ငြိမ်းချမ်းရေး ဖော်ဆောင်မှုသည် အပြောလွယ်သလောက် အလွန်ခက်ခဲလှသော လုပ်ငန်း ဖြစ်လေသည်။
စစ်ဖြစ်သည်နှင့် စစ်ပွဲကို အနိုင်တိုက်နိုင်သူက အောင်နိုင်သူ ဖြစ်ကာ အနိုင်တိုက်ရာတွင် အနိုင်ဘက်မှ စွန့်လွှတ်သွားသူများ သည် သူရဲကောင်းများ ဖြစ်လာသည်။
စစ်ရှုံးသူများတွင် သူရဲကောင်း ဟူ၍ မရှိခဲ့ပေ။ အမှန်မှာမူ မိမိ ယုံကြည်ရာ အတွက် အသက်စွန့်သွားသူများကို သူရဲကောင်း ဟု သတ်မှတ်သင့်ပါသည်။ ရှုံးသူများဘက်မှ သူတို့၏ အကျိုးစီးပွားအား ကာကွယ်သူများကို သူရဲကောင်းဟု သတ်မှတ် သည် မှာ အဆန်းတော့ မဟုတ်ပေ။
တော်လှန်ရေး အင်အားစုများ (သို့) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်မှ သူတို့ အကျိုးအတွက် စွန့်စားသူများဟု သတ်မှတ်ကြသလို အစိုးရဘက်ကလည်း သူတို့ ဘက်ကသူများကို သူရဲကောင်း ဆုတံဆိပ်များ ပေးအပ်ကြလေသည်။
ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကြိုးစားသည်မှာလည်း ဆိုးသောအလုပ် မဟုတ်ပေ။ ဖြစ်နေသော စစ်ပွဲကို ငြိမ်းချမ်းရေး တည်ဆောက်ဖို့ နှစ်ပေါင်း ၆၀ ကျော်၊ ၇၀ ကြိုးပမ်းခဲ့ကြသော်လည်း ယနေ့ထက်တိုင် ငြိမ်းချမ်းရေး မရရှိသည့် စစ်ပွဲမှာ ပါလက်စတိုင်း၊ အစ္စရေး စစ်ပွဲ ဖြစ်ပါသည်။
စစ်တိုက်နေရာမှ ကမ္ဘာက ဝိုင်းဝန်း၍ စစ်ပွဲရပ်သွားသော်လည်း သူတို့ ဒေသသည် ငြိမ်းချမ်း သာယာသောဒေသ မဟုတ်ခဲ့ ပေ။
၁၉၄၇ ခုနှစ် ပါလက်စတိုင်းတို့ နေသော ဒေသကို အင်္ဂလိပ်၊ ပြင်သစ် တို့၏ အကူအညီဖြင့် ဂျူးလူမျိုးတို့က နိုင်ငံ ထူထောင် ကာ လွတ်လပ်ရေး ကြေညာခဲ့သည်။ ထိုဒေသတွင် အခြေတည်နေခဲ့သော ပါလက်စတိုင်း လူမျိုးများအား အီဂျစ်၊ ဂျော်ဒန်၊ ဂါဇာဒေသ အနောက်ဘက်ကမ်း စသည်တို့ကို နှင်ထုတ်ပစ်ခဲ့သည်။
အဝတ်တထည် ကိုယ် ၁ ခုဖြင့် နေစရာမရှိ၊ စားစရာ မရှိသည့် ဘဝကို ဂျူးလူမျိုးများနှင့် အနောက်နိုင်ငံများက ဖန်တီးပစ်ခဲ့ ၏။ ဂျူးတို့၏ ဇီယွန်ဝါဒသည် ပါလက်စတိုင်း ဆန့်ကျင်ရေး၊ အာရပ် ဆန့်ကျင်ရေး ဝါဒတခုလို အရှေ့အလယ်ပိုင်းတွင် အမေရိကန်နှင့် အနောက်နိုင်ငံများ အားပေး ကူညီမှုကြောင့် ဗိုလ်တဗိုလ် ဖြစ်လာခဲ့သည်။
