နိုင်ငံတော်သမ္မတက မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အတွက် အကျဉ်းသားတွေကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးတယ်။ ကုသိုလ်ရတဲ့ကိစ္စ၊ လူတွေ စိတ်ချမ်းသာစေတဲ့ကိစ္စ၊ ကြိုဆိုရမယ့် ကိစ္စပေါ့။ ဒါပေမယ့် အဲဒီလွတ်ငြိမ်းချမ်းသာခွင့်မှာ မပါလို့ဆိုပြီး ရွှေဘိုထောင်မှာ ဆူပူမှုဖြစ်တယ်။
တာဝန်ရှိသူ က သွားတွေ့ဆုံညှိနှိုင်းတယ်။ ဘာတွေသဘောတူတယ်တော့ မသိရဘူး။ ဧပြီ ၂၆ မှာ နောက်ထပ် လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်ထုတ်ပြန်တယ်။ ရွှေဘိုထောင်က ၅၁၅ ယောက်အပါအဝင် စစ်ကိုင်း တိုင်း ထဲက ထောင်အသီးသီးကနေ နှစ်ထောင်ကျော်လွတ်တယ်လို့ အလဲဗင်း မေ ၈ သတင်းမှာ တွေ့တယ်။ ဒါ့အပြင် မေ ၇ ရက်နေ့မှာ တတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထပ်ထုတ်ပြန်တယ်။ မေ ၈ ရက်နေ့ ဗွိုက်စ်သတင်းအရတော့ ဧပြီ ၁၇ ရက်နေ့မှာ ၉ ၅၃၅ ဦး၊ ဧပြီ ၂၆ ရက်နေ့ မှာ ၆၉ ၄၈ ဦး၊ မေ ၇ ရက်နေ့မှာ ၆၅၂၀ ဦး စုစုပေါင်း ၂၃၀၀၃ ဦး လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် အဲဒီလို လွှတ်ပေးမှုတွေရဲ့ နောက်ဆက်တွဲအဖြစ် မေ ၈ ရက်နေ့မှာ အကျဉ်းထောင် တချို့မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာဟာ တန်းတူမှုမရှိဘူး၊ ကျန်ခဲ့သူတွေရှိတယ်ဆိုပြီး ဆူပူမှုတွေ ဖြစ်လာတယ်။ ဒီနေ့မနက် သတင်းမှာတော့ ရွှေဘိုထောင်မှာ သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရတယ် ဆိုတဲ့ သတင်းတွေတက်လာတယ်။
ဒီအဖြစ်အပျက်တွေက ဘာတွေ သင်ခန်းစာယူနိုင်သလဲ။
အတွေ့အကြုံ
ဦးသိန်းစိန် အစိုးရသက်တမ်းကာလ ၂၀၁၂ နောက်ပိုင်းမှာ ပြန်ကြားရေး ဒုတိယဝန်ကြီး၊ ဝန်ကြီး တာဝန်ထမ်းဆောင်ရတဲ့အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးတာနဲ့ပတ်သက်ပြီး အဆုံးအဖြတ်ပေးရတဲ့နေရာက မဟုတ်ပေမယ့် ဘာတွေလုပ်တယ် ဆိုတာကို သိခွင့်၊ မြင်ခွင့်ရခဲ့တယ်။
