ဝက်ဝံနဲ့ နဂါးကြား ဘေးကင်းအောင် သတိထားနေ

အောင်ဇော်
ဧပြီလ ၁၆ ရက် စိန့်ပီတာစဘတ်မြို့တွင် ရုရှားစစ်ဗိုလ်ချုပ်များနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အတူတကွ မြင်ရစဉ် / တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Want create site? Find Free WordPress Themes and plugins.

တချိန်က အထီးကျန်ခဲ့သော မြန်မာ့တပ်မတော်သည် အစဉ်အလာ မဟာမိတ်များကို ကျေနပ် နှစ်သိမ့်စေသည့် တချိန်တည်းတွင် နိုင်ငံတကာ နယ်ပယ်တွင်လည်း ဆက်ဆံရေး ဖြန့်ကျက်ထားကြောင်း ဧပြီလ အတွင်းက တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ခဲ့သည့် တရုတ်နှင့် ရုရှားနိုင်ငံ အဆင့်မြင့် ခရီးစဉ်များက ပြသနေသည်။

တရုတ်နိုင်ငံ ခရီးစဉ်အတွင်း မြန်မာ့တပ်မတော် အကြီးအကဲ၏ သတင်းစကားမှာ ရှင်းလင်း ပြတ်သား လှသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်စစ်ဘက်၊ အရပ်ဘက် ထိပ်တန်းအရာရှိများ တွေ့ဆုံစဉ် သူ၏ရုံးက ထုတ်ပြန်သော ကြေညာချက်တွင် တရုတ်နိုင်ငံသည် ထာဝရမိတ်ဆွေနှင့် သေနင်္ဂဗျူဟာ ကျသော မိတ်ဆွေနိုင်ငံ ဖြစ်သည်ဟု မြန်မာနိုင်ငံက သတ်မှတ်ကြောင်း ဖော်ပြထားသည်။

ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့်လမ်း အစီအစဉ် (BRI) ညီလာခံ တက်ရောက်ရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ မသွားမီ ဗိုလ်ချုပ်မှူးကြီးက ထိုခရီးစဉ်ကို သွားရောက်ခဲ့ခြင်း ဖြစ်ပြီး ပိုမိုအရေးကြီးသော အချက်မှာ နှစ် ၃၀ ပြည့် အခမ်းအနား ကျင်းပနေသော ဝ တိုင်းရင်းသား လက်နက်ကိုင်များထံသို့ ထိုခရီးက သတင်းစကားတခု ပေးပို့လိုက်ခြင်းပင် ဖြစ်သည်။

ယခုအချိန်သည် မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံ၏ ထောက်ခံနားလည်မှုကို အလိုအပ်ဆုံး အချိန် ဖြစ်သည်။

အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့ (ARSA) က ရခိုင်ပြည်နယ်မှ လုံခြုံရေး တပ်စခန်းများကို ချိန်ကိုက် တိုက်ခိုက်ခဲ့သောကြောင့် ဖြစ်ပေါ်လာသော စစ်ဆင်ရေးများမှ လွတ်မြောက်ရန် အတွက် ၂၀၁၇ ခုနှစ် သြဂုတ်လမှ စတင်ပြီး ရိုဟင်ဂျာ ၇ သိန်းကျော်တို့သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။ ထိုစစ်ဆင်ရေးများသည် ဖတ်စာအုပ်များတွင် ဖော်ပြရမည့် လူမျိုးစု သုတ်သင်ခြင်း ဥပမာဖြစ်ကြောင်း ကုလသမဂ္ဂက ဆိုခဲ့သည်။

မြန်မာနိုင်ငံမှ လူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်ဖွယ်ရှိသော လုပ်ရပ်များကို စုံစမ်းစစ်ဆေးရန်အတွက် အဖွဲ့တဖွဲ့ ထူထောင်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ လွန်ခဲ့သောနှစ်က အားထုတ်မှုကို တရုတ်နိုင်ငံက ကန့်ကွက်ခဲ့သည်။

“ရခိုင်ပြဿနာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝန်းကို ဆန့်ကျင်တဲ့ တရုတ်နိုင်ငံရဲ့ မှန်ကန်တဲ့ ရပ်တည်ချက်အတွက် တရုတ်နိုင်ငံကို မြန်မာနိုင်ငံက အိမ်နီးချင်းကောင်း အဖြစ် ကျေးဇူးတင်ရှိပါတယ်” ဟု တပ်မတော် အကြီးအကဲက ပြောသည်။

တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးမားသော BRI အစီအစဉ် အကောင်အထည် ဖော်ရာတွင် မြန်မာ့ တပ်မတော်က ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းနှင့် ထိုအစီအစဉ်တွင် မြန်မာနိုင်ငံအတွက် အကျိုးရှိသော စီမံကိန်းအများအပြား ပါဝင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဘေ့ဂျင်းတွင် ပြောကြားခဲ့သည်။ ထိုသို့ပြောဆိုခြင်းသည် တရုတ်တို့ကို သဘောတွေ့ ကျေနပ်စေမည်မှာ အမှန်ဖြစ်သည်။

သို့သော် ခေါင်းဆောင် ၂ ဦး လက်ဆွဲနှုတ်ဆက်ခြင်း များနှင့် အပြုံးများ၏ နောက်ကွယ်တွင် စိတ် မသက်မသာ ဖြစ်ဖွယ်များရှိနေသည် (ယခု ခရီးစဉ်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပဉ္စမမြောက် တရုတ်ပြည်ခရီးစဉ် ဖြစ်သည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် သူ၏ ပထမဆုံး ပြည်ပခရီးမှာ ၂၀၁၁ ခုနှစ်က ဗီယက်နမ်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ထိုလုပ်ရပ်သည် အစ်ကိုကြီး တရုတ်အတွက် စိတ်အနှောင့်အယှက် ဖြစ်စေသည်ဟု လေ့လာသူအများအပြားက မြင်ကြသည်)။

SU-30 တိုက်လေယာဉ်တစီး/ Scramble Magazine

ပြည်ပအဖျက် အင်အားစုများ

မြန်မာနိုင်ငံနှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံတို့အကြား ဆက်ဆံရေးကို ၁၉၅၀ ပြည့်နှစ်က စတင် ထူထောင် ခဲ့သည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် ပထဝီ နိုင်ငံရေး အကျိုးစီးပွားများ၊ မဖြေရှင်းနိုင် သေးသော နယ်စပ်ပြဿနာများနှင့် ဘေ့ဂျင်းက ထောက်ခံထားသော တရုတ် နယ်စပ် တလျှောက်ရှိ မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နင်ကိုင် အဖွဲ့အစည်းများတို့ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ အမြဲလိုလို ရှုပ်ထွေးနေသည်။

နယ်စပ်ခြင်း ကီလိုမီတာ ၂၀၀၀ ကျော် ထိစပ်နေသော တရုတ်နှင့် မြန်မာအကြား အမှန်တကယ် အရေးပါသော ပြဿနာမှာ နှစ်နိုင်ငံ နယ်စပ် တလျှောက် စခန်းချထားသော အင်အားကြီးမားလှသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်များ ဖြစ်ကြောင်း တပ်မတော် အကြီးအကဲ၏ ခရီးစဉ်အတွင်း ပြောကြားချက်များ၏ နောက်ကွယ်တွင် တွေ့ရသည်။ မြောက်ပိုင်း မဟာမိတ်အုပ်စုဟု အများ သိကြသော ထိုအဖွဲ့များသည် ငွေကြေး၊ လက်နက်နှင့် ရင်းမြစ် တောင့်တင်းပြီး ဘေ့ဂျင်း၏ ထောက်ခံမှု ရရှိထားသည်။

ထိုခရီးစဉ်အတွင်း တပ်မတော်၏ တဖက်သတ် အပစ်အခတ်ရပ်စဲခြင်းကို သက်တမ်းတိုးရန် တရုတ်နိုင်ငံက တိုက်တွန်းခဲ့သည်။ ထိုအပစ်အခတ် ရပ်စဲခြင်းကို ဇွန်လအထိ သက်တမ်းတိုးလိုက်ကြောင်း တပ်မတော် ကလည်း မကြာသေးခင်က ကြေညာလိုက်သည်။

