ကလေးသူငယ်အခွင့်အရေးဥပဒေ မူကြမ်းထဲက ကလေးမွေးစားခြင်း

အောင်မျိုးမင်း
ကလေးသူငယ်အခွင့်အရေးဥပဒေဟာ အကြောင်းအရာ တော်တော်စုံလင်ပါတယ် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ကလေးများကို မွေးစားခြင်းနဲ့ပတ်သက်လို့ စိတ်ပူကန့်ကွက်နေတဲ့အကြောင်းအရာကို သေသေချာချာပြန်လေ့လာကြည့်တဲ့အခါ အခုလက်ရှိ ကလေးသူငယ်အခွင့်အရေးစာချုပ်မှာ ကလေးတွေကို မွေးစားခွင့်ပြုတဲ့ပုဒ်မကို ထည့်သွင်းထားတဲ့အတွက် နိုင်ငံသားမဟုတ်သူ ကလေးတွေကို နိုင်ငံသားဖြစ်တဲ့မိဘနှစ်ပါးက မွေးစားနိုင်တဲ့အခါ နိုင်ငံခြားသားကလေးတွေအမြောက်အများ နိုင်ငံသားဖြစ်လာနိုင်ပြီး လူမျိုးရေးဝါးမျိုမှုဖြစ်နိုင်တယ်လို့ စိုးရိမ်နေတာကို တွေ့ရပါတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံသားမဟုတ်တဲ့ “ရိုဟင်ဂျာ” ကလေးတွေဟာ မွေးစားခွင့်ကို အသုံးချပြီး မြန်မာနိုင်ငံသားဖြစ်လာမယ်။ နဂိုရှိပြီးသား လူမျိုးရေးပဋိပက္ခတွေ ပိုမိုကြီးထွားလာစေမယ်။ ကြာလာရင် လူမျိုးရေးဝါးမျိုမှုတွေ ဖြစ်စေမယ်ဆိုတဲ့ ကြောက်လန့်မှုရှိနေကြတာကို တွေ့ရပါတယ်။ ဒီကြားထဲမှာ လက်ရှိအစိုးရဟာ “ရိုဟင်ဂျာ” တွေကို နိုင်ငံသားဖြစ်လာစေဖို့ လမ်းဖွင့်ပေးဆိုတတာဖြစ်တယ်၊ ဥပဒေထဲမှာ မိသားစုတယောက်ဟာ ရိုဟင်ဂျာ ကလေးနှစ်ယောက်ကို မွေးစားပိုင်ခွင့်ရှိတယ်ဆိုတဲ့ သတင်းမှားတွေကို နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ ဖြန့်နေတာကိုလဲ သတိထားမိပါတယ်။

တချို့ဆိုရင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေထဲမှာ ကလေးများကို ကာကွယ်တဲ့ အခန်းပေါင်းများစွာ ပါဝင်တာကို မသိဘဲ အခု ဥပဒေဟာ ကလေးများကို မွေးစားခြင်းတခုတည်းအတွက် ပေါ်ပေါက်လာတဲ့ဥပဒေလို့တောင် ယူဆနေတာ တွေ့ရပါတယ်။

မကြာမီ အတည်ပြုနိုင်တော့မယ့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းဟာ မွေးစားခြင်းသက်သက်သာ ဖော်ပြထားတာမဟုတ်ပါဘူး။ တကယ်တော့ ကလေးသူငယ်အခွင့်အရေးတွေဖြစ်တဲ့ ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်မှုခံပိုင်ခွင့်၊ ပါဝင်ခွင့်တွေအကြောင်းအရာတွေကို အခန်းပေါင်း ၃၀၊ အပိုဒ်ပေါင်း ရာကျော်ပါဝင်တဲ့ ဥပဒေကြီးတခုဖြစ်ပါတယ်။

တကယ်တော့ ကလေးတွေကို လိုအပ်ရင် ကလေးအတွက် အကောင်းဆုံးကို ကြည့်ပြီး မွေးစားနိုင်တယ်ဆိုတာ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ် အခွင့်အရေးဆိုင်ရာစာချုပ် (CRC) မှာ ဖော်ပြထားတဲ့ အခွင့်အရေးအပိုဒ်ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ၁၉၉၃ ခုနှစ်မှာရော အခုလက်ရှိ ဥပဒေကြမ်းများရော ကလေးမွေးစားခွင့်ကို ထည့်သွင်းဖော်ပြထားတာကို တွေ့ကြရမှာပါ။

