ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို မြောက်ဥက္ကလာပ ဆေးရုံကြီးက ကျေးဇူးတင်နေပါသည်။ ကျေးဇူးတင်ရသည့် အကြောင်းရင်း တခု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖြစ်ပေါ်ခဲ့ပါသည်။
အများ သိကြပြီးသည့်အတိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပျံသန်းလာသည့် ဘီမန်း လေကြောင်းလိုင်းမှ လေယာဉ်တစင်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်ရာတွင် ဘီးချော်ကာ မတော်တဆမှု ဖြစ်ပွားခဲ့သည်။
လေယာဉ်ဝန်ထမ်းတချို့နှင့် ခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိမိကာ မြောက်ဥက္ကာလာပ ဆေးရုံကြီးသို့ အရေးပေါ် တင်ပို့ခဲ့ရပါသည်။ လူအများ ဝေမျှခဲ့သည့် ဓာတ်ပုံမှတ်တမ်းများအရ မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးတွင် လေယာဉ်တစီး အရေးပေါ်အခြေအနေ ကြုံရခြင်းသည် တခြား နိုင်ငံများနှင့်မတူ ထူးခြားနေပေသည်။
စနစ်တကျ လေ့ကျင့်ထားသည့် လေဆိပ်အမှုထမ်းများ၊ အရေးပေါ် ကယ်ဆယ်ရေး လုပ်သားများထက် အရပ်ထဲမှ ဖြစ်သလို ဖွဲ့စည်းထားသည့် ပရဟိတဆန်ဆန် လူမှုအသင်းအဖွဲ့က လူများသာ အရေးပေါ် ကယ်ဆယ်ရေးကို လုပ်နေကြသယောင် မြင်ရသည်။ ၎င်းတို့၏ ကျေးဇူးကြောင့်ပင် ထိခိုက်ဒဏ်ရာ ရရှိသူ များသည် မြောက်ဥက္ကလာပ ဆေးရုံကြီး၏ အရေးပေါ်ကုသမှု ဌာနသို့ ရောက်ရှိလာပါသည်။
များမကြာမီ ရန်ကုန်တိုင်း ဝန်ကြီးချုပ်နှင့်အဖွဲ့ ရောက်ရှိလာသောအခါ လူနာများကို ဆေးရုံတွင် ထားရှိရန် မသင့်တော်ဟု ဆုံးဖြတ်ကာ ပုဂ္ဂလိက ဆေးရုံတရုံသို့ ပို့ဆောင်စေသည်။ ထိုသတင်းသည် လူအများအကြား အငြင်းပွားစရာ ကိစ္စတခုအဖြစ် တောမီးပမာ ပျံ့နှံ့သွားလေတော့သည်။
ထိုသို့ တောမီးပမာ လူသိရှင်ကြား ပျံ့နှံ့သွားခြင်းကိုပင် မြောက်ဥက္ကလာပ ဆေးရုံကြီးက ကျေးဇူးတင်ခြင်း ဖြစ်ပါသည်။ မြောက်ဥက္ကလာပ ဆေးရုံကြီး အကြောင်းကို စိတ်ဝင်တစား ပြောဆိုကြခြင်းအတွက် ဂုဏ်ယူ မိပါသည်။
လူအများ ငြင်းခုံကြသည့်အတိုင်း အကြောင်းရာပေါင်းစုံ ရှုထောင့်ပေါင်းစုံပါသည်။ ထုံးစံအတိုင်း လော်ဘီလုပ်၊ ဘေးတီးပေးကြသော ရွှေနားတော်သွင်းသည့် အုပ်စုများကတော့ ကိုယ့်နိုင်ငံ မျက်နှာမပျက်စေရန် လုပ်ဆောင် ကြသော ဝန်ကြီးချုပ်၏ လုပ်ရပ်ဟု ဆိုကာ ဩဘာပေးကြပါသည်။ မှန်ပါသည်။ ကိုယ့်နိုင်ငံက မဟုတ်သည့် ဧည့်သည်များကို ဧည့်ဝတ် ကျေပွန်လိုသည့် ထိုလူစု၏ စေတနာကို လေးစားပါသည်။
