ဒီမိုကရေစီ မင်းကျင့်တရားနဲ့ ဒေါ်အောင်ဆန်းစုကြည်

မွန်မွန်မြတ်
စာအုပ်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တချက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကြားမှာ စင်ပြိုင်ဖြစ်နေတဲ့၊ မတူကွဲပြားတဲ့ နိုင်ငံရေးသဘောတရား တွေကို နှိုင်းယှဉ်ပြထားတာပဲဖြစ်ပါတယ် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

သိပ်မကြာသေးခင်နှစ်များကအထိ သူဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် ကမ္ဘာက အထင်ကရ စံထားရတဲ့ အမျိုးသမီးကြီးတယောက် ဖြစ်ခဲ့တယ်။ ဒီကနေ့မှာတော့ သူ့ကို ကြယ်ကြွေတပွင့်လို့ ကမ္ဘာကပြောနေကြပြန်တယ်။ ကမ္ဘာကျော် The New Yorker သတင်းစာကဆို သူ့ကို “နိုဘယ်ဆုနဲ့ မထိုက်တန်သူ” လို့တောင် ရင့်ရင့်သီးသီး သုံးနှုန်းခဲ့ဖူး ပါတယ်။ ဒါပေမယ့် ဘယ်လိုလောကဓံမျိုးကမှ သူ့ကို ထူးထူးခြားခြား တုန်လှုပ်စေခဲ့ပုံ မရပါဘူး။ “ခေါင်းဆောင်လုပ်တဲ့လူဟာ လူတွေရဲ့ စိတ်အပြောင်းအလဲဒဏ်ကို အများဆုံး ခံရတာပဲ” ဆိုတဲ့ သူပြောခဲ့တဲ့စကားကို သူ့ဖါသာ နှလုံးသွင်းထားခဲ့ပုံပါပဲ။

တကမ္ဘာလုံးက ဝေဖန်မှုတွေပြင်းထန်နေတဲ့အချိန်မှာပဲ မြန်မာ့နိုင်ငံရေးခေါင်းဆောင်ရဲ့ နိုင်ငံရေးအတွေးအခေါ်တွေဟာ “ကျင့်ဝတ်နဲ့ညီညွတ်သော ဒီမိုကရေစီ” စနစ် (မြန်မာလိုဆိုရရင် မင်းကျင့်တရားနဲ့ညီညွတ်တဲ့ ဒီမိုကရေစီစနစ်) ဆီကို ဦးတည်နေတာ ဖြစ်တယ်လို့ ပိုလန်နိုင်ငံသား စာရေးဆရာ Michal Lubina ရဲ့ The Moral Democracy: The Political Thought of Aung San Suu Kyi ဆိုတဲ့ စာအုပ်မှာ ဖတ်ရပါတယ်။

Michal ရဲ့စာအုပ်မှာ ဗုဒ္ဓဘာသာ နောက်ခံသမိုင်းကြောင်းနဲ့ ဗမာ့နိုင်ငံရေးအတွေးအခေါ်၊ အောင်ဆန်းနဲ့ နိုင်ငံရေးအမွေ၊ ကျင့်ဝတ်ညီညွတ်သော ဒီမိုကရေစီနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအတွေးအခေါ် စတဲ့ အခန်းလေးခန်းပါရှိပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဖြတ်သန်းမှုတွေကို ထဲထဲဝင်ဝင် ပိုင်းခြားသုံးသပ်ထားတာကို တွေ့ရပါတယ်။

“အကြောက်တရားနဲ့ အုပ်ချုပ်တဲ့အာဏာရှင်လက်အောက်မှာ နေ့စဉ်နဲ့အမျှ အကြောက်တရားကင်းမဲ့စွာ နေထိုင်နိုင်အောင် ဘယ်လောက်တောင်အားထုတ်ခဲ့ရ သလဲဆိုတာကို တရားဥပဒေစိုးမိုးမှုအပြည့်အဝရှိတဲ့နိုင်ငံတွေမှာ ကံကောင်းထောက်မစွာ ကြီးပြင်းလာခဲ့တဲ့ အနောက်နိုင်ငံသားတွေကတော့ နားလည်နိုင်မှာ မဟုတ်ပါဘူး” လို့ Michal က ဆိုပါတယ်။ ဒီလိုနေထိုင်ခဲ့ရတာကြောင့်ပဲ သူ့နိုင်ငံသားတွေ လူ့ဂုဏ်သိက္ခာပြည့်ဝစွာ နေနိုင်ဖို့ အတွက် “မျှတတဲ့ တရားဥပဒေ” ရှိဖို့ရာ ဘယ်လောက်အရေးကြီးသလဲဆိုတာကို ဒေါ်အောင်ဆန်းစုကြည် ပိုသိလာရတယ်လို့ Michal ကရေးသားခဲ့ပါတယ်။