ငြိမ်းချမ်းရေး တည်ဆောက်မှု ခက်ခဲပုံကို အစ္စရေး ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ကြည့်လျှင် သိနိုင်လေ သည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၏ အခြေခံ အကြောင်းရင်းကို ကြည့်လျှင် စစ်ပွဲရပ်ရုံဖြင့် ငြိမ်းချမ်းရေး မရနိုင်ဟု သိနိုင် ပေသည်။ နိုင်ငံရေးကို အခြေခံကာ ဆွေးနွေးမှသာလျှင် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပေမည်။
ထို့ပြင် စစ်ပွဲများကို ကြည့်လျှင်လည်း အပြတ်အသတ် ချေမှုန်း သုတ်သင်၍ အနိုင်ရသည်ထက် အပစ်အခတ် ရပ်စဲကာ နိုင်ငံရေး အရ ဆွေးနွေးမှ ငြိမ်းချမ်းရေး ရနိုင်သည်ကိုလည်း တွေ့ရလေသည်။
တောင်မြောက် ကိုရီးယား စစ်ပွဲဆိုလျှင်လည်း တောင်ဘက်မှ အမေရိကန်နှင့်သူ၏ မဟာမိတ်များက ဝင်ရောက် တိုက်ခိုက် သလို မြောက်ဘက်မှ ဆိုဗီယက်နှင့် တရုတ်တို့က ပါဝင် တိုက်ခိုက်ခဲ့သည်။ တောင်မြောက် ကိုရီးယား စစ်ပွဲ ဖြစ်ရုံမက ဆိုရှယ်လစ်ကမ္ဘာနှင့် အရင်းရှင် ကမ္ဘာတို့ တိုက်ပွဲလို ဖြစ်ခဲ့လေသည်။ နောက်ဆုံး ဂျနီဗာတွင် တွေ့ဆုံက အပစ်အခတ် ရပ်စဲ ခဲ့သော်လည်း ငြိမ်းချမ်းရေး စာချုပ်က ယခုအထိ မချုပ်ဆိုနိုင်ခဲ့ပေ။ ငြိမ်းချမ်းရေး ရရှိဖို့ ခက်ခဲသည်မှာ ကိုရီးယား စစ်ပွဲက သာဓက ပြနေပါတော့သည်။
နောက်ထပ် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုနိုင်သော စစ်ပွဲမှာ ဗီယက်နမ် စစ်ပွဲ ဖြစ်သည်။ ထိုစစ်ပွဲမှာ ဒုတိယ ကမ္ဘာစစ်ပြီးသည့် နောက် လူအများဆုံး သေသော စစ်ပွဲဖြစ်၏။ ဗီယက်နမ် ပြည်သူ ၂ သန်းကျော် သေဆုံးခဲ့သလို အမေရိကန် စစ်သား ၇ သောင်းကျော်လည်း ကျဆုံးခဲ့သည်။
နျူးကလီးယား လက်နက်မှ လွဲ၍ ကျန်ခေတ်အမီဆုံး လက်နက်များကို သုံးခဲ့လေသည်။ မြောက်ဗီယက်နမ်မှ လေဇွနှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟင်နရီ ကစ်ဆင်ဂျာတို့ တွေ့ဆုံကာ ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုခဲ့ကြ၏။ မြို့တော် ဆိုင်ဂုံ ကို ဗီယက်ကောင်းတို့က သိမ်းပိုက်ကာ အမေရိကန် ရုပ်သေး အစိုးရကို ဖယ်ရှား နိုင်ခဲ့သည် ဆိုသော်လည်း တွေ့ဆုံ ဆွေးနွေး ကာ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့လေသည်။
ဗီယက်နမ် နိုင်ငံ၏ ကံကြမ္မာကို ဗီယက်နမ် ပြည်သူများသာ ဖန်တီးနိုင်ခွင့် ရှိရမည် ဟူသော နိုင်ငံရေး သဘောတူညီချက် ဖြင့် စာချုပ်ချုပ်ဆိုခဲ့၏။ ဗီယက်နမ် နိုင်ငံ အဖို့ အင်အား တောင့်တင်းသော နိုင်ငံ ၂ နိုင်ငံ၏ ကျူးကျော်မှုကို ရင်ဆိုင်ခဲ့ ရခြင်း ဖြစ်သည်။
