သက်ငယ်မုဒိမ်းမှုတွေ၊ လိင်အကြမ်းဖက်မှုတွေနဲ့ပတ်သက်တဲ့သတင်းတွေ တနေ့တမျိုး မရိုးရအောင် တွေ့နေရတဲ့ကြားက ဗစ်တိုးရီးယားလို့ နာမည်ပေးထားတဲ့ သမီးကလေးရဲ့ သတင်းက တနိုင်ငံလုံး စိတ်ဝင်စားခံရတဲ့ သတင်းတခု ဖြစ်လာပြီး သူနဲ့မရှေးမနှောင်းမှာပဲ သူ့ထက်ပိုပြီးဆိုးဝါးတဲ့ လိင်အကြမ်းဖက်မှုကို ကြုံတွေ့ခဲ့ရတဲ့ ရွှေပေါက်ကံက ၁ နှစ်နဲ့ ၈ လ သမီးလေးရဲ့သတင်းက ဘာကြောင့် ဒီလောက် လူစိတ်ဝင်စားမခံရပါလိမ့်လို့ တွေးမိကောင်းတွေးမိကြပါလိမ့်မယ်။
လူမှုကွန်ရက်သုံးစွဲသူတွေရဲ့ စိတ်ခံစားမှုအလိုက် တုံ့ပြန်မှုတွေအပေါ် အခြေခံပြီး တည်ဆောက်ထားတဲ့ ဖေ့ဘွတ်လှုမှုကွန်ရက်က ဈေးကွက်ဒီဇိုင်း (Algorithm) နဲ့ ဗစ်တိုးရီးယားရဲ့ အမှုကိစ္စတို့ဆက်စပ်ပုံက စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
ဒီတလော ခေတ်စားနေတဲ့ Justice for ဆိုရှယ်မီဒီယာ လှုံ့ဆော်မှုတွေကြားထဲမှာ Justice for Victoria ဆိုတဲ့ ဆိုရှယ်မီဒီယာ လှုံ့ဆော်မှုက ရက်ပေါင်း ၂၇ ရက်အတွင်းမှာ တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ လှုံ့ဆော်မှုကြီးတခုဖြစ်သွားတာကိုတွေ့ရတော့ ဒီလှုံ့ဆော်မှုရဲ့ အစကို ဆွဲထုတ်ကြည့်မိပါတယ်။
လူမှုကွန်ရက်ပေါ်မှာ လှုံ့ဆော်မှုလုပ်တာဟာ စီးပွားရေးသမားတယောက်အဖို့တော့ ဈေးကွက်မြှင့်တင်ဖို့ လုပ်တာပါပဲ။ နိုင်ငံရေးသမားတယောက်အနေနဲ့ဆိုရင်တော့ လူကြိုက်များအောင် လုပ်တာမျိုးပါ။ သတင်းမီဒီယာလုပ်ငန်းတွေအတွက်တော့ လူများများဖတ်လေ ကြော်ငြာများများရဖို့ အခွင့်အလမ်းရှိလေ ဖြစ်လို့ပါပဲ။
စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးကိစ္စတွေ အတော်များများမှာ မိမိလိုချင်တဲ့ အကျိုးအမြတ် တခု(သို့မဟုတ်) အရွေ့တခုထွက်လာဖို့ လူမှုကွန်ရက်ကိုသုံးပြီး လှုံ့ဆော်တာဟာ ဆိုရှယ်မီဒီယာခေတ်ရဲ့ လုပ်နည်းလုပ်ဟန်တမျိုးပါပဲ။
