ကလေးငယ်တွေဟာ သူတို့ရဲ့ ဘဝမှာ လုံခြုံနွေးထွေးစွာ ကြီးပြင်းခွင့် ရဖို့ အထူးပဲ အရေးကြီးပါတယ်။ လုံခြုံမှု ဆိုရာမှာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာ အရပါ လုံခြုံမှု လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ မြင့်တက်လာနေတဲ့ သက်ငယ်မုဒိမ်း ဖြစ်ပွားမှုတွေက ကလေးတွေရဲ့ ဘ၀ တလျှောက်လုံးထိ စိတ်ပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်စေနိုင်တာမို့ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်သွားရမှာပါ။
နိုင်ငံတနိုင်ငံရဲ့ အဖိုးအထိုက်တန်ဆုံး သယံဇာတ ဆိုတာ ရေနံတွေ၊ သဘာဝဓာတ်ငွေ့တွေ မဟုတ်ပါ။ အလားတူ ကျောက်မျက်ရတနာ ရွှေငွေတွင်းထွက်များလည်း မဟုတ်ပါ။ ကလေးများသာ နိုင်ငံတနိုင်ငံရဲ့ အဖိုး အထိုက်တန်ဆုံး ရတနာအစစ်များ ဖြစ်ပါတယ်။ ကလေးတို့ရဲ့ ကျန်းမာပျော်ရွှင်မှုနဲ့ ပညာရည်တိုးတက် မြင့်မားမှုကို ကြည့်ပြီး အနာဂတ် တိုင်းပြည်ရဲ့ အနေအထားကို မှန်းဆနိုင်ပါတယ်။
နေ့စဉ်ရက်ဆက် ဆိုသလို ကလေးငယ်တွေဟာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု၊ အဓမ္မပြုကျင့်ခံရမှုတွေနဲ့ တွေ့ကြုံ နေရတာက တော်တော်လေး ဝမ်းနည်းစရာ ကောင်းပါတယ်။ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ တရားဝင် ထုတ်ပြန်ချက်တွေအရ ၂၀၁၈ ခုနှစ် ဧပြီလထိ စာရင်းဇယားတွေ အရ သက်ငယ်မုဒိမ်းမှုဟာ ၁ လ အတွင်း ပျမ်းမျှ အမှု ၉၀ အထိ ဖြစ်ပွားနေတယ် လို့ သိရပါတယ်။
ဒါ့အပြင် ၂၀၁၇ ခုနှစ် ဇန်နဝါရီကနေ နိုဝင်ဘာလ အတွင်း တနိုင်ငံလုံးမှာ သက်ငယ်မုဒိမ်းမှုပေါင်း ၇၅၃ မှု အထိ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ တရားဝင် ထုတ်ပြန်တဲ့ စာရင်းတွေမှာတောင် ဒီလောက်များနေရင် အကြောင်း အမျိုးမျိုးကြောင့် စာရင်းမှာ မပါဝင်နိုင်တဲ့ ဖြစ်စဉ်တွေလည်း ရှိနေတာကြောင့် တကယ့်မြေပြင်မှာ ကိန်းဂဏန်း တွေက ဒီအရေအတွက်ထက် ပိုများနိုင်ပါတယ်။
အများပြည်သူတေ ွအကြား၊ တနည်းအားဖြင့် ကလေးတွေနဲ့ ဆရာ ဆရာမတွေကြားမှာ အံ့သြရလောက်အောင် ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှု တခုဟာ အခုထိ ကျူးလွန်သူ ဘယ်သူဘယ်ဝါ ဆိုတာ မသိနိုင်သေးတာကြောင့် ပြည်သူတွေက တရားမျှတမှု ရှိဖို့၊ ကျူးလွန်သူကို ဖော်ထုတ်ဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုလာနေကြတာပါ။
ဒါ့အပြင် ၁ နှစ် ၈ လပဲ ရှိသေးတဲ့ ကလေးတယောက်ကို အဓမ္မပြုကျင့်ပြီး ပိန်းတောထဲ ပစ်ထားခဲ့တဲ့ ဖြစ်ရပ် ဟာလည်း ပြီးခဲ့တဲ့ ဇွန်လအတွင်း ရန်ကုန်တိုင်းဒေသကြီး ရွှေပေါက်ကံမြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ ကျူးလွန်သူကို ဖမ်းဆီးမိခဲ့ပေမယ့် ကလေးငယ်ဟာ ဒဏ်ရာတွေ ရရှိပြီး ဆေးကုသမှု ခံယူခဲ့ရပါတယ်။
