ပြီးခဲ့သည့် လပိုင်းများ အွန်လိုင်းလူမှုကွက်ရက် (Facebook) ပေါ်တွင် ထူးခြားမှုတခုကို လေ့လာတွေ့ရှိခဲ့ရသည်။ ယင်းကိစ္စမှာကား လပိုင်း၊ ရက်ပိုင်း အနည်းငယ်အတွင်း၌ပင် “အခုရေတွင်းတူးပြီး အခုရေကြည်သောက်” နိုင်ကြောင်းကို လက်တွေ့ကျကျ ပြသသွားသလို၊ မရည်ရွယ်ဘဲ မပြေးသော်လည်း ကန်ရာရှိခဲ့ပြီဖြစ်သည်။
ယင်းကိစ္စမှာကား အခြားမဟုတ် တမြို့နယ်ချင်းစီအလိုက်၊ ခရိုင်တခုချင်းစီ အလိုက်၊ တိုင်းဒေသကြီး တခုချင်းစီ အလိုက် NLD ပါတီ၏ မြို့နယ်ပြန်ကြားရေး၊ ခရိုင်ပြန်ကြားရေး တိုင်းဒေသကြီးပြန်ကြားရေး၊ လူငယ်အဖွဲ့ ပြန်ကြားရေး၊ အလုပ်သမားအဖွဲ့ ပြန်ကြားရေး၊ အမျိုးသမီးအဖွဲ့ ပြန်ကြားရေး စသည်ဖြင့် ပြန်ကြားရေး Facebook Page များ အစီအရီ ဘွားကနဲ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ထို့အပြင် ပြန်ကြားရေးတာဝန်ကို ထမ်းဆောင်ကြမည့် လူငယ်များကိုလည်း ပါတီမှ ပြန်ကြားရေးနှင့် ပတ်သက်သော အစည်းအဝေးများ၊ သင်တန်းများကို စနစ်တကျ သင်ကြားပို့ချပေးမည့် ပြန်ကြားရေး မီဒီယာ Smart card များကို ထုတ်ဝေပေးမည် စသည့် သတင်းများကိုလည်း ကြားသိရသည်။
အလွန်ကောင်းသော အလေ့အထတခု၊ အမူအကျင့်တခု ဖြစ်သည်။ နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည်ဖြင့် အရေးအရာများစွာတို့ကို ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့မှုကို ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ဖော်ဆောင်ပေးနိုင်သော နိုင်ငံရေး Soft Power မီဒီယာ အင်အားတရပ်ဖြစ်သည်။ ဒီမိုကရေစီ စနစ်ကိုလည်း အထောက်အပံ့ပေးနိုင်သော အလေ့အကျင့်ကောင်း ဖြစ်သည့်အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသားများ အနေဖြင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြရမည့် ကိစ္စတရပ်ဖြစ်ပေသည်။
Facebook နှင့်ပတ်သက်ပြီး ပြန်ပြောင်း ဆင်ခြင်ကြည့်ကြမည် ဆိုလျှင် ပထမဦးဆုံး အကျိုးရှိစွာ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြသူများမှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သားများ ဖြစ်သော ပြည်သူလူထုပင်ဖြစ်သည်။ ထို့နောက်ပိုင်းတွင်တော့ သတင်းဌာနများ ဝင်ရောက်လာခဲ့သည်။
စီးပွားရေးသမားများ Online Shopping သမားများ၊ Celebrity များ၊ နိုင်ငံတော်နှင့် သက်ဆိုင်သော ဝန်ကြီးဌာန Page များ၊ လူမှုအသိုင်းအဝိုင်း အသင်းအဖွဲ့ Page များ၊ လူတဦးချင်းစီတို့၏ ပုဂ္ဂလိကပိုင် Page များ၊ အစိုးရ ဝန်ကြီးများ၏ ကိုယ်ပိုင် Page များ စသည်ဖြင့် များစွာ ပေါ်ပေါက်လာခဲ့ကြသည်။
