ကျနော်တို့ လူသားများသည် ကိုယ့်ပြဿနာများအတွက် ယုတ္တိတန်သော အဖြေတခုကို မတွေ့နိုင်သည့်အခါ မိခင် သဘာဝ တရားထံမှ အဖြေတခုကို ရလိုရငြား ရှာဖွေတတ်ကြသည်။
ရှေးရိုးစွဲဆန်သည့် အာရှနိုင်ငံတခု ဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ယဉ်ကျေးမှုနှင့် ဘာသာတရားကိုးကွယ်မှု ပုံစံများထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော သဘာဝလွန် အတွေးအခေါ်များက ပေါများလှသည်။
ယခုတကြိမ်တွင်မူ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော သွေးချောင်းစီးနေသည့် စစ်ပွဲတခုကို အင်အားပြင်းသော သဘာဝတရားက ရပ်တန့်ပစ်နိုင်မည်ဟု ကျနော်တို့ မျှော်လင့်နိုင်ကောင်းသည်။ ဖျက်အားပြင်းသော ဆိုင်ကလုန်း မုန်တိုင်းတခု ဖြစ်ချင်ဖြစ်နိုင်ပါသည်။
လူသားဂိုဏ်း ၂ ခုကြားမှ စစ်ပွဲတခုကို အနည်းဆုံးတော့ ယာယီရပ်တန့်သွားရန် ဆိုင်ကလုန်း မုန်တိုင်းတခုကို မျှော်လင့်သင့်ပါသလား။ ဒီလိုဆိုလျှင် အပစ်အခတ်ရပ်စဲရေး နည်းလမ်းများစွာထဲမှ အဆိုးရွားဆုံးသော ပုံစံတခုအဖြစ် မှတ်တမ်းဝင်သွားနိုင်ပါသည်။
သို့သော် လက်တွေ့တွင် မုန်တိုင်းသည် ရုပ်ဖျက်ထားသည့် ကောင်းချီးမင်္ဂလာတခုလည်း ဖြစ်နေနိုင်ပါသေးသည်။ အခြားတဖက်တွင် ကြောင်တောင်တောင်လည်း နိုင်ပါသည်။
မိမိတို့၏ ပြည်သူများထံသို့ ဆိုင်ကလုန်း မုန်တိုင်းကြီးတခု အမှန်တကယ် ဦးတည်၍ မရောက်လာမီ လေးလေးနက်နက် စဉ်းစားကြရန် စစ်ပွဲကို ဆင်နွဲနေကြသည့် ခေါင်းဆောင်များသို့ အချက်ပေး တောင်းဆိုသံလည်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ အနောက်ပိုင်းတွင် ရက္ခိုင့်တပ်မတော်(AA) နှင့် မြန်မာ့တပ်မတော်တို့ကြားမှ တိုက်ပွဲများကြောင့် မေလကုန်ပိုင်းအထိ အိုးမဲ့အိမ်မဲ့ ဖြစ်ရသူ ၃၀၀၀၀ ကျော်ခဲ့ပြီး ဖြစ်ကြောင်း ကုလသမဂ္ဂ၏ လတ်တလော အစီရင်ခံစာများအရ သိရသည်။
လက်ရှိ နေအိမ်စွန့်ခွာ ထွက်ပြေးရသူများမှာ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ အပါအဝင် မြို့နယ် ၇ ခုအတွင်း ရှိ မြို့နှင့် ကျေးရွာများမှ ဖြစ်ကြသည်။ ထိခိုက်သေဆုံးသူ အရေအတွက်မှာ အရပ်သားများရော လက်နက်ကိုင်အဖွဲ့ဝင်များပါ ဆိုလျှင် လူ ၁၀၀ အထိ ရှိခဲ့ပြီဟု လေ့လာစောင့်ကြည့်သူ အချို့က ပြောကြသည်။