၁၉၉၀ လောက်က အင်တာဗျူးတစ်ခုမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်တဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲရုံနဲ့မလုံလောက်ပဲ “စိတ်ဓါတ်တော်လှန်ရေး” ပါလုပ်ဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးပါတယ်။ တပါတီအာဏာရှင်စနစ်အောက်မှာ အသားကျနေတဲ့ အကြောက်တရားတွေ၊ အလိုဆန္ဒကြောင့် ဒေါသကြောင့် မောဟကြောင့် ဖြစ်တတ်တဲ့ အဂတိတရားတွေကို ပြောင်းလဲဖို့ မိမိရဲ့ အတွင်းစိတ်က စတင်ပြီး ပြောင်းလဲဖို့လိုတယ်လို့ အဂတိတရားလေးပါးကင်းစင်ရေးအပေါ် အခြေခံပြီး ပြောခဲ့ဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ္ဘာကျော်စာအုပ်ဖြစ်တဲ့ “အကြောက်တရားမှ လွတ်မြောက်ခြင်း” စာအုပ်မှာ “အာဏာကြောင့် အဂတိလိုက်စားတာ မဟုတ်ဘူး၊ အာဏာကို လက်လွတ်ရမှာ ကြောက်တဲ့စိတ်ကြောင့် အဂတိလိုက်စားတာ” လို့ ရေးသားခဲ့ပါတယ်။ လူတွေကိုယ်နှိုက်က အားထုတ်ပြီး ကျင့်ကြံပါမှ အဂတိကင်းစင်တဲ့ ပတ်ဝန်းကျင်တခုဖြစ်လာပြီး မျှော်မှန်းထားတဲ့ ဒီမိုကရေစီအခင်းအကျင်းတခုကို အမှန်တကယ်ရောက်လာနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင် ကတော့ အကြောက်တရားရဲ့ ကျေးကျွန်တွေဖြစ်နေတဲ့ ဖိနှိပ်သူရော အဖိနှိပ်ခံပြည်သူ တွေရောဟာ လွတ်လပ်မှုကို နှစ်သက်သူတွေဖြစ်တယ်။ သူ့ပြောဆိုချက်တွေဟာ အပြုသဘော အသွင်ဆောင်တဲ့အတွက် လူတွေရဲ့ ကံ (သို့မဟုတ်) အလုပ်ကို ပြောင်းလဲလာအောင် လုပ်ဆောင်လာနိုင်လိမ့်မယ်လို့ ယူဆပုံရတယ်လို့ Michal က သုံးသပ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသဘောတရားကို ဆန်းစစ်ကြည့်တဲ့အခါမှာ ဒီမိုကရေစီနဲ့ ဗုဒ္ဓလမ်းစဉ်ဟာ အင်မတန်မှ လိုက်ဖက်တယ်ဆိုတာကို သက်သေပြဖို့ ကြိုးစားခဲ့တာကို သွားတွေ့ရတယ်လို့ Michal က ဆိုပါတယ်။ “အဲဒီလို သက်သေပြဖို့ရာ သူဟာ နည်းလမ်း ၂ ခု သုံးခဲ့ပုံရတယ်။ နံပါတ်တစ်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး သဘောတရား တွေဟာ ဗုဒ္ဓလမ်းစဉ်နဲ့ကိုက်ညီတယ်လို့ သက်သေပြဖို့ကြိုးစားတာ။ နောက်တစ်ခုက သူ့ရဲ့နိုင်ငံရေးမိန့်ခွန်းတွေကို ဗုဒ္ဓဘာသာမှု ပြုခဲ့တာဖြစ်ပါတယ်။”

