မြန်မာနိုင်ငံ၏ လက်ရှိ ဒီမိုကရေစီအသွင်ကူးပြောင်းမှုသည် နောက်ထပ် နှစ်ပေါင်း ၃၀ခန့် ကြာဦးမည်ဟု ကျနော်ပြောလျှင် ယုံဖို့ ခက်ပါလိမ့်မည်။
တပ်မတော် အနေဖြင့် လာမည့် ဆယ်နှစ် အတွင်းတွင် နိုင်ငံရေးနယ်ပယ်မှ ထွက်ခွာသွားမည့် အရိပ်အယောင် မရှိပေ။ ၂၀၁၁ ခုနှစ်အစောပိုင်းတွင် မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲရေး စတင်ခဲ့သော်လည်း တပ်မတော် အနေဖြင့် နိုင်ငံရေးတွင် ပါဝင်နေဆဲဖြစ်ပြီး ၎င်းတို့အနေဖြင့် မည်သည့် အချိန်တွင် နိုင်ငံရေး မှ ထွက်ခွာမည်ကို တပ်မတော် ခေါင်းဆောင်ပိုင်းများ မှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
တပ်မတော် အနေဖြင့် နိုင်ငံရေးနယ်ပယ်မှ သူတို့ ဘယ်တော့ ထွက်ခွာမည်ကို ထုတ်ပြောထားခြင်းကား ရှိသည်။ သို့သော် မည်သည့်အချိန်ဆိုသည်ကို မည်သူမှ အတိအကျ မသိပေ။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ မရှိတော့ဘဲ တိုင်းပြည်အေးချမ်းသွားသည့်အချိန်တွင် တပ်မတော်က နိုင်ငံရေးမှစွန့်ခွာမည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောထားသည်။ သို့သော် ၁၉၄၈ ခုနှစ် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရချိန်မှ စတင်ပြီး ပြည်တွင်းစစ်ဖြစ်ပွားနေသောနိုင်ငံတွင် ငြိမ်းချမ်းရေး ဘယ်တော့ရမည်လဲဆိုသည်မှာ ကြိုတင် ခန့်မှန်း မရနိုင်သော ကိစ္စ ဖြစ်နေသည်။
၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုကြည့်လျှင် ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းခံနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၂၀ နီးပါးနှင့် တပ်မတော်အကြား ဖြစ်ပွားနေသော တိုက်ပွဲများအား လုံး၀ အဆုံးသတ်နိုင်လောက်သည့် အခြေအနေမျိုး မရရှိသေးပေ။
ထို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနက် ၁၀ ဖွဲ့သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်များ လက်မှတ်ရေးထိုးထားကြသော်လည်း အနည်းဆုံး အခြား ၅ ဖွဲ့သည် ၎င်းတို့ခြေကုပ်ရယူထားသော ဒေသများတွင် တပ်မတော်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
ထိုသို့သော အခြေအနေတွင် ဘယ်တော့ငြိမ်းချမ်းရေးရနိုင်မည်ဆိုသည်မှာ တွေးဆ၍ မရနိုင်သည့်အရာသာ ဖြစ်သည်။ နောင်လာမည့် နှစ် ၂၀ သို့မဟုတ် ၃၀ အတွင်း ငြိမ်းချမ်းရေးရမည်ဟု မည်သူမျှ အာမခံနိုင်ခြင်း မရှိပေ။ ထိုကြောင့် တပ်မတော်သည် နိုင်ငံရေးမှ မည်သည့်အချိန် အမှန်တကယ် ထွက်ခွာသွားမည်ဆိုသည်မှာ မသိနိုင်သေးသော အရာဖြစ်သည်။