နေအိမ်စွန့်ခွာ ထွက်ပြေးရသူအများစုမှာ ဘုန်းတော်ကြီးကျောင်းကဲ့သို့ နေရာများ သို့မဟုတ် မလုံမခြုံ ယာယီတဲများတွင် ခိုလှုံနေကြရသည်။ ပြည်တွင်း စစ်ရှောင်ဒုက္ခသည်များ အားလုံး မုတ်သုံရာသီ မတိုင်မီ သင့်တော်သည့် အမိုးအကာအောက် ရောက်ရှိစေရမည်ဟု အစိုးရ၏ အခိုင်အမာ ပြောကြားချက်များကလည်း အကောင်အထည် ပေါ်မလာသေးပေ။
တည်ငြိမ်အေးချမ်းမှု မရှိသည့် ထိုဒေသမှ အိုးမဲ့အိမ်မဲ့ဖြစ်ရသူတို့အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းရန် ဒေသခံ အသိုင်းအဝိုင်းများနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများက ရှိသမျှသော အရင်းအမြစ်များဖြင့် ဖျစ်ညှစ်ကြိုးစားနေကြရသည်။
သို့သော်လည်း အကူအညီများ ပို့ဆောင်ပေးရေးတွင် အတားအဆီးများနှင့် မကြာခဏ ရင်ဆိုင်နေကြရသည်။ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရရှိရေးကို ကန့်သတ်ခြင်း မပြုလုပ်ရန် ဒေသခံတက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကျယ်ကျယ်လောင်လောင် တောင်းဆိုမှုများမှာလည်း ထင်ထင်ရှားရှား ဥပေက္ခာပြုထားခြင်း ခံနေရပါသည်။
အကျိုးဆက်အနေဖြင့် စစ်ရှောင်ဒုက္ခသည်တို့၏ လိုအပ်ချက်များကို လုံလောက်အောင် မဖြည့်ဆည်းပေးနိုင်တော့ပေ။
ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကို အခံရဆုံး ပြည်နယ် ဖြစ်ပါသည်။ လတ်တလော သမိုင်းကြောင်းကို ကြည့်မည်ဆိုလျှင် ရခိုင်လူထုကို ဆိုင်ကလုန်း မုန်တိုင်းများက မကြာခဏ ဆိုသလို ဒုက္ခပေးတတ်ကြောင်း တွေ့ရမည် ဖြစ်သည်။
၂၀၁၇ ခုနှစ်က ဆိုင်ကလုန်းမုန်တိုင်း မိုရာသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည့်တိုင် ရခိုင် ပြည်နယ်မှ ရာနှင့်ချီသော အိမ်များနှင့် စာသင်ကျောင်း၊ ဆေးရုံ အစရှိသည့် ပြည်သူ့ဝန်ဆောင်မှုများကို ပျက်စီးစေခဲ့သည်။
၂၀၁၅ ခုနှစ်တွင် ဆိုင်ကလုန်း မုန်တိုင်း ကိုမန်က ပြည်နယ်နှင့် တိုင်း ၁၂ ခုမှ လူ ၁.၇ သန်းကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့ပြီး ထိခိုက်နစ်ရာရသူ ၉ သန်းအထိ ရှိခဲ့ကာ လူ ၁၇၂ ဦးသေဆုံးခဲ့ရသည်ဟု စာရင်းဇယားများအရ သိရသည်။
မြန်မာနိုင်ငံ၏ GDP ကို လည်း ၃ ရာခိုင်နှုန်းကျော် ကျဆင်း ဆုံးရှုံးသွားစေခဲ့သည်။ ထိခိုက်ဆုံးရှုံးမှုများထဲတွင် ရခိုင်ပြည်နယ်က အဆိုးရွားဆုံး ဖြစ်မည်ဆိုသည်မှာ သံသယ ရှိရန်မလိုပေ။
၂၀၁၀ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း ဂီရိကလည်း အလွန်ပြင်းထန်ခဲ့ပြီး ရခိုင်ပြည်နယ်တွင် ထောင်နှင့် ချီသော အသက်များ ဆုံးရှုံးခဲ့ရသည်။ ပြန်လည် နာလံထရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။