၁၉၉၃ ဥပဒေမှာကတော့ ကလေးများကို ဥပဒေဖြင့် မွေးစားပိုင်ခွင့်ကို အခန်း(၅) ကလေးသူငယ်၏ အခွင့်အရေးများအခန်း အပိုဒ် (၁ရ) မှာ ဖော်ပြထားပါတယ်။ ဒီအပိုဒ် ၁၇ (က) အရ “ကလေးသူငယ်တိုင်းသည် ဥပဒေနှင့်အညီ မွေးစားခံပိုင်ခွင့်ရှိသည်၊ “ ၁၇ (ခ) မှာ “မွေးစားခြင်းသည် ကလေးသူငယ်၏ အကျိုးစီးပွားအတွက်ဖြစ်စေရမည်” ၁၇(ဂ) မှာ “မွေးစားသူသည် မွေးစားခံရသည့် ကလေးသူငယ်အား ပြည်ပသို့ ခိုးထုတ်ခြင်း၊ ရောင်းဝယ်ခြင်း၊ မတရားခြယ်လှယ်ခြင်း၊ မတရားအလုပ်ခိုင်းစေခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ မသမာမှုနှင့် တရားမဲ့ ပြုကျင့်ခြင်းများ မပေါ်ပေါက်စေန် ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်ရှိသည်” လို့ ဖော်ပြထားပါတယ်။ အခွင့်အရေးတရပ်အနေနဲ့ ဖော်ပြထားပေမယ့် ဘယ်လို မွေးစားရမယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ဘယ်သူတွေက မွေးစားမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိတယ်ဆိုတာကို တိတိကျကျမဖော်ပြထားပါဘူး။

လက်ရှိဥပဒေကြမ်းမှာကတော့ ကလေးမွေးစားခြင်းဆိုတာကို အခန်းတခန်းအနေနဲ့ ဖော်ပြထားပါတယ်။ နောက်ပြီးတော့ ကလေးမွေးစားမယ်ဆိုရင် ဘယ်ဝန်ကြီးဌာနနဲ့ ဆက်စပ်တာဝန်ရှိပြီး ဘယ်လိုလုပ်ထုံးလုပ်နည်းတွေလုပ်ရမလဲဆိုတာကို တိတိကျကျ ဖော်ပြထားတာကို တွေ့ရပါတယ်။ ၁၉၉၃ နဲ့ လက်ရှိဥပဒေကြမ်းနှစ်ခုစလုံးမှာ တူညီတာကတော့ ကလေးတွေကို မွေးစားခွင့်ရှိတယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။ ဒီတော့ ကလေးမွေးစားခွင့်ဆိုတာ အခုမှ ပေါ်လာတဲ့အကြောင်းအရာသစ်မဟုတ်ဘဲ ၁၉၉၃ ခုှနစ်ကတည်းက ကလေးသူငယ်ဥပဒေမှာ ပါဝင်ခဲ့ပြီးဖြစ်တဲ့ အကြောင်းအရာတခုသာဖြစ်ပါတယ်။

ကလေးမွေးစားခြင်းနဲ့ပတ်သက်ပြီး အသေးစိတ်ဖော်ပြထားတဲ့ လက်ရှိဥပဒေကြမ်းရဲ့ အပိုဒ် ၂၆ ကနေ ၃၃ အရဆိုရင် မြန်မာနိုင်ငံသား တဦးဦးက ကလေးမွေးစားမယ်ဆိုရင် ကလေးမွေးစားမှုကို လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်း/ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချပ်ခွင့် တိုင်း/ဒေသ၊ ခရိုင်ဦးစီးမှူးရုံးက မွေးစားခြင်းမှတ်ပုံတင် လူမှုဝန်ထမ်းအရာရှိထံမှာ သတ်မှတ်ချက်များနဲ့ အညီ လျှောက်မှာဖြစ်ပါတယ်။ ဒါမှမဟုတ် နောက်တနည်းကတော့ မွေးစားလိုတဲ့သူအနေနဲ့ သက်ဆိုင်ရာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ တည်ဆဲ ကိတ္တိမမွေးစားခြင်းဆိုင်ရာ အက်ဥပဒေပြဌာန်းချက်များ နဲ့အညီ မွေးစားစာချုပ်ကို မှတ်ပုံတင်ပြီးတော့လည်း မွေးစားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒီအတိုင်းဆိုရင် ဥပဒေကြမ်းအရ ကလေးမွေးစားနိုင်တဲ့ နည်းလမ်းနှစ်သွယ်ရှိတယ်လို့ ဆိုနိုင်ပါတယ်။ တကယ်လို့ ခွင့်ပြုလိုက်ပြီဆိုရင် သတ်မှတ်ချက်တွေနဲ့အညီ မွေးစားစာချုပ်ချုပ်ပြီး မွေးစားခြင်းကို သက်ဆိုင်ရာ လူမှုဖူရေး ဦးစီးမှူးရုံးမှာ မှတ်ပုံတင်ရမှာဖြစ်ပါတယ်။ မှတ်ပုံတင်စာရင်းနဲ့အတူ မွေးစားတဲ့ကလေးရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအခြေအနေတွေကို ပုံမှန်အစီရင်ခံရမယ် ဆိုတဲ့အချက်တွေ၊ လူမှုဝန်ထမ်းဌာနက သတ်မှတ်ထားတဲ့ တာဝန်နဲ့ စည်းကမ်းတွေကို လိုက်နာပါ့မယ်ဆိုတဲ့အချက်တွေ၊ မွေးစားခံရတဲ့ကလေးကို ပြည်ပ ခိုးထုတ်တာ၊ ရောင်းဝယ်တာ၊ အဓမ္မအလုပ်စေခိုင်းတာ၊ နှိပ်စက်ညှင်းပမ်းတာတွေကို မလုပ်ပါဘူးဆိုတဲ့အချက်တွေကို မွေးစားသူက ဂတိပြုလက်မှတ်ထိုးရပါမယ်။