Justice for Victoria ဆိုတဲ့ ဆိုရှယ်မီဒီယာလှုံ့ဆော်မှုစာမျက်နှာကို စဖွင့်ခဲ့တာက ဇွန်လ ၉ ရက်နေ့ကမှ ဖြစ်တယ်လို့ တွေ့ရပေမယ့် ဒီဖြစ်စဉ်အတွက် လှုံ့ဆော်မှုကို စတင်သူလို့ ဆိုရမယ့် “မပိုးဖြူ” ဆိုသူကတော့ ဖြစ်စဉ်အစပိုင်းလောက်ကတည်းက နေပြည်တော်မှာ ရောက်နေခဲ့တယ် ဆိုတာကို သူ Live လွှင့်နေတုန်းမှာ ပြောထားတာအရ သိရပါတယ်။
အလုပ်အကိုင် မယ်မယ်ရရ မရှိဘူးလို့သာပြောပေမယ့် မပိုးဖြူဟာ “ပရဟိတလုပ်တယ် ဘုရားလေးတွေ လိုက်တည်တယ် သိမ်ဆောက်တယ် ကျောင်းဆောက်တယ်” လို့လည်း Live မှာ ပြောထားတာအရ သိရပါတယ်။ “နေပြည်တော်မှာ ဘုန်းကြီးနဲ့တွေ့တယ်။ နေပြည်တော်မှာ တညအိပ်ပြီး စုံစမ်းတယ်” ဆိုတဲ့ သူပြောပုံအရဆို သူဟာ ဒီကိစ္စအတွက် သပ်သပ်လာစုံစမ်းသလိုတောင် ဖြစ်နေပါတယ်။ သူ့အလုပ်တွေဟာ “အမျိုး၊ ဘာသာ၊ သာသနာ” အရေး ဆောင်ရွက်တယ်လို့ ပြောနေသူတွေရဲ့ လှုပ်ရှားမှုတွေနဲ့တောင် ခပ်ဆင်ဆင်တူနေတာကိုလည်း သွားတွေ့ရပြန်ပါတယ်။
၁၁ မိနစ်၂၄ စက္ကန့်စာ မပိုးဖြူ Live လွှင့်ထားတဲ့ ဗီဒီယိုကိုကြည့်ရင် လူတွေသွေးဆူစေ တဲ့စကားလုံးတွေကို အကြိမ်ကြိမ် အထပ်ထပ် ပြောထားတာကို တွေ့နိုင်ပါတယ်။ “ကလေးသွေးတွေပေသွားတာကို ဆရာမက ရေဆေးပေးလိုက်တယ်” ဆိုတာကို အကြိမ်ကြိမ် အထပ်ထပ်ပြောတယ်။ “ဘောင်းဘီမှာပေနေတဲ့သွေးတွေ ဖင်မှာပေနေတဲ့သွေးတွေ” ဆိုတဲ့စကားလုံးတွေကို သူမြင်ရသလိုပြောတယ်။ ပြီးတော့ မဟုတ်မဟတ် လုပ်ကြံဖန်တီးထားတဲ့စကားလုံးဖြစ်တဲ့ “စအိုကွဲသွားတယ်” ဆိုတဲ့ အသုံးအနှုန်းကို အကြိမ်ကြိမ် အထပ်ထပ်ပြောပါတယ်။ ဒီအသုံးအနှုန်းတွေကို ဆိုရှယ်မီဒီယာပေါ်က လူထု သွေးဆူလာအောင်လုပ်ဖို့ ရည်ရွယ်ချက်ရှိရှိ သုံးခဲ့ပုံရတယ်လို့ ယူဆရပါတယ်။
Facebook Algorithm ကို ဘယ်လိုဖန်တီးသလဲ
လူအများစုက ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ အဖြစ်အပျက်တခုကို ထပ်ခါတလဲလဲ ထုတ်လွှင့်ခြင်းအားဖြင့် ကိုယ့်စာမျက်နှာပေါ်မှာ မကြာခဏတွေ့နေရတဲ့ အကြောင်းအရာတခုပေါ်မှာ လူတွေရဲ့ စိတ်ဝင်စားမှုမြင့်တက်လာစေပါတယ်။ စိတ်ဝင်စားမှုမြင့်တက်လာတာနဲ့အမျှ ပါဝင်ဆွေးနွေးတာ၊ မှတ်ချက်ပေးတာ၊ မျှဝေတာတွေ လုပ်လာကြပါတယ်။ Post