ပြင်သစ် နယ်ချဲ့များကို ကမ္ဘာ့ စစ်ပွဲသမိုင်း၌ အကြီးအကျယ်ဆုံး တိုက်ပွဲအဖြစ် သတ်မှတ်ခံထားရသည့် ဒိန်တင်ဖူး ခံတပ် စစ်ပွဲ ကဲ့သို့ စစ်ပွဲကြီးကို ဗီယက်နမ် မျိုးချစ်များက အနိုင်တိုက်နိုင်ခဲ့ပြီးနောက် ပြင်သစ်တို့နှင့် စာချုပ် ချုပ်ဆိုခဲ့သည်။ နိုင်ငံရေး သဘောတူညီချက်ဖြင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
ကမ္ဘာပေါ်တွင် ပြည်တွင်းစစ် အရှည်ကြာဆုံး နိုင်ငံများ၌ မြန်မာနိုင်ငံသည်လည်း ပါဝင်လေသည်။ အာရှိတိုက်နိုင်ငံများတွင် ယခုအထိ ပြည်တွင်းစစ် ဖြစ်ပွားနေသော နိုင်ငံများ ရှိပါသည်။ အိန္ဒိယ၊ ဖိလစ်ပိုင်တို့တွင်လည်း ရှိသည်။ ထိုင်းနိုင်ငံ တောင် ပိုင်းတွင် ထိုင်း တောင်ပိုင်း မွတ်စလင် ခွဲထွက်ရေးသမားများနှင့် ထိုင်း အစိုးရတို့၏ တိုက်ပွဲများလည်း ရှိလေသည်။ မြန်မာ နိုင်ငံရှိ ပြည်တွင်းစစ်မှာမူ အရှည်ကြာဆုံး ဖြစ်ပါသည်။
လက်တင်အမေရိက နိုင်ငံများတွင်လည်း ယခုထက်တိုင် မပြေငြိမ်းနိုင်သော ပြည်တွင်းစစ်များ ဆင်နွှဲနေကြလေသည်။
ထို့ပြင် အာဖဂန်နစ္စတန်၊ အီရတ်တို့မှ စစ်ပွဲများမှာလည်း နည်းလမ်းပေါင်းစုံနှင့် တာရှည်နေကြလေသည်။
၁၉၄၈ ခုနှစ်ကတည်းက နယ်ချဲ့သမား၏ အမွေဆိုးကို ဆက်ခံ ကျင့်သုံးသော ဗမာ လူမျိုးကြီး ဝါဒ၏ ဖိနှိပ်ချုပ်ချယ်ခြင်း ကြောင့် တိုင်းရင်းသား လူမျိုးများ၏ ပုန်ကန်မှုများ နိုင်ငံနှင့် အဝန်း ဖြစ်ပေါ်လာခဲ့သည်။
ကွန်မြူနစ် ဆန့်ကျင်ရေး အလံကို ကိုင်စွဲခဲ့သော ဖဆပလ အစိုးရ၏ ဖိနှိပ်မှုကြောင့်လည်း ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ)၊ အလံနီ ကွန်မြုနစ်ပါတီ၊ ပြည်သူ့ ရဲဘော် ပါတီ စသည် တို့သည် မြေပေါ်တွင် မရပ်တည်နိုင်တော့ဘဲ ဒီမိုကရေစီ အခွင့်အရေး အားလုံး ပိတ်ပင်ခံရကာ လက်နက်စွဲကိုင်၍ ဖဆပလ အစိုးရကို စတင် တော်လှန်ခဲ့ကြခြင်း ဖြစ်ပါသည်။
၁၉၅၈ ခုနှစ်၌ အစိုးရက လက်နက်နှင့် ဒီမိုကရေစီလဲရေး ကမ်းလှမ်းချက်ဖြင့် ပြည်သူ့ရဲဘော်တို့ကို မြေပေါ်လာအောင် လက်နက် ချစေခဲ့သည်။ မြေပေါ်ရောက်လာသော ပြည်သူ့ ရဲဘော်များမှာလည်း ဆက်လက် ဖိနှိပ်ခံရ၏။ သူတို့မှာ အတိုက် အခံများ ဖြစ်လာသည်။
အစိုးရ အဆက်ဆက်သည် သူတို့၏ အာဏာနှင့် အကျိုးကို မထိခိုက်စေသော ဒီမိုကရေစီ ဆိုသော ကန့်သတ်မှုရှိသည့် လွတ်လပ်ခွင့်ကိုကား ပေးထား၏။ သို့သော် စားပွဲဝိုင်းတွင် ဆွေးနွေးခွင့်၊ တန်းတူညီတူ ညှိနှိုင်းခွင့်ကား မပေးခဲ့ပေ။ ဖဆပလ အစိုးရ လက်ထက်၊ ပထစ အစိုးရ လက်ထက်၊ အိမ်စောင့် အစိုးရ လက်ထက်တို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ သည်။