သဘာဝ ဘေးအန္တရာယ်များ အပြင် ကမ်းရိုးတန်းဒေသဖြစ်သည့် ရခိုင်ပြည်နယ်တွင် လူကလုပ်သည့် ပဋိပက္ခနှင့် စစ်ပွဲများ ကဲ့သို့သော အခြား ဘေးအန္တရာယ်များနှင့်လည်း ပြည့်နှက်နေခဲ့သည်။
ရခိုင်ပြည်နယ်တွင် မွေးဖွားခဲ့သူတဦးသည် မြန်မာနိုင်ငံ၏ အခြားသော မည်သည့်နေရာတွင်မဆို မွေးဖွားခဲ့သူ တဦးထက် အခက်အခဲများ ပိုမိုရင်ဆိုင်နေရသည်။
အဘယ်ကြောင့်ဆိုသော် ပြည်နယ်က ဆင်းရဲသည်။ သဘာဝဘေးအန္တရာယ် ထူပျောပြီး အခြေခံအဆောက်အဦကလည်း အလွန်နည်းပါးသည်။ ပထဝီ အနေအထားအရပင် အများစုမှာ သဘာဝ၏ အင်အားကို ရင်ဆိုင်ရန် အားနည်းပြီး ထိခိုက်လွယ်စေသည်။
ပညာရေးအဆင့်အတန်း နိမ့်ကျခြင်းနှင့် ဘေးအန္တရာယ် လျှော့ချခြင်းဆိုင်ရာ အသိပညာ မရှိခြင်းက သူတို့ကို ပို၍ ထိခိုက်နစ်နာစေနိုင်သည်။
ထိုသို့ ရှိရင်းစွဲ အခြေအနေတွင် ပဋိပက္ခနှင့် တိုက်ပွဲများကြောင့် ရှောင်တိမ်းထွက်ပြေးရခြင်းများက ထိခိုက်အလွယ်နိုင်ဆုံးသော အသိုင်းအဝိုင်းများအပေါ်တွင် တကယ့် ဝန်ထုပ်ဝန်ပိုးကြီးကို ထပ်ထင်ပေးခဲ့ခြင်းပင် ဖြစ်သည်။
၂၀၁၂ ခုနှစ်တွင် အသိုင်းအဝိုင်း ၂ ခုကြား ပဋိပက္ခများ ပေါ်ပေါက်ခဲ့သည့် နောက်ပိုင်း ရခိုင်ပြည်နယ်တွင် သိန်းနှင့် ချီသော အိုးအိမ်မဲ့ ဒုက္ခသည်များ ရှိနှင့်ပြီး ဖြစ်သည်။ ယခုအခါ ပြည်နယ်မြောက်ပိုင်းမှစစ်ပွဲကြောင့် ထိုအရေအတွက်က ထပ်မံမြင့်တက်လာခဲ့သည်။
အကယ်၍ လက်ရှိအချိန်တွင် ဒေသတွင်းသို့ သဘာဝဘေးအန္တရာယ်ကြီးတခု ဝင်ရောက်ခဲ့လျှင် ဒေသခံများ အနေဖြင့် အလျှင်အမြန် ပြန်လည် တုံ့ပြန်နိုင်စွမ်း၊ ရုန်းထွက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပါ။ ပြင်ပမှ အထောက်အကူ တောင်းခံရန်၊ အားကိုးရန်မှလွဲ၍ ရွေးချယ်စရာ ရှိလိမ့်မည် မဟုတ်ပါ။
ယေဘုယျ အနေဖြင့် ဆိုလျှင် လတ်တလောနှစ်များအတွင်း တိုးတက်မှုအနည်းငယ် ရှိခဲ့သော်လည်း မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှု အဆင့်က နိမ့်ကျနေဆဲ ဖြစ်သည်။ ဆိုင်ကလုန်းမုန်တိုင်း ခိုလှုံရမည့်နေရာများ (cyclone shelter) နှင့် ထိရောက်သည့် သဘာဝဘေး တုန့်ပြန်မှု အစီအမံများက ရပ်ရွာအတွင်းရော အုပ်ချုပ်ရေးအဆင့်တွင်ပါ လုံလောက်မှု မရှိသေးပါ။
