မကြာခင်ရက်ပိုင်းအတွင်းက အမေရိကန်-တရုတ် ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်ရရှိရန် ဆွေးနွေးပွဲ၌ သဘောတူညီချက်မရရှိဘဲ သမ္မတ ထရန့်ဦးဆောင်သည့် အမေရိကန်အစိုးရသည် တရုတ်သွင်းကုန်များအပေါ် ထပ်မံတိုးချဲ့ အခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံမည်ဟု ကြေငြာလိုက်သဖြင့် တရုတ်ဘက်မှလည်း အမေရိကန်သွင်းကုန် ကန်ဒေါ်လာဘီလီယံ ၆၀ အပေါ် အခွန်နှုန်းတိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ပြန်ကြေငြာခဲ့သည်။ အပြန်အလှန် သွင်းကုန်များအပေါ် အခွန်နှုန်းထားများကို တိုးမြှင့်ကောက်ခံမည်ဟု ကြေငြာလိုက်ခြင်းဖြင့် ၂ နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုများသည် ပြေလည်မသွားဘဲ အရှိန်အဟုန်မြင့်လာခဲ့သည်။ ကုန်သွယ်ရေးစစ်ပွဲ၊ စစ်အေးတိုက်ပွဲသစ်ဟုပင် အမည် ကင်ပွန်းတတ်လာကြသည်ကိုလည်း သတင်းမီဒီယာများမှတဆင့် ကြားသိနေရသည်။
သမ္မတထရန့်သည် ရွေးကောက်ပွဲကာလအတွင်းကပင် တရုတ်အပါအဝင် ကုန်သွယ်ဘက်နိုင်ငံများသည် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရာတွင် တဘက်သတ် အခွင့်အရေးယူနေသဖြင့် အမေရိကန်ဘက်မှ နစ်နာနေရသည်၊ ကုန်သွယ်မှု လိုငွေပြမှုများ တိုးတက်များပြားလာသလို အမေရိကန်တို့၏ အလုပ်အကိုင် အခွင့်အလမ်းများလည်း ဆုံးရှုံးရပြီး အထူးသဖြင့် စက်မှုလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ တရုတ်နိုင်ငံသို့ ပြောင်းရွှေ့သွားသဖြင့် အလုပ်သမားများစွာ အလုပ်လက်မဲ့ဖြစ်ရသည်ဟု စွပ်စွဲခဲ့သည်။
ထိုစွပ်စွဲချက်အတိုင်းပင် အာဏာရလာသည်နှင့် တဘက် စောင်းနင်းဖြစ်နေသည့် အမေရိကန်နိုင်ငံနှင့် ချုပ်ဆိုထားသည့် ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်များကို ဖျက်သိမ်းရန်ကြိုးပမ်းခြင်း (ဥပမာ North American Free Trade Agreement-NAFTA) များပြုလုပ်ပြီး သမ္မတ အိုဘားမားလက်ထက်က လက်မှတ်ရေးထိုးရန် ကြိုးပမ်းခဲ့သည့် Trans Pacific Partnership (TPP) ဟုခေါ်သည့် အမေရိကန်နှင့် အာရှပစိဖိတ်ဒေသနိုင်ငံများ ပါဝင် (တရုတ်မပါ) သည့် ကုန်သွယ်ရေးသဘောတူစာချုပ်ကိုလည်း လက်မှတ်ရေးထိုးရန် ငြင်းဆိုခဲ့သည်။ အခြားကုန်သွယ်ဘက် အီးယူနိုင်ငံများ၊ မြောက်အမေရိကတိုက်နိုင်ငံများ၊ အာရှပစိဖိတ်နိုင်ငံများဖြစ်သည့် တောင်ကိုရီးယား၊ သြစတြေးလျနိုင်ငံများ၏ သွင်းကုန်များအပေါ်လည်း အခွန် တိုးမြှင့်ကောက်ခံမည်ဟု ခြိမ်းခြောက်ခြင်း (သို့) တိုးမြှင့်ကောက်ခံခြင်းနှင့် ပမာဏကန့်သတ်ခြင်းများ ပြုလုပ်လာခဲ့သည်။