တကယ်တော့ ဒီနည်းလမ်းဟာ ၁၉၅၅ခုနှစ်လောက်က အမေရိကန် လူ့အခွင့်အရေး လှုပ်ရှားမှုမှာ ဦးဆောင်ခဲ့တဲ့ အာဖရိကန်-အမေရိကန် သင်းအုပ်ဆရာ မာတင်လူသာကင်း ဂျူနီယာရဲ့ နည်းလမ်းနဲ့ ခပ်ဆင်ဆင်ပါပဲ။ ကင်းဟာ သူ့ရဲ့ ခရစ်ယာန်ဘာသာရေး ယုံကြည်မှုနဲ့ ဂန္ဒီရဲ့ အကြမ်းမဖက်လမ်းစဉ်ကို ပေါင်းပြီး ရေးသားထားတဲ့ ကမ္ဘာကျော် မိန့်ခွန်းတွေ ပြောကြားခဲ့တယ်။ ကင်းပြောခဲ့တဲ့ မိန့်ခွန်းအတော်များများမှာ သမ္မာကျမ်းစာထဲက အကြောင်းအရာတွေကို ရည်ညွှန်းပြီးပြောခဲ့တာတွေ ရှိပါတယ်။

ဒီမိုကရေစီလမ်းစဉ်အပေါ် ဒေါ်အောင်ဆန်းစုကြည် နားလည်တဲ့ပုံက မြန်မာ့ထုံးတမ်း စဉ်လာကို အခြေခံတဲ့ နိုင်ငံရေးအတွေးအခေါ်လို့ ဆိုရမယ်လို့ Michal က သုံးသပ်ပါတယ်။ “အင်စတီကျူးရှင်းတွေ အချင်းချင်းကြား ထိန်းညှိအုပ်ချုပ်တဲ့ အနောက်တိုင်းဒီမိုကရေစီပုံစံ ကို သိရှိပြီးဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်အတွက်တော့ အနောက်တိုင်း ဒီမိုကရေစီပုံစံက ဒုတိယဦးစားပေးဖြစ်ပြီး မင်းကျင့်တရားဆယ်ပါးနဲ့အညီ အုပ်ချုပ်တဲ့ မြန်မာ့နည်းမြန်မာ့ဟန် အုပ်ချုပ်ရေးပုံစံကသာ အဓိကဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီက မင်းကျင့်တရားကို အခြေခံပေမယ့် သိပ်ကို ေ၀ဝါးပြီး အကောင်အထည်ဖေါ်ဖို့ခက်တဲ့ ဆင်စွယ်နန်းတော်ထဲက ဒီမိုကရေစီပုံစံမျိုး ဖြစ်နေတယ်” လို့ Michal က ဝေဖန်ထားပါတယ်။

“အင်္ဂလိပ်တွေကို အရင်ဆုံး မောင်းထုတ်ပြီးမှ တိုင်းပြည်တည်ဆောက်ရေး စမယ်ဆိုတဲ့ သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်းရဲ့ “လုံးဝလွတ်လပ်ရေးမူ” လိုမျိုးပဲ၊ စစ်ဗိုလ်ချုပ်တွေကို အာဏာက ဖယ်ရှားပြီးမှ ဒီမိုကရေစီကို တည်ဆောက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ခံယူထားပုံရပါတယ်။ သူ့အဖေရဲ့ နိုင်ငံရေးအမွေ တချို့တဝက်ကို ခံယူပြီး သူ့ရဲ့ကိုယ်ပိုင်ဟန်နဲ့ လူထုကို စုစည်းတယ်။ နိုင်ငံရေးအသိအမြင် နိုးကြားလာအောင် လှုံ့ဆော်တယ်။ ပြီးတော့မှ သူရဲ့ နိုင်ငံရေးစင်မြင့်ကို တရားဝင် ဖန်တီးယူတယ်” လို့ Michal က သုံးသပ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့ခြံတံခါးဝက စကားပြောစင်မြင့်ကို စာသင်ခန်းတခုလို အသုံးချခဲ့ပြီး သူ့ရဲ့မိန့်ခွန်းတွေကတဆင့် နိုင်ငံရေးအသိစိတ်နိုးကြားတဲ့ နိုင်ငံသား တယောက်ရဲ့ တွေးပုံခေါ်ပုံတွေ၊ စူးစမ်းလေ့လာတတ်ပုံတွေ၊ ဝေဖန်သုံးသပ်တတ်ပုံတွေကို သင်ကြားတယ်။ သူ့ပရိသတ်တွေနဲ့ အမေးအဖြေလုပ်ရင်း စကားပြောရင်း အဖြေရှာတဲ့ အလေ့အထတွေကို လေ့ကျင့်ခဲ့တယ်။ နိုင်ငံရေးသိပ္ပံဆရာမတယောက်လို သူ့ကိုယ်သူသဘောထားပြီး လူထုကို အသိအမြင ်ဗဟုသုတမျှဝေဖို့၊ နိုင်ငံရေးစိတ်ဓါတ် မြှင့်တင်ပေးဖို့ ကျရာအခန်းက ပါဝင်ခဲ့တယ်လို့ အမှတ်၅၄ တက္ကသိုလ်ရိပ်သာလမ်းနေအိမ် ခြံတံခါးဝမှာပြောခဲ့တဲ့ မိန့်ခွန်းတွေအပေါ် အခြေခံပြီး Michal က ကောက်ချက်ချပါတယ်။