လူမှုဝန်ထမ်းအရာရှိဖက်ကလည်း ဒီလိုစည်းကမ်းချက်တွေကို ဖောက်ဖျက်တာ ရှိမရှိ စောင့်ကြည့် စုံစမ်းစစ်ဆေးရမယ့် တာဝန်ရှိပါတယ်။ တကယ်လို့ ဖောက်ဖျက်တယ်ဆိုရင် သဘောထားမှတ်ချက်တင်ပြပြီး သင့်လျော်သောအမိန့် ထုတ်ပြန်နိုင်ပါတယ်။ ဒါကတော့ လက်ရှိဥပဒေကြမ်းထဲမှာဖော်ပြထားတဲ့ ကလေးမွေးစားခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း ဖြစ်ပါတယ်။

ဘာကြောင့် ဒီလိုထည့်သွင်းလာရသလဲဆိုတာကို ကြည့်တဲ့အခါ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ခိုကိုးရာမဲ့ကလေးတွေ ကျနေ်ာတို့ နိုင်ငံထဲမှာ အများကြီးရှိလာပါတယ်။ စစ်ဘေး၊ သဘာဝဘေးေတွေအပြင် ရင်ခွင်မဲ့ကလေးတွေအဖြစ် စွန့်ပစ်မှုတွေကို အရင်ထက်က ပိုကြားလာရပါတယ်။ ဒီလိုကလေးတွေကို လူကယ်ပြန်ဌာနအောက်မှာရှိတဲ့ ဌာနကျောင်းတွေကို ပေးပို့နိုင်သလို သူတို့အတွက် အကောင်းဆုံးအကျိူးကို ရှေ့ရှပြီး မွေးစားလိုတဲ့သူတွေရှိရင် မွေးစားနိုင်အောင် ထည့်သွင်းစဉ်းစားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မွေးစားမှုဟာ စနစ်တကျဖြစ်ဖို့အတွက် သတ်မှတ်ချက်နှင့်အညီ ဆိုတဲ့ စကားကို ထည့်သွင်းထားတာဖြစ်ပါတယ်။

ဥပဒေကြမ်းမှာ မွေးစားရုံတင်မကဘဲ မွေးစားခံရတဲ့ကလေးကို မွေးစားပြီးနောက်ပိုင်းမှာ စောင့်ကြည့်ကာကွယ်ပေးတဲ့အပိုင်းအထိ တိတိကျကျပါဝင်လာတာကို တွေ့ကြမှာပါ။ မွေးစားသူလက်ထဲမှာ ဖွံ့ဖြိုးတိုးတက်မှုရှိရဲ့လား၊ ကလေးဘဝတိုးတက်ပျော်ရွှင်ရဲ့လား၊ ကလေးအပေါ် စော်ကားအမြတ်ထုတ်မှုတွေရှိလား စတာတွေကိုပါ လူမှုဝန်ထမ်းဌာနက စောင့်ကြပ်ပြီး လိုအပ်သလို ကာကွယ်မှုပြုနိုင်ပါတယ်။ ကလေးမွေးစားမှုကို စနစ်တကျ မှတ်ပုံတင်ထားတဲ့အတွက် အခုလိုစောင့်ကြပ်ကာကွယ်ပေးမှုတွေ လုပ်လာနိုင်မှာဖြစ်ပါတယ်။