ကိုယ့်တိုင်းပြည်ကို မျက်နှာကောင်းရစေချင်သည့် စိတ်သဘောထားကို မဝေဖန်ဝံ့ပါ။ သို့သော် မြန်မာနိုင်ငံ အနှံ့သို့လည်းကောင်း၊ ရန်ကုန်မြို့ အနှံ့အပြားတွင်လည်းကောင်း နိုင်ငံတကာမှ ဧည့်သည်များ ဝင်ထွက်နေထိုင် နေကြပါသည်။ မြောက်ဥက္ကလာပ ဆေးရုံကြီးမှာပင်လျှင် ဤပြဿနာများ မဖြစ်ခင်က ဝင်ရောက်ကုသမှု ခံယူခဲ့ပါသည်။
ထို့ကြောင့် အမှန်တကယ် မျက်နှာမပျက်လိုပါက နိုင်ငံအနှံ့မှ ဆေးရုံများကို မည်သည့်အချိန် ကြည့်ကြည့် ခေတ်မီပစ္စည်းများ၊ ဆေးဝါးများဖြင့် ကုသပေးနိုင်သည့် နိုင်ငံတကာ အဆင့်မီဆေးရုံကြီးများ အဖြစ် ပြုပြင် ပေးထားရန်ပင် ဖြစ်ပါသည်။ သို့မှသာ အရှက်မကွဲမည် ဖြစ်ပါသည်။ နိုင်ငံတကာက လူများသည် မြန်မာနိုင်ငံက လူများကဲ့သို့ လော်ဘီများပြောတိုင်း ယုံချင်မှ ယုံကြမည်ဖြစ်ရာ ၎င်းတို့ နေ့စဉ်ဘဝ မြင်ရသမျှကို မှတ်တမ်း ပြုကြမည်သာ ဖြစ်ပါသည်။
မြောက်ဥက္ကလာပ ဆေးရုံကြီးသည် ရန်ကုန်မြို့ရှိ လူအများ တက်ရောက် ကုသနေကြသည့် ဆေးရုံကြီးများထဲမှ အထင်ကရ အရေးပါသော ဆေးရုံတရုံဖြစ်ပါသည်။ ထိုသို့ ဆေးရုံကြီးဖြစ်ပါလျှက် လိုအပ်သည့် အခြေခံ အဆောက်အအုံ ပြည့်စုံပါ၏လော။ အနိမ့်ဆုံးအနေဖြင့် ဝန်ကြီးချုပ်အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူ များသည် ဆေးရုံကို ခြေလျင်တပတ် လာရောက်ကြည့်ရှု စေလိုပါသည်။
အများပြည်သူသုံးသည့် ဆေးရုံတို့ ထုံးစံအတိုင်း ရှုပ်ရှက်ခတ်နေသော လူနာနှင့် လူနာစောင့်များ၊ လက်မလည်အောင် ပြာယာခပ်နေရသော ကျန်းမာရေး ဝန်ထမ်းများနှင့် ဆေးရုံဝန်ထမ်းများ၊ ပလက်ဖောင်းဘေး၊ စြင်္ကန်လမ်းဘေး လွတ်ရာနေရာများတွင် စတည်းချကာ စောင့်ဆိုင်းနေရသည့် လူနာစောင့်များ၊ လူနာစောင့်များ အားကိုးရာ ဈေးသင့်သည့် လမ်းဘေး စားသောက်ဆိုင်ငယ်များဖြင့် စည်းစည်ကားကား တွေ့ရမည် ဖြစ်ပါသည်။
ပို၍ စေ့စေ့စပ်စပ် ကြည့်မည်ဆိုလျှင်တော့ ဆေးရုံဝင်းကြီး၏ တချို့နေရာများသည် ရေနုတ်မြောင်းများ ပျက်စီး၊ ပိတ်ဆို့ကာ ရေစီးရေလာ အားနည်း၊ အမှိုက်များကိုလည်း ဟိုဟိုသည်သည် တွေ့ရပါလိမ့်ဦးမည်။ ထို မြင်ကွင်းများသည် ဆေးရုံတရုံ ဆိုသည်ထက်၊ ကားဂိတ်၊ ရထားဘူတာတို့နှင့်ပင် ပိုတူနေပါသေးသည်။
ထိုအခြေအနေများသည် မျက်မြင်ပင် ဖြစ်ပါသည်။ လူကြီးမင်းနှင့်အတူ ပါလာသော ကင်မရာသမား များကိုလည်း လူနာဆောင် အတွင်းပိုင်းသို့ ကျင့်ဝတ်အရ၊ လူနာ၏ ခွင့်ပြုချက်မရဘဲ ဓာတ်ပုံရိုက်စေခြင်းအစား ယခုလို မြင်ကွင်းများကို ကြည့်ရှုမှတ်တမ်းတင် ရိုက်ကူးစေသင့်ပါသည်။ ထိုအခါ လူကြီးမင်းတို့ ဘတ်ဂျက်ထဲမှ ပမာဏ တော်တော်များများကို သာမန်လူအများ မှီခိုအားထားရာ ဆေးရုံကြီးအတွက် အသုံးပြုရန် လိုအပ်နေသည်ကို နားလည်လာပါလိမ့်မည်။