၂၀၁၆ ခုနှစ်က အကန့်အသတ်ဖြင့် ထုတ်ဝေသည့် စာမျက်နှာ ၉၉ မျက်နှာရှိ စာတမ်းတစောင်တွင် မြန်မာ့ တပ်မတော်သည် အိမ်နီးချင်းနိုင်ငံများ၏ စစ်ရေး တည်ဆောက်မှုများကို အသေးစိတ်ဖော်ပြခဲ့ပြီး အထူးသဖြင့် နယ်စပ်တလျှောက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများတွင် တရုတ်နိုင်ငံ၏ ပါဝင်ပတ်သက်မှု များကို ဖော်ပြခဲ့သည်။ သို့သော်လည်း ၂၁ ရာစုတွင် အင်အားကြီး နိုင်ငံ ဖြစ်လာခြင်း အတွက် တရုတ်နိုင်ငံကို ချီးကျူးထားသည်။

ထိုစာတမ်းတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ဆန့်ကျင်သော ပြည်တွင်းပြည်ပ အဖျက် အင်အားစုများ ဟုလည်း ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နှင့် တရုတ်နယ်စပ် တလျှောက်မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမျာအကြောင်း စိမ်းသူမဟုတ်ပေ။

၂၀၀၉ ခုနှစ်က အထူးစစ်ဆင်ရေးအဖွဲ့ – ၂ အကြီးအကဲ တာဝန်ယူထားသော ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် သည် ထိုဒေသမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနက် တခုဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကို ထိုးစစ်ဆင်ခဲ့ရာ ဒုက္ခသည် ၃ သောင်းကျော် တရုတ် နိုင်ငံသို့ ထွက်ပြေးရသည်။ MNDAA ကိုးကန့်များမှာ တရုတ်လူမျိုးစုများ ဖြစ်သောကြောင့် ထို ရှောင်တခင် ထိုးစစ်သည် ၂ နိုင်ငံဆက်ဆံရေးကို တင်းမာစေခဲ့သည်မှာ သံသယ ဖြစ်ရန်မလိုပေ။

ပြည်တွင်းရေးကိစ္စများကို စနစ်တကျ ကိုင်တွယ်ရန်နှင့် တရုတ်-မြန်မာ နယ်စပ် တည်ငြိမ်ရေးကို ထိန်းသိမ်း ထားရန် ထိုစဉ်က စစ်အစိုးရကို တရုတ်အစိုးရက သတိပေးခဲ့သည်။ နယူးယောက်တိုင်းမ် သတင်းစာက ထိုသတင်းကို ‘မြန်မာ့တပ်မတော်က နိုင်ငံမြောက်ပိုင်းမှ တရုတ်သူပုန်များကို နှိမ်နင်း’ ဟူသောခေါင်းစဉ်ဖြင့် ဖော်ပြသည်။

ဧပြီလ ၁၀ ရက်နေ့ ဘေ့ဂျင်းမြို့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံစဉ်/ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ကိုးကန့်တို့သည် ဟန်တရုတ် လူမျိုးစုဖြစ်ပြီး ယေဘုယျအားဖြင့် မန်ဒါရင်း (Mandarin) တရုတ် ဘာသာစကားကို ပြောသည်။ MNDAA ကို ဖုန်ကြားရှင် က ဦးဆောင်ပြီး သူသည် တရုတ်နိုင်ငံ သို့မဟုတ် အနီးရှိ ဝဒေသတွင် ပုန်းအောင်းနေသည်ဟု ယူဆရသည်။

ကိုးကန့်တို့က ၎င်းတို့၏ ဌာနချုပ်ဟောင်း ဖြစ်သော လောက်ကိုင်ကို ပြန်လည် သိမ်းယူရန် ထိုးစစ်ဆင်သည့် ၂၀၁၅ ခုနှစ်တွင်လည်း ပဋိပက္ခများ ထပ်မံဖြစ်ပွား လာခဲ့သည်။

ထိုထိုးစစ်ကို ချေမှုန်းရန် မြန်မာ့တပ်မတော်က တပ်ဖွဲ့များ ဖြန့်ကျက်ပြီး လေကြောင်းအကူကို အသုံးပြု သောအခါ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသော ဒုက္ခသည်များ အိမ်ပြန်နိုင်ရေး အတွက် ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းရန် ၂ ဘက်စလုံးကို တရုတ် နိုင်ငံကပြောသည်။

ထိုစဉ်က ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ပြည်ပနိုင်ငံသား လူမျိုးစုများ၊ ကိုးကန့်လူမျိုးစု တရုတ်များကို မောင်းထုတ်ပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ကာကွယ်မည်ဟု ကြိမ်းဝါးသည်။ ထိုစကားကြောင့် တရုတ်က အမျက်ထွက်မည်မှာ သံသယ ဖြစ်ရန်မလိုပေ။