သို့သော် ထိုငြိမ်းချမ်းရေး ဆွေးနွေးပွဲများလည်း ပျက်သွားခဲ့ရပါသည်။
၁၉၅၈ ခုနှစ် တကည်းက ဖဆပလ အစိုးရနှင့် ဆွေးနွေးရန် ဗမာပြည် ကွန်မြူနစ် ပါတီမှ ဗိုလ်ရဲထွဋ်သည် ရန်ကုန်သို့ ရောက်ရှိခဲ့ပါသည်။ သို့သော် မအောင်မြင်ခဲ့ပေ။
၁၉၆၃ ခုနှစ်တွင်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သမိုင်းတွင် အကြီးကျယ်ဆုံး တခုဟု ခေါ်ရမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကြီးကို ဗကပ၊ အလံနီ၊ ကရင်တော်လှန်ရေး ကောင်စီ စသည့် အင်အား တောင့်တင်းသော လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များနှင့် ရန်ကုန်မြို့တွင် ၁၉၆၃ ခုနှစ် ဇူလိုင်လမှစ၍ ဆွေးနွေးပွဲများ စတင် ပြုလုပ်ခဲ့လေသည်။
ဗမာပြည် ကွန်မြူနစ် ပါတီဘက်မှ ဗိုလ်ဇေယျ၊ ရဲဘော် အောင်ကြီး၊ သခင်ပုနှင့် သခင် ဘသိန်းတင် တို့သည် တရုတ်ပြည်မှ တဆင့် ရောက်ရှိလာသည်။ စက်တင်ဘာ ၂ ရက်တွင် ရဲဘော်ဌေး ဦးဆောင်သော ဗမာ ကွန်မြူနစ် ပါတီ ကိုယ်စားလှယ် အဖွဲ့လည်း ပဲခူးရိုးမမှ ရောက်ရှိလာသည်။
မဒညတ အနေဖြင့် သခင်ဇင် အပါအဝင် ပေါ်လစ်ဗြူရို အဖွဲ့လည်း ရောက်ရှိကာ ဆွေးနွေးကြသည်။ အလံနီ ကွန်မြူနစ်ပါတီ မှ သခင်စိုး၊ ဒေါ်ငွေစံ၊ ရဲနီကျော်ဝင်းတို့လည်း လာရောက်ခဲ့သည်။
တော်လှန်ရေး ကောင်စီဘက်မှ ပထမ ဗိုလ်မှူးကြီး စောမြင့် ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့က ဆွေးနွေးပြီးနောက် ဗိုလ်မှူးကြီး လှဟန်ကို တာဝန်ပြောင်းကာ ဆွေးနွေးခဲ့လေသည်။
ပြည်သူ လူထုကလည်း ပြည်တွင်း ငြိမ်းချမ်းရေးကို တောင်းဆိုကာ ၆ ခရိုင် ဆန္ဒပြပွဲကြီးကို ပြုလုပ်ခဲ့သည်။ စစ်ကြောင်း ၂ ကြောင်းဖြင့် ခြေလျင် ချီတက်ကာ ရန်ကုန်မြို့တွင် စုဝေးခဲ့သည်။
ပထမ စစ်ကြောင်းမှာ ရန်ကုန်-မင်းလှ ဖြစ်ကာ မိုင် ၁၀၀ ကွာ၏။ ဒုတိယ စစ်ကြောင်းမှာ ပဲခူးမှ ရန်ကုန်ဖြစ်သည်။ ပြည်သူ လူထု ၁ သိန်းကျော် ထို ၆ ခရိုင် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့လေသည်။