သမ္မတထရန့် အာဏာရလာချိန်မှစပြီး ကမ္ဘာ့ကုန်သွယ်ရေးသည် မတည်မငြိမ်ဖြစ်လာခဲ့သည်။ အမေရိကန်နိုင်ငံသည် ထိုသို့နိုင်ငံပေါင်းများစွာနှင့် ကုန်သွယ်ရေးဆိုင်ရာ ပဋိပက္ခများဖြစ်လာချိန်တွင် သူ၏ အဓိက ပစ်မှတ်မှာ တရုတ်နိုင်ငံဖြစ်သည်။
ထရန့်၏ မှားယွင်းသည့် ကုန်သွယ်မှုအမြင်
သမ္မတထရန့်သည် အခြားနိုင်ငံများနှင့် ကုန်သွယ်မှုပြုခြင်းကို zero-sum game ဟု သဘောထားသည်။ ကုန်သွယ်မှုလိုငွေပြခြင်းသည် အခြားနိုင်ငံက မိမိနိုင်ငံအပေါ် အခွင့်အရေးယူသွားခြင်း၊ တဘက်သတ် အမြတ် ထုတ်သွားခြင်းဟု ရှုမြင်သည်။ အမှန်စင်စစ် နိုင်ငံများအကြား အပြန်အလှန် ကုန်သွယ်မှုပြုခြင်းကြောင့် ကုန်ပစ္စည်းများဈေးနှုန်းများလည်း သက်သာလာပြီး မိမိနိုင်ငံမှ စားသုံးသူများအပါအဝင် တကမ္ဘာလုံးမှ စားသုံးသူများ အကျိုးဖြစ်ထွန်းသည်ကို သူ မသိသည်လား။ ကုန်သွယ်မှုကြောင့် မိမိနိုင်ငံအတွင်းမှ အုပ်စုအချို့၊ လူမှုအဖွဲ့အစည်းအချို့တော့ ထိခိုက်နစ်နာနိုင်သည်။ ထိုအုပ်စုများ၊ လူမှုအဖွဲ့အစည်းများကို ကုန်သွယ်မှုကြောင့် ထိခိုက် နစ်နာမှုများ၏ ဒဏ်ရာဒဏ်ချက်များကို သက်သာအောင်ပြုလုပ်ပေးရမည့်တာဝန်၊ ရေရှည်တွင် ကုန်သွယ်မှု လိုငွေပြမှုကျဆင်းအောင် ပြုလုပ်ရမည့်တာဝန်သည် အစိုးရတာဝန်ဖြစ်သည်ကို ထရန့်အစိုးရ သဘောမပေါက်သည်လား။ တမင်တကာ မသိချင်ယောင်ဆောင်ပြီး နိုင်ငံရေးအမြတ်ထုတ်နေခြင်းလား မသိဖြစ်နေရသည်။
အမေရိကန်နိုင်ငံသည် နိုင်ငံပေါင်းတရာကျော်နှင့် ကုန်သွယ်မှုပြုရာ၌ ကုန်သွယ်မှုလိုငွေပြမှုဖြစ်နေသည်။ ပညာရှင်အများစု၏ သုံးသပ်ချက်မှာတော့ ထိုသို့လိုငွေပြရခြင်းသည် စုဆောင်းငွေနည်းခြင်းကြောင့်ဖြစ်သည်၊ (less saving)ဟု ဆိုသည်။ အမေရိကန်နိုင်ငံသည် ၁၉၈၀ ခုနှစ်ခန့်ထိ ညီမျှသည့် current account ရှိခဲ့သည်။ ၁၉၈၀ခုနှစ်များနောက်ပိုင်းမှစ၍ နှစ်စဉ် ဂျီဒီပီ၏ ၂ ရာခိုင်နှုန်းကျော် current account လိုငွေပြမှုရှိခဲ့သည်။ အလွယ်ပြောရလျှင် အမေရိကန်နိုင်ငံတွင် အစိုးရ၊ ပုဂ္ဂလိကနှင့် အိမ်ထောင်စုများသည် မိမိတို့ဝင်ငွေထက် ပိုသုံးနေခြင်းကြောင့် ဖြစ်သည်။
