၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် မြန်မာ့တပ်မတော်အတွက် တားမြစ်ချက် ဖြစ်နေသောကြောင့် မြန်မာနိုင်ငံတွင် ဖက်ဒရယ်နိုင်ငံ ထူထောင်ရေးမှာ လွန်စွာ အလှမ်းဝေးနေပုံရကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် ကော်မတီ (PPST) ယာယီ အကြီးအကဲနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောသည်။ နိုင်ငံသည် နိုင်ငံရေး တုံ့ဆိုင်းမှု နွံတွင် နစ်နေကြောင်း ထိုအချက်က မီးမောင်းထိုးပြနေသည်။
တချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်များ (EAOs) အနေဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုး ပြီးချိန်မှစတင်ပြီး ငြိမ်းချမ်းရေးအတွက် ထူးခြားသော အောင်မြင်မှု မရရှိသေးပေ။ ထို့အပြင် တပ်မတော်သည် ၄ လကြာ တဖက်သတ် အပစ်အခတ် ရပ်စဲရေး ဧပြီလက ကုန်ဆုံးသွားသောအခါ နောက်ထပ် ၂ လကြာ တဖက်သတ် အပစ်အခတ် ရပ်စဲရေးကို ထပ်မံ တိုးချဲ့လိုက်သော်လည်း ထိုအစီအစဉ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲများ အပြင်းအထန် ဖြစ်နေသော ရခိုင်ပြည်နယ်ကို ပြောင်ကျကျ ဖယ်ထုတ် ထားလိုက်သည်။
မြန်မာနိုင်ငံသည် ထူးခြားသော နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင် ၄ ခုဖြစ်သော ခွဲထွက်ရေး၊ ကွန်ဖက်ဒရေးရှင်း၊ ဖက်ဒရယ်စနစ်နှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးတို့ကို မကြာသေးမီက ဆွေးနွေးလာသည်။
ခွဲထွက်ခြင်း၏ ခါးသီးသောသင်ခန်းစာ
၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ ဒုတိယ အကြိမ်အစည်းအဝေးသည် တားမြစ်ချက်အဖြစ် လူအများက ကာလကြာမြင့်စွာ သတ်မှတ်ထားခဲ့သော ခွဲထွက်ရေးဟူသည့် စကားလုံး ပြန်လည် အသက် ဝင်လာခြင်းနှင့် အတူ အဆုံးသတ်သွားခဲ့သည်။
၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သော ထိုထိပ်သီးဆွေးနွေးပွဲတွင် တပ်မတော်နှင့် EAOs တို့သည် ခွဲမထွက်ရေး ပြဿနာအပေါ် သဘောထား ကွဲလွဲမှုကို ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပေ။ ခွဲမထွက်ရေးသည် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ သို့သော် ခွဲမထွက်ရေးနှင့် ခွဲထွက်ရန် မလိုသော ပြည်ထောင်စုကို အတူတကွ တည်ထောင်လိုသော ဆန္ဒရှိရန်လည်း အရေးကြီးနေသည်။
ခွဲထွက်ရေး ဟူသောစကား ပေါ်လာသောအခါ သမိုင်းက မိမိတို့ကို ခါးသီးသော သင်ခန်းစာတခု သင်ကြား ပေးခဲ့သည်။ ၁၀ နှစ်ကြာပြီးနောက် ပြည်နယ်များသည် ပြည်ထောင်စုမှ ခွဲထွက်နိုင်သည်ဟု ၁၉၄၇ ခုနှစ် မြန်မာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (အခန်း၁၀၊ ပုဒ်မ ၂၀၁) က ဆိုသည်။ ပြည်နယ်ကောင်စီအဖွဲ့ဝင် ၃ ပုံ ၂ ပုံက ခွဲထွက်ရန် မပေးခဲ့လျှင် သမ္မတက ခန့်အပ်သော ဆန္ဒခံယူပွဲကော်မရှင်က စီစဉ်သည့် ပြည်နယ်သားများ၏ ဆန္ဒခံယူပွဲ ကျင်းပပြီးပါက ပြည်နယ်များသည် ဗဟိုအစိုးရမှ ခွဲထွက်ခွင့်ရှိသည်ဟုလည်း ဆိုထားသည်။