တခုအပေါ် လူတွေရဲ့တုံ့ပြန်မှုတွေမြင့်လာလေလေ ဖေ့(စ)ဘွတ် သုံးသူတွေရဲ့ စာမျက်နှာအတော်များများမှာ အဲဒီ Post က နေရာယူလေလေပါပဲ။ ဒါဟာ လူမှုကွန်ရက်သုံးစွဲသူတွေရဲ့ စိတ်ခံစားမှုအလိုက် တုံ့ပြန်ချက်တွေအပေါ် အခြေခံပြီး တည်ဆောက်ထားတဲ့ ဖေ့(စ)ဘွတ် Algorithm ရဲ့ သော့ချက်တခုပါပဲ။
Facebook ဟာ သူ့ရဲ့ Algorithm ဒီဇိုင်းကို inventory, signals, predictions and relevancy score ဆိုတဲ့ အချက် (၄) ချက်ပေါ်မှာ အခြေခံပြီး ဖန်တီးပါတယ်။
(၁) inventory ဆိုတာက ကိုယ့်ရဲ့ဆိုရှယ်မီဒီယာ စာမျက်နှာပေါ်မှာပေါ်နေတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်၊ အဲဒီထဲမှာ ကိုယ့်သူငယ်ချင်းတွေ မျှဝေတဲ့ posts တွေလည်း ပါမယ်၊ ကိုယ် Like လုပ်ထားတဲ့ သတင်းမီဒီယာ page တွေကရော၊ တခြား page ပေါင်းစုံကရော ပါပါတယ်။
(၂) signals ဆိုတာက post တစ်ခုချင်းရဲ့ အသေးစိတ်အချက်တွေဖြစ်တဲ့ Like ဘယ်နှစ်ခုရထားတယ်၊ ဘယ်သူတွေ Comment ပေးထားတယ်၊ ဘယ်လောက် Share လုပ်ထားတယ်ဆိုတာတွေကို ဆိုလိုပါတယ်။
(၃) predictions က ကိုယ့်စာမျက်နှာပေါ်က FB post တိုင်းရဲ့ signals တွေပေါ်မှာကြည့်ပြီး ကိုယ့်ရဲ့စိတ်ဝင်စားမှု၊ ကြိုက်နှစ်သက်မှု၊ မိသားစုတွေ သူငယ်ချင်းတွေနဲ့ ဆက်ဆံရေးကို ခန့်မှန်းတာ ဖြစ်ပါတယ်။
(၄) အဲဒီခန့်မှန်းချက်ပေါ် မူတည်ပြီး relevancy score ဆိုတဲ့အမှတ်ပေးစနစ်နဲ့ ကိုယ့်စာမျက်ပေါ်ကို ပို့မယ့် FB post တွေကို အစီအစဉ်ချတာဖြစ်ပါတယ်။
မပိုးဖြူရဲ့ Live ဗီဒီယို ဟာ နေပြည်တော် Wisdom Hill ကျောင်းက လိင်အကြမ်းဖက် ခံရတဲ့ သမီးလေးနဲ့ပတ်သက်တဲ့သတင်းတွေကို လူတွေကြားမှာ ပြောလာအောင် အရင်ဆုံးလှုံ့ဆော်ခဲ့တဲ့ အကြောင်းရင်းတခုဖြစ်ပါတယ်။ မပိုးဖြူဟာ ဆယ်လီမဟုတ်တဲ့ အတွက် လူသိမများပါဘူး။ ဒါပေမယ့် သွေးဆူအောင်လှုံ့ဆော်ထားတဲ့ သူ့ရဲ့ဗီဒီယိုကို Like တွေ သိန်းနဲ့ သန်းနဲ့ချီရအောင်လုပ်ထားတဲ့ (ဒါမှမဟုတ် ဝယ်ထားတဲ့) သတင်းအတု စာမျက်နှာတွေကတဆင့် ဖြန့်ခြင်းအားဖြင့် Facebook Algorithm မြင့်တက်လာအောင် ဖန်တီးယူတာဖြစ်မယ်လို့ ယူဆရပါတယ်။ ဒါက ယူဆချက်ပဲ ရှိပါသေးတယ်။ တွေ့ရှိချက်က အခုမှလာမှာပါ။