မြန်မာ ဗိုလ်ချုပ်ကြီးများသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရာတွင် အမြဲတစေ သတိထားကြသည်။ ဘေ့ဂျင်းသည် မြန်မာနိုင်ငံ မြောက်ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့ အထူးသဖြင့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ကိုးကန့်ကို အကူအညီပေးနေသည်ဟု သံသယရှိ ခံနေရသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။

ထို့ကြောင့် တရုတ်နိုင်ငံနှင့် နယ်စပ်ဒေသ တလျှောက် တည်ငြိမ်ရေးကို မကြာသေးမီက ခရီးစဉ် အတွင်း ဆွေးနွေးသည်။ မြန်မာက နယ်စပ်ဒေသ တည်ငြိမ်ရေး ထိန်းသိမ်းရန် ကတိပေးပြီး တရုတ်က မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်ကို ထောက်ခံရန် ကတိကဝတ်ကို ထပ်မံ အတည်ပြုသည်။ လက်တွေ့တွင် ထိုကိစ္စသည် မလွယ်ကူပေ။ တရုတ်နယ်စပ်တွင် အခြေစိုက်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် တရုတ်နိုင်ငံနှင့် အကျိုးအမြတ် များလှသော ကုန်သွယ်မှု ဆက်ဆံရေး ကိုသာမက အကျိုးဆောင်သူ- အကျိုးလိုသူ ဆက်ဆံရေးကိုလည်း ထူထောင် ထားကြသည်။

နယ်စပ်တလျှောက်မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ထိန်းချုပ်ရန် မြန်မာ့တပ်မတော်၏ သေနင်္ဂဗျူဟာကို ပြန်လည်ဖွင့်ဆို သုံးသပ်ရန် လိုအပ်နေသည်မှာ သေချာသည်။

ရုရှားမှ လက်နက်

တရုတ်နိုင်ငံ ခရီးစဉ်အပြီး တလတည်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဋ္ဌမအကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ မော်စကို ညီလာခံ တက်ရောက်ရန် ရုရှားသို့သွားသည်။ မြန်မာနိုင်ငံသည် ရုရှားနိုင်ငံနှင့် နယ်နမိတ်ခြင်း ထိစပ်နေခြင်း မရှိသလို ရုရှား၏ အိပ်ကပ်အတွင်းမှ လက်ဝေခံ တိုက်ခိုက် နေသော တပ်ဖွဲ့များလည်း မြန်မာနိုင်ငံတွင် မရှိပေ။ ထို့ကြောင့် ၂ နိုင်ငံစလုံးသည် အလုပ်ကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ကြသည်။

တရုတ်ကဲ့သို့ပင် ရုရှားသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် သတင်းလွတ်လပ်ခွင့် တို့ကို စိတ်ဝင်စားခြင်း မရှိပေ။ နှစ်နိုင်ငံအကြားတွင် သက်သောင့်သက်သာ ရှိသော ဆက်ဆံရေးပင် ဖြစ်သည်။

တရုတ်-မြန်မာနယ်စပ်အခြေစိုက် ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင်များ/Reuters

ထိုခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကိုယ်စားလှယ် အဖွဲ့သည် စစ်ဖက်ဆိုင်ရာ အဆောက်အအုံ အများအပြားသို့ သွားရောက်ခဲ့ကြသည်။ လတ်တလောတွင် ရုရှားနိုင်ငံသည် ၂ နိုင်ငံ အကြား လွန်ခဲ့သောနှစ်က ချုပ်ဆိုခဲ့သည့် အမေရိကန်ဒေါ်လာ ၂၀၄ သန်း (မြန်မာကျပ်ငွေ ၃၁၀.၆၆ ဘီလျံ) တန်ကြေးရှိ စာချုပ်အရ မြန်မာနိုင်ငံအတွက် Sukhoi SU-30 SM တိုက်လေယာဉ် ၆ စင်းကို တပ်ဆင် ပေးနေသည်။

ယခင်ကလည်း မြန်မာနိုင်ငံသည် ရုရှားမှ MiG29B တိုက်လေယာဉ်များနှင့် Yak-130 လေ့ကျင့်ရေး လေယာဉ်များကို ဝယ်ယူခဲ့ဖူးသည်။ မြန်မာနိုင်ငံသည် Mi-17, Mi-24 နှင့် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ကိုလည်း အသုံးပြုသည်။