ပိုလန်နိုင်ငံသား စာရေးဆရာ Michal Lubina ရဲ့ The Moral Democracy: The Political Thought of Aung San Suu Kyi စာအုပ်အဖုံး

ဒီစာအုပ်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တချက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကြားမှာ စင်ပြိုင်ဖြစ်နေတဲ့၊ မတူကွဲပြားတဲ့ နိုင်ငံရေးသဘောတရား တွေကို နှိုင်းယှဉ်ပြထားတာပဲဖြစ်ပါတယ်။ သိသာထင်ရှားတဲ့အချက်တွေက အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ်ကြားက အားပြိုင်မှု၊ စစ်ဗိုလ်ချုပ်တွေရဲ့ ပရမတ္တသဘောတရားဆန်တဲ့ (အရှိတရားဆန်တဲ့) နိုင်ငံရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ကူးစံဝါဒဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံရေး အားပြိုင်မှုတွေပဲဖြစ်ပါတယ်။ တနည်းအားဖြင့် အာဏာနိုင်ငံရေးနဲ့ သြဇာနိုင်ငံရေးတို့ရဲ့ အားပြိုင်မှုလို့လည်း ပြောလို့ရတယ်လို့ စာရေးသူက ဖွင့်ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ နိုင်ငံရေးအယူအဆမှာ အဓိက တူညီနေတဲ့ အချက်က ဗုဒ္ဓဘာသာနဲ့နီးစပ်တဲ့လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ သဘောသဘာ၀ ကို နားလည်မှုအပေါ် အခြေခံထားတဲ့အချက်ဖြစ်တယ်။”

တပ်မတော်ရဲ့ “စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ” ဆိုတာမှာ အမျိုး၊ဘာသာ၊ သာသနာနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရမယ်ဆိုတဲ့ သဘောတရားအပေါ် အခြေခံပြီး ခိုင်မာအားကောင်းတဲ့ အုပ်ချုပ်သူစနစ်ကို ဖေါ်ဆောင်လိုတာဖြစ်တယ်။ အာဏာကို လူထုလက်ထဲ တိုက်ရိုက် ထည့်လိုက်ရင် မင်းမဲ့စရိုက်ဆန်တဲ့ အခြေအနေတွေ ဖြစ်လာနိုင်ပြီး နိုင်ငံရဲ့တည်ငြိမ်အေးချမ်းမှု ပျက်ပြားသွားစေနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုက တပ်မတော်ရဲ့ အကြောက်တရားတခု ဖြစ်တယ်ဆိုရင်လည်း မမှားနိုင်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအတွေးအခေါ်ဟာ အကြမ်းမဖက်လမ်းစဉ်၊ အကြောက်တရားက လွတ်မြောက်ရာ လမ်းစဉ်၊ စိတ်ဓါတ်တော်လှန်ရေး နဲ့ ဗုဒ္ဓလမ်းစဉ်တွေအပေါ်မှာ အခြေခံတယ်လို့ Michal က ဆိုပါတယ်။ “ဒီမိုကရေစီတန်ဖိုးနဲ့ ကျင့်စဉ်တွေကို မှန်မှန်ကန်ကန် နားလည်ဖို့ဆိုရင် မှန်ကန်တဲ့ အကျင့်သီလနဲ့ မှန်ကန်တဲ့ ကျင့်စဉ်တွေအပေါ်မှာ အခြေခံရမယ်” ဆိုတဲ့ စာရေးဆရာ Matthew Walton ရဲ့ Buddhism, Politics and Political Thought in Myanmar ဆိုတဲ့စာအုပ်ကို Michal က ကိုးကားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီသဘောတရားကတော့ လူတိုင်းလူတိုင်းဟာ မှန်ကန်တဲ့ ကိုယ်ကျင့်သီလကို ကျင့်ကြံနိုင်စွမ်းရှိရင် အာဏာရှင်ရဲ့ မတရားတဲ့ စည်းမျဉ်းဥပဒေသတွေကို လိုက်နာနေစရာ မလိုဘူးဆိုတဲ့ ထေရဝါဒဗုဒ္ဓဘာသာကို အခြေခံထားတဲ့ အတွေးအခေါ်ဖြစ်တယ်လို့ ဆိုပါတယ်။