၁၉၄၈ ခုနှစ် ဇန်နဝါရ်ီလတွင် မြန်မာနိုင်ငံသည် တန်းတူညီမျှသော နိုင်ငံရေး အခွင့်အရေး မူများပေါ်တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ လက်မှတ် ရေးထိုးခဲ့သော ပင်လုံစာချုပ်မှတဆင့် ဗြိတိန်ထံမှ လွတ်လပ်ရေး ရခဲ့သည်။
၁၀ နှစ်ကြာပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွဲထွက်ရန်အချိန် ရောက်လာသော ၁၉၆၂ ခုနှစ်တွင် လက်နက်ကိုင်တပ်များ၏ အကြီးအကဲ ဗိုလ်ချုပ်နေဝင်းက ဦးနုကို အာဏာသိမ်း ဖြုတ်ချလိုက်သည်။ စစ်အာဏာသိမ်းရခြင်း အကြောင်းရင်းအဖြစ် တစစီပြိုကွဲတော့မည့် နိုင်ငံကို ချောက်ကမ္ဘားစွန်းမှ ကယ်တင်လိုက်ခြင်း ဖြစ်သည်ဟု သူက ပြောသည်။ ခွဲထွက်နိုင်ခြေရှိသောကြောင့် စစ်အာဏာသိမ်းမှု ဖြစ်ရကြောင်းမှာ ထင်ရှားသည်။ ထို့ကြောင့် တိုင်းရင်းသား လူနည်းစုများအတွက် ၎င်းတို့ တောင်းဆိုနေသော အခွင့်အရေးများနှင့်တကွ ခွဲထွက်ရေး မျှော်လင့်ချက်များမှာ ထိုအချိန်ကစတင်ပြီး တိမ်မြုပ် ပျောက်ကွယ် ခဲ့ရသည်။
ထိုအချိန်က စတင်ပြီး စစ်အစိုးရ အဆက်ဆက်တိုင်းအတွက် ခွဲထွက်ရေးသည် ပြဿနာရှိပြီး လက်မခံနိုင်သော စကားလုံး ဖြစ်နေသည်။ ခွဲထွက်ရေးနှင့် ပတ်သက်သော မကြာသေးမီက ဆွေးနွေးငြင်းခုန်မှုများသည် ထိုစကားလုံးမှ သဘောထားကွဲလွဲမှု မည်သို့ ဖြစ်ပေါ်လာသည်ကို မီးမောင်းထိုးပြနေသည်။
ကွန်ဖက်ဒရေးရှင်းသည် ပိုမိုကောင်းမွန်ပါသလား
ယခုနှစ် အစောပိုင်းက AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကွန်ဖက်ဒရိတ်ဟူသော စကားလုံးကို သုံးလာပြီး “မိမိတို့သည် ပြည်နယ်များ၏ ကွန်ဖက်ဒရေးရှင်းကို ပိုမိုလိုလားသည်” ဟု ပြောလာသည်။ သူ၏ ပြောဆိုမှုသည် တပ်မတော်အပါအဝင် လူအများကြားတွင် အနာဂတ် မြန်မာ့နိုင်ငံရေး စနစ်နှင့်ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ AA သည် ၎င်း၏ ကွန်ဖက်ဒရေးရှင်း ရည်မှန်းချက်ကို စွန့်လွှတ်ရမည်ဟု တပ်မတော်က ချက်ခြင်းတုံ့ပြန်သည်။
ကွန်ဖက်ဒရေးရှင်း ဆိုသည်မှာ ၎င်းတို့၏ အချုပ်အခြာအာဏာ အပြည့်အ၀ ကျင့်သုံးသော နိုင်ငံများ သို့မဟုတ် ပိုင်နက်များကို စုစည်းထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ထိုအဆင့်ကို ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တခုသာလျှင် ရယူထားသေးသည်။ UWSA ထိန်းချုပ်ဒေသသည် ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက တရားဝင်သတ်မှတ်ထားသည်။
၀ ဒေသသည် အမည်မခံသော လွတ်လပ်ရေးရဒေသဖြစ်ပြီး အမျိုးသား အချုပ်အခြာအာဏာ၏ နယ်ပယ်ပြင်ပတွင် လုပ်ငန်း လည်ပတ်နေသည်။
AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က AA သည် ဝဒေသကဲ့သို့ ကွန်ဖက်ဒရိတ် အဆင့်အတန်း ရလိုသည်ဟု ပြောသည်။ သို့သော် EAOs အများစုက ဖက်ဒရယ်အဆင့်ကိုသာ တောင်းဆိုသောကြောင့် လည်းကောင်း၊ တပ်မတော်ကလည်း လက်မခံသောကြောင့် လည်းကောင်း ထိုကဲ့သို့ ဖြစ်တန်ရာမရှိပေ။