ပိုသုံးသည်ဟုဆိုရာတွင် ရင်းနှီးမြှုပ်နှံမှုများအတွက် သုံးစွဲခြင်းပါဝင်သလို အကျိုးအမြတ်ပြန်မရနိုင်သည့် သုံးစွဲမှုများလည်း ပါဝင်သည်။ အစိုးရအနေဖြင့်လည်း နှစ်စဉ်ဘတ်ဂျက်လိုငွေ ပြနေခြင်းသည် ရရှိသည့်အခွန်ဘဏ္ဍာထက် ပိုသုံးနေခြင်းကြောင့်ဖြစ်သည်။ အခွန်နှုန်းထားလျော့လိုက်သဖြင့် ဝင်ငွေနည်းသွားသော်လည်း အသုံးစရိတ်များကို နဂိုအတိုင်း (သို့) ပိုသုံးခြင်းဖြင့် ဘတ်ဂျက်လိုငွေပြမှုဖြစ်ပွားနိုင်သည်။ အိမ်ထောင်စုတခုကဲ့သို့ပင် နိုင်ငံများကုန်သွယ်မှုတွင်လည်း ပို့ကုန်များသည် သွင်းကုန်များထက် ပိုမို တင်ပို့နိုင်ပါက ကုန်သွယ်မှုပိုငွေပြမည်ဖြစ်သည်။ တနည်းအားဖြင့် ပို့ကုန်များတင်ပို့ခြင်းဖြင့် ရရှိသည့်ဝင်ငွေအား အကုန်မသုံးစွဲဘဲ ပို့ကုန်ပမာဏထက် လျှော့တင်သွင်းပါက ကုန်သွယ်မှုပိုငွေပြမည်ဖြစ်သလို စုဆောင်းငွေ (saving)လည်း ပိုလာမည်ဖြစ်သည်။
အမေရိကန်နိုင်ငံတွင် အစိုးရ၊ ပုဂ္ဂလိကနှင့် အိမ်ထောင်စုများအားလုံးသည် ရရှိသည့်ဝင်ငွေထက် ပိုသုံးနေခြင်းကြောင့် ကုန်သွယ်မှုလိုငွေပြနေခြင်းဖြစ်သည်။ အထူးသဖြင့် အစိုးရနှင့် အိမ်ထောင်စုများသည် ရရှိသည့်ဝင်ငွေထက် ပိုအသုံးဆုံးအုပ်စုများဖြစ်ကြောင်းကို ၁၉၈၀ ခုနှစ်နောက်ပိုင်း တိုးတက်များပြားလာသည့် ချေးငွေများသည် ယင်းအုပ်စု ၂ ခုသို့ သွားခြင်းဖြင့် သက်သေပြနေသည်။ စုဆောင်း ငွေများသည့် နိုင်ငံများမှ ချေးငွေယူပြီး သုံးစွဲနေခြင်းဖြစ်သည်။
တရုတ်နိုင်ငံမှာတော့ စုဆောင်းငွေအတော များသည့်နိုင်ငံဖြစ်ခြင်းကြောင့် ကုန်သွယ်မှုပိုငွေပြနေသည်။ သို့သော်လည်း တရုတ်နိုင်ငံသည် ယခုအခါ current account surplus ကုန်သွယ်မှုပိုငွေပြမှု လျှော့နည်းလာခဲ့သည်။ ၂၀၀၇-၂၀၀၈ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံ စီးပွားရေးသည် ပြည်ပကုန်သွယ်ရေးအပေါ် မှီခိုအားထားမှုလျော့နည်းလာခဲ့ပြီး ကုန်သွယ်မှုပိုငွေပြ မှုတွင်လည်း ဂျာမဏီ၊ ဂျပန် အနောက်အုပ်စုဝင်နိုင်ငံများထက်ပင် များစွာလျော့နည်းလာခဲ့သည်။ ၁.၇ ရာခိုင်နှုန်း တရုတ်က ပိုငွေပြပြီး ဂျာမဏီနှင့် တောင်ကိုရီးယားတို့သည် ၅ နှင့် ၈ ရာခိုင်နှုန်းပိုငွေပြနေသည်။
အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲလား၊ နည်းပညာပြိုင်ပွဲလား
အမေရိကန်ပြည်ထောင်စုမှ ပညာရှင်များအပါအဝင် နိုင်ငံတကာပညာရှင်အများစု၏ သုံးသပ်ချက်မှာ အမေရိကန်နှင့် တရုတ်၏ လက်ရှိကုန်သွယ်မှုပြဿနာသည် ကုန်သွယ်မှုထက် နည်းပညာယှဉ်ပြိုင်မှုနှင့် ပိုမိုပတ်သက်သည် ဟုဖြစ်သည်။ အမေရိကန်အစိုးရ အဓိက စွပ်စွဲနေသည့် မမျှတသည့် ကုန်သွယ်မှုနည်းလမ်းများတွင် အတင်းအကျပ် နည်းပညာလွှဲပြောင်းခိုင်းခြင်း (forced technology transfer)၊ တရုတ်ယွမ်ငွေကို တန်ဖိုးနိမ့်ထားခြင်းဖြင့် ယှဉ်ပြိုင်မှုအသာစီးရအောင်ပြုထားခြင်း၊ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများအား တရုတ်အစိုးရမှ သက်သာသည့် ချေးငွေများအပါအဝင် အထူးအခွင့်အရေးများပေးထားခြင်းဖြင့် (state subsidies) ယင်းတို့၏ လုပ်ငန်းများ နိုင်ငံတကာတွင် ယှဉ်ပြိုင်မှု အသာစီးရအောင်ပြုလုပ်ထားခြင်းတို့ ပါဝင်သည်။
တရုတ်နိုင်ငံတွင်း၌ ပိုလျံနေသည့် စက်ရုံများမှ ထွက်ရှိသည့် ကုန်ပစ္စည်းများကို ဈေးကွက်တွင်း အလွန်သက်သာသည့် ဈေးနှုန်းများဖြင့် ဖြန့်ဖြူးခြင်း (excess capacity issue)ဖြင့် ဈေးကွက်များကို ထိန်းချုပ်ရန် ကြိုးပမ်းခြင်းလည်း ပါဝင်သည်။ ဉာဏပစ္စည်း ခိုးယူ ခြင်းသည်လည်း (intellectual property theft) အဓိက ပဋိပက္ခဖြစ်ပွားစရာ ကိစ္စဖြစ်သည်။
အဆိုပါစွပ်စွဲချက်များနှင့်ပတ်သက်ပြီး ပညာရှင်အများစု အဓိက တရုတ်နိုင်ငံကို ပြောင်းလဲရန် တောင်းဆိုနေသည့် အရာမှာ ဉာဏပစ္စည်းခိုးယူမှုဖြစ်သည်။ ပညာရှင်များထဲ၌ အဆိုပါကိစ္စကို အဓိက ကိုင်တွယ်ဖြေရှင်းရန် တောင်းဆိုနေသည့် ပညာရှင်မှာ ဟားဗတ်တက္ကသိုလ်မှ ပါမောက္ခ မာတင်ဖယ်စတိန်း (Martin Feldstein) ဖြစ်သည်။ ယင်းက အမေရိကန်ပြည်ထောင်စုသည် တရုတ်အစိုးရအား ဆိုက်ဘာစပိုင်လုပ် ခိုးယူမှု (cyber espionage) ပြုလုပ်၍ အမေရိကန်ကုမ္ပဏီများ၏ နည်းပညာခိုးယူမှုကို ရပ်တန့်စေလိုသည်။
သမ္မတရှီကလည်း ၂၀၁၅ခုနှစ်တွင် သမ္မတအိုဘားမားနှင့်တွေ့ဆုံစဉ်က အဆိုပါလုပ်ရပ်ကို ရပ်တန့်မည်ဟု သဘောတူခဲ့ သော်လည်း နောက်ပိုင်း ဒစ်ဂျစ်တယ်နည်းပညာ ခိုးယူမှုများပြန်လည်မြင့်တက်လာခဲ့သည်ဟု ယင်းက သူ၏ “There Is No Sino-American Trade War”ဆောင်းပါးတွင်ရေးသားထားသည်။ ယင်းအနေဖြင့် မည်မျှအထိ ထိုကိစ္စအပေါ် အလေးအနက်ထားသနည်းဆိုလျှင် တရုတ်-အမေရိကန် ကုန်သွယ်မှု သဘောတူညီများတွင် တရုတ်ဘက်မှ နည်းပညာခိုးယူမှုမပါလျှင် အဓိပ္ပါယ်မဲ့သည့် သဘောတူညီချက်သာဖြစ်မည်ဟု ယင်း၏နောက် ဆောင်းပါးတပုဒ်တွင်လည်း ရေးသားခဲ့သည်။
တရုတ်ဘက်မှ အမေရိကန်နှင့် ကုန်သွယ်ရာတွင် ပိုငွေပြနေမှုကို လျှော့ချရန် အမေရိကန်ထုတ်ကုန်များကို ပိုမိုတင်သွင်းပါမည်ဆိုသည့်အချက်တခုတည်းဖြင့် တရုတ်-အမေရိကန် ကုန်သွယ်မှုသဘောတူညီချက်များသည် အနှစ်သာရမရှိဟုထင်မြင်ယူဆသည်။