မပိုးဖြူ Live လွှင့်ထားတဲ့ ဗီဒီယိုဖိုင်ကို ဇွန်လ ၂ရက်နေ့မှာ Daung – ဒေါင်း၊ Up to Date Myanmar (မြန်မာသတင်းထူးသတင်းဦးများ)၊ The Myanmar New Hope စတဲ့ Facebook Page အတုတွေကတဆင့် တချိန်တည်း တပြိုင်တည်း မျှဝေခဲ့ပါတယ်။ အဲဒီအကောင့်အတုတွေကို Like လုပ်ထားတဲ့သူ လေးသိန်းကျော်စီလောက် ရှိကြပြီး Poppin New (poppinnew.com) နဲ့ သုတမြေ (thutamyay.net) ဆိုတဲ့ သတင်းအတုတွေ ဖြန့်လေ့ရှိတဲ့ Blog စာမျက်နှာတွေနဲ့ ချိတ်ဆက်ထားပါတယ်။ အဲဒီလိုပဲ မပိုးဖြူရဲ့ Live ဗီဒီယို ကို Taw Win Entertainment ဆိုတဲ့ youtube account မှာ ဇွန်လ ၄ရက်နေ့ကစပြီး တင်ထားခဲ့ပြီး ကြည့်ရှုသူပေါင်း၂ သိန်းကျော်ခဲ့ပါတယ်။
မြန်မာသတင်းထူးသတင်းဦးများ ဆိုတဲ့စာမျက်နှာဟာ Myanmarexpress ကဲ့သို့သော အကောင့်အတုတွေနဲ့ ဆိုရှယ်မီဒီယာတွေ ဘလော့ဆိုက် တွေမှာ သတင်းတုတွေ ဖြန့်ဝေနေခဲ့တာ ကြာလှပါပြီ။ ဒီအကြောင်းတွေနဲ့ပါတ်သက်ပြီး ရေးခဲ့ဖူးတဲ့ဆောင်းပါးကို ဒီ Link https://burma.irrawaddy.com/opinion/viewpoint/2017/03/07/131458.html ကနေတဆင့် သွားဖတ်လို့ရပါတယ်။
Justice for Victoria
သတင်းမီဒီယာတွေကလည်း ဆိုရှယ်မီဒီယာပေါ်က လူထုရဲ့ စိတ်ခံစားမှုလှိုင်းတွေကို စီးပြီး လူထုစိတ်ဝင်တစားဖြစ်နေတဲ့ သတင်းနောက် တစိုက်မတ်မတ် လိုက်နေခဲ့တဲ့အတွက် Facebook Algorithm အရ နေပြည်တော်က ကလေးငယ်ကို လိင်အကြမ်းဖက်ခံရတဲ့ သတင်းဟာ အမြဲထိပ်ဆုံးရောက်နေပါတယ်။
လိင်အကြမ်းဖက်ခံရတဲ့ကလေးကို ဗစ်တိုးရီးယားလို့ အမည်စပေးလိုက်တဲ့ Justice for Victoria ဆိုတဲ့ ဆိုရှယ်မီဒီယာ လှုံ့ဆော်မှုက ဇွန်လ ၉ ရက်နေ့ကျမှ စတင်တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ သတင်းအတုစာမျက်နှာတွေရော သတင်းအစစ်စာမျက်နှာတွေရောမှာ သူ့သတင်းက ထိပ်ဆုံးမှာရောက်နေတဲ့အတွက် ဗစ်တိုးရီးယားဆိုရှယ်မီဒီယာလှုံ့ဆော်မှုက နေ့ချင်းညချင်းအောင်မြင်ခဲ့ပါတယ်။