သတင်းစာ ရှင်းလင်းပွဲတခုတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှား၏ စစ်လက်နက်ပစ္စည်းများကို ချီးကျူးပြီး ထိုလက်နက်များသည် မြန်မာနိုင်ငံ၏ အဓိကကျသောနေရာများတွင် တပ်မတော်အတွက် အလွန်အသုံးဝင်သည်ဟု ပြောခဲ့ဖူးသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံသောအခါ ရုရှား ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဆာဂျေ ရှိုင်ဂူက “မြန်မာ ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှား စစ်လက်နက်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းတွေဆီ သွားပြီး ထုတ်လုပ်မှုစွမ်းရည်ကို လေ့လာခဲ့တယ်လို့ ကျနော် သိရတယ်။ ဒီတော့ ကျနော်တို့ရဲ့ ထုတ်လုပ်ရေး စွမ်းရည်ကို ကိုယ်တိုင် အကဲဖြတ်ထားပြီး ဖြစ်မှာပါ” ဟု ပြောသည်။

စိတ်ဝင်စားစရာ ကောင်းသည်မှာ ရုရှားက မြန်မာကို အရှေ့တောင်အာရှနှင့် အာရှပိစိဖိတ်တွင် မှီခို အားထားလောက်သော သေနင်္ဂဗျူဟာ မဟာမိတ်အဖြစ် သတ်မှတ်လိုသည်ဟု ရုရှား ကာကွယ်ရေး ဝန်ကြီးက ပြောခြင်းဖြစ်သည်။

ရုရှားနှင့်မြန်မာတို့သည် ၁၉၄၈ ခုနှစ်တွင် ဆက်ဆံရေး ထူထောင်ခဲ့ပြီးနောက် ၃ နှစ်ကြာသောအခါ တနိုင်ငံနှင့် တနိုင်ငံတွင် သံရုံးများ အပြန်အလှန် ဖွင့်လှစ်ကြသည်။ တရုတ်နိုင်ငံကဲ့သို့ပင် ရုရှား နိုင်ငံကလည်း ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ မြန်မာနိုင်ငံအပေါ် ရိုဟင်ဂျာ အကျပ်အတည်းနှင့် ပတ်သက်သော ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲ ပေးခဲ့သည်။

စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန၏ အဆိုအရ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသည် ရုရှား လက်နက်များအတွက် ဒေါ်လာ ၂၀.၄ သန်း သုံးပြီး ပဉ္စမအကြီးမားဆုံး ရုရှားလက်နက်နှင့် လေယာဉ်များ တင်သွင်းသော နိုင်ငံဖြစ်သည်ဟု သိရသည်။ ထို့အပြင် မြန်မာနိုင်ငံသည် စစ်အရာရှိများကို ရုရှား စစ်တက္ကသိုလ်များသို့ စေလွှတ်လေ့ကျင့်ခဲ့သည် (တပ်မတော်သည် အရာရှိများကို အိန္ဒိယ၊ ဂျပန်နှင့် အစ္စရေး နိုင်ငံများသို့လည်း စေလွှတ်သည်)။

တရုတ်သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက် နိုင်ငံများအနက် တနိုင်ငံ ဖြစ်သော်လည်း မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ကုန်သွယ်မှုမှာ အသင့်အတင့်သာ ရှိသည်။ ရုရှားသည် စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ ထားသော်လည်း ရုရှားစီးပွားရေး လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံကို စွန့်စားရသော ဈေးကွက်အဖြစ် မြင်နေကြသေးသည်။

သို့သော် မြန်မာနိုင်ငံသည် ရုရှားမှ စက်ယန္တရားများ၊ စက်မှုကိရိယာများ၊ မော်တော်ယာဉ်များ၊ ဓာတု ထုတ်ကုန်များနှင့် သတ္တုများကို တင်သွင်းပြီး ဆန်နှင့် အထည်အလိပ်များ တင်ပို့သည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာ့တပ်မတော် စစ်ရေးလေ့ကျင့်စဉ်/Reuters

