မြန်မာနိုင်ငံမှ အမျိုးသားရေး အမည်ခံ နိုင်ငံရေး လှုပ်ရှားသူများအား လွတ်လပ်စွာ လှုပ်ရှားခွင့်ပြုထားခြင်းသည် အာဏာပိုင်များအပေါ် မကောင်းသော တန်ပြန်သက်ရောက်မှု ရှိလာသည်။ ထို့ကြောင့် ၎င်းတို့ကို ဥပဒေအရ ထိန်းချုပ်ကိုင်တွယ်ရန် လိုသည်။
ယင်းသို့ဆို၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရသည် ယခင်ဦးသိန်းစိန် အစိုးရကဲ့သို့ ထိုလက်ယာစွန်းအုပ်စုများကို မသိကျိုးကျွံပြုနေသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ၂၀၁၆ ခုနှစ်တွင် အာဏာရလာသောအခါ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သောအစိုးရသည် မဘသဟု လူသိများသော အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို တရားမဝင်ကြေညာပြီး အစွန်းရောက် ဘုန်းတော်ကြီး ဦးဝီရသူကို သူ၏မွတ်ဆလင် ဆန့်ကျင်ရေး အမုန်းစကားများကြောင့် တရားဟောခွင့် ပိတ်ပင်ခဲ့သည်။ ယခုဆိုလျှင် နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ က ဖြင့် ဝရမ်းထုတ် ဖမ်းဆီးမိန့်ပင် ထုတ်ခဲ့ပြီ ဖြစ်သည်။
သို့သော် အကျိုးသက်ရောက်မှုကို မမြင်ရသလောက် ဖြစ်နေသေးသည်။ မဘသကို ပိတ်ပင်ထားသော်လည်း နိုင်ငံတဝန်းမှ အမျိုးသားရေးဝါဒီများသည် အမျိုးသားရေးအင်အားစုများကဲ့သို့သော အမည်သစ်ဖြင့် တက်ကြွလှုပ်ရှားနေကြဆဲဖြစ်သည်။ တရားဟောခွင့် ပိတ်ပင်ခဲ့အပြီး ကာလကြာမြင့်လာသောအခါ ဦးဝီရသူသည် တစခန်း ပြန်ထခဲ့သည်။
ယခုတကြိမ်တွင်မူ မွတ်ဆလင်ဆန့်ကျင်ရေးများ ဟောပြောခြင်းထက် (ရံဖန်ရံခါတော့ ပြောတတ်သေးသည်) ဦးဝီရသူနှင့် အမျိုးသားရေးဝါဒီများသည် နိုင်ငံတဝန်းတွင် တပ်မတော် ထောက်ခံရေး လှုပ်ရှားမှုများကို လုပ်ဆောင်ကြသည်။ ၎င်းတို့သည် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အဆိုပြုပြီး နိုင်ငံ လူဦးရေ၏ အများစုကထောက်ခံသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးများကို ဆန့်ကျင်ကြသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် မြန်မာနိုင်ငံ အသွင်ကူးပြောင်းနေသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်နှင့် ကိုက်ညီခြင်းမရှိဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်သူ အများစုက ယုံကြည်ကြသည်။ ထို့ကြောင့် တပ်မတော်အနေဖြင့် နိုင်ငံရေးမှ ထွက်ခွာရေးအပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရေး လှုပ်ရှားလာခဲ့ကြသည်။ သို့သော် ဦးဝီရသူက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို ဘုရားကဲ့သို့ ကိုးကွယ်ထားသင့်သည်ဟု ဆိုသည်။ အမျိုးသားရေး အမည်ခံများက လက်ရှိအစိုးရသည် တိုင်းပြည်၏ လူများစုဘာသာဖြစ်သော ဗုဒ္ဓဘာသာထက် လူ့အခွင့်အရေးကို ဦးစားပေးနေသည်ဟု စွပ်စွဲကြသည်။ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို မဖွယ်ရာသော လှောင်ပြောင်မှုများနှင့် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ ပြုလုပ်ကြသည်။