ဆိုင်ကလုန်းနှင့် သဘာဝဘေး အန္တရာယ်များအတွက် ကြိုတင် ပြင်ဆင်မှုပြုလုပ်ရန် ငွေကြေးမည်မျှ လိုအပ်မည်ဆိုသည်ကို တွက်ချက်ရန် တိကျသေချာသော ကိန်းဂဏန်း အချက်အလက်များ မရှိသေးသော်လည်း ဒေါ်လာသန်းနှင့် ချီ၍ လိုအပ်ဖွယ်ရာ ရှိပါသည်။ ပကတိ အခြေအနေတွင်မူ ပဋိပက္ခဖြစ်ပွားနေသော ပြည်နယ်တွင် အာဏာရှိသူများက ဘဏ္ဍာငွေများကို cyclone shelter များအစား အမြောက်ဆံများနှင့် ကျည်ဆံများအတွက် အသုံးပြုနေကြသည်။
လတ်တလော နောက်ဆုံးရရှိသည့် သတင်းများက မဝေးတော့သည့် အနာဂတ်တွင် အပစ်အခတ်ရပ်စဲရေး ဖြစ်လာနိုင်ဖွယ် မရှိကြောင်း ညွှန်ပြနေသည်။ တပ်မတော်က သူတို့ အသာစီးရနေကြောင်း ပြောနေချိန်တွင် AA က တပ်မတော် တပ်ဖွဲ့များကြားတွင် ထိခိုက်ကျဆုံးမှု ပိုများကြောင်း ကြေညာသည်။
ဖြစ်စဉ်တိုင်း၏ နောက်တွင် အဖွဲ့ ၂ ခုထံမှ ကွဲပြားသော (ဆန့်ကျင်ဖက်ပင် ဖြစ်နိုင်ပါသည်) ဇာတ်ကြောင်း ၂ ခု ရှိနေကြောင်း သတိပြုမိနိုင်သည်။ ပြန်လည်သင့်မြတ်ရေးသို့ ဦးတည်မည့် အရိပ်အယောင်မျှပင် မမြင်ရပါ။
တပ်မတော်က တဖက်သတ် အပစ်အခတ်ရပ်စဲရေးတခုကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ပထမဆုံးအကြိမ် ကြေညာခဲ့သည်။ ထို့နောက် ဇွန်လ ကုန်ပိုင်းအထိ ၂ လ သက်တမ်းထပ်တိုးခဲ့ပြီး ထပ်မံ၍ ဩဂုတ်လကုန်ထိ တိုးပေးပြန်သည်။
အဆိုပါ အပစ်အခတ်ရပ်စဲရေးတွင် ရခိုင်ပြည်နယ် မပါဝင်ခဲ့ပါ။ ရခိုင်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) ၏ ခြိမ်းခြောက်မှုကြောင့် ဖြစ်သည်ဆိုသည်။
ထိုအချက်က AA ခေါင်းဆောင်များကို စိတ်ပျက်စေခဲ့သည်။ နောက်ဆက်တွဲ အနေဖြင့် တပ်မတော်နှင့် AA ကြား စစ်ရေးအရှိန်မြင့်တက်လာခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပါ။
မြောက်ဦးမှ သမိုင်းဝင်အမွေ အနှစ်နေရာများ ပျက်စီးသည်အထိပင် ဖြစ်စေခဲ့သည်။ တပ်မတော်က AA ရှိလိမ့်မည်ဟု သူတို့ထင်သည့် မည်သည့်နေရာကို မဆို လက်နက်ကြီးများဖြင့် မိုးရွာသလို ပစ်ခတ်နေသည်ဟု အချို့ ပြည်တွင်းသတင်းများက ဆိုကြသည်။
အချို့ ပြည်တွင်း လေ့လာဆန်းစစ်သူများက ရခိုင်ပြည်နယ်တွင် အထူးသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတတ်သည့် မုတ်သုန် ရာသီဝင်ရောက်လာခြင်းနှင့် အတူ တိုက်ခိုက်မှုများ အရှိန်လျော့ကျသွား လိမ့်မည်ဟု ခန့်မှန်းကြသည်။ ဒါ့အပြင် ရခိုင်ပြည်နယ်၏ မြေမျက်နှာသွင်ပြင် အနေအထားက တပ်ဖွဲ့များ အများအပြား တပ်စွဲနေရာချထားရန် အလွန် ခက်ခဲသည်။ သို့သော်လည်း ရခိုင်ရိုးမတောင်တန်းများပေါ် အထူးသဖြင့် ချင်းပြည်နယ်နှင့် နီးသည့် မြောက်ပိုင်းတွင် ရပ်တည်နိုင်ကြောင်း အတိုင်းအတာတခုအထိ AA က သက်သေပြခဲ့ပြီး ဖြစ်သည်။