၁၉၆၂ ခုနှစ်မှ စတင်ပြီး စစ်ဘက်၏ အုပ်ချုပ်ရေးအောက်တွင်ရှိခဲ့သော နိုင်ငံတခုကို အရပ်ဖက် အသွင်ကူးပြောင်းခြင်းသည် မတိုင်းတာနိုင်လောက်အောင် ကြီးမားသည့် တာဝန်တခုဟု ဆိုရမည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သော လက်ရှိအစိုးရက ၂၀၁၆ ခုနှစ် မတ်လတွင် အာဏာရလာချိန်မှ စတင်ပြီး ထိုကိစ္စကို ဆောင်ရွက်နေရသည်။
ယခုနှစ် မတ်လတွင် NLD သည် ဖွဲ့စည်းပုံအရ တပ်မတော်က ယူထားသည့် လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်းကို တဖြည်းဖြည်းလျှော့ချရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး လေ့လာသုံးသပ်နေသည့် လွှတ်တော်ပူးတွဲကော်မတီ၏ တံခါးပိတ် အစည်းအဝေးများတွင် အဆိုပြုချက် ရှိခဲ့သည်။
ထိုအဆိုပြုချက်အရ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် လွှတ်တော်အတွင်းမှ တပ်မတော်သားကိုယ်စားလှယ်များကို ၁၅ ရာခိုင်နှုန်းအထိ လျှော့ချပြီး နောက်လာမည့် ရွေးကောက်ပွဲများတွင် နောက်ထပ် ၅ ရာခိုင်နှုန်းစီ လျှော့ချရန်ဖြစ်သည်။ ထိုအဆိုပြုချက် အကောင်အထည်ပေါ်ပါက ၂၀၃၅ ခုနှစ်တွင် လွှတ်တော်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်သည့် တပ်မတော်သားကိုယ်စားလှယ်များ ရှိတော့မည် မဟုတ်ပေ။ ထိုအတိုင်းဖြစ်မည်ဆိုလျှင်ပင် နောက်ထပ် ၁၆ နှစ်လိုသေးသည်။
တပ်မတော်ကို စစ်တန်းလျားသို့ ချက်ခြင်းပြန်ရန်ပြောဆိုခြင်းမှာ မဖြစ်နိုင်သောကြောင့် NLD သည် လက်တွေ့ကျသော ထိုနည်းလမ်းကို ကျင့်သုံးမည်ဖြစ်ကြောင်း မတ်လတွင် NLD လွှတ်တော်ကိုယ်စားလှယ်တဦးက ဧရာဝတီ သတင်းဌာနသို့ပြောသည်။ လွှတ်တော်တွင်း တပ်မတော်သားများကို ချက်ချင်းဖယ်ထုတ်ရန်မှာ လက်တွေ့မကျမှန်း ကျနော်တို့လည်း သိကြပါသည်။
NLD က ဦးဆောင်ပြီး လွှတ်တော်မှ တိုင်းရင်းသားပါတီအများစု ထောက်ခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို တပ်မတော်သားကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သည်ကို အားလုံးသိရှိပြီးဖြစ်သည်။ နိုင်ငံရေးတွင် တပ်မတော် ပါဝင်နေမှုကို အာမခံသည့် ပုဒ်မအများစုကို တပ်မတော်ကပြင်ဆင်လိုခြင်း မရှိသည်မှာ ရှင်းလင်းလှသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးကို မဆန့်ကျင်ကြောင်း တပ်မတော် ခေါင်းဆောင်များက တရားဝင်ပြောကြားစေကာမူ ၎င်းတို့သည် ဖွဲ့စည်းပုံပါ ပုဒ်မ အများစုပြင်ဆင်မည်ကို မလိုလားကြပေ။
တပ်မတော်ဘက်မှ ထိုသို့ကန့်ကွက်မှုများ မရှိပါက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်သည် ယနေ့ အားလုံးမျှော်မှန်းထားသည်ထက် လွန်စွာ ပိုမို လျင်မြန်လာနိုင်ဖွယ် ရှိနိုင်သည်။