Michal အမြင်မှာတော့ ဒေါ်စုဟာ အဖေ့ခြေရာကိုနင်းဖို့ ကြိုးစားတဲ့သမီးတယောက် ဖြစ်ပြီး ဖခင်အဆုံးမသတ်နိုင်ခဲ့တဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို အကောင်အထည်ဖေါ်ဖို့ ကြိုးစားနေတာဖြစ်တယ်။ သူ့မှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတာက ဗမာဗုဒ္ဓဘာသာဝင် တယောက်အနေနဲ့ ချဉ်းကပ်တဲ့ နိုင်ငံရေးအမြင်သာဖြစ်ပြီး ကမ္ဘာကြည့်ကြည့်မြင်မှုက အပေါ်ယံလောက်ပဲ ရှိတယ်လို့ သုံးသပ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအတွေးအခေါ်အပေါ် Michal ရဲ့သုံးသပ်မှုဟာ ဓမ္မဒိဋ္ဌာန် ကျသလို ထင်ရပေမယ့် သူ့ရဲ့ ကောက်ချက်တစ်ခုကတော့ တလျောက်လုံး သုံးသပ်ခဲ့တာ တွေနဲ့ ကွဲလွဲပြီး အငြင်းပွါးစရာဖြစ်နေတာကို တွေ့ရပါတယ်။ “၂၀၁၇ ခုနှစ်က ဖြစ်ပွါးခဲ့တဲ့ ရိုဟင်ဂျာပြသနာမှာတော့ ဗမာမဟုတ်တဲ့ အုပ်စုတွေအပေါ်မှာ လျစ်လျူရှုတတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအစစ်အမှန်ကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်စေတယ်” လို့ Michal က ဆိုပါတယ်။

စစ်မှန်တဲ့ ဗုဒ္ဓလမ်းစဉ်ကို ကျင့်သုံးသူတယောက်ဟာ အနတ္တဆိုတဲ့ ငါစွဲကင်းတဲ့ဝါဒကို အစဉ်နှလုံးသွင်းရပါတယ်။ ဗမာဖြစ်ခြင်း မဖြစ်ခြင်း၊ ဘာသာတူခြင်း မတူခြင်း စတဲ့ ကိစ္စတွေဟာ အဓိက မကျလှပါဘူး။ ဒါနဲ့ပါတ်သက်ပြီး Michal ရဲ့ သုံးသပ်ချက် မှားယွင်းကြောင်း သက်သေပြနိုင်တဲ့ အချက် ၃ ချက် ရှိပါတယ်။

နံပါတ်တစ်အချက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မိသားစုအရေးနဲ့ နိုင်ငံ့အရေးမှာ နိုင်ငံ့အရေးကိုသာ အမြဲရှေ့တမ်းတင်ခဲ့သူဖြစ်တာကြောင့် ခင်ပွန်းဖြစ်သူ ကျန်းမာရေးအခြေအနေ ဆိုးဝါးနေချိန်မှာတောင် မြန်မာ့နိုင်ငံရေးကို စွန့်ခွါသွားခြင်း မရှိခဲ့ပါဘူး။ ဒီဖြစ်ရပ်မှာ ငါ၊ ငါ့မိသားစုဆိုတဲ့ အတ္တစွဲ ကင်းစင်မှုကို သူ့ဆီမှာ တွေ့နိုင်ပါတယ်။