သို့သော် မြန်မာ စစ်ခေါင်းဆောင်များသည် အဆင့်မြင့် မှီခိုအားထားနိုင်သော လက်နက်များ ရရှိရေးအတွက် တရုတ်နိုင်ငံအပြင် တခြားနိုင်ငံများကိုလည်း အားကိုးသောကြောင့် နှစ်နိုင်ငံအကြား စစ်ဘက် ဆက်ဆံရေးမှာ ခိုင်မာသည်။

ထို့အပြင် မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယနှင့် အနောက်အင်အားကြီး နိုင်ငံများ၏ သြဇာလွှမ်းမိုးမှုကို ချိန်ညှိရန် အားကိုးနိုင်သော နိုင်ငံအဖြစ်လည်း ရုရှားကို မြင်သည်။ ဒေသတွင်းတွင် လက်နက်ရောင်းချမှု တိုးမြှင့်ရန် ရည်ရွယ်သော ရုရှားအတွက် မြန်မာနိုင်ငံသည် သေနင်္ဂဗျူဟာကျသော ဈေးကွက်အဖြစ် တချို့ သုတေသီများက မြင်ကြသည်။

ရေငုပ်သင်္ဘော ဝယ်တော့မည်လား

စိတ်ဝင်စားစရာ ကောင်းသည်မှာ မြန်မာကိုယ်စားလှယ် အဖွဲ့သည် ရုရှားနိုင်ငံ၏ အကြီးမားဆုံး သင်္ဘောကျင်း တခုဖြစ်သော စိန့်ပီတာစဘတ်ရှိ အက်ဒ်မရယ် တေစကီဗာဖီ သင်္ဘောကျင်းသို့ သွားရောက် ခဲ့ခြင်းဖြစ်သည်။ ထိုသင်္ဘောကျင်းတွင် ဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့သည် ရေငုပ် သင်္ဘောများ ထုတ်လုပ်မှု၊ ပြုပြင်မှု၊ ထိန်းသိမ်းမှုတို့ကို လေ့လာကြသည်။

မြန်မာနိုင်ငံသည် ရေတပ်စွမ်းရည် တည်ဆောက် နေသောကြောင့် ရေငုပ်သင်္ဘောများ ဝယ်ယူလိုသည်မှာ လူတိုင်း သိနေသော လျှို့ဝှက်ချက် ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း မြန်မာ ရေတပ်အရာရှိ များသည် ရုရှား၊ အိန္ဒိယနှင့်ပါကစ္စတန် နိုင်ငံများတွင် နည်းပညာ သင်တန်းများ တက်ရောက်ခဲ့ကြသည်။ မြန်မာဗိုလ်ချုပ်ကြီး များသည် ရေငုပ် သင်္ဘောပုံစံ အမျိုးမျိုးကို လေ့လာကြည့်ရှုနေကြပြီး ဒီဇယ်ဖြင့် မောင်းသော ရေငုပ်သင်္ဘောမှာ မြန်မာရေပိုင်နက်နှင့် သင့်တော်သောကြောင့် ဖြစ်နိုင်ခြေ အများဆုံး ဖြစ်သည်။

တပ်မတော်သည် ရေတပ် သင်္ဘောအုပ်စု ပူးတွဲစစ်ရေး လေ့ကျင့်မှုဖြစ်သည့် Sea Shield – 2019 စစ်ရေး လေ့ကျင့်မှုကို ဘင်္ဂလားပင်လယ်အော်တွင် ပြုလုပ်စဉ်က ရေတပ်ဦးစီးချုပ် ဗိုလ်မှူးချုပ် မိုးအောင်က မြန်မာ နိုင်ငံသည် ရေငုပ်သင်္ဘော ဝယ်ယူရန် စီစဉ်နေကြောင်း သတင်းဌာနများကို ပြောသည်။ ထိုင်း တော်ဝင် ရေတပ်သည် တရုတ်နိုင်ငံမှ ဒီဇယ်- လျှပ်စစ် ရေငုပ်သင်္ဘော တစင်းဝယ်ယူရန် စာချုပ်ကို ၂၀၁၇ ခုနှစ်က လက်မှတ် ရေးထိုးခဲ့သည်။ ထို ရေငုပ်သင်္ဘောကို ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ပေးပို့မည်ဟု မျှော်လင့် ရသည်။

၂၀၁၇ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံကလည်း တရုတ်နိုင်ငံမှ ပြန်လည်ပြုပြင်ထားသော Type 035G မင် အတန်းအစား ရေငုပ်သင်္ဘော ၂ စင်း ဝယ်ယူခဲ့သည်။