သို့သော် ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေး တွေ့ဆုံပွဲကား မအောင်မြင်ခဲ့ပေ။ ဇူလိုင်လက စပြီး ဆွေးနွေးခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ နိုဝင်ဘာလတွင် ပျက်ပြားသွားလေတော့သည်။
ထိုအချိန်က အစိုးရ အာဘော် ရှေ့သို့ ဂျာနယ် မျက်နှာ ဖုံးတွင် “သူတို့ ပြည်သူကို ကျောခိုင်းသွားလေပြီ” ဟု ဖော်ပြထားပြီး၊ ရဲဘော်ဌေး ဦးဆောင်သော ဗမာပြည် ကွန်မြူနစ် ပါ တီ အဖွဲ့ဝင်များ ချောင်းကို ဖြတ်ပြီး တောထဲဝင်သွားပုံကို နောက်မှနေ ရိုက်ထားသော ပုံမှာ စစ်အစိုးရ ဝါဒ ဖြန့်ချိရေးတွင် အောင်မြင်သော ပုံ တပုံ ဖြစ်ခဲ့လေသည်။
ဗိုလ်သန်းရွှေ ခေတ်အထိ စစ်အစိုးရ အဆက်ဆက်တွင် ထိုဓာတ်ပုံကို ပြ၍ လုပ်ကိုင် စားသောက်ခဲ့ကြပါသည်။ စင်စစ်အား ဖြင့် တော်လှန်ရေး အင်အားစု လက်နက်ကိုင် အဖွဲ့များက ကျော်ခိုင်းသွားခြင်း မဟုတ်ဘဲ ဗိုလ်နေဝင်း စစ်အစိုးရကသာ ပြည်သူ၏ ဆန္ဒကို မျက်ကွယ်ပြု၍ ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်ခြင်း ဖြစ်၏။ အဘယ့်ကြောင့် ဆိုသော် ထိုသို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်အောင် ၁၉၆၃ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်တွင် တော်လှန်ရေး ကောင်စီက အောက်ပါ အချက်များကို တောင်း ဆို ခဲ့ခြင်းကြောင့် ဖြစ်လေသည်။
ထိုအချက်များမှာ-
(၁) လက်နက်ကိုင် တပ်ဖွဲ့များ အားလုံး အစိုးရက သတ်မှတ်ပေးထားသော သတ်မှတ်နယ်မြေမှာသာ လှုပ်ရှားရမည်။
(၂) အစိုးရစစ်တပ်၏ ခွင့်ပြုချက် မရဘဲ သတ်မှတ်ထားသော နယ်မြေမှ အပြင်သို့ ထွက်ခွင့် မရှိ။
(၃) လက်နက်ကိုင် တပ်ဖွဲ့များ လှုပ်ရှားလုပ်ကိုင်နေသော နိုင်ငံရေး လုပ်ငန်း၊ စည်းရုံးရေး လုပ်ငန်း အပါအဝင် လုပ်ငန်း အားလုံးကို ရပ်ဆိုင်းပစ်ရမည်။
(၄) လက်နက်ကိုင် တပ်ဖွဲ့များ၏ ဘဏ္ဍာငွေ ရှာဖွေရေးနှင့် စီးပွားရေး လုပ်ငန်းအားလုံးကို ရပ်တန့်ပစ်ရမည်။
ဆိုသော အချက်အားလုံးကို ဗိုလ်နေဝင်း စစ်ကောင်စီက တောင်းဆိုခဲ့သဖြင့် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် တွေ့ဆုံ ဆွေးနွေးပွဲမှာ တန်းတူညီတူ တွေ့ဆုံ ဆွေးနွေးပွဲ မဟုတ်တော့ဘဲ အဖွဲ့အားလုံးကို လက်နက်ချခိုင်းခြင်း ဖြစ်သဖြင့် ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်သွားရခြင်း ဖြစ်သည်။
ဤသို့ဖြင့် ပြည်တွင်းစစ်ကြီးမှာ ကြာရှည်ခဲ့ရလေတော့သည်။