ဖက်ဒရယ်စကားဝိုင်း
ဖက်ဒရယ်ဟူသော စကားကို သမ္မတ ဦးသိန်းစိန်အစိုးရက ပြန်လည် အသက်သွင်းလာသည်။ အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) နှင့် အစိုးရနှင့် အပစ်အခတ် ရပ်စဲရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၆ ခုတို့ ဖွဲ့စည်းထားသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ အစည်းအဝေးများစွာ ကျင်းပပြီး နောက်ဆုံးတွင် အစိုးရသည် နိုင်ငံတွင် ဖက်ဒရယ်စနစ် ထူထောင်ရန် ၂၀၁၄ ခုနှစ် သြဂုတ်လတွင် သဘောတူခဲ့သည်။
ထိုအချိန်မှစတင်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူများသည် ဖက်ဒရယ်စနစ်ကို နိုင်ငံရေးအရ အဖြေအတွက် အယူအဆတခုအဖြစ် ထပ်လောင်း အတည်ပြုခဲ့ကြသည်။
၂၀၁၆ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ ကျင်းပသော ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပထမအကြိမ် အစည်းအဝေးတွင် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က ၎င်းတို့၏ အဆိုပြုချက်များကို တင်သွင်းပြီး အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုကို ပုံဖော်ခဲ့သည်။
၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် အစိုးရသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် အဆင့် ၇ ဆင့် လမ်းပြမြေပုံကို ကြေညာခဲ့သည်။ ထိုအဆင့် ၇ ဆင့်အနက် တဆင့် ဖြစ်သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်နှင့်အညီ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးသည် ဖက်ဒရယ်စနစ် လမ်းကြောင်းကို အလေးထားသည်။
၂၀၁၇ ခုနှစ် ဇွန်လက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် ဖက်ဒရယ်စနစ်ကို လေ့လာရန် ကနေဒါ နိုင်ငံသို့ သွားရောက်ခဲ့သည်။
“ကျမ ဒီကိုလာရတာ ဝမ်းသာတယ်။ အထူးသဖြင့်တော့ ကျမတို့သွားဖို့ ကြိုးစားနေတဲ့ ဖက်ဒရယ် စနစ်အကြောင်း လေ့လာရလို့ ဝမ်းသာတယ်။ ကျမတို့ဟာ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့ ကြိုးစားနေတာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း AFP သတင်းဌာန၏ အဆိုအရ သိရသည်။
ဖက်ဒရယ်စနစ်ဟူသော စကားလုံးသည် အာဏာချုပ်ကိုင်ထားသူများ၊ မူဝါဒ ချမှတ်သူများ၊ အောက်ခြေ အဖွဲ့အစည်းများတို့နှင့် အကျွမ်းတဝင် ဖြစ်လာသော်လည်း အကောင်အထည် ပေါ်မလာသေးပေ။ သို့သော် ထိုအရေးပါသော လမ်းဆုံလမ်းခွတွင် စာရေးသူတို့အနေဖြင့် အောက်ပါမေးခွန်းများကို ဖြေဆိုရပေမည်။ မြန်မာနိုင်ငံ အနေဖြင့် မည်ကဲ့သို့သော ဖက်ဒရယ်စနစ်မျိုးကို ဖန်တီးသင့်သနည်း။ ထို ဖက်ဒရယ် စနစ်သည် တိုင်းရင်းသား အခြေပြု ဖက်ဒရယ် ဖြစ်သင့်ပါသလား သို့မဟုတ် ပြည်နယ်အခြေပြု ဖက်ဒရယ် ဖြစ်သင့်ပါသလား။