အစိုးရအဖွဲ့အစည်းများနှင့် ပတ်သက်ပြီး အုံနှင့်ကျင်းနှင့် အင်တိုက်အားတိုက် ဖွံ့ဖြိုးတိုးတက်လာသည်က အရန်မီးသတ် တပ်ဖွဲ့ဝင်တို့၏ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့် ပြန်ကြားရေး Facebook Page များဖြစ်ပြီး အနည်းငယ် လူသိများသည်ကတော့ မြို့နယ်လျှပ်စစ်ရုံး Facebook Page များ ဖြစ်သည်။
ယခု အလုံးအရင်းနှင့် အွန်လိုင်း လူမှုကွက်ရက်ထဲကို ဝင်ရောက်လာသည်က NLD ပါတီ၏ ပြန်ကြားရေး Facebook Page များ ဖြစ်ပြီး ယင်း Page များ အားလုံးသည်လည်း နေ့စဉ်သတင်းများနှင့် အသက်ဝင် လှုပ်ရှားနေသည်ကို လေ့လာ တွေ့ရှိရသည်။
NLD ပါတီနှင့် ပါတီဝင်များ၊ လွှတ်တော်အမတ်များ၊ တိုင်းဒေသကြီးအစိုးရများ၊ စည်ပင်သာယာ အဖွဲ့ဝင်များ စသည်ဖြင့် ၎င်းတို့၏ နေ့စဉ်လှုပ်ရှားသွားလာမှု ပုံရိပ်များ၊ လုပ်ငန်းဆောင်ရွက်နေမှု မြင်ကွင်းများ၊ ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံမှုများ၊ ပြဿနာများကို ကိုင်တွယ် ဖြေရှင်းပေးနေကြပုံများဖြင့် ဝေဝေဆာဆာ နေ့စဉ် မှတ်တမ်းမှတ်ရာများ အဖြစ် ပြည်သူလူထုကို အသိပေး တင်ပြခြင်း၊ ဖြေရှင်းပြီးကြောင်းကို ချပြခြင်းတို့ ပြုလာသည်။
ဥပမာအားဖြင့် အများပြည်သူတို့ သိသင့်သိထိုက်သော အလှည့်ကျမီးဖြတ်မည့် အချိန်ဇယားများ၊ ရေဖြတ်တောက်မည့်၊ ရေပြတ်တောက်နိုင်သည့် အချိန်ဇယားများ၊ မည်သည့်အတွက်ကြောင့် ရေပြတ်တောက် ရသည်၊ မည်သည့်အတွက်ကြောင့် လျှပ်စစ်မီး ပြတ်တောက်ရသည် စသည်ဖြင့် ပြည်သူလူထုက သိသင့်သည် ထင်သမျှကို ကြေညာပေးခြင်း စသည်ဖြင့် လုပ်ဆောင်နေသည်ကို မြင်တွေ့ရသည်။
ထိုသို့ ပြုလုပ်လာခြင်းသည် ဒီမိုကရေစီစနစ်ကို အထောက်အကူပြုနိုင်သည့် နိုင်ငံရေး အမူအကျင့်တခု ဖြစ်သည့်အတွက် ကြိုဆိုရမည် ဖြစ်သည်။ အစိုးရအဖွဲ့အစည်းများ အဆက်ဆက်၏ ပုဂ္ဂလိက လူမှုကွန်ရက် အသုံးပြုသူများထဲတွင်တော့ ယခင် အစိုးရလက်ထက်က ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နှင့် လက်ရှိ မန္တလေး မြို့တော်ဝန် ဦးရဲလွင်တို့ နှစ်ဦးကိုသာ Facebook မင်းသားများအဖြစ် တွေ့မြင်ရမည် ဖြစ်သည်။