အဲဒီအချိန်က လွတ်ငြိမ်းချမ်းသာခွင့်ပေးတော့မယ်ဆိုရင် အဓိက အားဖြင့် အပိုင်းနှစ်ပိုင်းခွဲပြီး ပြင်ဆင်ဆောင်ရွက်ပါတယ်။ ပထမအပိုင်းကတော့ နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ခေါ်ဆိုနေတဲ့ သူတွေပေါ့။ အဲဒီသူတွေကို ဝန်ကြီးဦးစိုးသိန်းခေါင်းဆောင်တဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီက စိစစ်တယ်။ အဲဒီကော်မတီမှာ ရဲ၊ အကျဉ်းဦးစီး စတဲ့ အစိုးရဘက်က လူတွေ ပါသလို AAPP ၊ ၈၈ မျိုးဆက် စတဲ့ အဖွဲ့အစည်းတွေက လူတွေလည်းပါတယ်။ အဓိကကတော့ AAPP လို အဖွဲ့အစည်းတွေက နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားသူစာရင်းကို မူတည် ပြီး စိစစ်တယ်။ အဲဒီကော်မတီမှာ ဘယ်လို အကျဉ်းသားတွေကိုပဲ လွတ်ငြိမ်းခွင့်ပေးဖို့ စဉ်းစားမယ်ဆို တဲ့ စည်းကမ်းချက်တွေ အတိအကျသတ်မှတ်ပြီးသားပါ။ အဲဒီကော်မတီက သဘောတူတဲ့ အကျဉ်းသားတွေကို သမ္မတဆီကို တင်ပြရတယ်။ သမ္မတက သဘောတူရင် လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်။
တခါတလေတော့လည်း လွတ်ငြိမ်းချမ်းသာခွင့် အထိ မစောင့်ဘဲ သီးခြား လွှတ်ပေး ာလည်းရှိတယ်။ နောက်တခါ AAPP စာရင်းမှာ မပါ ပေမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က တင်ပြတဲ့စာရင်းကို ဝန်ကြီး ဦး အောင်မင်း က ယူလာတာလည်းရှိတယ်။ အဲဒါကိုလည်း စဉ်းစားဆောင်ရွက်တယ်။
ဒုတိယအပိုင်းကတော့ ရာဇဝတ်မှုတွေနဲ့ပတ်သက်တဲ့ အကျဉ်းသားတွေဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်ရင် သုံးလေးလ ကြိုတင်ပြင်ဆင်ပါတယ်။ ပထမအဆင့်မှာတော့ ဘယ်လို ပြစ်မှုအမျိုးအစား၊ လွတ်ရက်ဘယ်လောက်ကျန်တဲ့သူတွေ၊ သီးခြားစဉ်းစားပေးရမယ့် အမှုကိစ္စများဆိုတဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ဆိုင်ရာ မူဝါဒတွေကို သမ္မတက အတည်ပြုပေးရတယ်။ အဲဒါရရင် အကျဉ်းဦးစီးရုံးချုပ်က သူ့မှာ ရှိတဲ့ စာရင်းတွေကို ကိုင်ပြီး ဘယ်ထောင်က ဘယ်သူတွေဟာ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ အကျုံးဝင်နိုင်တယ်ဆိုတာကို ပြုစုရ တယ်။
အဲဒီလို ပြုစုတာဟာ လျှို့ဝှက်ပြီးဆောင်ရွက်ရတာဖြစ်ပါတယ်။ အကျဉ်းထောင်တွေမှာ သတင်း မပေါက်အောင်လည်း လုပ်ရတယ်။ ပြီးတော့ လူထောင်ချီတဲ့စာရင်းကို သမ္မတက တယောက်ချင်း စိစစ်နိုင်တာမဟုတ်တဲ့အတွက် စာရင်းမှန်ကန်မှုကို ပထမအဆင့် အကျဉ်းဦးစီးဌာန၊ ဒုတိယ အဆင့် ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ယူရပါတယ်။