တနည်းအားဖြင့်ဆိုရပါက ၎င်းတို့၏ လှုပ်ရှားမှုသည် ၎င်းတို့ ယခင်ကပြောဆိုသကဲ့သို့ ဗုဒ္ဓဘာသာကို ကာကွယ်ရန်နှင့် မတူတော့ဘဲ နိုင်ငံရေးပိုဆန်လာသည်။ မြန်မာနိုင်ငံတွင် ဗုဒ္စဘာသာသည် အန္တရာယ်ကျရောက်နေပြီး ဗုဒ္ဓဘာသာဝင်များအနေဖြင့် အခြားသော “အစွန်းရောက်ဘာသာတရားများ”၏ လွှမ်းမိုးနှင့် ပတ်သက်ပြီး နိုးနိုးကြားကြားရှိရမည်ဟု ၎င်းတို့ပြောခဲ့ကြသည်။ ယခုအခါ ၎င်းတို့သည် လမ်းကြောင်းပြောင်းလာကြပြီ ဖြစ်သည်။
လက်ရှိအနေအထားကို အခြေခံပြီး ရှေ့ကို မျှော်ကြည့်ပါက အမျိုးသားရေးဆိုသူများသည် နောင်နှစ်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ခြိမ်းခြောက်မှု တခုဖြစ်လာနိုင်သည်။ နိုင်ငံအတွင်း လူမှုအသိုင်းအဝန်းများအကြား ပဋိပက္ခများဖြစ်အောင် လှုံ့ဆော်ခြင်း (၎င်းတို့က ငြင်းဆိုသည်) အပါအဝင် ၂၀၁၂ ခုနှစ်က စတင်သည့် ၎င်းတို့၏ လှုပ်ရှားမှုများကို အခြေခံကြည့်ပါက မြန်မာနိုင်ငံ၏ ကွဲပြားခြားနားသော ဘာသာရေးဆိုင်ရာ လူမှုအသိုင်းအဝန်းများအကြား (အထူးသဖြင့် မွတ်ဆလင်နှင့် ဗုဒ္ဓဘာသာအကြား) အမုန်းတရားများကို မီးမွှေးခြင်းသည် ၎င်းတို့၏ ကာလရှည်ကြာ အသုံးပြုခဲ့သော နည်းပရိယာယ်ဖြစ်ပြီး ယခုလည်း အသုံးဝင်နေဆဲဖြစ်ကြောင်း မြင်နိုင်ပေသည်။
မိုဘိုင်းဖုန်းနှင့် လူမှုကွန်ရက်အသုံးပြုမှု လွယ်ကူလာသည်နှင့်အမျှ ယခု လာမည့် ရွေးကောက်ပွဲကြိုကာလတွင် ၎င်းတို့သည် လူမျိုးရေး၊ ဘသာရေး ပဋိပက ဖြစ်ဖွယ်္ခ သတင်းတုများကိုလည်း ဖြန့်ချိလာနိုင်မည်လောဟု စိုးရိမ်ရသည်။ ၂၀၁၅ ခုနှစ်မဲဆွယ်စဉ်ကလည်း နယ်ဖက်ဒေသများတွင် လက်ယာစွန်း အမျိုးသားရေးဝါဒကို လိုလားသောပါတီများက ပြောင်ပြောင်တင်းတင်း ထောက်ခံထားသည့် အမျိုးသားရေးဝါဒီ သံဃာတော်များသည် ကျေးရွာသူ ကျေးရွာသားများအနေဖြင့် မည်သူ့ကို မဲပေးသင့်သည်၊ မည်သူ့ကိုမဲမပေးသင့် စသည်ဖြင့် ညွှန်ကြားခဲ့ကြဖူးသည်။
ထိုကဲ့သို့ လုပ်ဆောင်ရခြင်း၏ အကြောင်းရင်းများမှာ ထောက်ခံသောသူများ အင်အားတိုးတက်ရေးအတွက် အစိုးရကို တတ်နိုင်သမျှ အယုံအကြည် ကင်းမဲ့အောင် လုပ်ဆောင်ခြင်းမျှသာ ဖြစ်သည်။ အစိုးရသည် အစိုးရလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အချင်းပြည့်မီခြင်း မရှိ၊ ပြည်သူများ၏ ဘဝများကို အကာအကွယ်ပေးရးနှင့် ဖူလုံအောင် လုပ်ဆောင်ရန် ပျက်ကွက်သည်ဟု ၎င်းတို့က အကွက်ဆင် ပုံဖေါ်ကြသည်။ ပြည်တွင်းရေးကိစ္စများ အထူးသဖြင့် တရားဥပဒေ စိုးမိုးရေးကို ကိုင်တွယ်ရာတွင် အစိုးရသည် မည်မျှ မကျွမ်းကျင်ကြောင်းလည်း ပြသလိုကြသည်။ အချုပ်အားဖြင့်ဆိုရပါက အစိုးရသည် အုပ်ချုပ်ရန် မထိုက်တန်ဘဲ ဆင်းပေးရမည့် အစိုးရဖြစ်သည်ဟူသော ထင်မြင်ချက်မျိုးကို ဖန်တီးလိုကြခြင်းသာ ဖြစ်သည်။
ကံကောင်းထောက်မသည်မှာ မြန်မာပြည်သူအများစုသည် အမျိုးသားရေး အမည်ခံများ၏ ထောင်ချောက်အတွင်း ကျရောက်လောက်အောင် အကင်းမပါးသူများ မဟုတ်ကြခြင်းပင်။ သို့သော် ထိုသို့ဆိုခြင်းကြောင့် ကျေနပ်ရောင့်ရဲမနေသင့်ပေ။