နံပါတ်နှစ်အချက်ကတော့ အမျိုးသားရင်ကြားစေ့ရေးမူဟာ တလျောက်လုံး သူဆုပ်ကိုင်လာခဲ့တဲ့မူဖြစ်ပြီး သူ့ကိုနှစ်ရှည်လများ နေအိမ်အကျယ်ချုပ်ချထားခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေအပေါ်မှာတောင် အာဃာတမထားပဲ ဆက်ဆံနိုင်သူဖြစ်တာကို လတ်တလော နိုင်ငံရေးဖြစ်စဉ်တွေမှာ တွေ့နိုင်ပါတယ်။ သူဟာ စစ်အုပ်စု၊ ဒီမိုအုပ်စု၊ ဗမာအုပ်စု၊ ဗမာမဟုတ်တဲ့ အုပ်စု စတဲ့ အုပ်စုစွဲ ကင်းစင်သူ ဖြစ်ပါတယ်။

နံပါတ်သုံးအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရော သူ့ဖခင်ဗိုလ်ချုပ်အောင်ဆန်း ရောဟာ တိုင်းချစ်ပြည်ချစ်စိတ် ကြီးမားသူတွေဖြစ်တဲ့အတွက် တစုတဖွဲ့အရေးကို ရှေ့တန်းမတင်ပဲ တိုင်းပြည်အရေးကိုသာ အမြဲရှေ့တန်းတင်လေ့ရှိတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက်တော့ ရိုဟင်ဂျာအရေး၊ ရခိုင်အရေး၊ ကချင်အရေး စတာတွေဟာ တစုတဖွဲ့အရေးတွေသာဖြစ်ပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု ငြင်သာ ချောမွေ့စေရေးကိုသာ တိုင်းပြည်အရေးအနေနဲ့ ဦးစားပေးလေ့ရှိတာကို တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့တပ်မတော်ရဲ့ နိုင်ငံရေးသဘောတရားတွေဟာ ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးတွေရဲ့ နိုင်ငံရေးအတွေးအခေါ်အပေါ် အခြေခံတာဖြစ်တဲ့အတွက် ခေါင်းနဲ့ပန်းလိုပဲလို့ Michal က ဆိုပါတယ်။ ဒါပေမယ့် တပ်မတော်ရဲ့နိုင်ငံရေးအမြင်ဟာ အားနည်းချည့်နဲ့တဲ့လူထုကို စည်းကမ်းတကျ ထိန်းချုပ်ဖို့ အာဏာရှင်စနစ်ကသာ အလုပ်ဖြစ်နိုင်တယ်ဆိုတဲ့ အနှုတ်လက္ခဏာဆောင်တဲ့ အတွေးအမြင်ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအမြင်ကတော့ လွတ်လပ်တဲ့အတွေးအခေါ်ရှိတဲ့ နိုင်ငံသားတွေဟာ လူထုအာဏာကို အခြေခံတဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီနိုင်ငံရေး စနစ်ကို တစ်နေ့မှာ ဖေါ်ဆောင်နိုင်ရမယ်ဆိုတဲ့ အပေါင်းလက္ခဏာဆောင်တဲ့ နိုင်ငံရေးအတွေးအမြင်ဖြစ်တယ်လို့ စာအုပ်အဆုံးသတ်မှာ ကောက်ချက်ချခဲ့ပါတယ်။

(ပိုလန်နိုင်ငံသား စာရေးဆရာ Michal Lubina ရဲ့ The Moral Democracy: The Political Thought of Aung San Suu Kyi စာအုပ်ကို ဝေဖန် သုံးသပ်ထားတာဖြစ်ပါတယ်)

(ဆောင်းပါးရှင် မွန်မွန်မြတ်သည် စာရေးဆရာမတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဖယပ်တက္ကသိုလ်တွင် Peace Building PhD program တက်ရောက် သင်ယူနေသူဖြစ်သည်)

ဆက်စပ်ဖတ်ရှုရန်

စုဖုရားလတ်လား ကျင့်ဝတ်စံပြ ဒီမိုကရက်လား

နိုင်ငံရေးတွင် စစ်ဘက်ပါဝင်မှု အဆုံးသတ်ရန် နှစ် ၃၀ ကြာနိုင်သည်

ခွဲထွက်ရေးလား၊ ကွန်ဖက်ဒရေးရှင်းလား၊ ဖက်ဒရယ်လား၊ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးလား 

အမျိုးသမီးမဝင်ရ နေရာတွေ ရှိသင့်လား 

Did you find apk for android? You can find new Free Android Games and apps.
Loading