ဒီမှာ အဓိက သော့ချက်ကတော့ ကြိုတင်ပြင်ဆင်မှု နဲ့ လွှတ်ပေးရမယ့် အကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ တိကျတဲ့ စည်းကမ်းသတ်မှတ်ချက် ဆိုတဲ့ အချက်နှစ်ချက်ပါပဲ။
သင်ခန်းစာ
ကျနော် လေ့လာမိသလောက်တော့ ဝန်ကြီးချုပ် ဦးနုရဲ့ ဖဆပလ အစိုးရကနေ သမ္မတ ဦးသိန်းစိန် အစိုးရအထိ အစိုးရ အဆက်ဆက်မှာ လွတ်ငြိမ်းချမ်းသာခွင့်တွေပေးခဲ့ပေမယ့် လွတ်ငြိမ်းချမ်းသာ ခွင့် မပါလို့ဆိုပြီး အကျဉ်းထောင် သုံးလေးငါးခု မှာ ဆူပူတာတွေ ၊ ပစ်ခတ်လူစုခွဲရတာတွေ မရှိခဲ့ဘူး။ အခု အင်န်အယ်လ်ဒီအစိုးရလက်ထက်မှာ ဘာ့ကြောင့်ဖြစ်ရလဲ။ သတင်းစာ၊ ဂျာနယ်တွေရဲ့ ဖော်ပြချက်များကနေ လေ့လာပြီး အခုလို သင်ခန်းစာဖော်ထုတ်မိတယ်။
၁။ ပထမသင်ခန်းစာကတော့ ကြိုတင်ပြင်ဆင်မှု ကိစ္စပဲ။ နှစ်ဆန်းတစ်ရက်နေ့ ဧပြီ ၁၇ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်အတွက် ကြိုတင်ပြင်ဆင်ဖို့ အချိန်လုံလောက်စွာရနိုင်ပေမယ့် ဒုတိယ နဲ့ တတိယအကြိမ် လွတ်ြငိမ်းချမ်းသာခွင့်တွေဟာ တခုနဲ့ တခု ဆယ်ရက်၊ ဆယ့်တစ်ရက်ပဲ ခြားတယ်ဆိုတာကို တွေ့ရပါတယ်။ အဲဒါဟာ လွှတ်ပေးရမယ့် လူခြောက်ထောင်ကျော်စာရင်းကို တိကျမှန်ကန်စွာပြုစုနိုင်ဖို့အတွက် လုံလောက်တဲ့ အချိန်လို့ မမြင်ပါဘူး။ အဲဒါဟာ မကျေနပ်မှု တွေ ဖြစ်စေတဲ့ အဓိက အချက်ပဲ။
၂။ ဒုတိယသင်ခန်းစာကတော့ အစိုးရအဖွဲ့ရဲ့ တုန့်ပြန်ဆောင်ရွက်မှု ပါပဲ။ ပထမအကြိမ် လွတ်ငြိမ်း ချမ်းသာခွင့်မှာ မပါလို့ ဆိုပြီး ထောင်ဆူပူမှုဖြစ်တယ်။ အစိုးရက နောက်တကြိမ် လွတ်ငြိမ်းချမ်း သာခွင့်ပေးတာနဲ့ ဖြေရှင်းခဲ့တယ်။ အဲဒါဟာ နောက်ထပ် နောက်ထပ် ဆူပူမှုတွေဖြစ်အောင် တွန်းပို့ပေးလိုက်သလိုဖြစ်ပါတယ်။ တကယ်လုပ်သင့်တာက အမှုတခုချင်းကို စိစစ်ပြီး ဖြေရှင်းရမှာပါ။ အစုလိုက်အပြုံလိုက် ထပ်လွှတ်ပေးတာဟာ မှန်ကန်တဲ့ဖြေရှင်းနည်း မဟုတ်ပါဘူး။ ဓာတ်ဆီလောင်း ပေးလိုက်တာပါ။