သို့သော်လည်း ဦးရဲထွဋ် လက်ထက်က လူမှုကွန်ရက်ကို ပုဂ္ဂလိကပိုင် တဦးဆိုင်နာမ်အနေဖြင့်သာ အသုံးပြု နိုင်ခဲ့ခြင်းကို တွေ့ရပြီး ဦးရဲလွင်ကမူ လူမှုကွန်ရက်ကို အစိုးရဌာနတခုအဖြစ် မန္တလေးတိုင်း ကိုယ်စားပြုအဖြစ် ပြည်သူလူထုနှင့် တသားတည်း၊ အစိုးရ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တသားတည်း၊ ပြည်သူလူထုနှင့် တသားတည်း ရပ်တည်ချက်ကောင်းကောင်း၊ ရည်ရွယ်ချက် မြင့်မြင့်၊ အကျိုးရှိရှိ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်သည်ကို ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ တွေ့ရမည် ဖြစ်သည်။
ပြည်သူ တဦးတယောက်က ဓာတ်ပုံအချက်အလက် ခိုင်ခိုင်မာမာဖြင့် ဘယ်လမ်း၊ ဘယ်ရပ်ကွက်၊ ဘယ်မြို့နယ်မှာ ဘယ်ပြဿနာ ဖြစ်နေပါတယ်၊ ဘယ်လိုဖြေရှင်းပေးပါမလဲ၊ ဘယ်လိုဖြေရှင်း ပေးနိုင်ပါတယ်၊ ဘယ်တော့ ဖြေရှင်းပေးပါမလဲ စသည်ဖြင့် မေးခွန်းများ မေးမြန်းခြင်း၊ Mention ခေါ်ယူပြီး အသိပေးခြင်းများကို ပြုလုပ်နိုင်သည်။
ထိုကဲ့သို့သော ပြဿနာများ၊ မေးခွန်းများ၊ အကြံပြုချက်များ တက်လာပါကလည်း မန္တလေး မြို့တော်ဝန် ဦးရဲလွင်က သက်ဆိုင်ရာ ဌာနများမှ ညွှန်ချုပ်၊ ညွှန်မှူး၊ ဌာနမှူး၊ အင်ဂျင်နီယာ၊ တာဝန်ခံ၊ အမှုထမ်း၊ အရာထမ်း၊ အခြားအဆင့် စသည်ဖြင့် ပြန်လည် Mention ခေါ်ယူပြီး ဖြေရှင်းပေးခြင်း၊ ဖြေရှင်းပေးရန် ညွှန်ကြားခြင်း များကို လူမှုကွန်ရက်ကို အကျိုးရှိရှိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုပြီး ပြည်သူများစွာနှင့် ဆက်သွယ်ကာ အချိတ်အဆက် ပြုလုပ်ထားနိုင်သည်ကို တွေ့ရသည်။
ဤကဲ့သို့ ပြုလုပ်နိုင်ခြင်းဖြင့် အားသာချက်များမှာ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့်ဆင့်သို့ စာတင်ရခြင်း၊ စာပြန်ကျလာသည်ကို ပြန်စောင့်ရခြင်းကြောင့် မလိုအပ်ပါဘဲ ပြုန်းတီးနေရသည့် အချိန်ကြန့်ကြာမှု အလွန် နည်းသွားသည်၊ မြန်ဆန်၊ မှန်ကန်၊ တိကျ၊ ပွင့်လင်းမြင်သာမှု ရှိလာသည်၊ ပြည်သူလူထုကို အရေးတယူ ဂရုတစိုက် ရှိသဖြင့် မိဘပြည်သူအများက ကျေနပ်အားရမှု များစွာရှိလာသည်။ ဌာနဆိုင်ရာ ဝန်ထမ်းများ အဆင့်ဆင့်တို့၏ ရာထူးအဆင့်အတန်းများ၊ တာဝန်ဝတ္တရားများ တာဝန်ယူမှု တာဝန်ခံမှု ရှိခြင်း မရှိခြင်းတို့ကို ပြည်သူများက မျက်မြင်ကိုယ်တွေ့ သိရှိလာသည်။
တဌာနနှင့် တဌာန စာအသွားအပြန်များ နည်းသွားသောကြောင့် ဝန်ထမ်းအင်အားများ၊ အလုပ်ချိန်များ သက်သာခြင်း၊ လျှပ်စစ်မီတာခများ သက်သာခြင်း၊ စာရွက်စာတမ်း စက္ကူများ သက်သာခြင်း စသည်ဖြင့် များစွာသော အကျိုးကျေးဇူးကို ပြည်သူလူထု လက်တွေ့ခံစားသိရှိကြရပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး နိုင်ငံရေး ရေချိန်များ မြင့်တက်လာနိုင်သည့် ကောင်းကျိုးများလည်း ရရှိလာနိုင်သည်ကို မြင်တွေ့ရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ စကားကို ငှားပြောချင်ပါသည်။ “Smart City ဖြစ်ဖို့ ဆိုတာ Smart People, Smart Citizen, Smart Street, Smart Road, Smart Quarter, Smart City, Smart State, Smart Country တွေ ဖြစ်လာရင် အားလုံးပြည့်စုံသွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Smart Government ဖြစ်ဖို့ အရင်ဦးဆုံး လိုအပ်မှာပဲ ဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ဆိုပါသည်။
ထို့အတွက်ကြောင့် Smart Government ဖြစ်လာရန် အလျှင်အမြန် အတတ်နိုင်ဆုံး တိကျ မှန်ကန် မြန်ဆန်ပြီး သတင်းရင်းမြစ် ပြန်ကြားရေး၊ ပြည်သူလူထုနှင့် ဆက်ဆံရေး၊ သတင်းမီဒီယာများနှင့် ဆက်ဆံရေး စသည့် အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများ အားလုံးက အွန်လိုင်း အင်တာနက်၊ လူမှုကွန်ရက်မီဒီယာများ ဖြစ်သည့် Facebook၊ Twitter၊ Viber ၊ You Tube၊ Instagram၊ Line၊ Gmail၊ Email၊ Google၊ Blogs စသည်ဖြင့် ကျယ်ကျယ်ပြန့်ပြန့်၊ တွင်တွင်ကျယ်ကျုယ် အကျိုးရှိရှိ အသုံးပြုလာကြဖို့ အရေးတကြီး လိုအပ်မည် ဖြစ်သည်။
အထူးသဖြင့် လူမှုကွန်ရက် Facebook Page များ တည်ထောင်အသုံးပြုခြင်း၊ Messenger Group Chat များ စုပေါင်း အသုံးပြုခြင်း၊ Viber Group Chat များ ပြုလုပ်အသုံးပြုကြရန် ခက်ခဲခြင်းမရှိဘဲ၊ အွန်လိုင်း အင်တာနက် အသုံးပြုနိုင်သည့် Smart Phone တလုံး ရှိရုံမျှနှင့် အလွယ်တကူ အသုံးပြုနိုင်ကြပါသည်။
လက်ရှိ အစိုးရ ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးက အရာရှိ၊ အရာထမ်း၊ အကြပ်စစ်သည်၊ တခြားအဆင့် စသည်ဖြင့် အားလုံးလိုလို ကလည်း အွန်လိုင်းအင်တာနက်ကို အသုံးပြုနေကြ၊ အသုံးပြုတတ်ကြပါသည်။
Viber Group Chat များ ပြုလုပ်ရန် ဖုန်းနံပတ် တခုသာ လိုအပ်ပါသည်။ Messenger Group Chat များနှင့် လူမှုကွန်ရက် Facebook Page များ တည်ထောင် အသုံးပြုခြင်းအတွက်မူ Facebook Account တခုသာ လိုအပ်ပါသည်။ အစိုးရဌာနဆိုင်ရာ အဆင့်ဆင့်ကို တင်ပြစရာမလို၊ ဘတ်ဂျက် တောင်းခံစရာမလို၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်များတွင် ကြယ်ပွင့်ပြ မေးခွန်းများမေးစရာမလို၊ ထောက်ခံဆွေးနွေးခြင်းများ၊ ကန့်ကွက် ဆွေးနွေးခြင်းများ တကူးတက ပြုလုပ်စရာမလိုပါ။