ဘတ်ဂျက် အများကြီးချပေးလိုက်သဖြင့် လမ်းကြောင်းလွဲမည်ကို စိုးရိမ်လျှင်လည်း လူကြီးမင်းကိုယ်တိုင် ကော်မတီဖွဲ့၍ ကြီးကြပ်လိုက ကြီးကြပ်နိုင်ပါသေးသည်။ သေချာသည်ကတော့ ဆေးရုံကြီး၏ အခြေခံ ဥပဓိရုပ် တိုးတက်လာရန်မှာ ဆရာဝန်၊ ဆရာမတို့ အိတ်စိုက်၍ လုပ်နိုင်ကြသည်မျိုး မဟုတ်ပါ။
အခုလို လူအများ စိတ်ဝင်စားသည့် အချိန်တွင် မြောက်ဥက္ကလာပ ဆေးရုံကြီးက လူနာများအတွက် အခက်အခဲများ၊ ဝန်ထမ်းများအတွက် အခက်အခဲများကို ခရေစေ့တွင်းကျ သိရှိနိုင်ရန် လေ့လာလိုသော အစိုးရ လူကြီးမင်းများနှင့် လွှတ်တော်အမတ်များကိုလည်း ငံ့လင့်နေပါသည်။
ထိုသို့ပြော၍ ငါ့အပြစ်မရှိ၊ နင့်အပြစ်ချည့်ဟုလည်း မဆိုချင်ပါ။ ဝန်ထမ်းများ အပိုင်းတွင်လည်း အားနည်းချက်များ ရှိကောင်း ရှိနိုင်သည်ကို ဝန်ခံပါသည်။ သို့သော် ထိုအားနည်းချက်များကို ဦးစားပေးမပြောခင် လူနာနှင့် ဝန်ထမ်း အချိုးကို အရင်ကြည့်ရန် လိုပါသည်။ စာရင်းအင်းအတိအကျ ကြည့်လိုက်လျှင် လူနာနှင့် ဝန်ထမ်းအချိုးမှာ မမျှတ၊ ဆေးရုံအကျယ်အဝန်းနှင့် လူနာပမာဏမှာ မဆန့်ကန်ပြဲ ဖြစ်နေသည်မှာ မြောက်ဥက္ကလာပ ဆေးရုံကြီး တခုတည်းမဟုတ်ပါ။
အလျှင်အမြန် ကုစား၍ ရသော ပြဿနာ မဟုတ်သည့်အလျှောက် နည်းလမ်းပေါင်းစုံနှင့် ရေရှည်ကုစားရမည့် ကိစ္စသာ ဖြစ်ပါသည်။ ထိုအခြေအနေအောက်တွင် ဝန်ထမ်းများသည် နည်းပါးလှသော လုပ်ခလစာ၊ စိတ်ဖိစီးမှုများလှသော လုပ်ငန်းခွင် အနေအထား၊ ရှားပါးလှသော ကိုယ်ပိုင်အချိန်များဖြင့် ရုန်းကန် လှုပ်ရှားနေကြရပါသည်။
ထိုအခါ အရည်အသွေးမပြည့်သော ဝန်ဆောင်မှုများကို ပေးမိနိုင်ပါသည်။ အကြောင်းပြချက်ပေးကာ ပိုနေမြဲလုပ်ချင်နေခြင်း မဟုတ်ပါ။ သို့သော် အားလုံးကို သိမ်းကျုံးကာ ကျန်းမာရေး ဝန်ထမ်းများအား အပြစ်ဖို့နေခြင်း သက်သက်သည် အဖြေမဟုတ်သည်ကို သိရှိစေလိုခြင်း ဖြစ်ပါသည်။ စိတ်ခံစားချက်အလျှောက် ကျန်းမာရေးဝန်ထမ်း တချို့က ပြောကြဆိုကြ ရှိခဲ့သည်မှာလည်း အဆိုပါ အကြောင်းရင်းများကြောင့်ပင် တစိတ်တပိုင်း ဖြစ်သည်ဟု ဆိုချင်ပါသည်။
ထိုသို့ပြော၍ လူကြီးမင်းက အပြစ်တင်ခဲ့သည်ဟု မဆိုလိုပါ။ သို့သော် လူကြီးမင်း၏ စေတနာအားဖြင့် နောက်ဆက်တွဲ ဖြစ်ပေါ်ခဲ့သည်ကတော့ အမှန်ပင် ဖြစ်ပါသည်။