လူအများစု ထင်မှတ်ထားကြတာက သက်ငယ်မုဒိမ်းမှုကို သူစိမ်းတွေက ကျူးလွန်တာလို့ ထင်ကြပေမယ့် လက်တွေ့မှာ ကလေးငယ်တွေနဲ့ ရင်းနှီးတဲ့ သူတွေကပဲ ကျူးလွန်တဲ့ ဖြစ်စ်က ပိုများပါတယ်။ ကျူးလွန်ခံရတဲ့ ကလေးတွေဟာ အသက်အရွယ် အားဖြင့် အရမ်းငယ်နေသေးပြီး အဲဒီလို ကလေးငယ်တွေကိုမှ ပစ်မှတ် ထားနေတဲ့ အဓမ္မပြုကျင့်မှုတွေ ဘာကြောင့် ဖြစ်ရသလဲ ဆိုတဲ့ အကြောင်ရင်းကိုပါ ဆန်းစစ်ရမှာပါ။
ဒီနေ့ခေတ် အနေအထားအရ ဖခင်ရော မိခင်ပါ စားဝတ်နေရေး အတွက် အပြင်ထွက် အလုပ်လုပ် နေရတာကြောင့် မိမိတို့ ကလေးတွေကို ရင်အုပ်မကွာ စောင့်ရှောက်ဖို့ မလွယ်လှပါဘူး။ စိတ်ချ လုံခြုံလိမ့်မယ် လို့ ယုံကြည်တာကြောင့် ကိုယ်ပိုင်ကျောင်းကို အပ်နှံလိုက်ကာမှ အသက် ၂ နှစ် ၁၁ လ သာ ရှိသေးတဲ့ သမီးငယ်လေးဟာ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ အဓမ္မ ပြုကျင့်ခံခဲ့ရတာ ဖြစ်ပါတယ်။
“ဗစ်တိုးရီးယား” အမည်ပေးထားတဲ့ သမီးလေး အဓမ္မပြုကျင့်ခံခဲ့ရတာ အခုဆိုရင် ၁ လခွဲကျော် ကြာလာတဲ့ အတွက် ပြည်သူတွေဆီက ဝေဖန်မှုတွေ၊ အားမရမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့တာပါ။
မိဘတွေက ဝန်ထမ်းတွေဖြစ်ပြီး သမီးငယ်လေး အဲဒီလို ဖြစ်တာကို မိခင်ဖြစ်သူက မေလ ၁၆ ရက်နေ့ ညနေမှာ သတိပြုမိခဲ့ပါတယ်။ အဲဒီနေ့ နံနက်ပိုင်းက Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းကို ပို့ထားခဲ့တာ ဖြစ်ပြီး ညနေ အိမ်ပြန်ရောက်တဲ့ အချိန်မှာ ဖြစ်စဉ်က ဖြစ်ပွားခဲ့ပြီးပါပြီ။ မေ ၁၇ ရက်နေ့မှာ မိခင်ဖြစ်သူက ဇမ္ဗူသီရိမြို့နယ် ရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ နဲ့ အမှုဖွင့်ခဲ့ပါတယ်။ ဒီနေရာမှာ အလေးအနက် ထည့်သွင်းစဉ်းစား ရမှာက ကျောင်းရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုပါပဲ။
အစောပိုင်းမှာ ကျောင်း တာဝန်ရှိသူတွေက ဒီဖြစ်စဉ်ဟာ ကျောင်းမှာ ဖြစ်ပွားခဲ့တာ မဟုတ်ဘူးလို့ ငြင်းဆန် ခဲ့ပါတယ်။ ဇွန် ၁ ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြုလုပ်ပြီး ပြောကြားတာပါ။
မေ ၃၀ ရက်နေ့မှာ အမှုအတွက် သံသယရှိသူ အမျိုးသား တဦးကို ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။ အမှုကို မှုခင်းရဲတပ်ဖွဲ့ (CID) က လွှဲပြောင်းယူခဲ့ပေမယ့် ဘာမှ ထူးခြားမလာခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ ကျောင်းဘက်က အမှုမှန်ပေါ်ပေါက်ရေး အတွက် ပူးပေါင်းပါဝင်မယ်လို့ ပြောကြားလာပါတယ်။
