မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရပ်တန့်နေမှုအတွက် အကြောင်းအရာ အများအပြားကို အပြစ်တင်ကြသည်။ ထို အကြောင်းအရာများတွင် အဓိကအချက်မှာ ဖက်ဒရယ်စနစ်အောက်မှ ခွဲထွက်ရေး ပြဿနာနှင့် မြန်မာနိုင်ငံမှ လက်နက်ကိုင် အဖွဲ့အစည်းများကို တခုတည်းသော တပ်မတော်အဖြစ် ပေါင်းစည်းရေး သို့မဟုတ် ၎င်းတို့၏ စုပေါင်းစွမ်းအားကို ရယူရေးဖြစ်သည်။
ထို့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လမ်းကြောင်းမှန်သို့ ပြန်တင်ရန် ရည်ရွယ်၍ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလက ထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့သည်။ မအောင်မြင်ခဲ့ပါ။ ထို့ကြောင့် ယခု ၈ လတာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်နေရခြင်း၏ အကြောင်းအရင်းတွင် ဤအချက်ကိုလည်း ထည့်သွင်း ပြောဆိုကြသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်သူများ အနေဖြင့် အထက်ဖော်ပြပါ အချက်များသည် လုပ်ငန်းစဉ် ရပ်တန့်ရခြင်း၏ အဓိကအချက်များဟု မြင်ကြလိမ့်မည်။ သို့သော် စာရေးသူ၏ အမြင်မှာ တမျိုးဖြစ်သည်။
အထက်တွင် ဖော်ပြခဲ့သကဲ့သို့ မိမိတို့တွင် ရှိနေသော ပြဿနာများမှာ ကြီးမားလှပြီး ခက်ခဲကြောင်း စာရေးသူ အသိအမှတ် ပြုပါသည်။ သို့သော် မဖြေရှင်းနိုင်သော ပြဿနာများ မဟုတ်ပေ။
စာရေးသူ၏ အမြင်တွင် ထိုကိစ္စများသည် ပြဿနာမဟုတ်ဘဲ၊ ပြဿနာ အစစ်မှာ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကြားခံလူ ကင်းမဲ့နေခြင်းသာ ဖြစ်သည်။
သဘောတူညီချက် ရရန် တံခါးဖွင့်ပေးမည့် တူညီသော နယ်ပယ်ကိုရှာဖွေရေး ဘက်အသီးသီးကို တရားဝင် ကြားဝင်ဆောင်ရွက်ပေးမည့် အချိန်ပြည့် လုပ်ကိုင်ပေးနေသော အဖွဲ့အစည်းမျိုး၊ ပုဂ္ဂိုလ်မျိုး မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် မည်သည့်အခါကမျှ မရှိခဲ့ပေ။ အလားတူစွာပင် တရားဝင် စေ့စပ်ညှိနှိုင်းပေးသူလည်း မရှိပေ။ အရာရာကို မိမိတို့ဖာသာ မိမိတို့ လုပ်ဆောင်နေခဲ့ရသည်။
ကွာဟမှုများကို ကျဉ်းမြောင်းစေပြီး အပြန်အလှန် နားလည်မှုရရန် ဘက်အသီးသီးကို ကူညီနေသည့် ပြည်တွင်းမှ ဖြစ်စေ၊ အခြားမှဖြစ်စေ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များမရှိဟု ဆိုလိုခြင်း မဟုတ်ပေ။ ထို အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များကို တရားဝင် ကြားဝင်စေ့စပ်ပေးသူအဖြစ် အသိအမှတ်မပြုခြင်းသာ ဖြစ်ပြီး အလွန်ဆုံး အဆင့်အနေဖြင့် ပြောရလျှင် ထိုအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကို အကျိုးဆောင်များ အဆင့်သာ သတ်မှတ်ထားသည်။ ပိုမိုအရေးကြီးသည်မှာ ထိုအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များသည် ဆွေးနွေးမှုများကို အောက်ခြေတွင် အချိန်ပြည့် ဆောင်ရွက်ခြင်းမျိုးကိုလည်း လုပ်ဆောင်နိုင်ခြင်း မရှိပါ။