သို့သော် လက်တွေ့ပကတိအခြေအနေ တွင်မူ တပ်မတော်ခေါင်းဆောင်ပိုင်းသည် တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်မှုကို တဖြည်းဖြည်းချင်း လျော့ချသွားမည့် NLD ၏ အဆိုပြုချက်ကိုပင် လက်ခံဖို့ ခက်ခဲနေပုံ ရသည်။ နောက်ထပ် ၁၆ နှစ်ကြာမည့် ထိုအဆိုပြုချက်သည် ၎င်းတို့အတွက် စောလွန်းနေပုံ ရသည်။ လွှတ်တော်တွင်းမှ တပ်မတော်သားကိုယ်စားလှယ်များက ထိုအဆိုပြုချက်ကို သဘောမတူကြလျှင် နောက်ဆုံးတွင် ထိုအဆိုပြုချက်သည် NLD ၏ သူတို့ဖြစ်ချင်သည်ကို ပုံဖော်ထားသည့် စိတ်ကူးယဉ်မှုတခုသာ ဖြစ်သွားလိမ့်မည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဆိုပါပုဒ်မသည် လွှတ်တော်အတွင်းရှိ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် တနည်းအားဖြင့် တပ်မတော်သားကိုယ်စားလှယ်များပါ ပြင်ဆင်ရန်သဘောတူမှသာ ပြင်နိုင်မည်။
ထိုအဆိုပြုချက် အတည်ပြုနိုင်ရေးသည် တပ်မတော်၏ ခေါင်းဆောင်ပိုင်းအပေါ် လုံးဝ မူတည်နေသည်။ ထိုအတွက် NLD အနေဖြင့် တပ်မတော်ခေါင်းဆောင်များကို စည်းရုံးသိမ်းသွင်းနိုင်ရန် လိုသည်။
တပ်မတော်နှင့် အစိုးရတို့သည် ‘မချစ်သောလည်း အောင့်ကာနမ်း’ ဟူသည့် မြန်မာဆိုရိုးစကားအတိုင်း ပြုမူကြရမည်ဟု ကျနော်ထင်မိသည်။ ပြည်သူ့အကျိုးအတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးကို ရည်စူးပြီး ၎င်းတို့သည် တဖက်နှင့် တဖက် မနှစ်သက်နိုင်သော်ငြား ပူးပေါင်းဆောင်ရွက်သင့်သည်။
သို့သော် ယခု အချိန်အထိ NLD အစိုးရသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အရှိန်မြှင့်ရန် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် တပ်မတော်ခေါင်းဆောင်များကို စည်းရုံးနိုင်ခြင်း မရှိသေးပေ။
တပ်မတော် သည် ဖွဲ့စည်းပုံအခြေခံဥပဒေကိ မည်သည့် အချိန်တွင် ပြင်ခွင့်ပေးပြီး မည်သည့်အချိန်တွင် နိုင်ငံရေးမှ ထွက်ခွာသွားမည်ကို မည်သူမျှ မသိပေ။ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များ၏ စိတ်နေသဘောထား၊ နိုင်ငံအရေးအတွေးအခေါ်အယူအဆနှင့် နှစ် ၆၀ အတွင်း ကိုင်တွယ်အုပ်ချုပ်ခဲ့ပုံများအပေါ် မူတည်ပြီး ကျနော် ပုဂ္ဂလိကအမြင်အရဆိုလျှင် ၎င်းတို့ နိုင်ငံရေးမှ ထွက်ခွာသွားရန် ဆယ်စုနှစ် ၂ ခု သို့မဟုတ် ၃ အခုအထိ ကြာလိမ့်မည်ဟု မှန်းဆသည်။
ပြီးခဲ့သည့်လက လာရောက်လည်ပတ်ခဲ့သည့် ထိပ်တန်းသံတမန်တဦးနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူ့အခွင့်အရေးအခြေအနေနင့် အထွေထွေအခြေအနေများကို ဆွေးနွေးရန် ကျနော် ဖိတ်ခံရသည်။