အားနည်းချက်များနည်းတူ ကောင်းကွက်များလည်း ရှိပါသည်။ လူအင်အားလုံလောက်ခြင်း မရှိသော်ငြား စံမီသော ကုသမှုများကို အရည်အသွေးမြင့် ကျွမ်းကျင်မှုများဖြင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်ပေး နေပါသည်။ အသက်ကယ်တင်ရေးသာမက နောင်အနာဂတ် ဆရာဝန်လောင်းများအတွက် သင်ကြားရေး တာဝန်များကိုလည်း အားကြိုးမာန်တက် ဆောက်ရွက်ဆဲ ဖြစ်ပါသည်။
လူကြီးမင်းတို့အနေဖြင့် ရေရှည်ကို မျှော်ကိုးကာ ဤဆေးရုံကြီးအား စွန့်ပစ်ထားသော အမှိုက်တောကြီးဟု မမြင်စေလိုဘဲ အလေးထား ပြုစုအပ်၊ ပြုပြင်အပ်သည့် နေရာတခုအဖြစ်သာ မြင်စေလိုပါသည်။ ထိုသို့မဟုတ်ဘဲ တွေ့ရာကို လက်ညှိုးထိးု အပြစ်လွှဲချနေပါက အဖြေကို တွေ့မည်မဟုတ်ပါ။
အထူးသဖြင့် ကျန်းမာရေး ဝန်ထမ်းများကို သားကောင်အဖြစ် အပြစ်တင်နေပါက အမှန်တကယ် နစ်နာသည်မှာ ကျန်းမာရေး ဝန်ထမ်းများသာ မကပါ။ သားကောင်စစ်စစ်မှာ ရွေးချယ်စရာ မရှိသည့် သနားစရာ အောက်ခြေ လူတန်းစား လူနာများသာ ဖြစ်ပါသည်။ လူကြီးမင်း၏ တချက်လွှတ် ဆုံးဖြတ်ချက်ဖြင့် နိုင်ငံခြားဧည့်သည် များသည် ပိုမိုကောင်းမွန်သည့်နေရာသို့ ပြောင်းရွှေ့ခွင့်ရသော်လည်း သာမန်ပြည်သူများကတော့ ထိုသို့ လုပ်နိုင်စွမ်း ရှိမည်မဟုတ်ပေ။
ထို့ကြောင့် လူကြီးမင်းအနေဖြင့် မြောက်ဥက္ကလာပ ဆေးရုံကြီး၏ အခြေအနေကို သိရှိထားသည့်အလျှောက် ခြေဆုံးခေါင်းဖျား လိုက်ကာ အဓိက လိုအပ်ချက်ကို နားလည်အောင်ကြိုးစားပြီး ပြည်သူများသို့ ချပြပေး စေလိုပါသည်။
အစိုးရတရပ်အနေဖြင့် ဆေးရုံများကို ပြည်သူတို့အတွက် ပေမီဒေါက်မီ ဖြစ်လာစေရန် ကြိုတင် စီမံထားပြီးသားများ ရှိမည်ဟု ယူဆပါသည်။ ထိုသို့ လုပ်ဆောင်ပေးနေသည် များကိုလည်း ပွင့်လင်းမြင်သာစွာ ထုတ်ဖော် ပြောဆိုပေးစေလိုပါသည်။ တိုင်းဒေသကြီး အစိုးရတရပ်အနေဖြင့် အင်အားမရှိပါက ပြည်ထောင်စုသို့ တင်ပြကာ ထိရောက်အောင်မြင်အောင် ပြုလုပ်မည်ဟု ယုံကြည်ပါသည်။
ဤနည်းဖြင့်သာ စိုးရိမ်ပူပန်နေကြသော၊ စိတ်မသက်မသာ ဖြစ်နေကြရသော သာမန်ပြည်သူများနှင့် စိတ်အနှောက်အယှက် ဖြစ်ခဲ့ရသော ကျန်းမာရေး ဝန်ထမ်းများအတွက် ပြန်လည်ကုစားပေးခြင်း ဖြစ်ပါလိမ့်မည်။ ထို့သို့ ပြုလုပ်ပေးခြင်းအတွက်လည်း မြောက်ဥက္ကလာပ ဆေးရုံကြီးက ထပ်လောင်း ကျေးဇူးတင်နေမည် ဖြစ်ပါကြောင်း ပြောကြားလိုပါသည်။
(လင်းငယ်သည် မြန်မာ ဆရာဝန်တဦး ဖြစ်သည်။ နိုင်ငံတကာ ဖွံ့ဖြိုးရေးဘာသာရပ်ဖြင့် မဟာဘွဲ့ယူထားပြီး ငြိမ်းချမ်းရေးနှင် ပဋိပက္ခဆိုင်ရာများ၊ မျက်မှောက်ရေးရာများ သုံးသပ်ရေးသားနေသူ တဦးဖြစ်သည်။)
ဆက်စပ်ဖတ်ရှုရန် – ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကြောင့် မြောက်ဥက္ကလာ ဆေးရုံဝန်ထမ်းများ စိတ်မကောင်းဖြစ်