ယခင်သမ္မတ ဦးသိန်းစိန်၏ လက်အောက်တွင် နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ၁၄ ခုနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တခုကို လက်မှတ်ရေးထိုးခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရခေတ်၊ ၂၁ ရာစု ပင်လုံညီလာခံ ဟုလည်း ခေါ်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၃ ခု အပြီးတွင် တနိုင်ငံလုံး သဘောတူညီမှု၏ အစိတ်အပိုင်းအဖြစ် အချက် ၅၁ ချက် သဘောတူညီမှု ရခဲ့သည်။
ပြင်ပမှ အကူအညီ အနည်းငယ်မျှဖြင့် ငြိမ်းချမ်းရေးကို မိမိတို့ဖာသာ ညှိနှိုင်းသည်ဟူသော အချက်အတွက် မိမိတို့ ဂုဏ်ယူသည်မှာ သဘာဝကျသည်။ ထိုအကြောင်းကြောင့်ပင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မိမိတို့က ပြည်တွင်းဖြစ်ဟု သတ်မှတ်ခြင်း ဖြစ်သည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် နိုင်ငံတကာမှ တရားဝင် ကြားဝင်စေ့စပ် ညှိနှိုင်းသူ ပါဝင်ခြင်းကို မြန်မာနိုင်ငံ လက်မခံခြင်းမှာ အဓိက အကြောင်းရင်း ဖြစ်သည်။ ပြင်ပမှ တရားဝင် ပါဝင်ပတ်သက်မှုနှင့် အနီးစပ်ဆုံးသော အဆင့်မှာ ဦးသိန်းစိန် တာဝန်ယူစဉ်က ဖြစ်ပေါ်ခဲ့ပြီး ထိုစဉ်က အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းမှုများတွင် ကုလသမဂ္ဂနှင့် တရုတ် အထူးသံတမန်များကို လေ့လာသူအဖြစ် အသိအမှတ် ပြုခဲ့သည်။ ယနေ့တိုင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစည်းအဝေး များတွင် အကျိုးဆောင်များ အဖြစ် ပါဝင်နေဆဲဖြစ်သော်လည်း တရုတ်နိုင်ငံသည် ကြားဝင် စေ့စပ်ပေးသည့် အလယ်လူ မဟုတ်ပေ။
နိုင်ငံရေး သို့မဟုတ် ငြိမ်းချမ်းရေးသည် မည်သည့် လမ်းကြောင်းအတိုင်း သွားမည်ကို မည်သူမျှ မခန့်မှန်း နိုင်သော်လည်း ယခုအချိန်အထိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဖြစ်ပျက်နေသည်များအပေါ် အခြေခံ စဉ်းစားပါက ကုလသမဂ္ဂ၊ ပြည်ပအဖွဲ့အစည်းများနှင့် နိုင်ငံများကို ကြားဝင် စေ့စပ်ပေးသူအဖြစ် မြန်မာနိုင်ငံက လက်ခံမည့် ပုံစံလည်း မရှိပေ။
၎င်းတို့ကို အကျိုးဆောင်များအဖြစ် သို့မဟုတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသို့ သတင်းစကား ပေးပို့ရန် လမ်းကြောင်းအဖြစ် ရံဖန်ရံခါ အသုံးပြုသည့် အဆင့်သာ ရှိနေလိမ့်မည်။
ထို့ကြောင့် အကျပ်အတည်းကို အဆုံးသတ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လမ်းကြောင်းမှန်သို့ ပြန်ရောက်ရေးအတွက် ကူညီရန် မည်သည်တို့ ရှိပါသေးသနည်း။
ထိုသို့သော အခြေအနေများနှင့် မူဝါဒ အကန့်အသတ်ရှိသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ၂၀၁၁ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့သော အတွေ့အကြုံအရ မိမိတို့တွင် မိမိတို့မှအပ အခြားအားကိုးစရာ မရှိပေ။ ထို့ကြောင့် ဘက်များ အားလုံးကို ကူညီရန် ပြည်တွင်းအဖွဲ့အစည်းတခု လိုအပ်နေသည်ဟု ဆိုချင်ပါသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးဆောင်ရန် ဦးသိန်းစိန်ထူထောင်ခဲ့သည့် မြန်မာငြိမ်းချမ်းရေး စင်တာ (MPC) သည် ထို ကြားလူလိုအပ်ခြင်းကို ဖြေရှင်းရန် ပြည်တွင်းဖြစ် ဖြေရှင်းမှုဖြစ်သည်။