ဗမာပြည် ကွန်မြူနစ်ပါတီမှာလည်း ပဲခူးရိုးမတွင် ဖြတ် ၄ ဖြတ်ဖြင့် စစ်တပ်၏ ထိုးစစ်ကြီးများကို ခံခဲ့ရသည်။ ပဲခူးရိုးမကို စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်တပ်နှင့် အစိုးရ အုပ်ချုပ်ရေး ယန္တရား အားလုံးက လေးဖက်လေးတန်မှ ဝိုင်းပတ်ကာ ပိုက်စိတ်တိုက် ချေမှုန်ခြင်း စစ်ဆင်ရေးကို ဖြတ်လေးဖြတ် စီမံကိန်း ဟု ခေါ်၏။
ဖြတ် ၄ ဖြတ် စစ်ဆင်ရေးမှာ (က) လက်နက်ကိုင် တပ်ဖွဲ့များကို ရိက္ခာ ဖြတ်ခြင်း၊ (ခ) အထောက်အပံ့ ဖြတ်ခြင်း၊ (ဂ) သတင်း အချက်အလက်များ မရရှိအောင် သတင်းဖြတ်ခြင်း၊ (ဃ) တပ်သားသစ် မစုဆောင်းနိုင်အောင် ကျေးရွာများမှ ပြည်သူလူထု နှင့် အဆက်အသွယ် ဖြတ်ခြင်းတို့ကို ဖြတ် ၄ ဖြတ်ဟု ခေါ်လေသည်။
ထိုကဲ့သို့ ဖြတ် ၄ ဖြတ်နှင့် ဗမာပြည် ကွန်မြူနစ်ပါတီ တို့ကို အဖက်ဖက်မှ ဝိုင်းဝန်း တိုက်ခိုက် ချေမှုန်းခဲ့သောကြောင့် ဗမာပြည် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ ဖြစ်သူ သခင်သန်းထွန်းကို စစ်တပ်က လုပ်ကြံမှု၊ သူလျှိုအဖြစ် စေလွှတ်သည်ဟု ကွန်မြူနစ် ပါတီက ရော သတင်းဌာနများနှင့် ပြည်သူလူထုကပါ ယုံကြည်ခဲ့သည့် စစ်တပ်မှ တောခိုသွားသော လုံတိတ် ခေါ် ကြုံတိတ် ခေါ် မောင်မြ ဆိုသည့်သူ၏ လုပ်ကြံ သတ်ဖြတ်ခြင်းကို သခင် သန်းထွန်း ခံလိုက်ရပြီး ပဲခူးရိုးမတွင် ကျဆုံးသွား၏။ ထိုမောင်မြမှာ အစိုးရထံ လက်နက်ချလာခဲ့၏။
သခင်သန်းထွန်း ကျဆုံးခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး သမားများနှင့် မျိုးချစ်များက မြန်မာနိုင်ငံရေး နယ် တွင် ဆုံးရှုံးမှု တခုဖြစ်သည်ဟု ယူဆကြသည်။ မြန်မာ့ နိုင်ငံရေး သမိုင်း တလျှောက်လုံးတွင် ထူးချွန်သော နိုင်ငံရေး သမား များတွင် တဦးဖြစ်ကာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ကဲ့သို့ပင် မြန်မာ့ နိုင်ငံရေး အတွေးအခေါ် နယ် ပယ်ကို လွှမ်းမိုးနိုင်သော နိုင်ငံရေး ခေါင်းဆောင် တယောက် ဖြစ်သည်ဟု ဆိုရပါမည်။
ဗြိတိသျှ နယ်ချဲ့ကို ဆန့်ကျင်သော နိုင်ငံရေး လှုပ်ရှားမှုများ၊ ဖက်ဆစ် ဂျပန် တော်လှန်ရေး လှုပ်ရှားမှုများတွင် စည်းရုံးရေး၊ သဘောတရား အရေးက အစ ထူးချွန်ပြီး မြန်မာ့ လွတ်လပ်ရေး၏ ခေါင်းဆောင် တဦးအဖြစ် သတ်မှတ်ခံရသော သခင် သန်းထွန်းသည် လုပ်ကြံ သတ်ဖြတ်ခံရကာ အသက် ၅၇ နှစ် အရွယ်တွင် ကျဆုံးသွားခြင်း ဖြစ်ပါသည်။
၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေး ပျက်သွားသော်လည်း လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့များ အထူးသဖြင့် ဗမာပြည် ကွန်မြူ နစ် ပါတီကို အစိုးရသည် အပြတ်အသတ် မချေမှုန်းနိုင်သေးပေ။ ပဲခူးရိုးမ ဗဟို ကျဆုံးခြင်း၊ သခင်သန်းထွန်း၊ သခင်ဇင်၊ သခင်ချစ် တို့ ကျဆုံးခြင်း စသည်များ ဖြစ်ပေါ်ခဲ့သော်လည်း သခင်ဘသိန်းတင် ဦးဆောင်ကာ အင်အား အလုံးအရင်းဖြင့် အရှေ့မြောက် ဒေသတွင် ဗမာပြည် ကွန်မြူနစ်ပါတီက နေရာယူနိုင်ခဲ့လေသည်။
တရုတ် ကွန်မြူနစ်ပါတီ၏ ထောက်ပံ့မှုသည်လည်း အရေးကြီးသော နေရာတွင် ပါဝင်ခဲ့၏။ ဝ၊ ကိုးကန့်၊ ကချင်၊ ရှမ်း စသော လူမျိုးများကို စည်းရုံး သိမ်းသွင်း နိုင်ခဲ့ပြီး အစိုးရ စစ်တပ်ကို အန်တုနိုင်ပါသည်။
ထိုအချိန်ထိ ပြည်တွင်း ငြိမ်းချမ်းရေးကို လက်နက်ကိုင် အင်အားစုများရော အစိုးရကပါ တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ။ သို့သော် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် လက်မလျှော့ဘဲ ကြိုးစားခဲ့သည်မှာ အမှန်ပင်။
ဗမာပြည် ကွန်မြူနစ်ပါတီနှင့် စစ်တပ်အစိုးတို့၏ တွေ့ဆုံ ဆွေးနွေးနိုင်အောင် ကြားကနေ တရုတ်ပြည်က ဝင်ပေး၏။
ဗိုလ်ချုပ်ကြီးနေဝင်းက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့်နောက် ဘေကျင်းသို့ ဗိုလ်ချုပ်နေဝင်း သွားရောက် လည်ပတ်ရင်း ဗမာပြည် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင် ဘသိန်းတင်နှင့် တွေ့ဆုံခဲ့ပါသည်။ ဆွေးနွေးပွဲမှာ ပြီးပြတ်မသွားဘဲ နောက်တခါ တွေ့ဆုံခဲ့ကြသည်။ ဗမာပြည် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင် ဖေတင့်နှင့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီမှ ဦးအေးကို တို့ ၁၉၈၀ ခုနှစ် မေလတွင် လားရှိုး၌ တွေ့ဆုံ ဆွေးနွေးခဲ့ ပြန်သည်။
ထိုသို့ တွေ့ဆုံ ဆွေးနွေးရာတွင် ကွန်မြူနစ်ပါတီ ဘက်မှ နိုင်ငံရေး အရ သဘောထား ကွဲလွဲချက်များကို အခြေခံကာ ဆွေး နွေးခဲ့သော်လည်း မဆလ အစိုးရ ဘက်မှမူ သူတို့ လိုချင်သော အချက်များကို ခေါင်းမာမာနှင့် တောင်းဆို ဆွေးနွေးခဲ့ လေ သည်။
စစ်အစိုးရဘက်မှ တင်ပြ တောင်းဆိုချက်များမှာ ၁၉၆၃ ခုနှစ် စစ်ကောင်စီမှ တင်ပြ တောင်းဆိုချက်များနှင့် ထူးထူး ခြားခြား ကွာခြားခြင်း မရှိခဲ့ပေ။