၃။ တတိယသင်ခန်းစာကတော့ ဒေသအာဏာပိုင်တွေရဲ့ ကိုင်တွယ်ဖြေရှင်းပုံဖြစ်ပါတယ်။ သတင်း ဓာတ်ပုံတွေမှာ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်က တန်းစီထိုင်နေတဲ့ အကျဉ်းသားတွေကို လက်ကိုင် အသံချဲ့စက်နဲ့ စကားပြောနေတာတွေ့တယ်။ ဘေးမှာလည်း ဘာတာဝန်နဲ့လိုက်လာမှန်းမသိတဲ့ လူတွေက ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်နေတာလည်းတွေ့တယ်။ ထောင် ဆူတာဟာ အလုပ်သမား၊ လယ်သမားနဲ့ အခြားပြည်သူတွေ ဆန္ဒပြတာနဲ့မတူပါဘူး။ ထောင်ထဲမှာ ဆူပူမှု၊ အချင်းချင်း ခိုက် ရန်ဖြစ်ပွားမှုတွေဖြစ်ရင် ဖြေရှင်းရမယ့် လုပ်ထုံးလုပ်နည်းအဆင့်ဆင့် တရားဝင် ပြဋ္ဌာန်းထားတာ ရှိ ပါတယ်။ ဓားစာခံအဖြစ် ဖမ်းပြီး အကျပ်ကိုင်တာမျိုး၊ ဆူပူသူတွေကို ပိုပြီး စိတ်ဓာတ် တက်ကြွအောင် လုပ်တာမျိုး ကို ကာကွယ်နိုင်ဖို့အတွက် ဝန်ကြီးချုပ် မဆိုထားနဲ့ အကျဉ်းဦးစီးဌာနက အရာရှိ တွေတောင် အကျဉ်းသားအုပ်စုလိုက် ကြီးနဲ့ မတွေ့ပါဘူး။ အကျဉ်းသားတွေကို ကိုယ့်အဆောင်မှာ ကိုယ်ပြန်နေခိုင်း၊ အဆောင်ပိတ်ထားပြီးမှ အကျဉ်းသားကိုယ်စားလှယ်တွေနဲ့ပဲတွေ့ပါတယ် ။ ဒါ အခြေခံ အကျဆုံး အချက်တချက်ကိုပဲ ပြောတာပါ။ အခု စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ရဲ့ လုပ်ရပ်က နေရာနဲ့ အချိန် လွဲမှားနေတယ်။ နိုင်ငံရေးအရ လူမြင်ကောင်းပေမယ့် တကယ့် လက်တွေ့အခြေအ နေကို ပိုပြီး ရှုပ်ထွေးစေပါတယ်။
၄။ နောက်သင်ခန်းစာကတော့ ထောင်စည်းကမ်းဖြစ်ပါတယ်။ ထောင်ဟာ ဇရပ်မဟုတ် ဘူး။ လူတိုင်းဝင်၊ လူတိုင်း ထွက်လို့မရဘူး။ ထောက်လှမ်းရေး တန်ခိုးထွားတဲ့အချိန်မှာတောင် ထောင်ထဲ အဝင်အထွက်ကိုတော့ ထောင်စည်းကမ်းအတိုင်းပဲ လိုက်နာခဲ့ရတာပါ။ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်နဲ့အကျဉ်းသားတွေ တွေ့ဆုံမှု သတင်းဓာတ်ပုံတွေ အရတော့ အခုဖြစ်စဉ်မှာ အဲဒီ စည်းကမ်းတွေကို လိုက်နာခဲ့ပုံမရဘူး။ ဒီတော့ အကျဉ်းသားတွေ ဆိုင်းဘုတ်ကိုင်ဆန္ဒပြနေတဲ့ ပုံတွေ၊ ရွှေဘိုထောင်က ထောင်ဆူမှုကို တိုက်ရိုက်ထုတ်လွှင့်တယ်ဆိုတာတွေ ဖြစ်လာတာဟာ အံ့သြစရာ မရှိဘူး။ ဒီလိုဖြစ်လာတာဟာ ထောင်ဆူမှုကို ကြော်ငြာပေးသလိုဖြစ်ပြီး ဆူပူသူတွေ အားပေးသလို ဖြစ်စေခဲ့တယ်။