MPC သည် အစိုးရအတွက် အလုပ်လုပ်ပေးသည် ဟူသော အချက်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအတွက် သံသယရှိစရာအချက် မဟုတ်ပေ။ သို့သော် နည်းစနစ် ကျွမ်းကျင်မှု၊ နိုင်ငံရေး ထိုးထွင်းသိမြင်မှု၊ ကြိုတင်ကြံဆ လုပ်ဆောင်မှု၊ အစိုးရ၏ မှန်ကန်သော မူဝါဒဆိုင်ရာ လမ်းညွှန်မှု၊ ဆက်သွယ်ရေး၊ သဘောထား ပျော့ပြောင်းမှု၊ အခွင့်အာဏာ ပေးအပ်မှု၊ ယုံကြည်မှုတို့နှင့် အတူ ဝန်ကြီးဟောင်း ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့ ကဲ့သို့သော အဓိကလှုပ်ရှားသူများ၏ ထိရောက်သော ခေါင်းဆောင်မှုကြောင့် ၎င်းတို့သည် ကြားဝင် ညှိနှိုင်းပေးသူများ မဟုတ်စေကာမူ အလယ်လူများအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခဲ့ကြသည်။
MPC သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် မကြာခဏ ခရီးသွားသည်။ အရေးပါသော သတင်းစကားများ ပေးပို့သည်။ သတင်းအချက်အလက် ကွာဟမှုကို ဖြည့်ဆည်းပေးပြီး စစ်ရေး ပဋိပက္ခများ မဖြစ်ပေါ်မီ တားဆီးပေးသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ တပ်မတော်ကိုယ်စားလှယ်နှင့် ဆက်ဆံရေး ကောင်းခဲ့သည်။ ရင်းနှီးမှု တည်ဆောက်ခဲ့သည်။ နှစ်လိုဖွယ် ညှိနှိုင်းမှု ပတ်ဝန်းကျင်ကို ဖန်တီးပေးသည်။ များပြားလှစွာသော ယုံကြည်မှု တည်ဆောက်ရေး အစီအစဉ်များ ထည့်သွင်းပေးပြီး အကျပ်အတည်းများမှ ဖောက်ထွက်နိုင်ရန် ကြိုးစားခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးရာတွင် MPC သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုသာမက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် အတွင်းသရုပ်အရ ဆက်စပ်နေသော နိုင်ငံတွင် ဆောင်ရွက်နေသည့် နိုင်ငံရေး၊ စီးပွားရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု များကိုလည်း အထူး အလေးထား ပြောကြားခဲ့သည်။ တချိန်တည်းတွင် MPC သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ လုပ်ရပ်များကိုလည်း ဝေဖန်သည်။
နောက်ဆုံးတွင် MPC သည် ဘက်အားလုံးကို ကူညီပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့ NCA ကို လက်မှတ်ရေးထိုးရန် လုံလောက်သော ယုံကြည်မှုနှင့် အရေးပါသော ဆက်ဆံရေးကို တည်ဆောက်ပေးခဲ့သည်။ အတိုချုံးပြောရပါက MPC သည် အသိပြည့်စုံသည့် ဆုံးဖြတ်ချက်များ (Informed decisions) ချနိုင်ရေးအတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို နှစ်ဖက်စလုံးမှ ကူညီသည်။