သို့သော် ယခုအကြိမ် မဆလ အစိုးရ ဘက်မှ တင်ပြမှုများမှာ ပို၍ပင် တဖက်သတ် နိုင်လွန်းလှသည်။ ငြိမ်းချမ်းရေး ဆွေးနွေးသည်ထက် ကွန်မြူနစ် ပါတီကို ချေမှုန်းရာ ရောက်လေသည်။
မဆလ ပါတီ အတွင်းရေးမှုး ဦးအေးကို (ဗိုလ်ချုပ်အေးကို) တို့ဘက်မှ တောင်းဆိုမှုများမှာ –
(က) ဗမာပြည် ကွန်မြူနစ် ပါတီကို ဖျက်သိမ်းပေးရမည်။
(ခ) ဗမာပြည် ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင် တပ်ဖြစ်သော ပြည်သူ့ တပ်မတော်ကိုလည်း ဖျက်သိမ်းပေးရမည်။
(ဂ) ဗမာပြည် ကွန်မြူနစ် ပါတီ သိမ်းပိုက်ထားသော လွတ်မြောက်သော နယ်မြေ ဆိုသည့် ဒေသ အားလုံးကို လက်လွှတ် ကာ အစိုးရပိုင် အဖြစ် ပေးရမည်။
စသော တောင်းဆိုချက်များ ဖြစ်လေသည်။
ဗမာပြည် ကွန်မြူနစ်ပါတီ ဘက်မှ ၁၉၄၇ ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထောက်ပြ၍ မြန်မာနိုင်ငံအား တပါတီ အာဏာရှင် စနစ်ဖြင့်သာ အုပ် ချုပ်မည်ဟု ဆိုသော မဆလ ပါတီ၏ သဘောထားကိုလည်း လက်မခံကြောင်း အပိုဒ် ၁၁ တွင် ပါဝင် သော နိုင်ငံရေး ပါတီ အားလုံး ဖျက်သိမ်းပေးရမည် ဆိုသည်ကိုလည်း လက်မခံကြောင်း ဗမာပြည် ကွန်မြူနစ်ပါတီ အနေ ဖြင့် ပါတီစုံ စနစ်ဖြင့် ကျင့်သုံးရန် လက်ခံကြောင်း တင်ပြခဲ့လေသည်။ ထိုငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာလည်း ပျက်ပြားသွား ခဲ့လေသည်။
ကွန်မြူနစ်ပါတီက တင်ပြသော ပါတီစုံစနစ်ကို ဗိုလ်နေဝင်း၏ မဆလ ပါတီက လုံးဝ လက်မခံခဲ့ပေ။ ထိုအချိန်၌ ကွန်မြူနစ် ပါတီမှာ အင်အား သောင်းနဲ့ချီသော တပ်မတော်နှင့် လွတ်မြောက်သော နယ်မြေများကို သိမ်းထားနိုင်သော ပါတီကြီး တခု ဖြစ်နေလေ၏။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ် ဒီမိုကရေစီ လမ်းကြောင်းမှာ စစ်အစိုးရ၏ တဖက်သတ် တောင်းဆိုမှုများကြောင့် ပြည်တွင်း ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ခြင်း ဖြစ်လေသည်။
သမိုင်း ဖြစ်စဉ်များကို ကြည့်လျှင် ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့၏ တောင်းဆိုချက်များမှာ ငြိမ်းချမ်းရေး အတွက် မဟုတ်ဘဲ တဖက်အင်အားစုများ သူတို့ လက်အောက် ဝင်ရောက် လာရေးကိုသာ အခြေတည်နေလေသည်။ ။
စာရေးသူ ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများတွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။