အသက် ၃ နှစ်တောင် မပြည့်သေးတဲ့ သမီးလေးအတွက် ပြည်သူတွေက ကရုဏာ သက်ခဲ့ကြသလို မိဘတွေရဲ့ သောကကိုပါ ကိုယ်ချင်းစာ နားလည်ပေးခဲ့ကြပါတယ်။ သမီးလေးဟာ အရွယ်နဲ့ မမျှအောင် B ပိုး၊ C ပိုး ကာကွယ်ဆေးတွေ၊ HIV ကာကွယ်ဆေးတွေပါ သောက်ခဲ့ရတာပါ။
ထူးဆန်းနေတဲ့ အချက်တချက်က မိဘတွေက သမီးလေးကို ကျောင်းအပ်စဉ်က CCTV တပ်ဆင်ထားတဲ့ အခန်းမှာ အပ်နှံခဲ့ပြီး၊ CCTV တပ်ဆင်ထားခြင်း မရှိတဲ့ အခန်းကို အခင်းမဖြစ်ခင် ၂ လ လောက်က သမီးလေးကို ပြောင်းပေးခဲ့တယ် ဆိုတဲ့ အချက်ပါ။ အဲဒီလို ပြောင်းရွှေ့ခဲ့တယ် ဆိုတာကို မိဘကို အကြောင်းကြား အသိပေး တာလည်း မရှိဘူးလို့ ဆိုပါတယ်။ ပြီးတော့ အခင်းဖြစ်ပွားခဲ့တဲ့ မေလ ၁၆ ရက်နေ့မှာ CCTV ဟာ ၄ ကြိမ် ပျက်တယ် ဆိုတဲ့ အချက်ကလည်း ဘာကြောင့် ပျက်သလဲ ဆိုတာ ထည့်သွင်းစဉ်းစားရမှာပါ ဖြစ်ပါတယ်။
ဇွန်လ ၂၄ ရက်နေ့မှာ သံသယရှိတဲ့ အမျိုးသားကို ပြန်လွှတ်ပေးခဲ့တာကြောင့် အမှုမှန် မပေါ်မှာကို မိဘတွေနဲ့ ပြည်သူတွေက ပိုပြီး စိုးရိမ်မကင်း ဖြစ်လာကြပါတယ်။ ကျောင်း ကြီးကြပ်ရေးမှူးရဲ့ သား နှစ်ယောက်ကို မျိုးဗီဇ (DNA) စစ်ဆေးခဲ့ပေမယ့် DNA မတူဘူး ဆိုတဲ့ အတွက် ပြည်သူတွေကြား ပိုပြီး မချင့်မရဲ ဖြစ်လာရပါတယ်။
တဖက်ကလည်း CID အနေနဲ့ DNA ဆေးစစ်ချက် အဖြေကို ပြည်သူအများ သိအောင် ဘာကြောင့် ချမပြရ တာလဲလို့ စောကြောမှုတွေလည်း ထွက်ပေါ်လာပါတယ်။ မိဘတွေ ဘက်က နိုင်ငံတော် သမ္မတ၊ ရဲချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အမျိုးသမီးနဲ့ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးကော်မတီတို့ထံ သမီးလေး အတွက် တရားမျှတမှု ရရှိစေရေး အကူအညီ တောင်းခံစာတွေ ပို့ထားတယ် လို့လည်း သိရပါတယ်။
ပြည်သူတွေရဲ့ တောင်းဆိုမှုတွေ ကျယ်ပြန့်လာပြီးတဲ့နောက် နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အမှုမှန် ပေါ်ပေါက်ရေး လိုလားကြောင်း၊ အမှုမှန် မြန်မြန်ပေါ်ပြီး အရေးယူနိုင်ဖို့ အချိန်တခုပေးပြီး စောင့်ဆိုင်း နေတာ ဖြစ်ကြောင်း သူ့ရဲ့ လူမှုကွန်ရက်ကနေ အသိပေးခဲ့ပါတယ်။
ဇူလိုင် ၄ ရက်နေ့မှာတော့ သမီးငယ်လေးကို အဓမ္မမှုကျူးလွန်တဲ့ တရားခံက ကျောင်းကြီးကြပ်ရေးမှူးရဲ့ ယာဉ်မောင်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ခဲ့ပါတယ်။ တရားခံလို့ ဆိုတဲ့ အောင်ကျော်မျိုးခေါ် အောင်ကြီးကို မေလ ၃၀ ရက်နေ့မှာ ဖမ်းဆီး ထိန်းသိမ်းခဲ့တယ် လို့ ဆိုပါတယ်။ ပြည်သူတွေကတော့ သက်သေ မထင်ရှားဘူး ဆိုပြီး ပြန်လွှတ်ပေးခဲ့ပြီးကာမှ ယာဉ်မောင်းကို ပြန်လည် ဖမ်းဆီးပြီး တရားခံ လို့ ပြောဆိုမှု အပေါ် ဘဝင်မကျကြပါဘူး။ တရားခံ အစစ်အမှန်ဟာ လွတ်မြောက်နေသလား လို့လည်း သံသယဝင်နေကြပါတယ်။