ပြင်းထန်သော မိုးများအောက်တွင် ဆက်လက်တိုက်ခိုက်ကြရန် ဖြစ်နိုင်ဖွယ်ရှိသည်။ သို့သော် အကြီးစားကယ်ဆယ်ရေး လုပ်ငန်းများ လိုအပ်မည့် ဆိုင်ကလုန်းမုန်တိုင်းတခု ဝင်ရောက်လာခဲ့သော် AA အတွက် တပ်မတော်ကို ဆက်လက်တိုက်ခိုက်ရန် ဖြစ်နိုင်ပါမည်လား။ တဘက်က ကြည့်ပြန်လျှင် ထိုအခြေအနေတွင် ဒေသတွင်းသို့ အရေးပေါ် အကူအညီများ အကြီးအကျယ် စီးဝင်ခြင်းကို တပ်မတော်က အဆင်ပြေအောင် အသာတကြည် ခွင့်ပြုပေးပါမည်လား။
အဆိုပါ မေးခွန်းများအတွက် အဖြေမှန်ကို ဆိုင်ကလုန်းမုန်တိုင်းတခု ရောက်မလာမီအထိ သိနိုင်လိမ့်မည် မဟုတ်ပါ။ သို့သော်လည်း စစ်ရှောင်ဒုက္ခသည်များပေါ်သို့ နောက်ထပ် ဘေးအန္တရာယ်တခု ထပ်၍ မကျရောက်မီ သက်ဆိုင်ရာများကို ထိုမေးခွန်း မေးရန် အလွန် အရေးကြီးပါသည်။
ပဋိပက္ခအတွက် တဘက်ဘက်ကို အပြစ်တင်ရန် ခက်လိမ့်မည်။ သို့သော်လည်း ကိုယ့်ပြည်သူများအတွက် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး အစီအစဉ်တခုရှိပါသလား ဆိုသည်ကိုမူ ကျနော်တို့ မဖြစ်မနေ တောင်းဆိုရမည် ဖြစ်သည်။ ပြည်သူများအတွက် လုပ်နေပါသည်ဆိုသော အပြောများတွင် စစ်မှန်သည့် တာဝန်သိစိတ် ရှိ မရှိကို ဤအချက်က ဖော်ပြနိုင်လိမ့်မည် ဖြစ်သည်။
ယခုအချိန်က ဖြစ်လာနိုင်ဖွယ်ရှိသော သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ရမည့် အချိန် ဖြစ်ပါသည်။ ကပ်ဘေးတခုက နောက်ထပ် ကပ်ဘေးတခုကို မရပ်တန့်စေနိုင်ပါ။ ဆိုင်ကလုန်း မုန်တိုင်းတခုက စစ်ပွဲကို ရပ်တန့်ပေးလိမ့်မည်ဟု မျှော်လင့်နိုင်မည် မဟုတ်ပါ။
သို့သော်လည်း ရောက်လာမည့် သဘာဝဘေးတခုကို ရင်ဆိုင်ရမည့် အချိန်၊ ပြင်ဆင်ရမည့်အချိန်တွင် စစ်ပွဲကို ရပ်တန့်ရမည်ဟု ဆိုလိုပါသည်။ သို့မဟုတ်လျှင် ရခိုင်ပြည်နယ်မှ ဒုက္ခသည်များအနေဖြင့် ထိုင် ဆုတောင်းနေရုံမှအပ ဘာများ တတ်နိုင်ပါအုံးမည်နည်း။
(လင်းငယ်သည် မြန်မာ ဆရာဝန်တဦး ဖြစ်သည်။ နိုင်ငံတကာ ဖွံ့ဖြိုးရေးဘာသာရပ်ဖြင့် မဟာဘွဲ့ယူထားပြီး ငြိမ်းချမ်းရေးနှင် ပဋိပက္ခဆိုင်ရာများ၊ မျက်မှောက်ရေးရာများ သုံးသပ်ရေးသားနေသူ တဦးဖြစ်သည်။ ၎င်း၏ Would a Cyclone Stop the War in Rakhine? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
ဆက်စပ်ဖတ်ရှုရန်
ဦးဖြိုးမင်းသိန်းသို့ မြောက်ဥက္ကလာပ ဆေးရုံကြီး၏ မေတ္တာစာ
ရခိုင်ပြည်နယ်အတွက် AA ဘာတွေဆောင်ယူပေးမလဲ