အထူးသဖြင့် ဇာတ်ရှိန်မြင့် လာတာကတော့ ဇွန်လ ၃၀ရက်နေ့မှာ ကလေးအဖေဖြစ်သူကို ဧရာဝတီက အင်တာဗျူး ပြီးတဲ့နောက်မှာ “နာကျင်နေသော အဖေတစ်ယောက်ရဲ့ ဖွင့်ဟချက်”က ဆိုရှယ်မီဒီယာပေါ်မှာ လှိုင်းတံပိုးတခုလို ပျံ့နှံ့သွားခဲ့ပြီးတော့ လူထုရဲ့စိတ်ခံစားမှုရေချိန်ကို မြင့်တက် လာစေခဲ့တယ်။ 7 Day ကလည်း ဖြစ်စဉ်တခုလုံးနဲ့ ပါတ်သက်တဲ့ အချိန်ဇယားကို ထည့်တယ်။ BBC ကလည်း ဆရာမ နှင်းနုကို မရ ရအောင် အင်တာဗျူးတယ်။ DVB ကလည်း အားကျမခံ ကျောင်းအုပ် ဦးပညာကို အင်တာဗျူးပါတယ်။
စစခြင်းနေ့မှာ Like တွေ Share တွေ ရာဂဏန်း လောက်ပဲရှိခဲ့တဲ့ Justice for Victoria စာမျက်နှာဟာ လူသိများတဲ့အနုပညာရှင်တွေ ဖေ့ဘွတ်ဆယ်လီတွေရဲ့ပြောဆိုချက်တွေ၊ မီဒီယာပေါ်က သတင်းတွေကို မျှဝေရင်းနဲ့ ၂၇ ရက်အတွင်းမှာပဲ ဒီဆိုရှယ်မီဒီယာလှုပ်ရှားမှုကို တနိုင်ငံလုံးအတိုင်းအတာ ဆောင်တဲ့ လှုံ့ဆော်မှုကြီးတခုဖြစ်သွားအောင် လုပ်နိုင်ခဲ့ပါတယ်။ ဇူလိုင် ၆ ရက်နေ့မှာလုပ်ခဲ့တဲ့ CID ရုံးရှေ့ရောက်အောင်ချီတက်ခဲ့တဲ့ ဗစ်တိုးရီးယားအတွက် ဆန္ဒပြလမ်းလျှောက်ပွဲကြီးနဲ့ပါတ်သက်တဲ့ Post တခုကိုပဲ လူတစ်သောင်းခွဲနီးပါး Like လုပ်ခဲ့ကြပြီး၊ comment ပေါင်း ၆၀၀ ကျော်နဲ့ မျှဝေသူပေါင်း သုံးထောင်ကျော်လောက် ရှိခဲ့ပါတယ်။
ဒီဖြစ်စဉ်ကို အပေါ်ယံကြည့်မယ်ဆိုရင်တော့ မီဒီယာရယ်၊ ပြည်သူရယ်၊ ဆိုရှယ်မီဒီယာပေါ်မှာ သြဇာလွှမ်းမိုးမှုရှိတဲ့ အနုပညာသမားတွေ ဆယ်လီတွေရယ် တက်ညီလက်ညီ ပူးပေါင်းပြီး ဗစ်တိုးရီးယားအမှုအတွက် တရားမျှတမှုကို တောင်းဆိုနိုင်ခဲ့ကြတယ်လို့ သုံးသပ်ကောင်း သုံးသပ်နိုင်ပါလိမ့်မယ်။
ဒါပေမယ့် တရားမျှတမှုကို ငတ်မွတ်ဆာလောင်နေတဲ့ လူထုရဲ့ စိတ်ခံစားမှုကို အသုံးချဖို့လုပ်တဲ့ လူတစုရဲ့ စိတ်ဓါတ်စစ်ဆင်ရေးတခုအနေနဲ့ ဒီဖြစ်စဉ်ကို စခဲ့တယ်ဆိုတာကိုတော့ မမေ့သင့်ပါဘူး။