Smart Phone တလုံး၊ ဖုန်းဘေလ် ၁ သောင်းခန့် ရှိရုံမျှလောက်နှင့် ဝန်ကြီးဌာန တခုလုံးနှင့်သက်ဆိုင်သည့် ရပ်ကွက်အဆင့်၊ ကျေးရွာအဆင့်၊ ကျေးရွာအုပ်စုအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်များနှင့် တိုင်းဒေသကြီးများ အဆင့်ဆင့်အထိ Facebook Page များစွာကို အချိန်တိုအတွင်း တည်ထောင် အသုံးပြုနိုင် ပါသည်။
ဥပမာအားဖြင့် ယခုလက်ရှိတွင်ပင် ပြည်သူလူထု၏ ဆန္ဒမဲ သဘောထားများဖြင့် ရွေးကောက် တင်မြှောက် လိုက်သော ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီဝင် တဦးချင်းစီတို့၏ Facebook Page များ၊ မြို့နယ် ၃၃ မြို့အတွက် ရွေးကောက် တင်မြှောက်ပေးလိုက်သော မြို့နယ်ကိုယ်စားပြု စည်ပင်သာယာ ဥက္ကဋ္ဌများ အဖွဲ့ဝင် တစ်၊ နှစ် တို့၏ Facebook Page များအပြင်၊ စည်ပင်သာယာဌာနမှ EO များ၏ Facebook Page များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ရပ်ကျေးအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်များနှင့် တိုင်းဒေသကြီးအဆင့်၊ ဗဟိုအဆင့် သတင်းပြန်ကြားရေး Facebook Page များ၊ မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့တို့၏ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်များနှင့် တိုင်းဒေသကြီးအဆင့်၊ ဗဟိုအဆင့် သတင်း ပြန်ကြားရေး Facebook Page များ၊ လဝက၊ နယ်စပ်ရေးနှင့် လုံခြုံရေး၊ လူကယ်ပြန်၊ ကျန်းမာရေးဝန်ကြီးဌာန၊ စသည်ဖြင့် အစိုးရအဖွဲ့အစည်းများ၏ ဝန်ကြီးဌာန အဆင့်ဆင့် ပြန်ကြားရေးဌာနများကို အွန်လိုင်းအင်တာနက် လူမှုကွန်ရက်များ ပေါ်သို့ တက်ရောက်ကာ ပြည်သူလူထုနှင့်အတူ အချိန်နှင့်တပြေးညီ အပြန်အလှန် ဆက်သွယ်ခြင်း၊ အကြံပေးချက်များကို လက်ခံခြင်း၊ သတင်းပြန်ကြားပေးခြင်း၊ တိုင်ကြားစာများကို လက်ခံ စိစစ်ပေးခြင်း လုပ်ငန်းစဉ်များကို ခေတ်ရှေ့သို့ အလွန်လျှင်မြန်သော အရှိန်အဟုန်နှင့် ပြေးတက်နေသော ပြည်သူလူထု နောက်သို့ ပြောင်းလဲလိုက်ပါလာဖို့ရန် အချိန်တန်ပြီ ဖြစ်ကြောင်းကိုလည်း ပြည်သူလူထု များစွာတို့က လိုလား တောင့်တလျှက် ရှိနေလေပြီ။
ယခင် မဆလခေတ်ကကဲ့သို့ တလမ်းဝင်၊ တလမ်းထွက် မောင်းထုကြေညာပြီး တအိမ်တယောက် မဖြစ်မနေ တက်ရောက် ကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည် ခင်ဗျား။ မလာရောက်နိုင်ပါက၊ မတက်ရောက်နိုင်ပါက လူကြီးမင်းတို့၏ တာဝန်သာ ဖြစ်သည်ဟု ကြေညာမောင်းခတ် နေစရာလည်း မလိုအပ်တော့သော အိုင်တီခေတ်၊ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကို ရောက်နေလေပြီ။
