော် ဝန်အားတိုးလာခြင်းနှင့် ရေအားလျှပ်စစ် အပေါ်တွင် အလွန်အကျွံ မှီခိုခြင်းတို့နှင့် အတူ လျှပ်စစ်ဓာတ်အား အခြေအနေက အချိန်နှင့် အမျှ ပိုမိုဆိုးရွားလာလိမ့်မည်ဖြစ်သည်။ လတ်တလောကာလတွင် အရေးတကြီးလိုအပ်နေမှုများကို ဖြေရှင်းရန် အစိုးရက ပါးနပ်သော ဆုံးဖြတ်ချက်တခု ပြုလုပ်ရန် အလွန်အရေးကြီးနေပါသည်။ အဆိုပါ အပြောင်းအလဲများ မရှိခဲ့လျှင် အနာဂတ်စီးပွားရေးဆောင်ရွက်မှုများအားလုံးက တားဆီးခံထားရလိမ့်မည်ဖြစ်ပြီး ပြည်သူများလည်း ဆက်လက်၍ ထိခိုက်နစ်နာကြရလိမ့်ဦးမည်။
(လင်းထွန်းသည် မြန်မာနိုင်ငံမှ စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုကို အလေးပေးသော ဖွံ့ဖြိုးရေး ကုမ္ပဏီတခုဖြစ်သည့် Quasar Resources LLC ၏ မန်နေးဂျင်း ဒါရိုက်တာ ဖြစ်သည်။ သူက မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံမှ နိုင်ငံတကာ ကော်ပိုရေး ရှင်းများနှင့် ဓာတ်အားစနစ် အသုံးချမှုများအတွက် စွမ်းအင်ကဏ္ဍတွင် အတွေ့ အကြုံ ၂၉ နှစ် ရှိထားသူ ဖြစ်သည်။ ယခု ဆောင်းပါးတွင် ပါဝင်သည့် အမြင်နှင့် အယူအဆများသည် စာရေးသူ၏ ကိုယ်ပိုင်သာဖြစ်ပြီး အယ်ဒီတာအဖွဲ့၏ အမြင်ကို ထင်ဟပ်ထားခြင်း မဟုတ်ပါ။)