လွန်ခဲ့သော ဆယ်စုနှစ်အတွင်းတွင် မြန်မာရေတပ်သည် ၎င်း၏ ဖရီးဂိတ် သင်္ဘောများ၊ ကာကွယ်ရေး သင်္ဘောများနှင့် ဒုံးကျည်တင် သင်္ဘောများကို အဆင့်မြှင့်တင်နေပြီး ၎င်း၏ ပြည်တွင်း သင်္ဘောကျင်းများကို ပြည်ပ အကူအညီဖြင့် အထူးသဖြင့် တရုတ်နှင့် ရုရှားနိုင်ငံများ၏ အကူအညီဖြင့် ပိုမိုကောင်းမွန်အောင် လုပ်ဆောင် နေသည်။

ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများကို ကြည့်ပြီး မြန်မာ ရေတပ်သည် နိုင်ငံ၏ ရှည်လျားလှသော ကမ်းရိုးတန်းနှင့် ပြည်ပနိုင်ငံများ၏ ရေကြောင်းလုံခြုံရေး ခြိမ်းခြောက်မှုများကို ကာကွယ်ရန်နှင့် လူကုန်ကူးမှု၊ လက်နက် မှောင်ခိုမှု၊ အကြမ်းဖက်မှုနှင့် မူးယစ်မှောင်ခိုမှုများကို ကိုင်တွယ်ရန် လုပ်ဆောင်လိုသည်။

ရုရှားခရီးစဉ်အတွင်း ရေငုတ်သင်္ဘောကျင်းတခုကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်လေ့လာစဉ်/ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး

ကျယ်ပြန့်လှသော ဓာတ်ငွေ့ဇုန် တခုအပေါ် အငြင်းပွားမှုနှင့် ပတ်သက်ပြီး တင်းမာမှု မြင့်မား လာသောကြောင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများသည် ၂၀၀၈ ခုနှစ်တွင် ဘင်္ဂလားပင်လယ်အော်သို့ စစ်သင်္ဘောများကို စေလွှတ်ခဲ့ကြသည်။ နယ်စပ် တလျှောက်တွင် ဖြေရှင်းနိုင်ခြင်းမရှိသော ကြီးထွား နေသည့် ရွှေ့ပြောင်းအခြေချမှု ပြဿနာများကြောင့် မြန်မာ စစ်ခေါင်းဆောင်များသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ခြိမ်းခြောက်မှုအဖြစ် မြင်ကြသည်။

၂၀၀၁-၀၂ ခုနှစ်က မြန်မာနိုင်ငံသည် မြောက်ပိုင်းနယ်စပ် မယ်ဆိုင်- တာချီလိတ်တွင် ထိုင်းနိုင်ငံနှင့် ပြင်းထန်သော စစ်ရေး ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့သည်။

ထိုင်းနိုင်ငံက နယ်စပ်ဒေသသို့ F-16 တိုက်လေယာဉ်များ စေလွှတ်ပြီး တပ်မှူးများနှင့် ရှေ့တန်းမှ တပ်ဖွဲ့များ အကြား အဆက်အသွယ်ကို အောင်မြင်စွာ ဖြတ်တောက်ခဲ့သည်။ မြန်မာ ဗိုလ်ချုပ်များသည် အရှက်တကွဲ အကျိုးနည်း ဖြစ်ပြီး ရုရှားလုပ် MiG-29 ဂျက်တိုက်လေယာဉ် များနှင့် ဒုံးကျည်များဝယ်ယူပြီး လက်နက် ဝယ်ယူရန် မြောက်ကိုရီးယားသို့ပင် လျှို့ဝှက် ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ခဲ့သည်။

နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သူ

တပ်မတော်၏ သေနင်္ဂဗျူဟာများနှင့် မူဝါဒများကို ရှင်းလင်းတင်ပြသည့် ၂၀၁၆ ခုနှစ် ကာကွယ်ရေး သေနင်္ဂဗျူဟာ စာတမ်းအရ တပ်မတော်၏ အဓိက ရည်မှန်းချက်များ အနက် တခုမှာ နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ရန် အင်အားတောင့်တင်း၊ စွမ်းရည်ပြည့်ဝ၊ ခေတ်မီ မျိုးချစ်တပ်မတော် တည်ဆောက်ရေး ဖြစ်သည်။ တပ်မတော်သည် ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် ရုရှား အပါအဝင် အိမ်နီးချင်းနိုင်ငံများမှ တပ်မတော်များနှင့် ဆက်ဆံရေးတိုးတက်အောင် လုပ်ဆောင်ခဲ့သည်။

မြန်မာနိုင်ငံနှင့် တပ်မတော်တို့ ရင်ဆိုင်နေရသော လတ်တလော ပြဿနာမှာ အရေးယူပိတ်ဆို့မှုများ အပါအဝင် နိုင်ငံတကာမှ ဖိအား ဆက်လက်ပေးနေခြင်း ဖြစ်သည်။

မကြာသေးမီက ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းကို သက်တမ်း တိုးခဲ့ပြီး တပ်မတော်နှင့် နယ်စပ် ထိပ်တန်းအရာရှိ ၁၄ ဦးကို ပိတ်ဆို့ အရေးယူခဲ့သည်။ တပ်မတော်၏ လက်နက်စနစ် အများစုသည် ဥရောပသမဂ္ဂမှ လာသော စနစ်များမဟုတ်ဘဲ၊ ရုရှားနှင့် တရုတ် စနစ်များ ဖြစ်ကြောင်းနှင့် ထိုစနစ်များ ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံအပေါ် ကြီးကြီးမားမား ထိခိုက်မှုမရှိကြောင်း တပ်မတော်ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ဆက်လက်ရှိနေခြင်းနှင့် အတူ မြန်မာဗိုလ်ချုပ်ကြီးများသည် အမေရိကန်၊ ဥရောပသမဂ္ဂ အပါအဝင် တခြားသော အနောက်နိုင်ငံများနှင့် စစ်ဘက် ဆက်ဆံရေး ထူထောင်ရန် လောလောဆယ် မျှော်လင့်ချက်မရှိပေ။

မြန်မာ ဗိုလ်ချုပ်ကြီးများသည် ဒေသတွင်းနှင့် အစဉ်အလာ မဟာမိတ်များနှင့် ထိတွေ့ ဆက်ဆံနေရသည်မှာ မှန်သည်။ တပ်မတော်သည် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များ ရင်ဆိုင်နေရသည့် တချိန် တည်းတွင် အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍကိုလည်း ဆက်လက် ထိန်းသိမ်းလိုသည်။ အနောက်နိုင်ငံများ ဗိုလ်ချုပ်ကြီး များကို လက်ခံကြိုဆိုမှု ရရှိရန် မဖြစ်နိုင်ပေ။

ဝက်ဝံနှင့် နဂါးတို့နှင့် ပတ်သက်လာလျှင် အကောင်းဆုံးနည်းလမ်းမှာ အန္တရာယ်ကင်းရန် သတိကြီးကြီး ထားရန်သာ ဖြစ်ကြောင်း သမိုင်းက မြန်မာစစ်ခေါင်းဆောင်များကို သင်ကြားပေးလျှက် ရှိပေသည်။

သမိုင်းကပေးသော သင်ခန်းစာများအရမူ မြန်မာ့တပ်မတော် ခေါင်းဆောင်များသည် ဝက်ဝံ၊ နဂါးနှင့် ဆက်ဆံရေး ထူထောင်ရာတွင် စိတ်ချယုံကြည် အန္တရာယ်ကင်းစွာနှင့် ဆက်ဆံရေးကို ထူထောင်နိုင်ခြင်းပင် ဖြစ်သည်။

(အောင်ဇော်သည် ဧရာဝတီသတင်းဌာနကို ထူထောင်သူ၊ အယ်ဒီတာချုပ် ဖြစ်သည်။ ၎င်း၏ With the Bear and the Dragon, Myanmar Military Plays Safe  ကို ဆီလျော်အောင် ဘာသာပြန်သည်။)

You May Also Like These Stories:

ရုရှား လက်နက်များ တပ်မတော်အတွက် အလွန်အသုံးဝင်ဟု ဗိုလ်ချုပ်မှူးကြီး ပြော 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ် နိုင်ငံသို့ သွားရောက် 

BRI စီမံကိန်းများကို ပူးပေါင်း ဆောင်ရွက်မည်ဟု တပ်ချုပ်ပြော 

သံချပ်ကာယာဉ် စက်ရုံ တပ်မတော်ကို ယူကရိန်း ကူဆောက်မည် 

Did you find apk for android? You can find new Free Android Games and apps.
Loading