အရေးကြီးတာက အမှန်တကယ် မကျူးလွန်ဘဲ ပြစ်ဒဏ် အပေးခံရတာမျိုး မဖြစ်သင့်သလို၊ အမှန်တကယ် ကျူးလွန်သူကို ဖော်ထုတ်နိုင်မှသာ နစ်နာသူ အတွက်ရော၊ သူ့ မိသားစု အတွက်ပါ ဥပဒေရဲ့ တရားမျှတမှုကို ရရှိမှာ ဖြစ်ပါတယ်။
ဗစ်တိုးရီးယား အပါအဝင် အဓမ္မကျူးလွန်ခံခဲ့ရတဲ့ ကလေးတွေ အတွက် တရားမျှတမှုဟာ မဖြစ်မနေ လိုအပ်နေတာပါ။ တရားဥပဒေ စိုးမိုးရေး အားနည်းမှုကြောင့် အခုလို ဖြစ်ရတာမို့ ဇူလိုင် ၆ ရက်နေ့မှာလည်း ရန်ကုန်မြို့မှာ ပြည်သူတွေ ပူးပေါင်းပါဝင်တဲ့ ဆန္ဒဖော်ထုတ်မှု တခု ပြုလုပ်သွားမယ်လို့ သိရပါတယ်။
သက်ငယ်မုဒိမ်းမှု ကျူးလွန်နေသူတွေကို အမြင့်ဆုံး ထောင်ဒဏ် အနှစ် ၂၀ အထိပဲ ချမှတ်နိုင်တာကြောင့် ဒီထက် ပိုပြင်းထန်တဲ့ အရေးယူ အပြစ်ပေးမှုတွေ လုပ်သင့်တယ်လို့ ပြောဆိုမှုတွေလည်း ရှိပါတယ်။ ကလေးငယ်တွေ အတွက် လွတ်လပ်လုံခြုံတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ အထူးအရေးကြီးသလို၊ သမီးလေးတွေပဲ ဖြစ်ဖြစ်၊ သားလေးတွေပဲ ဖြစ်ဖြစ် လိင်ပိုင်း ဆိုင်ရာ ထိပါးမခံရရေး Sex education အကြောင်းကိုလည်း သင်ကြားပေးရမှာပါ။
မတရား ပြုကျင့်ခံခဲ့ရတဲ့ ကလေးငယ်တွေရဲ့ စိတ်ဒဏ်ရာ ဒဏ်ချက်ဟာ သူ့ဘ၀ တလျှောက်လုံး အရိပ်မည်းကြီးလို အုပ်မိုးစေနိုင်တာကြောင့် သူတို့လေးတွေရဲ့ အနာဂတ် ဆက်လက်ရှင်သန်ဖို့၊ စိတ်ဓာတ် ခွန်အားတွေ ပေးဖို့ ကျမတို့ လူ့အဖွဲ့အစည်းမှာ တာဝန်ရှိပါတယ်။
နေပြည်တော်က သမီးငယ်လေး အပါအဝင် “ဗစ်တိုးရီးယား” လေးများစွာ အတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင် မဖန်တီးပေးနိုင်သေးသမျှ အဓမ္မပြုကျင့်မှုတွေ အချိန်မရွေး ခံရနိုင်တယ် ဆိုတာ သတိပြုရပါမယ်။ တဖက်ကလည်း အမှုမှန် မဖော်ထုတ်နိုင်ရင် တရားမျှတမှု မရနိုင်သလို တရားမျှတမှု မရှိရင် ကလေးငယ်တွေ အတွက် နစ်နာမှုတွေသာ ထပ်ဆင့်နေမှာ ဖြစ်ပါတယ်။
ဗစ်တိုးရီးယားလေးများ လုံခြုံနွေးထွေးစွာ ရှင်သန်နိုင်ဖို့၊ တရားမျှတမှု ရရှိဖို့၊ နောက် မဖြစ်အောင် အကာအကွယ် ပေးဖို့ အတွက် “ပညာပေးမှု” တွေ လုပ်ဆောင်ပေးရမှာ ဖြစ်သလို၊ ကျူးလွန်သူတွေကိုလည်း ထိရောက်တဲ့ အရေးယူမှုတွေပါ လုပ်ဆောင်ဖို့ အလွန် လိုအပ်နေပါပြီ။
ဒါကြောင့် အစိုးရ အနေနဲ့ ဗစ်တိုးရီးယားများစွာရဲ့ တရားမျှတမှုကို ဖော်ဆောင်ပေးနိုင်မယ့် ဥပဒေတွေကို လက်တွေ့ ကျင့်သုံးရမယ့်၊ အကောင်အထည် ဖော်ပေးရမယ့် အချိန် ဖြစ်ပါကြောင်း ရေးသား တင်ပြ လိုက်ရပါတယ်။
(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး ဆောင်းပါးရှင်တဦး ဖြစ်သည်။)
ဆက်စပ်ဖတ်ရှုရန်
ပြန်လွှတ်လိုက်သည့် Wisidom Hill အမှု သံသယတရားခံ ရက်ပိုင်းအတွင်း ပြန်အဖမ်းခံရ
နာကျင်နေသော အဖေတယောက်ရဲ့ ဖွင့်ဟချက်