၅။ သင်ခန်းစာမဟုတ်ပေးမယ့် စဉ်းစားသင့်တဲ့အချက်က လူ့အခွင့်အရေးကော်မရှင်အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်မပါလို့ ဆူပူဆန္ဒပြသူတွေကို သွားတွေ့ပြီး အခြေအနေကို သမ္မတထံတင်ပြ တာ မှန်ကန်တဲ့ ဖြေရှင်းနည်းလားဆိုတဲ့အချက်ဖြစ်ပါတယ်။ ထောင်ထဲမှာ အနိုင်ကျင့်မှုတွေ၊ လူ့ အခွင့်အရေးချိုးဖောက်မှုတွေဖြစ်ရင်တော့ လူ့အခွင့်အရေးကော်မရှင်က စုံစမ်းတင်ပြသင့်ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်မပါလို့ ဆန္ဒပြတယ်ဆိုရင် ဆန္ဒပြသူတွေဟာ လွတ်ငြိမ်းချမ်းသာခွင့်အတွက် သတ်မှတ်ထားတဲ့ စည်းကမ်း ( ရှိတယ်ဆိုရင်ပေါ့) နဲ့ ညီမညီ စိစစ်ဖို့က ဌာနဆိုင်ရာအလုပ်လို့ မြင် ပါတယ်။
ဆေးအတွက်လေး
မြန်မာနိုင်ငံအကျဉ်းထောင်စနစ်မှာ ပြုပြင်ပြောင်းလဲစရာတွေ အများကြီးရှိတယ်ဆိုတာ အမှန်ပဲ။ ဒါ့ကြောင့်လည်း ၁၉၉၉ ခုနှစ်က စလို့ ICRC ကို အကျဉ်းထောင်တွေထဲ ဝင်ရောက်လေ့လာ ခွင့် ပေးပြီး သူတို့ အကြံပြုချက်တွေအတိုင်း အစိုးရ အဆက်ဆက် ပြုပြင်ခဲ့တဲ့အတွက် အခြေအနေ တွေတိုးတက်လာတာတွေ့နိုင်ပါတယ်။ ဆက်ပြီးပြုပြင်ပြောင်းလဲရမှာတွေလည်း ရှိနေဆဲပါ။
သို့သော် တဖက်မှာလည်း စိတ်ဓာတ်အမျိုးမျိုး၊ နောက်ကြောင်းအမျိုးမျိုး၊ မှုခင်းပေါင်းစုံနဲ့ အပြစ် ပေးခံရသူတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် မဖြစ်မနေလိုက်နာရမယ့် စည်းကမ်းတွေလည်း ရှိပါတယ်။ အဲဒီနှစ်ချက် ဟန်ချက်မညီရင်တော့ အကျဉ်းထောင်တွေမှာ ပြဿနာတွေဖြစ်နေဦးမှာပဲ။
အခု လွတ်ငြိမ်းချမ်းသာခွင့်နောက်ဆက်တွဲ ထောင်ဆူပူမှုတွေနဲ့ပတ်သက်ရင် သင်ခန်းစာယူစရာ၊ ပြုပြင်စရာတွေ အများကြီးရှိမှာပါ။ အစိုးရအနေနဲ့လည်း စုံစမ်းစစ်ဆေး သင်ခန်းစာဖော်ထုတ်မှု တွေလုပ်မှာပါ။
အဲဒီမှာ အရေးကြီးဆုံးအချက်ကတော့ မူဝါဒပိုင်းဆိုင်ရာ အကောင်အထည်ဖော်တဲ့ အဆင့်မှာ ဘာ တွေ အားနည်းသလဲ၊ လက်တွေ့အကောင်အထည်ဖော်တဲ့အဆင့်မှာ ဘာတွေအားနည်းသလဲ ဆိုတာကို မှန်မှန်ကန်ကန်ဖော်ထုတ်ဖို့ဖြစ်ပါတယ်။
အဲဒီလို မဟုတ်ဘဲ မှားသမျှ အားလုံး အကျဉ်းဦးစီးဝန်ထမ်းတွေမှာပဲ တာဝန်ရှိတယ်ဆိုရင်တော့ မှန်ကန်တဲ့အဖြေတွေ့မှာ မဟုတ်ပါဘူး။
(စာရေးသူသည် သမ္မတ ဦးသိန်းစိန်ခေတ် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ယခုအခါ စင်ကာပူနိုင်ငံ ISEAS-Yusof ishak Institute တွင် အကြီးတန်းသုတေသီ တဦးဖြစ်သည်။ ၎င်း၏ ကိုယ်ပိုင်လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားထားသည်အား ပြန်လည်ဖော်ပြပါသည်။)