အမျိုးသားရေး အမည်ခံများသည် ပရိယာယ်များပြီး သူတို့ ခြိမ်းခြောက်မှုကို သတိကြီးကြီးထားသင့်လှသည်။ ၎င်းတို့နှင့် ပတ်သက်သော မတည်ငြိမ်မှုများကြောင့် နိုင်ငံသည် တန်ဖိုးကြီးစွာ ပေးဆပ်နေရကြောင်း သမိုင်းက သက်သေပြနေပေသည်။ တိုင်းပြည်ကို ကမ္ဘာ့အလယ်တွင် ပြန်ဝင်ဆန့်လိုလျှင် ၎င်းတို့ကို ဥပဒေနှင့်အညီ ထိန်းချုပ်ရမည်။ မြန်မာနိုင်ငံကဲ့သို့သော အသွင်ကူးပြောင်းစ နိုင်ငံတွင် ရွေးကောက်ပွဲများကသာလျှင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆက်လက်ရှင်သန်ရန် အာမခံချက်ပေးနိုင်သောကြောင့် လွတ်လပ်မျှတသော ရွေးကောက်ပွဲကို အနှောင့်အယှက်ပေးမည့် မည်သည့်မတည်ငြိမ်မှုကိုမျှ လက်မခံသင့်ပေ။
ထို့ကြောင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေးနှင့် နိုင်ငံရေး တည်ငြိမ်ရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေဖြင့် အမျိုးသားရေး အမည်ခံများကို တရားဥပဒေနှင့်အညီ ကိုင်တွယ်ထိန်းချုပ်ရန် လိုသည်။ လွန်ခဲ့သောနှစ်များအတွင်း မြန်မာပြည်သူများသည် အမုန်းတရားများကို စိတ်ကုန်နေကြပြီဖြစ်သည်။ အမျိုးသားရေး အမည်ခံများ ဖန်တီးသော အမုန်းတရားများနှင့် လူမျိုးရေး ဘာသာရေး တင်းမာမှုနှင့် ပဋိပက္ခများကြောင့် မြန်မာပြည်သူ အများစု ကိုးကွယ်ကြသော မေတ္တာတရားကြီးမားသည့် ဗုဒ္ဓဘာသာ၏ ပုံရိပ်သည် ကမ္ဘာနဲ့ချီပြီး ထိခိုက်ခဲ့ပြီးဖြစ်သည်မှာ ဝမ်းနည်းစရာဖြစ်သည်။
လက်ရှိတွင် အမျိုးသားရေး ဝါဒီ ဦးဝီရသူကို နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် အမှုဖွင့် ဝရမ်းထုတ်ထားပြီ ဖြစ်သည်။ ထိုအမှု မည်သို့ဆက်လက်ဖြစ်ပေါ်လာမည်ကို တနိုင်ငံလုံးက စိတ်ဝင်တစားစောင့်ကြည့်နေကြသည်။ ဦးဝီရသူကို ယခင်က တရားဟောခွင့် ပိတ်င်ခဲ့ခြင်းသည် ထိရောက်မှု မရှိကြောင်း မြင်ခဲ့ကြပြီးဖြစ်သည်။ ယခုလည်း တိုင်း မဟန သြဝါဒ ခံယူပွဲ ရွေ့ဆိုင်းမှုကို အကြောင်းပြပြီး သြဝါဒခံယူပွဲ ပြီးမှ အဖမ်းခံမည်ဟု ဆိုကာ အာဏာပိုင်များ ထုတ်ပြန်ထားသော ဝရမ်းကို ရှောင်ပြေးပုန်းရင်း တရားဥပဒေစိုးမိုးမှုကို စိန်ခေါ် ပြက်ရယ်ပြုနေပြန်သည်။
မည်သို့ဆိုစေ ဦးဝီရသူကို အရေးယူခြင်းသည် တရားဥပဒေစိုးမိုးရေးအတွက် လေးနက်သော နမူနာဖြစ်လာနိုင်ပြီး အမျိုးသားရေး အမည်ခံများအတွက် သတိပေးခေါင်းလောင်းသံ ဖြစ်လာမည်။ ၎င်းတို့ကို တရားဥပဒေအရ အရေးယူခြင်းအား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရင်း တိုင်းပြည်ဖွံ့ဖြိုးရေး နိုင်ငံတကာနှင့် လက်တွဲအလုပ်လုပ်လိုသူ ပြည်သူအများက စိတ်မကောင်းဖြစ်ကြမည် မဟုတ်ပါ။
ဆက်စပ်ဖတ်ရှုရန် – ဦးဝီရသူကို တပတ်အတွင်း မမိပါက တရားခံပြေး ကြေညာကာ မျက်ကွယ်အမှုစစ်ဖွယ်ရှိ
ဦးဝီရသူ အရေး ပြတ်ပြတ်သားသား ကိုင်တွယ်မည်ဟု သမ္မတရုံး ပြော
မန္တလေးတိုင်း အတွင်း ဆန္ဒပြပွဲများ၌ သံဃာများ မပါဝင်ရေး သတိပေး