မွေးစားပြီးနောက်ပိုင်း မွေးစားခံကလေးကို စောင့်ကြပ်ကာကွယ်ပေးမှုဟာ အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးမွေးစားမှုတချို့မှာ ကလေးကို မွေးစားပြီးမှ နှိပ်စက်တာ၊ အမြတ်ထုတ်တာတွေ ရှိတတ်လို့ပါပဲ။ အိမ်မှာ ခိုင်းစရာလူလိုတော့ အိမ်ဖော်ကို ငှားမယ့်အစား မွေးစားတဲ့ဟန်ပြပြီး ကလေးမိဘကို ငွေပေး ကလေးကို ထမင်းစားကျွန်ခံ သဘောမျိုးထားတာတွေကို တွေ့နေရပါတယ်။ မွေးစားခွင့်ပြုလိုက်တဲ့ မိဘရင်းတွေကတော့ ကိုယ့်သားသမီး ကောင်းစားနေပြီလို့ ထင်ပေမယ့် ကလေးဟာ အိမ်ထဲမှာ ပိတ်လှောင်ခံထားပြီး နှိပ်စက်မှု၊ အကြမ်းဖက်စော်ကားမှု အမျိုးမျိုးကို ခံစားနေရကာ ပြေးစရာမြေမရှိတဲ့ ဘဝမျိုးတွေရောက်နေကြတာ ဒုနဲ့ဒေးပါ။ တချို့ဆိုရင် ““မွေးပြီးစားတယ်“ ဆိုတဲ့စကားအတိုင်း လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေအထိ၊ လူကုန်ကူးရောင်းစားရတဲ့အဖြစ်အထိ ရောက်ရှိသွားတာတွေလည်း ရှိပါတယ်။ ဒါကြောင့် ဥပဒေ မူကြမ်းမှာပါဝင်တဲ့ လုပ်ထုံးလုပ်လုပ်နည်းအဆင့်ဆင့်ဟာ ကလေးတွေကို ကာကွယ်ပေးမယ့် ရည်ရွယ်ချက်နဲ့ ထည့်သွင်းထားတာလို့ ဆိုနိုင်ပါတယ်။

မွေးစားမှုနဲ့ ပတ်သက်လို့ မှတ်တမ်းတင်ခြင်းဟာ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ သက်ဆိုင်သော အကြောင်းအရာဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ လုံးဝမသက်ဆိုင်ပါဘူး။ ဒါကြောင့် မွေးစားခံရတဲ့ကလေးရဲ့ နိုင်ငံသားဖြစ်မှုနဲ့ မသက်ဆိုင်ဘူးဆိုတာ ရှင်းလင်းလှပါတယ်။ အခုပြောနေတဲ့ “ရိုဟင်ဂျာ” ကလေးတွေကို မွေးစားနိုင်အောင် လုပ်ဆောင်ပြီး နိုင်ငံသားဖြစ်အောင် တဖက်လှည့်ကြံနေတယ်ဆိုတဲ့ စွပ်စွဲချက် ပြောဆိုချက်တွေက အခြေအမြစ် မရှိလှပါဘူး။

တချို့ဆိုရင် တရားမဝင်ကလေးတွေကို တဦးကို နှစ်ယောက်နှုန်းမွေးစားပြီး နိုင်ငံသားမဖြစ်ဖြစ်အောင် လုပ်ပေးတဲ့ဥပဒေလို့ ပြောကြားချက်ကလည်း မမှန်ကန်ပါဘူး။ ဥပဒေကို သေသေချာချာ လေ့လာထားခြင် းမရှိဘဲ စွပ်စွဲချက်များသာဖြစ်ပါတယ်။