“၁၉၈၈ မှာစတင်တဲ့ ဒီမိုကရေစီတိုက်ပွဲ နှစ် ၃၀ ကြာတဲ့အခါ ကျနော်တို့ လွန်ခဲ့တဲ့ နှစ် ၃၀ က ရည်မှန်းခဲ့တာတွေ အောင်မြင်ဖို့ နောက်ထပ် နှစ် ၃၀ ကြာဦးမယ်ဆိုတာ ကျနော်တွေ့လိုက်ရတယ်” ဟု ထိုပွဲတွင် ကျနော်ပြောပြဖြစ်သည်။ ကျနော်တို့ နိုင်ငံ၏ ယနေ့လက်ရှိနိုင်ငံရေး အခြေအနေသည် ၁၉၈၈ ခုနှစ်က ရည်မှန်းခဲ့သည့် အာဏာရှင်အစိုးရဖြုတ်ချပြီး ဒီမိုကရေစီအစိုးရပေါ်ပေါက်ရေးသည် လမ်းတဝက်သာရောက်သေးကြောင်း ကျနော်က ဆက်လက်ရှင်းပြခဲ့သည်။
၁၉၈၈ ခုနှစ်မှ ယခုနှစ် ၃၀ အကြာတွင် မြန်မာနိုင်ငံတွင် ရွေးကောက်ခံအရပ်သားအစိုးရတရပ် ရှိလာသည်။ သို့သော် ထို အရပ်သားအစိုးရသည် အခြေခံဥပဒေအရ လွှတ်တော်တွင်း ဥပဒေပြုရေးတွင်သာမက အုပ်ချုပ်ရေးအာဏာကိုပါ တပ်မတော်နှင့် ခွဲဝေယူထားရသည်။
ရည်မှန်းချက်ပန်းတိုင်မှာ လွတ်လပ်မျှတသော ရွေးကောက်ပွဲများမှ အရပ်သားစစ်စစ် အစိုးရတရပ် ပေါ်ပေါက်လာရန် ဖြစ်သည်။ သို့သော် ယခု NLD နှင့် တိုင်းရင်းသားပါတီများ ဆောင်ရွက်နေကြသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်အပေါ် တပ်မတော်မှ ပြင်းပြင်းထန်ထန် ကန့်ကွက်နေမှုကို တွေ့မြင်ရသောကြောင့် ပြည့်ဝသော ဒီမိုကရေစီ အရပ်သားအစိုးရတရပ် ပေါ်ပေါက်ရေးမှာ နောက် နှစ် ၃၀ ခန့်ကြာဦးမည်ဟု ကျနော်ပြောခဲ့ခြင်းဖြစ်သည်။
အရှင်းဆုံးပြောရလျှင် ရွေးကောက်တင်မြှောက်ခံရခြင်းမဟုတ်ဘဲတပ်မတော်က လွှတ်တော်နှင့် အစိုးရအဖွဲ့တွင်ယခုကဲ့သို့ အာဏာ ခွဲေ၀ ယူထားသရွေ့ မြန်မာနိုင်ငံကိုဒီမိုကရေစီနိုင်ငံဟု ခေါ်ဆိုနိုင်မည်မဟုတ်ပေ။
အာဏာရှင်စစ်အစိုးရလက်အောက် နှစ် ၆၀ ကျော် အုပ်ချုပ်ခံခဲ့ရသည့် မြန်မာနိုင်ငံတွင် အရပ်ဘက်အုပ်ချုပ်ရေးစစ်စစ်ကို ၂၀၅၀ ခုနှစ်တွင်တော့ တွေ့မြင်နိုင်မည်ဟု ကျနော်မျှော်လင့်မိပါသည်။ ထိုမှသာ ကျနော်တို့နိုင်ငံအတွက် စစ်မှန်သောပြောင်းလဲမှုဖြစ်ပါလိမ့်မည်။ ၂၀၅၀ မတိုင်ကာလအတွင်း လက်ရှိသွားနေသည့်ပြုပြင်ပြောင်းလဲရေးကို တပ်မတော်မှ နောက်တကြိမ် ဝင်ရောက်ဟန့်တားစေရန် ပံ့ပိုးပေးသော နိုင်ငံရေးအခြေအနေမျိုး မပေါ်ပေါက်လာစေရန်သာ ဆုတောင်းရတော့မည်ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Kyaw Zwa Moe ၏ Civilianizing This Militarized Nation Could Take Another Three Decades ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
ဆက်စပ်ဖတ်ရှုရန်
တပ်အရာရှိဟောင်းများ ဦးဆောင်နေသည့် ထွေ/အုပ် ပြုပြင်ပြောင်းလဲရေး အချိန်ယူရဦးမည်
အမျိုးသားရေး အမည်ခံ နိုင်ငံရေးလှုပ်ရှားမှုကို ထိန်းချုပ်ပါ
တပ်မတော်နှင့် ကြံ့ခိုင်ရေးပေါင်း၍ အခြေခံ ဥပဒေ ပုဒ်မတချို့ ထပ်မံ ပြင်ဆင်ရန် ကြိုးပမ်း x
မဟာသီယာ အစိုးရ တနှစ်ပြည့်တဲ့အခါ