ထိုဖက်ဒရယ် စနစ်သည် အချိုးညီ ဖက်ဒရယ်လား သို့မဟုတ် အချိုးမညီ ဖက်ဒရယ်လား။ ဘာသာစကား မည်မျှကို တရားဝင် ရုံးသုံး ဘာသာစကားအဖြစ် အသုံးပြုသင့်သနည်း။ စံချိန်ညီ ပညာရေးနှင့် အခွန်စနစ်ကို ကျင့်သုံးသင့်ပါသလား။ ဗဟိုအစိုးရနှင့် ပြည်နယ် အစိုးရများ၏ သီးခြားစီ ရပိုင်ခွင့်များသည် မည်သည်တို့နည်း။
ထိုမေးခွန်းများကို ဖြေဆိုရန်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် မိမိတို့အနေဖြင့် အချိန်ယူရမည် ဖြစ်ပြီး ၎င်းတို့ကို နေ့ချင်းညချင်း ဖြေရှင်းနိုင်မည် မဟုတ်ပေ။
ပိုမိုလိုလားဖွယ်ကောင်းသော ဗဟိုချုပ်ကိုင်မှု လျှော့ချရေး
ဖက်ဒရယ်နိုင်ငံတော် သို့မဟုတ် ထိုထက်ပိုမိုမြင့်မားသော နိုင်ငံတော်အတွက် ပြင်ဆင်နေချိန်တွင် မိမိတို့ အနေဖြင့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးကို မေ့လျှော့မထားသင့်ပေ။ ခွဲထွက်ရေး၊ ကွန်ဖက်ဒရေးရှင်းနှင့် ဖက်ဒရယ်စနစ်ကဲ့သို့ တိုင်းရင်းသားတို့၏ မတူညီသော နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင်များသည် ပိုမိုကောင်းမွန်သော အဖြေဖြစ်ကြောင်း မည်သူမျှ မငြင်းပယ်နိုင်ပေ။
သို့ရာတွင် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးသည် မည်သည့်အတွက် အရေးပါရသနည်း။ အခြားသော ကိစ္စများနှင့် တကွ စာရေးသူ တင်ပြလိုသော ကိစ္စမှာ တိုင်းရင်းသား ပြည်နယ်များကို အာဏာခွဲဝေရေးတွက် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးကို အမြန်ဆုံး ကျင့်သုံးသင့်သည် ဟူသော အချက်ဖြစ်သည်။
ဥပမာဆိုရပါက ပြည်နယ်ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ ပြည်နယ်များကသာ ရွေးချယ်သင့်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဆောင်ရွက်လျှက် ရှိသော်လည်း ဥပမာ ပုဒ်မ ၂၆၁ အပါအဝင် ပုဒ်မ မည်မျှကို လွှတ်တော် ကိုယ်စားလှယ်များက ပြုပြင်ပြောင်းလဲနိုင်မည်နည်း ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။ နိုင်ငံရေးနှင့် ဘဏ္ဍာရေး အာဏာများကို ဗဟိုချုပ်ကိုင်မှု လျှော့ချလိုက်ပါက မိမိတို့သည် ဖက်ဒရယ်စနစ် ဟူသော အယူအဆကို တဖြည်းဖြည်း တွေ့ကြုံ ခံစားလာရနိုင်သည်ကို မငြင်းနိုင်ပေ။
အနှစ်ချုပ်တင်ပြရပါက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် မိမိတို့သည် ဗိုလ်ချုပ်ကြီး ရွက်ဆစ် ပြောသည့်အတိုင်း ခရီးရှည်ကြီးကို ဖြတ်သန်းရမည့် အလားအလာရှိသည်။ ဖက်ဒရယ် လမ်းကြောင်းသည် အချိန်မည်မျှ ကြာမည်ကို မည်သူမျှ သိကြပုံမရပေ။ တချိန်တည်းတွင် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးကိုလည်း လျှော့မတွက်သင့်ဘဲ ၎င်းသည် ဖက်ဒရယ်ပြည်ထောင်စု သို့မဟုတ် ထိုထက်မြင့်မားသော နိုင်ငံရေး ရည်မှန်းချက်များသို့ ချီတက်ရာတွင် အရေးပါသော ခြေလှမ်း ဖြစ်နိုင်ပေသည်။
(Joe Kumbun သည် ကချင်ပြည်နယ်အခြေစိုက် သုတေသီတဦး၏ ကလောင်အမည်ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ Secession, Confederation, Federalism or Decentralization? ကို ဆီလျော်အောင် ဘာသာပြန်သည်။)