ကလေးတွေကို မွေးစားခွင့်ပြုလိုက်တဲ့အပိုဒ်ကြောင့် တရားမဝင်သူတွေ တရားဝင်နိုင်ငံသားဖြစ်ကုန်ကြမယ်ဆိုတဲ့ စိုးရိမ်ချက်ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြန်လည်တုန့်ပြန် ရှှုင်းလင်းပြခဲ့ပါတယ်။ ‘‘ဒါ ဥပဒေနဲ့အညီ ဆောင်ရွက်တယ်ဆိုရင်တော့ ဒါတိုင်း ပြည်အန္တရာယ်ရှိတယ်လို့ ပြောလို့ မရပါဘူး။ ဒါဟာ နိုင်ငံတကာမှာလည်း ဆောင်ရွက်နေတယ်။ အခုလည်း ဆောင်ရွက်နေတယ်။ နောက် ကိစ္စတခုချင်းအလိုက် သက်ဆိုင်ရာ ဥပဒေများနဲ့အညီ စေ့စေ့စပ်စပ်ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိပါ ဘူးလို့ ပြောချင်ပါတယ်’’လို့ ဇွန်လ ၁၆ ရက်က မီဒီယာများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဥပဒေရေးရာ ပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးကလည်း မွေးစားခွင့်ရှိပေမဲ့ နိုင်ငံသားဖြစ်ခွင့်မပေးထားဘဲ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ၊ ကိတ္တိမမွေးစားခြင်းဆိုင်ရာ ဥပဒေများအတိုင်းသာ လိုက်နာသွားမှာဖြစ်တယ်လို့ ဇွန်လ ၁၉ ရက်မှာ မီဒီယာများကို ပြောကြားခဲ့ပါသေးတယ်။

တကယ်လို့သာ ၁၉၈၂ မြန်မာနိုင်ငံ နိုင်ငံသားဥပဒေ အပိုဒ် ၇၃ မှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူတို့၏ မွေးစားခံရသော နိုင်ငံခြားသားတဦးသည် နိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူအဖြစ်ကို မရရှိစေရလို့ ဖော်ထားပါတယ်။ ဒီနိုင်ငံသားဥပဒေကို ပြန်လည်သုံးသပ်စရာတွေ ရှိတေယ်ဆိုတဲ့ အသံတွေရှိနေပေမယ့် ဒီဥပဒေက လက်ရှိ တည်ဆဲဥပဒေဖြစ်နေတုန်းပါ။

ကလေးသူငယ်အခွင့်အရေးဥပဒေဟာ အကြောင်းအရာ တော်တော်စုံလင်ပါတယ်။ အပိုဒ် တပိုဒ်ချင်းစီကလည်း ဆက်စပ်နေတာတွေ့ရပါတယ်။ ဒါကြောင့် ဥပဒေထဲမှာ ပါတဲ့ စာကြောင်းတကြောင်းနှစ်ကြောင်းလောက်ကိုပဲ ဖတ်ရှုပြီး လိုရာတွေးယူလို့ မရနိုင်ပါဘူး။ မပြည့်စုံတဲ့စာကြောင်းတကြောင်းလောက် ဖော်ပြပြီး အများပြည်သူ အထင်အမြင်မှားအောင် ဒါမှမဟုတ် မူလဥပဒေရဲ့ မူလရည်ရွယ်ချက် အဓိပ္ပာယ်ကို တလွဲဖြစ်သွားအောင် လုပ်ဆောင်တာမျိုးဟာ အန္တရာယ်ကြီးမားလွန်းလှပါတယ်။

ဒါကြောင့် သေသေချာချာလေ့လာပြီး မှန်မှန်ကန်ကန် သုံးသပ်မှု လုပ်ဆောင်မှ အများပြည်သူလည်း ဘဘောပေါက် နားလည်ပါလိမ့်မယ်၊ အမှန်တကယ် ကောင်းမွန်တဲ့ ဥပဒေလည်း ထွက်ပေါ်လာနိုင်မှာဖြစ်တယ်။

ကလေးများရဲ့ အကောင်းဆုံးအကျိုးအတွက် မျှော်တွေးပြီး ရေးဆွဲထားတဲ့ ကလေးအခွင့်အရေးဥပဒေကို ဘယ်လိုနိုင်ငံရေးရည်ရွယ်ချက်နဲ့မှ တလွဲအသုံးချတာ မလုပ်ကြဖို့ အထူးမေတ္တာရပ်ခံလိုပါတယ်။

(အောင်မျိုးမင်းသည် ရန်ကုန်အခြေစိုက် လူ့အခွင့်အရေး ပညာပေးပြန့်ပွားရေး Equality Myanmar အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဖြစ်သည်)

ဆက်စပ်ဖတ်ရှုရန်

လူ့အခွင့်အရေး အခြေခံ အမျိုးသားလုံခြုံရေးဆီသို့

သမ္မတ ဦးဝင်းမြင့် မိန့်ခွန်းထဲက လူ့အခွင့်အရေး

လူ့အခွင့်အရေး မြှင့်တင်ရေး ဘဝနှစ်ထားသူ တယောက်၏ ဇာတ်လမ်း

Did you find apk for android? You can find new Free Android Games and apps.
Loading