သို့သော်လည်း တရုတ်ဘက်မှရေးသားသည့် အမေရိကန် စီးပွားရေးပညာရှင်များလည်း ရှိသည်။ ယင်းတို့ထဲတွင် အချက်အလက် ခိုင်ခိုင်မာမာဖြင့် ရေးသားတင်ပြသူမှာတော့ ယေးလ်တက္ကသိုလ်မှ စတီဗင်ရို့ချ် (Stephen Roach) ဖြစ်သည်။ ယင်းအနေဖြင့် တရုတ်နိုင်ငံတွင် အမေရိကန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာ၌ တရုတ်ကုမ္ပဏီများဖြင့် ဖက်စပ်လုပ်စေသည့်နည်းလမ်းဖြင့် နည်းပညာအတင်းအကျပ် လွှဲပြောင်းပေးအပ်စေသည်ဆိုသည့်အချက်ကို လက်မခံ။ နိုင်ငံတကာတွင် ရင်းနှီးမြှုပ်နှံနေသည့် အမေရိကန်ကုမ္ပဏီများသည် တရုတ် ကုမ္ပဏီများဖြင့် ဖက်စပ်လုပ်ကိုင်ရာ၌ ၂ နိုင်ငံဝန်ထမ်းများ ပူးပေါင်းလုပ်ကိုင်ခြင်း၊ စီးပွားရေးဗျူဟာများ မျှဝေခြင်း၊ လုပ်နည်းလုပ်ဟန် စနစ်များ သင်ကြားပေးခြင်းနှင့် ထုတ်ကုန်သစ် ဒီဇိုင်းများ ပူးပေါင်းထုတ်လုပ်ခြင်းများ ရှိသော်လည်း ယင်းတို့သည် အလွယ်တကူ ပိုင်ဆိုင်သည့် ထိပ်တန်းနည်းပညာများကို လွှဲပြောင်းပေးသည်ထိ တုံးအသည့်သူများ မဟုတ်ကြောင်း၊ နိုင်ငံတကာတွင် စီးပွားရေးလုပ်ကိုင်နေသူများဖြစ်ကြောင်း သူ၏ “America’s False Narrative On China” ဆောင်းပါးတွင်ဖေါ်ပြထားသည်။
အခြားစွပ်စွဲချက်များဖြစ်သည့် ငွေလဲလှယ်နှုန်း ကျဆင်းအောင် ပြုလုပ်ထားခြင်းဖြင့်လည်း အမှန်စင်စစ် တရုတ်ယွမ်တန်ဖိုးသည် ၂၀၀၄ နောက်ပိုင်းမှစတင်ပြီး ၅၀ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများအား တရုတ်အစိုးရ ဗဟိုမှ စနစ်တကျ စီမံကိန်းချမှတ်ပြီး နိုင်ငံတကာဈေးကွက်ကို ထိန်းချုပ်ရန် အစီအမံများပြုလုပ်နေသည်ဆိုသော်လည်း လက်တွေ့တွင် ယင်းတရုတ်အစိုးရပိုင် နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများသည် ပုဂ္ဂလိကနှင့်ယှဉ်လျှင် ကုန်ထုတ်စွမ်းအားနိမ့်ကျခြင်း (low-efficiency)နှင့် အကျိုးအမြတ်အချိုးအစား နိမ့်ကျခြင်း (low returns on investments) အသွင်သဏ္ဍာန်များရှိနေကြောင်း အထောက်အထားမြောက်မြားစွာရှိသည်ဟု ယင်းကထောက် ပြထားသည်။
တရုတ်အစိုးရကိုယ်တိုင် ထိုနိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများအား အထူးအခွင့်အရေးများ subsidies များမပေးဘဲ ဈေးကွက်ယှဉ်ပြိုင်မှုအတိုင်း ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းအားထုတ်နေကြောင်းကိုလည်း အခြားပညာရှင်များက သုံးသပ်ကြသည်။ နည်းပညာခိုးယူမှုနှင့် ပတ်သက်၍လည်း ခိုင်လုံသည့် သက်သေ အထောက်အထားမရှိသည်ကို ဝန်ခံထားကြောင်း အမေရိကန်ပြည်ထောင်စု ကုန်သွယ်မှုဆိုင်ရာ ကိုယ်စားလှယ် ထုတ်ပြန်သည့် အစီရင်ခံ စာအပိုဒ် ၃၀၁ စာမျက်နှာ၁၉တွင်ရေးသားထားကြောင်း ပါမောက္ခ စတီဗင်ရို့ချ်က သူ၏ အထက်ဖေါ်ပြပါဆောင်းပါးတွင် ဖေါ်ပြထားသည်။
အဆုံးသတ်
မည်သို့ပင်ဆိုစေကာမူ အနှစ်ချုပ်ရလျှင် တရုတ်-အမေရိကန် ကုန်သွယ်ရေးပြဿနာ၏ အဓိက ဖြေရှင်းရန် ခက်သည့်အချက်မှာ နည်းပညာယှဉ်ပြိုင်မှုပင်ဖြစ်သည်။ တရုတ်နိုင်ငံ၏ နည်းပညာဖွံ့ဖြိုးတိုးတက်မှုသည် တပြေး ညီ မဟုတ်သော်လည်း အချို့သောကဏ္ဍများ၌ အမေရိကန်နှင့်အနောက်အုပ်စုထက် သာတော့မည်ကဲ့သို့ဖြစ်နေသည်။ ဥပမာပြရလျှင် မြန်နှုန်းမြင့်ရထား (High Speed Rail)၊ Huawei ဦးဆောင်နေသည့် 5G network၊ ဒစ်ဂျစ် တယ်စီးပွားရေးကဏ္ဍများတွင် တရုတ်က သာလွန်နေသည်ကိုတွေ့ရသည်။
ထိုပြင် တရုတ်သည် ကဏ္ဍအတော် များများတွင် အခြေခံအဆင့် အခြားနိုင်ငံများမှ တင်သွင်းလာသည့် intermediate products ဟုခေါ်သည့် ထုတ်ကုန်တခု၏ အစိတ်အပိုင်းများကို နောက်ဆုံးအဆင့် တပ်ဆင်ရသည့်အဆင့်မှ (ဥပမာ မော်တော်ကား အစိတ်အပိုင်းများကို အခြားနိုင်ငံများမှ တင်သွင်း၍ တရုတ်နိုင်ငံတွင် တပ်ဆင်ခြင်း) ထုတ်ကုန်တခု၏ အစိတ်အပိုင်း အားလုံးလိုလို ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်သည့်အဆင့်သို့ ရောက်ရှိလာခဲ့သည်။ ဥပမာ Iphone အိုင်ဖုန်း များတွင်ပါဝင်သည့် chips များကို ပြည်တွင်း၌ပင် ထုတ်လုပ်လာနိုင်သည်။
အဆင့်မြင့်နည်းပညာအသုံးချ ကုန်ပစ္စည်းအားလုံးကို တရုတ်နိုင်ငံတွင်း မထုတ်လုပ်နိုင်သော်လည်း ကုန်ပစ္စည်းတော်တော်များများ၏ အစိတ်အပိုင်းအားလုံးကို ပြည်တွင်းထုတ်လုပ်နိုင်ခြင်းသည် အနောက်အုပ်စုနိုင်ငံများကို နည်းပညာအရ ခြိမ်းခြောက် လာသကဲ့သို့ဖြစ်လာသည်။ တနည်းအားဖြင့်ဆိုလျှင် GVC ဟုခေါ်ဆိုသည့် Global Value Chains များ၏ လုပ်ငန်း စဉ်တစ်ခုလုံးတွင် ယခင်က အစိတ်အပိုင်းကိုသာ ထုတ်လုပ်နိုင်ရာမှ အစိတ်အပိုင်းအားလုံးကို ထုတ်လုပ်နိုင်သည့်အထိ တတ်ကျွမ်းလာခြင်းဖြစ်သည်။
ထို့ပြင် Big Data ဟုခေါ်သည့် ကမ္ဘာပေါ်ရှိ ပြည်သူအများနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို ပိုင်ဆိုင်မှုများများရှိလေ အင်အားကြီးလေဖြစ်နေသည့် ၂၁ရာစုတွင် အမေရိကန်ကို ထိုကဏ္ဍတွင် အဓိကယှဉ်ပြိုင်မည့်သူမှာ တရုတ်ဖြစ်နေခြင်းကလည်း အမေရိကန်အတွက် စိုးရိမ်ပူပန်စရာပင်ဖြစ်သည်။ အမေရိကန်၏ ကမ္ဘာတွင် ပြိုင်သူမရှိဟု ဆိုနိုင်မည့် အဆင့်မြင့်နည်းပညာ အသုံးချ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်တွင် FAANG ဟုခေါ်သည့် Facebook, Apple, Amazon, Netflix, Google တို့နှင့် Uber, Airbnb, Microsoft တို့က ထိန်းချုပ်ထားမှုကို စိန်ခေါ်လာသည့် Alibaba, Tencent, Didi Huawei အစရှိသည့် တရုတ်ကုမ္ပဏီများပေါ်လာခြင်းသည် အမေရိကန်၏ နည်းပညာတဘက်သတ် အသာစီး ရနေမှုကို စိန်ခေါ်နေခြင်းပင်ဖြစ်သည်။
နည်းပညာပိုင်းတွင်လည်း တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုပြီးလျှင် ဒုတိယအများဆုံး R&D တွင် သုံးစွဲသူဖြစ်လာသည်။ တရုတ်အနေဖြင့် နိုင်ငံခြားမှ နည်းပညာများကို ဉာဏပစ္စည်းနှင့် နည်းပညာဝန်ဆောင်မှု များအနေဖြင့် တင်သွင်းမှုမှာ ၂၀၀၇ ခုနှစ်က အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ၄၈ ဘီလီယံသို့မြင့်တက်ခဲ့သော်လည်း ပြည်တွင်း R&D သုံးစွဲမှုရာခိုင်နှုန်းအနေဖြင့်ကြည့်လျှင် ပြည်ပမှတင်သွင်းသည့် နည်းပညာမှာ စုစုပေါင်း R&D အသုံးစရိတ်၏ ၂၄ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းသို့ ၂၀၁၇ ခုနှစ်၌ လျော့ကျခဲ့ကြောင်း တွေ့ရသည်။ တရုတ်အနေဖြင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုအတွက် မည်မျှအလေးထားကြောင်းကို ထိုအသုံးစရိတ်များကို လေ့လာခြင်းဖြင့် သိနိုင်သလို၊ နိုင်ငံခြားတက္ကသိုလ်များသို့ (အထူးသဖြင့် အမေရိကန်တက္ကသိုလ်များသို့) စေလွှတ်သည့် သိပ္ပံနှင့်နည်းပညာ ပညာတော်သင်ကျောင်းသား အရေအတွက်ကို လေ့လာကြည့်လျှင်လည်း သတိပြုမိလိမ့်မည်ဖြစ်သည်။
သို့သော်လည်း ခြံငုံကြည့်လျှင်တော့ တရုတ်နိုင်ငံသည် အလယ်အလတ် ဖွံ့ဖြိုးမှုအဆင့်ရှိနိုင်ငံ တနိုင်ငံသာ ဖြစ်၍ အမေရိကန်ကိုမှီရန် များစွာကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။ တရုတ်နိုင်ငံ၏ ဂျီဒီပီသည် ၂၀၁၇ခုနှစ်တွင် ကမ္ဘာလုံးဂျီဒီပီ၏ ၁၅ ရာခိုင်နှုန်းဖြစ်ပြီး အမေရိကန်နိုင်ငံ ဂျီဒီပီ၏ ၆၄ ရာခိုင်နှုန်းရှိသည်။ တဦးခြင်းဝင်ငွေ (per capita GDP) အရလည်း တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ တဦးခြင်းဝင်ငွေ၏ ၁၅ ရာခိုင်နှုန်း (purchasing power parityအရ ၂၈ရာခိုင်နှုန်း)သာရှိသည်။ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်မြှင်တင်၍ နိုင်ငံကို ဖွံ့ဖြိုးပြီးနိုင်ငံအဆင့်သို့ ရောက်ရှိရန် များစွာကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။
သို့သော်လည်း တရုတ်နိုင်ငံ၏ အင်အားကြီးထွားလာမှု (China’s Rise) အား မိမိနိုင်ငံ၏ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်ထိပါးလာခြင်းဖြစ်သည်ဟု ရှုမြင်မှုများကလည်း သမ္မတရှီကျင့်ပင် အာဏာရရှိလာပြီး နောက်ပိုင် းပိုမိုဆိုးရွားလာကြောင်း တွေ့ရှိရသည်။ တရုတ်အင်အား ကြီးထွားမလာစေရန် နေရာအသီးသီး ကဏ္ဍအသီးသီး၌ လုပ်ဆောင်ရမည် (သို့) ဆိုဗီယက်ပြည်ထောင်စုအပေါ် စစ်အေးကာလအတွင်းက အမေရိကန်ချမှတ်ခဲ့သည့် containment strategy ကိုပြန်လည်သုံးသင့်သည်ဟု ထင်မြင်ယူဆချက်များ တိုးပွားလာခဲ့သည်။
တဘက်တွင်လည်း တရုတ်၏ အဓိကအားနည်းချက်မှာ နိုင်ငံရေးစနစ်ပင်ဖြစ်သည်။ တရုတ်၏ တပါတီအာဏာရှင်စနစ်က ဒီမိုကရေစီ လူ့အဖွဲ့ အစည်းများနှင့် ယင်းတို့၏ လွတ်လပ်မှုများကို အန္တရာယ်ပြုနိုင်သည်ဟု ထင်မြင်ယူဆချက်များရှိနေသလို၊ တရုတ် အစိုးရသည် ယင်း၏ အာဏာရှင်စနစ်ဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်သည့်ပုံစံကို တကမ္ဘာလုံးရှိ ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ တင်ပို့နေသည်ဟုသော သံသယစိတ်များကလည်း နိုင်ငံအများအပြားတွင် ရှိနေလေသည်။
မည်သို့ပင်ဆိုစေကာမူ အင်အားကြီး နိုင်ငံ ၂ နိုင်ငံ ကုန်သွယ်ရေးအပါအဝင် မည်သည့်စစ်ပွဲမျိုးပင်ဖြစ်စေ ဖြစ်ပွားပါက အခြားနိုင်ငံများလည်း ထိခိုက်မည်သာဖြစ်သည်။ မရေရာ မသေချာဖြစ်နေသည့် ကမ္ဘာ့စီးပွားရေးကိုလည်း ပိုမို မတည်မငြိမ်ဖြစ်စေမည်ဖြစ်သည်။ ယခုလောလောဆယ်အချိန်တွင်ကို စတော့ရှယ်ယာဈေးနှုန်းများ ကျဆင်းမှု၊ ငွေကြေးလဲလှယ်နှုန်းများ အပြောင်းအလဲ မြန်ဆန်မှုတို့ကို ကြုံတွေ့နေရသည်။ ချေးငွေပိနေသည့် ကမ္ဘာ့စီးပွား ရေးကို တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲက များစွာ ထိခိုက်နိုင်သလို၊ အမေရိကန်နှင့်နှိုင်းယှဉ်လျှင် အင်အားနည်းသည့် တရုတ်နိုင်ငံအနေဖြင့်လည်း တည်ငြိမ်မှုအတွက် လက်ရှိအခြေအနေများကြား၌ အတော် ကြိုးပမ်းထိန်းသိမ်းရမည်ဖြစ်သည်။
(ခိုင်ဝင်းသည် ရန်ကုန်အခြေစိုက် Sandhi Governance Institute ၏ ဒါရိုက်တာဖြစ်သည်။)
ဆက်စပ်ဖတ်ရှုရန် – အမေရိကန်-အီရန် တင်းမာမှုကြောင့် ကမ္ဘာ့ရေနံဈေးကွက် ပျက်မလား
ထရမ်၏ အခွန်စည်းကြပ်မှု အသစ် တရုတ် တုံ့ပြန်
ဟွာဝေးအနေဖြင့် ထောက်လှမ်းရေး မလုပ်ကြောင်း အစိုးရများနှင့် လက်မှတ်ရေးထိုးလို