ဥပမာ၊ မြို့နယ်ရဲစခန်းတခု၏ Facebook Page များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ Facebook Page များ၊ မြို့နယ် ကျန်းမာရေး ဆေးရုံဆေးခန်းများ၏ Facebook Page များ၊ မြို့နယ် လဝကရုံး၏ Facebook Page များ တည်ထောင်ပြီး ပြည်သူလူထု သိသင့် သိထိုက်သည့် အမိန့်ကြေညာစာများ၊ ပြန်တမ်းများ၊ သဝဏ်လွှာများ၊ စည်းကမ်းချက်များ၊ ပညာပေး ရုပ်သံ Video များ၊ သတင်းအချက်အလက်များ၊ မိမိတို့ဌာနက ပြုလုပ် ဆောင်ရွက်နေသော ပြည်သူလူထုအတွက် အကျိုးရှိသည့် နေ့စဉ် လုပ်ငန်းဆောင်တာများ၊ မှတ်တမ်း မှတ်ရာများ၊ ဓာတ်ပုံမှတ်တမ်းများ၊ စာရင်းဇယားများ၊ Video File များ၊ တိုက်ရိုက် Live လွှင့်တင်ပေးခြင်းများ၊ အစည်းအဝေး မှတ်တမ်းများ စသည်တို့ကို အချိန်နှင့် တပြေးညီ ပြည်သူများနှင့်အတူ တိုက်ရိုက် ချိတ်ဆက် ဆောင်ရွက်နိုင်သော အခြေအနေကို လက်ဝယ် ပိုင်ပိုင် ရရှိထားချိန်လည်း ဖြစ်သည်။
ယင်း Facebook Page များတွင် သက်ဆိုင်ရာ ဌာနများမှ အကြီးအကဲများကို Admin ရာထူးများပေးကာ Page Admin များ ထည့်သွင်းထားခြင်းဖြင့် လုပ်ငန်းစဉ်များစွာတို့ကို တိကျ မြန်ဆန် မှန်ကန် ထိရောက်စွာ ဆောင်ရွက် နိုင်မှာလည်း မလွဲဧကန်ပင်ဖြစ်သည်။
သို့ပါသောကြောင့် ပြည်သူလူထုနှင့် နေ့စဉ်မပြတ် ထိတွေ့ဆက်ဆံနေရသော စည်ပင်သာယာဌာန၊ မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ လဝက၊ လူကယ်ပြန် ဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာတို့၏ အွန်လိုင်းအင်တာနက်၊ Facebook Page များ အလျှင်အမြန် ပေါ်ပေါက် လာပြီး ပြည်သူ့အကျိုးပြု လုပ်ငန်းများစွာတို့ကို Smart Government များအဖြစ် Smart ကျကျ၊ တာဝန်ယူမှု တာဝန်ခံမှု များစွာတို့ဖြင့် ဆောင်ရွက်နိုင်ကြ ပါစေကြောင်း အသိပေး နှိုးဆော်လိုက်ရပါသည်ခင်ဗျား။
(စာရေးသူသည် ရန်ကုန်အခြေစိုက် သတင်းဂျာနယ်များတွင် ရေးသားနေသူ ဆောင်းပါးရှင်တဦးဖြစ်သည်။)
You May Also Like These Stories:
မန္တလေးမြို့လယ်တွင် ဖွံ့ဖြိုးရေး စီမံကိန်းတခု တည်ဆောက်မည်
ဦးဖြိုးမင်းသိန်းသို့ မြောက်ဥက္ကလာပ ဆေးရုံကြီး၏ မေတ္တာစာ
ရန်ကုန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်၌ စီမံကိန်း ၁၉ ခု သဘောတူ လက်မှတ် ရေးထိုး
သတင်းမီဒီယာနှင့် ကောင်းမွန်သည့် ဆက်ဆံရေး တည်ဆောက်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဆို