မြန်မာနိုင်ငံအတွက် ဘာအရေးအကြီးဆုံးလဲလို့ မေးရင် ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ပညာရေး … စသဖြင့် ပြောပြ ထောက်ပြကြမယ့် သူတွေ အများကြီး ရှိနိုင်ပါတယ်။ ပြည်သူက ရွေးချယ်တဲ့ အရပ်သား အစိုးသက်တမ်း ၃ နှစ်ကျော် ကြာလာတဲ့ အချိန်အထိ တိုးတက်မှု တချို့ ရှိခဲ့ပေမယ့် “ပြောင်းလဲချိန်တန်ပြီ” ဆိုတဲ့ ဆောင်ပုဒ် အတိုင်း ပြောင်းလဲမှုတွေ ဖြစ်မလာသေးဘူးလို့ ဝေဖန်ကြသူတွေလည်း မနည်းပါဘူး။
အစိုးရအပေါ် အားမလိုအားမရ ဖြစ်နေကြပေမယ့် ပြည်သူတွေ ကိုယ်တိုင်ကရော စိတ်ဓာတ်တွေ ပြောင်းလဲပါပြီလား၊ ဝန်ထမ်းတွေကရော တိုင်းပြည်တိုးတက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စိတ်ဓာတ်တွေ ပြောင်းလဲလာကြပါပြီလားဆိုတာ မေးခွန်း ထုတ်စရာပါ။
ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးလာတဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပြဿနာ သောင်းခြောက်ထောင်ရဲ့ ရင်းမြစ်က “တရားဥပဒေ စိုးမိုးရေး (Rule of Law) ပဲ ဖြစ်ပါတယ်။ အတိုက်အခံ ဘဝမှာ ကတည်းက ဒေါ်အောင်ဆန်းစုကြည်က “တရားဥပဒေ စိုးမိုးရေး” ကို တွင်တွင် ပြောကြားခဲ့တာကြောင့် အစိုးရ အဖွဲ့ ခေါင်းဆောင် ဖြစ်လာတဲ့အခါ ပြည်သူတွေက တရားဥပဒေ စိုးမိုးရေးကို ဖော်ဆောင်လာနိုင်လိမ့်မယ်လို့ ယုံကြည် မျှော်လင့်ခဲ့ကြပါတယ်။
သို့သော် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ကြည့်ရင် နိုင်ငံဟာ ရှေ့ကို သွားရမယ့် အစား အရွေ့တွေ တုံ့နှေး ရပ်တန့်နေတာ တွေ့ရပါတယ်။
ပြဿနာ တခုခု ဖြေရှင်းလို့ မပြီးသေးခင်မှာဘဲ နောက်ထပ် ပြဿနာတွေ ရောက်လာ၊ ဖြစ်ပေါ်လာတာက အပြောင်းအလဲအတွက် အဟန့်အတား ဖြစ်စေနေတာ တွေ့ရပါတယ်။
အဲဒီထဲမှာ ဘာသာရေး၊ လူမျိုးရေး ဆန်တဲ့ ပဋိပက္ခတွေဟာ NLD အစိုးရ လက်ထက်မှာမှ မဟုတ်ဘဲ အစိုးရ အဆက်ဆက်မှာ ဖြစ်ပွားခဲ့တာပါ။ အတိတ်မှာ ဖြစ်ပျက်ခဲ့တာတွေကို သင်ခန်းစာ ယူပြီး လူတစုက သူတို့ရဲ့ အကျိုးစီးပွား အတွက် ဘာသာရေး၊ လူမျိုးရေးကို ခုတုံးလုပ် အသုံးချနေတာကို ပြတ်ပြတ်သားသား အရေးယူရမှာ ဖြစ်ပါတယ်။ တိုင်းပြည်မှာ မတည်မငြိမ် ဖြစ်နေမှသာ သွေးထိုးလှုံ့ဆော် နေသူတွေက သူတို့ စိတ်ကြိုက် ဝါဒဖြန့်နိုင်မှာပါ။
ပြည်သူက ရွေးကောက် တင်မြှောက်လိုက်တဲ့ အစိုးရ တရပ်အနေနဲ့ အဲဒီလို လူတစုကို အရေးယူရေးမှာ အမြဲတမ်း နှေးကွေးနေတာက ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။ တချို့တွေက ရဲတပ်ဖွဲ့ဟာ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်မှာ ရှိနေတာကြောင့်လို့ ဆိုပေမယ့် အပြည့်အ၀ မမှန်ပါဘူး။
မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်သူတွေကို အရးယူလိုက်ပြန်ရင်လည်း “ဒီအစိုးရ လက်ထက်မှာမှ အခုလို ဖြစ်တယ်” ဆိုပြီး ပြောစရာတွေ ဖြစ်လာလိမ့်မယ်၊ အစိုးရ အကျပ်အတည်း ဖြစ်လိမ့်မယ် ဆိုတဲ့ ပြောကြားချက် တွေလည်း ရှိပါတယ်။
ဒါပေမယ့် တခြားတဖက်က စဉ်းစားကြည့်ရင် ဥပဒေအထက်မှာ “သွေးထိုးလှုံ့ဆော်တဲ့ လူအုပ်ကြီး” ရှိနေသလားလို့ မေးရမယ့် အနေအထားပါ။ သူတို့ကို အရေးမယူဘဲ နေလိုက်တာ၊ အခြေအနေအရ အမှု ဖွင့်ပေမယ့်လည်း မရရအောင် ဖမ်းဆီးနိုင်မှု မရှိတာဟာ နိုင်ငံတွင်းက တခြားသော လူနည်းစုတွေကို ထပ်မံ အနိုင်ကျင့်ခွင့် ပေးလိုက်ရာ ရောက်နေသလို အစိုးရရဲ့ သိက္ခာကိုပါ ကျဆင်းစေပါတယ်။
နှစ်ပေါင်း ၅၀ ကျော် ၆၀ လောက် ဖျက်ဆီးခံခဲ့ရတဲ့ စိတ်ဓာတ်တွေကို ချက်ချင်း ပြုပြင်ဖို့ မလွယ်ဘူးလို့ ဆင်ခြေ ပေးနိုင်ပေမယ့် လက်ရှိ နိုင်ငံတော်ရဲ့ အပြောင်းအလဲမှာ ပြည်သူတွေ လိုက်ပါ ပြောင်းလဲနိုင်ဖို့ အထူးပဲ အရေးကြီးပါတယ်။
ဥပမာ – အမှိုက်ကိစ္စမှာ ဆိုရင်… အစိုးရဝန်ကြီးတွေ ကိုယ်တိုင်က အမှိုက်ကောက် ပြတာဟာ အမှိှုက်ပြဿနာရဲ့ အကြောင်းခံ ဇာစ်မြစ် ကို ဖြေရှင်းရာ မရောက်သေးပါဘူး။ လူအများကြား သိမြင်စေဖို့တော့ ဖြစ်လာစေနိုင် ပါလိမ့်မယ်။ သို့ပေမယ့် အမှိုက်ကို စနစ်တကျ သိမ်းဆည်းဖို့၊ စနစ်တကျ စွန့်ပစ်ဖို့ လိုအပ်တဲ့ အကြောင်းတွေ ကိုတော့ အသိပညာပေးရမှာပါ။ စည်းကမ်းမဲ့ အမှိုက်စွန့်တာမျိုး ဆိုရင် စည်ပင်ဥပဒေအရ အရေးယူ ခံရနိုင်တဲ့ အကြောင်း တွေလည်း ဟောပြောပေးဖို့ လိုပါမယ်။
တကယ်လို့ အသိပညာပေးကာလ နောက်ပိုင်းမှာ စည်းကမ်းမဲ့ အမှိုက်ပစ်တာမျိုးတွေကို စည်ပင်ဥပဒေအရ ထိထိရောက်ရောက် ဒဏ်ရိုက် အရေးယူသွားမှာ ဖြစ်တဲ့ အကြောင်းလည်း သတ်မှတ်ညွှန်ကြားဖို့ လိုပါမယ်။
ရန်ကုန် အပါအဝင် မြို့တော် တော်တော်များများမှာ ခွေးလေခွေးလွင့် အရေအတွက် များပြားနေပြီး ခွေးကိုက်ခံရသူ တွေလည်း များလာနေပါတယ်။ ခွေးကိုက်ခံရရင် ပြုစုမယ့် စင်တာတွေ ဖွင့်ပေးတာ၊ ခွေးရူးပြန် ရောဂါ ကာကွယ်ဆေး ထိုးနှံပေးတာတွေက ကောင်းမွန်တာ မှန်ပေမယ့် မူလအကြောင်းခံ ဇာစ်မြစ်ကို ဖြေရှင်းပေးနိုင်တာ မဟုတ်သေးပါဘူး။
တဖန် ခွေးချစ်သူတွေ ဆိုသူများကလည်း ခွေးလေခွေးလွင့်ကို သုတ်သင်ရှင်းလင်းမှာကို ကန့်ကွက်လာရင် အလျှော့ပေးတာမျိုး၊ ပြတ်ပြတ်သားသား မဆောင်ရွက်တာမျိုးတွေဟာ ပြဋ္ဌာန်းထားပြီး ဖြစ်တဲ့ စည်ပင်ဥပဒေကို မလိုက်နာတာဘဲ ဖြစ်ပါတယ်။ အဲဒီမှာ ခွေးကောင်ရေ ပိုမိုများပြားလာဖို့ တွန်းအားပေးသလို မျိုးလည်း ဖြစ်နေပါတယ်။
ရန်ကုန်စည်ပင်သာယာ ဥပဒေ အခန်း ၅ “ကော်မတီ၏ လုပ်ငန်းတာဝန်များ” ဆိုတဲ့ အပိုဒ်မှာ -“လမ်းများ သန့်ရှင်းစေရန် ဆောင်ရွက်ခြင်း၊ လမ်းပေါ်ရှိ ခွေးလေခွေးလွင့် ရှင်းလင်းခြင်း၊ စွန့်ပစ် ပစ္စည်းများ၊ ညစ်ညမ်း ပစ္စည်းများနှင့် စက်ဆုပ်ဖွယ်ဖြစ်သည့် ပစ္စည်းများကို သိမ်းဆည်း၊ ဖယ်ရှား၊ စွန့်ပစ်ခြင်း” လို့ ဆိုတဲ့ အချက် အတိအလင်း ပါရှိပါတယ်။
ခွေးလေခွေးလွင့်ကြောင့် ဘယ်လို ဆိုးကျိုးတွေ ဖြစ်စေပါသလဲ။ တိုးတက်တဲ့ နိုင်ငံတွေအကြောင်း နှိုင်းချင့် ပြောပြရမှာ ဖြစ်သလို၊ မိမိတို့ နိုင်ငံအနေနဲ့ လိုအပ်ရင် လိုအပ်သလို ရှင်းလင်း လုပ်ဆောင်ရမှာ ဖြစ်တယ်၊ အဲသလို ရှင်းလင်းပေးဖို့လည်း ဥပဒေမှာ ပြဋ္ဌာန်းထားပြီး ဖြစ်တယ် ဆိုတဲ့ အကြောင်းတွေ ရှင်းလင်း အသိပညာ ပေးရမှာ ဖြစ်ပါတယ်။ ဥပဒေ ဆိုတာ နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးရေးနဲ့ သန့်ရှင်းသာယာရေး အတွက် ပြဋ္ဌာန်းထားတာ ဖြစ်လို့ ဥပဒေနဲ့အညီ လုပ်ဆောင်သင့်တာကို လုပ်ဆောင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်တဲ့ အကြောင်းလည်း အသိပညာပေးရမှာပါ။
အယူသည်း အစွဲကြီးသူတွေနဲ့ ဆက်စပ်ပြီး ကျမတို့ နိုင်ငံတော်ဟာ နတ်ရေကန်မှာ ပစ်ချလိုက်သလို နေ့ချင်း ညချင်း အပြောင်းအလဲတွေ ဖြစ်လာမှာ မဟုတ်ဘူး ဆိုတာ နားလည်ပေမယ့် ပြည်သူတွေ ဥပဒေကို လေးစား လိုက်နာလာအောင် အစိုးရအဖွဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ စည်ပင် အပါအဝင် ဌာနဆိုင်ရာ အဖွဲ့အစည်း တွေကလည်း လုပ်ဆောင်ပေးသွားရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ တခု တင်ပြချင်တာက ဝန်ထမ်းတွေ ဆိုရင်လည်း အရင့်အရင် ခေတ်ဆိုးတွေတုန်းကလို “အစိုးရဝန်ထမ်း” ဆိုတဲ့ စိတ်ဓာတ်တွေ မမွေးဘဲ “ပြည်သူ့ဝန်ထမ်း” ဆိုတဲ့ စိတ်ဓာတ် မွေးမြူကြဖို့ပါ။ နိုင်ငံ တနိုင်ငံမှာ ခေါင်းဆောင်က ဘယ်လောက်ပဲ ရှေ့ကို သွားချင်ပေမယ့်၊ အကောင်းဆုံး မျှော်လင့် လုပ်ဆောင်ပေမယ့် ပြည်သူ့ဝန်ထမ်းနဲ့ ပြည်သူတွေရဲ့ စိတ်ဓာတ်ပိုင်းနဲ့ လုပ်ရပ်ပိုင်း မပြောင်းလဲဘူး ဆိုရင် တိုင်းပြည်ရဲ့ အရွေ့က နှေးကွေးနေဦးမှာ ဖြစ်ပါတယ်။
“မလုပ်”၊ “မရှုပ်”၊ “မပြုတ်” ဆိုတဲ့ အတွေး စိတ်ဓာတ်မျိုး မဟုတ်ဘဲ “ငါတို့ဟာ ပြည်သူတွေက ပေးတဲ့ လုပ်ခလစာကို ယူနေသူတွေပါလား” ဆိုတဲ့ အမြင်တွေ ဌာနဆိုင်ရာ ဝန်ထမ်းတွေမှာ တွေးမြင် သိရှိလာပြီး အဂတိ လိုက်စားမှု ကင်းစင်မှသာ အပြောင်းအလဲက ချောမွေ့မြန်ဆန်လာမှာ ဖြစ်ပါတယ်။
နောက်ထပ် အဓိကကျတဲ့ အချက်တခုကတော့ “ရဲတပ်ဖွဲ့” ပြုပြင်ပြောင်းလဲရေးပါ။ ဘာဖြစ်လို့လဲ ဆိုတော့ တရားဥပဒေ စိုးမိုးရေး ဖော်ဆောင်ရာမှာ ရဲတပ်ဖွဲ့ရဲ့ အခန်းကဏ္ဍက အင်မတန်အရေးကြီးလို့ပါပဲ။ လက်ရှိ နိုင်ငံလူဦးရေနဲ့ ရဲတပ်ဖွဲ့ဝင် အင်အားဟာ မျှတမှု မရှိသေးသလို ရဲတပ်ဖွဲ့ဝင်တွေရဲ့ လူနေမှု ဘ၀ တိုးတက်မြင့်မား လာဖို့၊ ထိုက်သင့်တဲ့ လစာရဖို့ လိုပါတယ်။
စွမ်းရည်မြင့်မားပြီး ပြည်သူတွေ အားကိုးတဲ့ ရဲတပ်ဖွဲ့ ဖြစ်လာဖို့၊ ပြည်သူ့ အကျိုးကို ကာကွယ်ဖို့ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။