ဒီဖြစ်စဉ်ဟာ ဆိုရှယ်မီဒီယာပရိသတ်ရဲ့ သွေးဆူမှုရေချိန်ကို မြင့်စေခဲ့ပြီး “ကိုကိုနဲ့ ဆရာမနှင်းနု” ကို ဆိုရှယ်မီဒီယာတရားစီရင်ခန်းအရ တရားခံစွပ်စွဲပြီး အသေသတ်ချင်သူ တွေ၊ ပြင်းပြင်းထန်ထန် အရေးယူစေချင်သူတွေနဲ့ ပွက်ပွက်ဆူနေပါတော့တယ်။
ဒါပေမယ့် ဖြစ်စဉ်အစကို ဆွဲထုတ်ခဲ့တဲ့ မပိုးဖြူကိုတော့ သူတို့မေ့နေကြဟန်တူပါတယ်။ အဲသလိုပဲ အလားတူ ဆူပူမှု အဓိကရုဏ်းတွေဖြစ်စေခဲ့တဲ့၊ လူထုရဲ့ရေဆူအမှတ်ကို မြှင့်ပေးတဲ့ ကိစ္စတွေ ရှေ့မှာ အများကြီးဖြစ်ခဲ့တယ်ဆိုတာကိုလည်း မေ့နေကြပြီ ထင်ပါတယ်။ ၂၀၁၂ ရခိုင်ကိစ္စကလည်း မုဒိမ်းမှုနဲ့စပါတယ်။ ၂၀၁၄ ခုနှစ် မန္တလေးက အဓိကရုဏ်းကို လည်း မုဒိမ်းမှုတခု ဖန်တီးပြီးစတင်ဖို့ ကြိုးစားခဲ့ပေမယ့် မန္တလေးလူထုရဲ့ ညီညွတ်မှုကြောင့် ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။
၂၀၂၀ ရွေးကောက်ပွဲနီးလာပြီဖြစ်တဲ့ ဒီကာလမှာ ဝါဒဖြန့်စာမျက်နှာပေါင်းများစွာဖွင့်ပြီး လူထုကြားမှာ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေဖြစ်လာအောင်၊ စစ်ပွဲတွေ ရန်မီးတွေ ပိုကြီးထွားလာအောင် သွေးထိုးလှုံ့ဆော်မှုတွေ ပိုပိုများလာပါတယ်။
ဘလော့ဂါတွေ ဆိုရှယ်မီဒီယာစာမျက်နှာတွေရဲ့ နာမည်တွေကလည်း စစ်အစိုးရခေတ်က သတင်းစာကော်လံစားတွေရဲ့ နာမည်တွေနဲ့ခပ်ဆင်ဆင်ပါပဲ။ မျိုးချစ် (သို့မဟုတ်) မြန်မာ ဆိုတဲ့စကားလုံးကို တနေရာမဟုတ် တနေရာသုံးထားမယ်။ မူလလက်ရင်း လူဟောင်းကြီးတွေဖြစ်တဲ့ Myanmar Express တို့ မြန်မာသတင်းထူးသတင်းဦးများတို့လို Facebook Page တွေက စစ်ဆင်ရေးကို ဦးဆောင်မယ်။
ဆိုရှယ်မီဒီယာစာမျက်နှာတစ်ခု Report ထုခံလိုက်ရရင် နောက်ထပ်စာမျက်နှာတွေ အများကြီးထပ်ဖွင့်ကြအုန်းမယ်။ ဒိုမိန်းနာမည် အမျိုးမျိုးနဲ့ဖွင့်ထားတဲ့ ဘလော့စာမျက်နှာ တွေပေါ်မှာ ဖွသတင်းတွေ အဆင်သင့်တင်ထားပြီး စစ်ဆင်ရေးကာလတခုရောက်တာနဲ့ ဆိုရှယ်မီဒီယာလူထုကြား ဖွသတင်းတွေရောက်အောင်ပို့ကြမယ်။ Facebook က ဘယ်လိုပဲ သတင်းအမှားတွေကို ကာကွယ်ဖို့လုပ်နေပေမယ့်၊ ပြောင်းလဲနေတဲ့ Algorithm နဲ့စည်းချက်ကျအောင် ဘယ်လိုကစားရမလဲဆိုတာကိုလည်း သူတို့ အတော်လေးကျွမ်းကျင် နေကြပုံ ရပါတယ်။