ထိုအကြောင်းကြောင့်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပြည်ပမှ ပါဝင်ပတ်သက်ခြင်းကို စိုးရိမ်သည့် အချက်အား ရှောင်ရှားရန် တခြားသွားကြည့်နေစရာ မလိုဘဲ ပြည်တွင်း (သို့) အထူးသဖြင့် အစိုးရအတွင်း၌ပင် ရှာဖွေ တွေ့ရှိနိုင်သည်။
ထိုသို့သော အဖွဲ့အစည်းတခုမှာ အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်ပင် ဖြစ်သည်။
စာရေးသူ၏ သုံးသပ်ချက်သည် မှားကောင်း မှားနိုင်သော်လည်း ငြိမ်းချမ်းရေး ကော်မရှင်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အာဏာရလာသောအခါ ဖျက်သိမ်းခဲ့သည့် MPC နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှု လုပ်ငန်းကော်မတီ (UPWC) တို့၏ အခန်းကဏ္ဍကို ရယူရန်ဖြစ်သည်ဟု စာရေးသူ နားလည်သည်။ သို့သော် ကော်မရှင်တွင် MPC နှင့် UPWC တို့တွင်ရှိသည့် အားသာချက်၊ အရင်းအမြစ်များ၊ လူအင်အား စသည်တို့ မရှိပေ။
ထိုအကြောင်းကြောင့်ပင် ငြိမ်းချမ်းရေး ကော်မရှင်ကို ပြုပြင်ပြောင်းလဲခြင်းနှင့် လိုအပ်သော အာဏာနှင့် ရင်းမြစ်များ၊ ပညာရပ်ဆိုင်ရာ ဝန်ထမ်းများ၊ လုပ်ပိုင်ခွင့်များ၊ လိုသလို ပြောင်းလဲနိုင်မှုများနှင့် ရှင်းလင်းသော အမိန့်ပေးစနစ်များ ပေးခြင်းတို့ဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လိုအပ်နေသော အလယ်လူ အခန်းကဏ္ဍကို ထမ်းဆောင် စေနိုင်မည် ဖြစ်သည်။
အောက်ခြေတွင် အရေးပါသော ညှိနှိုင်းရေးနှင့်ဆိုင်သော အဓိက လုပ်ငန်းများကို အကောင်အထည်ဖော်ခြင်း၊ ထိရောက်သော ဆက်သွယ်ရေးနှင့် အလွတ်သဘော ဆွေးနွေးမှုများကို သေနင်္ဂဗျူဟာကျကျ အသုံးချခြင်းဖြင့် ငြိမ်းချမ်းရေး ကော်မရှင်သစ်သည် လက်ရှိ အကျပ်အတည်းကို ကျော်လွှားပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လမ်းကြောင်းမှန် ပြန်ရောက်ရေး အထောက်အကူ လွန်စွာဖြစ်နိုင်သည်။ ရေရှည်တွင် ငြိမ်းချမ်းရေး ကော်မရှင်သည် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရင်ဆိုင်နေရသော အထက်တွင်ဖော်ပြခဲ့သည့် အခက်အခဲများကို ကျော်လွှားရေးအတွက် အစိုးရကို ကူညီနိုင်မည် ဖြစ်သည်။
( အောင်နိုင်ဦးသည် “Lessons learned from Myanmar’s Peace Process” စာအုပ် ရေးသားသူဖြစ်ပြီး Technical Secretariat Center of the Joint Ceasefire Monitoring Committee (JMC) ၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သည်။ ယခု ၎င်းရေးသားသည့် သူ့အတွေးသူ့အမြင် ဆောင်းပါးသည် ၎င်း၏ ကိုယ်ပိုင် အတွေးအမြင်သာဖြစ်ပြီး JMC ကို ကိုယ်စားပြုခြင်း မရှိပါ။ ယခုဆောင်းပါးကို အင်္ဂလိပ်ဘာသာဖြင့် A Missing Middleman in the Peace Process တွင် ဖတ်ရှုပါ။ )
ဆက်စပ်ဖတ်ရှုရန်
ဒေသခံတွေ ပါဝင်ခွင့်ရှိတဲ့ ကျန်းမာရေးစနစ် တည်ဆောက်ချင်သူ
ရခိုင် တိုက်ပွဲတွေကြားက မြေစာပင်များ
နိုင်ငံခြားသားတွေ အကြံပေးလို့ တိုင်းပြည် ငြိမ်းချမ်းသွားမယ် ဆိုတာ ကျနော် မယုံကြည်ဘူး