ဒီနေရာမှာ အနှစ်နှစ်အလလက ဖျက်ဆီးခံခဲ့ရတယ် ဆိုတဲ့ အပ်ကြောင်းထပ် စကားတွေ ပြောမနေကြဘဲ အနာဂတ်မှာ အကောင်းဆုံးဖြစ်အောင် ဘယ်လို ရှေ့ဆက်မလဲ ဆိုတာက ပိုအရေးပါပါတယ်။
အပြန်အလှန် ပြစ်တင်စွပ်စွဲနေမှုတွေဟာ နိုင်ငံအတွက်၊ ပြည်သူတွေ အတွက် ဘာကောင်းကျိုးမှ ဖြစ်ထွန်း မလာစေနိုင်ပါဘူး။ ထုတ်ပြန်ထားတဲ့ ဥပဒေတွေ အိပ်စက် ငိုက်မြည်းမနေစေဖို့ အစိုးရဘက်က ဦးစားပေး လုပ်ဆောင်ရမှာ ဖြစ်သလို ပြည်သူတွေကို လိုအပ်တဲ့ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ အစီအစဉ် အစီအမံတွေကို ချပြရှင်းလင်း လုပ်ဆောင်သွားဖို့ လုပ်ရမှာပါ။
ပညာပေးမှုနဲ့ အတူ ဥပဒေကို ချိုးဖောက်ရင် ကျောသား ရင်သား မခွဲခြားဘဲ ဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ အညီ အရေးယူ ဆောင်ရွက်ရပါလိမ့်မယ်။
စည်းကမ်းမဲ့ အမှိုက်ပစ်ချတာ ရှက်စရာ၊ စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးတာ ရှက်စရာ၊ မျဉ်းကြားကနေ လမ်းကူးနေသူတွေကို ကားအရှိန်လျှော့မပေးဘဲ၊ ဇွတ်အတင်းမောင်းတာဟာ ရှက်စရာ၊ ယာဉ်ကြော ကျပ်တည်းနေတဲ့ အချိန်မှာ မလိုအပ်ဘဲ၊ ဟွန်းတီးတာ ရှက်စရာ၊ ကိုယ့်အတွက်ကိုယ် ကြည့်ပြီး အများပြည်သူကို မလေးစားတာ ရှက်စရာ လို့ မြင်လာတဲ့ နေ့မှာ ပြည်သူတွေ ကိုယ်တိုင် “အပြောင်းအလဲမှာ ပါဝင်လာပြီ” လို့ မှတ်ယူနိုင်ပါပြီ။
ဒီနေရာမှာ ကျမတို့ ကိုယ့်ကိုယ်ကိုယ် လေးစားရမယ့် အချက်က အားလုံးဟာ ပြည်သူ့ဝန်ထမ်းပဲ ဖြစ်ဖြစ်၊ ရဲတပ်ဖွဲ့ ဝင်တွေပဲ ဖြစ်ဖြစ်၊ သာမန် ပြည်သူပဲဖြစ်ဖြစ် အစိုးရဖော်ဆောင်မယ့် တရားဥပဒေ စိုးမိုးရေးကို အသိစိတ်ဓာတ် ပြည့်ပြည့်၀၀နဲ့ လိုက်နာဆောင်ရွက်ပေးဖို့ပဲ ဖြစ်ပါတယ်။
တရားဥပဒေစိုးမိုးရေး ဖော်ဆောင်နိုင်မှသာ ကျမတို့နိုင်ငံဟာ ဂုဏ်သိက္ခာရှိရှိနဲ့ ကမ္ဘာ့အလယ်မှာ ရပ်တည်နိုင်မှာ ဖြစ်ပါကြောင်း…။
(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာတဦး ဖြစ်သည်။)
ဆက်စပ်ဖတ်ရှုရန်
ရန်ကုန် လူကူးခုံးကျော် တံတားများ အမှန်တကယ် အသုံးဝင်ပါသလား