ခုလောက်ဆိုရင် မပိုးဖြူနဲ့ သူ့လူတသိုက်က Justice for Victoria ဆိုတဲ့ လူထုလှုပ်ရှားမှုကြီးပေါ်လာအောင် သူတို့စတင်တာဆိုပြီး နောက်ကွယ်ကနေ အသားယူ ပြောနေကြပြီလားတောင် မသိနိုင်တော့ပါဘူး။ အနည်းဆုံးတော့ ဒီလှုံ့ဆော်မှုကတဆင့် နိုင်ငံရေးမတည်ငြိမ်တာ၊ တရားဥပဒေစိုးမိုးမှုမရှိတာ၊ အစိုးရရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းတာ တွေကိုပေါ်လွင်စေချင်တဲ့ သူတို့လိုချင်တဲ့ အရွေ့တခုကို တွန်းနိုင်ခဲ့ပါပြီ။
တကယ်တော့ တရားဥပဒေစိုးမိုးမှုကို အာမခံနိုင်တဲ့ ရဲတပ်ဖွဲ့ဟာ ပွင့်လင်းမြင်သာဖို့နဲ့ သူ့ကို ချုပ်ကိုင်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနဟာ ရွေးကောက်ခံအစိုးရရဲ့ တိုက်ရိုက်တာဝန်ခံစေနိုင်ဖို့ ပြဌာန်းထားတဲ့ အခြေခံဥပဒေတရပ် မပေါ်ထွန်းသရွေ့ ဗစ်တိုးရီးယားလေးတွေ အများကြီးရှိနေအုန်းမှာပါပဲ။ နေပြည်တော်က ဗစ်တိုရီးယားအဖြစ်ထက် အဆပေါင်းများစွာဆိုးတဲ့ အဖြစ်ဆိုးတွေ ကြုံတွေ့ခဲ့ရတဲ့ တောင်ပေါ်က ကျေးလက်က သမီးပျိုလေးတွေအတွက် လုံခြုံမှုတွေ ပျောက်ဆုံးနေအုန်းမှာပါပဲ။ အားလုံးလိုချင်နေတဲ့ တနိုင်ငံလုံး လွှမ်းခြုံမယ့် တရားမျှတမှုကိုရဖို့ရာ ခဲယဉ်းနေအုန်းမှာပါပဲ။
၂၀၂၀ ရွေးကောက်ပွဲ နီးလာလေလေ ဆိုရှယ်မီဒီယာ မှော်ရုံတောထဲမှာ တောကစား ထွက်လာတဲ့ သူယောင်မယ်တွေ သူယောင်ထီးတွေ ပိုပိုများလာလေဆိုတာ မမေ့ကြပါနဲ့။ စိတ်ခံစားမှုတွေနောက်လိုက်ပြီး မှော်ရုံတောမှာ မျောနေကြအုန်းမယ် ဆိုရင်တော့ ရွှေပြည်တော်နဲ့ မျှော်လေတိုင်းဝေးနေအုန်းမှာပဲဆိုတာကို သတိချပ်စေချင်မိပါတယ်။
(ဆောင်းပါးရှင် မွန်မွန်မြတ်သည် စာရေးဆရာမတဦးဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဖယပ်တက္ကသိုလ်တွင် Peace Building PhD program တက်ရောက် သင်ယူနေသူဖြစ်သည်။)
ဆက်စပ်ဖတ်ရှုရန်
လူမှုကွန်ရက်ထဲက မဟုတ်မမှန် ဝါဒဖြန့်သူများ
ဒီမိုကရေစီ မင်းကျင့်တရားနဲ့ ဒေါ်အောင်ဆန်းစုကြည်